Tuesday, November 1, 2016

Dead End - မင်းနဒီခ

Dead End

သေဆုံးသွားသူတို့ဟာ အားကျစရာ
ငါတို့ဟာ သူတို့အကြောင်း အခုထိ တခုတ်တရ ပြောလို့ကောင်းတုန်း
သူတို့ဟာ ငရဲမှာ သူတို့ဟာ ကောင်းကင်ဘုံမှာ အဲဒီလို
ငါတို့ဟာ မြင်နိုင်တာလည်း မဟုတ်ဘဲ
ငါတို့ဟာ ကြားနိုင်တာလည်း မဟုတ်ဘဲ
ဆုတွေ တောင်းပေးကြ
ပစ်ပစ်ခါခါတွေ ထပ်သတ်ပစ်ကြ
သေဆုံးသွားသူတို့ဟာ အားကျစရာ
ငါတို့ကို ဘာမှ မတုံ့ပြန်တော့တာ တခုတည်းနဲ့ကို
သူတို့ဟာ အားကျစရာ
ငါတို့ဟာ သူတို့ကို အခုထိ ချစ်နေတုန်း
ငါတို့ဟာ သူတို့ကို အခုထိ မုန်းနေတုန်း
အဲဒီနဲ့ တစ်နေ့မှာ ငါတို့ဟာ သူတို့ကို မေ့သွားမှာ
ငါတို့ကိုတော့ သူတို့က သေပြီးကတည်းက မေ့သွားတာ အသေအချာ
ဒီလောကကို အနိုင်နဲ့ ပိုင်းသွားသူတွေလို
သေခြင်းဟာ အဆုံးလည်း မဟုတ် အစလည်း မဟုတ်
သေဆုံးသွားသူတို့ဟာ အားကျစရာ
ငါတို့ဟာ အားကျစိတ်နဲ့ပဲ ရပ်တန့်ငေးမောကြည့်နေခဲ့ရတာ
သူရဲ​ကောင်း တစ်ယောက်ကို ဦးညွတ်အသိအမှတ်ပြုပေးကြသလိုမျိုး။
မင်းနဒီခ
၅၊ ၁၀၊ ၂၀၁၆

No comments:

Post a Comment