Tuesday, November 1, 2016

ရေပိုက်ခေါင်းထဲက မြွှေ - မင်းနဒီခ

ရေပိုက်ခေါင်းထဲက မြွှေ - မင်းနဒီခ


(၁)
အဲဒီနေ့က အိမ်ပြန်ရောက်တော့ အိမ်သားတွေ စုစုရုံးရုံးနဲ့ အိမ်အောက်ထပ် ရေချိုးခန်းဝမှာ ဝိုင်းအုံနေကြတယ်။ ဘယ်သူ ဘာများဖြစ်တာလဲဆိုပြီး ကိုယ်လည်း ပြာပြာသလဲ မေးမိတော့ ရေချိုးခန်းထဲ မြွှေတွေ့လို့ တဲ့။ မြွေဆိုတဲ့ အသံ ကြားတာနဲ့ ကျွန်တော့်မှာ ကြက်သီးထပြီး ရင်တွေ ခုန်နေပြီ။ အခု ရှိသေးလား ဆိုတော့ မရှိတော့ဘူး တဲ့။ ဘယ်ဘက် ထွက်ပြေးသွားလဲ ထပ်မေးကြည့်တော့ ချိုးရေထွက်တဲ့အပေါက်ကနေ ရေပိုက်လိုင်းထဲ ဝင်သွားတာ တဲ့။ အဲဒါ ပြန်မထွက် လာသေးလို့ ဝိုင်းကြည့်နေကြတာ တဲ့။ အဲဒါနဲ့ ရေချိုးခန်းကနေ ရေဆိုးတွင်းသွားရာ ပိုက်လိုင်းတလျှောက် တဒေါက်ဒေါက် လိုက်ခေါက်ကြည့်လိုက်တယ်။ ဘယ်နေရာများ တစ်ပြီး နောက်ပြန်လှည့်လာမလဲ။ ဒါမှမဟုတ် ရေဆိုးတွင်းထဲ လျောလျော ရှူရှူ ထွက်ချသွားမလားပေါ့။ အဲဒါနဲ့ ရေဆိုးတွင်းထဲ အဖုံးလှပ်ကြည့်တော့လည်း မြွေအရိပ်အရောင်နဲ့ တူတာ ဆိုလို့ ကြိုးစလေးတစ်စ တောင် မတွေ့ဘူး။ ဒါဆို အဲဒီမြွေ ရေပိုက်လိုင်းထဲမှာပဲ ရှိနေဦးမှာ သေချာတယ်။ ရေချိုးခန်းက မီးဖိုခန်းနဲ့ တဆက်တည်းရယ်။ လူရှိနေရင် အဲဒီမြွှေ ပြန်လာမယ် မထင်ဘူး။ ဒါနဲ့ပဲ ဒီနေ့တော့ ရေချိုးခန်း မသုံးနဲ့ဦးဆိုပြီး ရေချိုးခန်း တံခါးကို ပိတ်ထားလိုက်တယ်။ တကယ်လို့များ အဲဒီမြွှေပြန်လာရင် အလွယ်တကူ ပြန်ရှာတွေ့အောင်လို့လေ။

(၂)
ဒီလိုနဲ့ တစ်နာရီကြားတစ်ခါလောက် ရေချိုးခန်းတံခါးကို အသာလှပ်ပြီး ချောင်းကြည့်တော့လည်း မြွှေမင်းသားက ပေါ်တော်မူမလာဘူး။ ခက်တာက အိမ်သာနဲ့ ရေချိုးခန်းက တွဲထားတာ။ အလေးအပင်မပြောနဲ့ အပေါ့အပါးသွားဖို့ကို ဘယ်သူမှ အရဲစွန့်မဝင်ရဲဘူးလေ။ အဲဒီညက အိမ်အပေါ်ထပ်က ရေချိုးခန်း၊ အိမ်သာကိုပဲ တန်းစီစနစ်နဲ့ သုံးရတယ်။ တစ်ညလုံးလည်း ရေပိုက်လိုင်းထဲရောက်နေတဲ့ မြွှေအကြောင်းပဲ စကားပြောဖြစ်နေကြတယ်။ ဒီမြွေက ရေချိုးခန်းထဲ ဘယ်လိုလုပ် ရောက်နေတာလဲပေါ့။ ဘယ်သူအရင် စမြင်တာလဲဆိုတော့ ပန်းရံဆရာက စမြင်တာတဲ့။ သူ့တောင် လှမ်းပြီး ပေါက်လို့ အမြန်ရှောင်လိုက်ရတယ် ပြောတာပဲ။ ဒါဆို မြွေဆိုးပေါ့။ ကျွန်တော်တို့ အိမ်လေးက အခုမှ ဆောက်လုပ်ပြီးစ လေးပဲ ရှိသေးတယ်။ လူနေဖြစ်ရုံ အကြမ်းထည်အဆင့်ပဲ ရှိသေးတယ်။ နံရံဆေးတွေ ဘာတွေ မသုတ်ရသေးဘူး။ ပရိ ဘောဂပစ္စည်းတွေ ဘာတွေ မထည့်ရသေးဘူး။ ပန်းရံလက်သမားအပိုင်းကလည်း အချောလက်စသပ်နေတဲ့ အဆင့်ပေါ့။ အဲဒီမှာ ပန်းရံဆရာက မြွှေတွေ့တာနဲ့ တုတ်ချောင်းလေးနဲ့ တို့ပြီး ရေချိုးခန်းအပြင်ထုတ်ဖို့ ကြိုးစားပေမယ့် ကိုယ်တော်ချော မြွေက ရေထွက်ပိုက်ထဲ တန်းနေအောင် ဝင်သွားတော့တာပဲ တဲ့။ ကိုယ်တွေကသာ စိုးတထိတ်ထိတ်နဲ့ ဖြစ်နေတာ သူတို့ ရယ်လို့ မောလို့ သူ့တို့ အလုပ်တွေ သူတို့ ဆက်လုပ်လို့။ ညနေမှောင်ရီပြိုးတာနဲ့ သူ့တို့ပန်းရံပစ္စည်းတွေ လက်သမား ပစ္စည်းတွေ သိမ်းဆည်းပြီး ပြန်သွားကြတယ်။ ကျွန်တော်တို့ မိသားစုပဲ အခုညသန်းခေါင်အထိ ရေချိုးခန်းတံခါးကို ဖွင့်လိုက် ပိတ်လိုက်နဲ့ အရိပ်တကြည့်ကြည့်။

(၃)
မနက် အိပ်ယာနိုးတော့ သမီးနဲ့ ဇနီးက ကျောင်းသွားဖို့ အလုပ်သွားဖို့ အဆင်သင့်ဖြစ်နေကြပြီ။ ကျွန်တော် တစ်ယောက်တည်း အိပ်ယာထနောက်ကျလို့။ မျက်နှာသစ်ဖို့ ပြင်ဆင်လိုက်တာနဲ့ အောက်ထပ်က ရေချိုးခန်းကို သတိရ မိတယ်။ သကောင့်သားမြွေ ရေချိုးခန်းထဲ ပြန်ရောက်နေပြီလား။ ဒါမှမဟုတ် ဘိုထိုင်အိမ်သာပေါက်ထဲ ဝင်ခွေနေမလား။ ရေချိုးခန်းတံခါးကို အသာလှပ်ပြီး ချောင်းကြည့်တော့ ဘာမှ မတွေ့။ နောက်ဆုံး မရဲတရဲနဲ့ ရေအိမ်အဖုံးလေး အမြန်လှပ်ပြီး ခြေလှမ်းကို အမြန်ပြန်နောက်ဆုတ်။ ခြေထောက်တဖက် တံခါးအပြင်ဘက်ထုတ်ထားပြီး ကိုယ်ကို အသာလေးကိုင်းပြီး အိမ်သာပေါက်ထဲ ငုံ့ကြည့်လိုက်တယ်။ အိမ်သာပေါက်ထဲလည်း ဘာမှမရှိ။ ဒါဆို တညလုံးကို ဒင်းမြွေ ရေပိုက်လိုင်းထဲကနေ ထွက်ပုံမရဘူး။ ဒါနဲ့ တံခါးကို အသာပြန်ပိတ်ထားလိုက်တယ်။ ဖွင့်ထားလို့ ကိုကိုမြွှေက ရေချိုးခန်းထဲကနေ ထွက်လာပြီး အိမ်ထဲ လျှောက်သွားနေရင် ခက်ရချည်ရဲ့။ ပြီးတော့ ဆောက်လက်စအိမ်လေးမို့ စာအုပ်ပုံတွေ၊ အရုပ်ထုပ်တွေ၊ အဝတ် ဟောင်းအိတ်တွေ၊ တိုလီမုတ်စပစ္စည်းတွေနဲ့ ခိုချင် အောင်းချင်စရာ နေရာအပြည့်။ သမီိးလေးက ကျောင်းဆင်းတာနဲ့ ဒီအခန်း ထဲပဲ လှည့်ကစားနေရရှာတာ။ မတော် သမီးလေးနဲ့ မြွှေနဲ့ ပက်ပင်းတိုးပြီး သူလန့် ကိုယ်ကြောက်နဲ့ အန္တရာယ် ပြုနေမှဖြင့်ကိုယ်ကျိုးနည်းရချည်ရဲ့လေ။ ဒါနဲ့ အိမ်လေးပြီးစီးအောင် အချောထည်လာလုပ်ပေးကြမယ့် ပန်းရံလက်သမား ဆရာတွေကိုလည်း အသေအချာမှာရတယ်။ ရေချိုးခန်းတံခါးကို ဖွင့်မထားဖို့။ ပြီးတော့ မကြာခဏ ဖွင့်ကြည့်ပြီး ခြေဗွေပါတဲ့ အဲဒီမြွေကို မောင်းထုတ်ပေးဖို့။ မှာတော့ မှာခဲ့တာပဲ။ အလုပ်ထဲ ရောက်တော့လည်း စိတ်က ရေချိုးခန်းထဲပဲ ရောက် နေတယ်။ သမီးလေး ကျောင်းက ပြန်ရောက်ရင် အဲဒီရေချိုးခန်းနား မသွားဖို့၊ တံခါးမဖွင့်ဖို့ ဖုန်းဆက်မှာရတယ်။ ဒီလိုနဲ့ ညနေရုံးဆင်းလို့ အိမ်ပြန်ရောက်တော့ မေးကြည့်မိတယ်။ သူတော်ကောင်းမြွေကြီး ထွက်သွားပြီလား လို့လေ။ တအိမ် လုံးက ခေါင်းခါကြတယ်။ အလုပ်သမားတွေကလည်း မတွေ့မိဘူး ပြောတာပဲ။ ဒီလိုနဲ့ အိမ်အပေါ်ထပ်မှာပဲ ညစာ စား လိုက်ကြတယ်။ တီဗီဖွင့်ထားပေမယ့် တီဗီချယ်နယ်လိုင်းက ဘာတွေ ပြနေမှန်းကို စိတ်ဝင်စားလို့မရ။ မနက်ဖြန် ရေပိုက်ပြင် သမားခေါ်ပြီး အဲဒီရေပိုက်လိုင်းကို ဖြတ်ထုတ်ပစ်ရမလားလို့ မိန်းမနဲ့ တိုင်ပင်မိတယ်။ သူကတော့ အေးအေး ဆေးဆေး ဖြစ်နေပြီ။ ကျွန်တော်က သူ အဲဒီလို စိုးရိမ်စိတ်မရှိတာကို သဘောမကျ။ ကိုယ့်အိမ်ရေပိုက်လိုင်းထဲ မြွေတစ်ကောင် ရောက်နေတာ ဒီထက်တော့ သူစိုးရိမ်သင့်တယ်လို့ ထင်တာပဲ။

(၄)
တစ်ညလုံးလည်း အိပ်လို့ မရဘူး။ ဘေးမှာ ဇနီးနဲ့ သမီးက အိပ်မက်လှလှတွေတောင် မက်ကောင်းလို့ နှစ်နှစ် ခြိုက်ခြိုက်။ ကိုယ်က အိပ်မရလေ အိပ်ကောင်းနေကြတဲ့ သူတို့ကို ကြည့်ပြီး မကျေမနပ်ဖြစ်လေပဲ။ ကိုယ့်အိမ် ရေပိုက်လိုင်းထဲ မြွေရှိနေတယ်ဆိုတဲ့ အသိက မြွေဆိုတဲ့အသံကြားရင်ကို ရင်တုန်ပန်းတုန် ထိတ်လန့်တတ်တဲ့ ကျွန်တော့် အတွက် ဘောင်းဘီခါးပတ်ထဲ မြွေထည့်ပတ်ထားရသလိုပဲ။ တနုံ့နုံ့ တရှုံ့ရှုံ့ ခံစားရခက်လှည်ချည့်။ ဒီလိုနဲ့ အိပ်ယာထဲ ဟိုလှည့်ဒီလှည့်နဲ့ ပြီးခဲ့တဲ့ လများဆီက ဖတ်ခဲ့ဖူးတဲ့ သတင်းတစ်ပုဒ်ကို သတိရလိုက်တယ်။ အမျိုးသားတစ်ဦးရဲ့ မတော်ရာ ကို မြွေကိုက်ခံရတဲ့သတင်း။ လ အတိအကျတော့ မမှတ်မိတော့ဘူး။ ဒီနှစ်ထဲပဲ သေချာတယ်။ ဒါနဲ့ အင်တာ နက်မှာ လိုက်ရှာဖတ်မိတော့ အားပါးပါး ထွက်ကျလာလိုက်တဲ့ သတင်းတွေ မနည်းပါဘူး။ ရိုးရိုးမြွေပွေး မြွေဟောက်တောင် မက ဘူး။ စပါးကြီးလို၊ စပါးအုံးလို မြွေတွေအထိ ပါသေးတယ်။ အဲဒီထဲက ထိုင်းသတင်းတစ်ပုဒ်ဆိုရင် " ထိုင်းနိုင်ငံက အမျိုးသား တစ်ဦးဟာ အိမ်သာ တက်နေတုန်း မတော်ရာကို မြွေကိုက်ခံလိုက်ရပါတယ်။ အိမ်သာ ရေဆင်းပိုက်ထဲက ကိုးပေလောက် အရှည်ရှိတဲ့ စပါးအုံးမြွေကြီးဟာ အိမ်သာတက်နေတဲ့ Attaporn Boonmakchuay ရဲ့ အမျိုးသား လိင်တံကို ကိုက်ခဲ့တာပါ။ နာရီဝက်လောက် မြွေ နဲ့ ရုန်းကန်ခဲ့ရပြီး အော်ဟစ် အကူအညီတောင်းတဲ့အတွက် အိမ်နီးနားချင်းတွေကလည်း ဓားတွေ ကြိုးတွေ နဲ့ အပြေးလာကူခဲ့ကြပါတယ်။ နောက်ဆုံး မြွေကြီး ရဲ့ ခေါင်းကို ကြိုးနဲ့ တုတ်၊ အိမ်သာတံခါး နဲ့ တွဲချည်ခဲ့ပြီး မြွေကြီး ခဏ အားကုန်တဲ့ အချိန်မှာမှ ကိုက်ထားတဲ့ မေရိုးကနေ လွတ်အောင် ရုန်း နိုင်ခဲ့တာပါ။ ၃ စင်တီမီတာလောက် ရှိတဲ့ ဒဏ်ရာကို ချုပ်ခဲ့ရပြီး ပြန်ကောင်းမှာပါလို့ ဆရာဝန်တွေက ပြောပါတယ်။ အိမ်သာတွင်းထဲက မြွေကိုတော့ အိမ်သာကို ဖျက်ပြီး ဆွဲထုတ်ခဲ့သလို အသက်ရှင်ရက် တောထဲ ပြန်လွှတ်ခဲ့ပါတယ်။" ဘုရား၊ ဘုရား။ ပါးစပ်ကတောင် အသံထွက်ပြီး ဘုရားတမိတယ်။ ကိုယ်သာ ဆိုရင် ဆိုတဲ့အတွေးက ကြက်သီးတဖြန်းဖြန်းထမိတဲ့ အထိ လန့်မိပါရဲ့။ အဲဒီလို လန့်ရတဲ့အထဲ ရယ်စရာတွေကလည်း ပါသေးတယ်။ အဲဒီသတင်းနဲ့ တဆက်တည်း ဖေ့ဘုတ်ခ်ပေါ်မှာ အိမ်သာတက်နည်း ပုံတွေ တက်လာလိုက်တာ။ အိမ်သာတက်ရင် သေနတ်ပါ ယူသွားတဲ့ ထိုင်းစစ်သား တို့။ မြွေကြောက်တတ်သူများအတွက် အိမ်သာတက်နည်းတို့ စုံလို့ စေ့လို့။ တစ်ယောက်တည်း ရယ်နေလို့ အိပ်ပျော်နေတဲ့ ဇနီးက နိုးလာပြီး မျက်စောင်း လှမ်းထိုးတာ ခံလိုက်ရတယ်။ ပြီးတော့ တဖက်လှည့်ပြီး ပြန်အိပ်ပျော်သွားပါလေရော။ ကိုယ့်မှာသာ တစ်ယောက်တည်း မျက်စိကြောင်ပြီး ကျန်ခဲ့ရပြန်ရော။ မျက်စိကြောင်ပြီး အိပ်မရတော့ နားထဲ လေချွန်သံလိုလို၊ မြွေတွန်သံလိုလိုနဲ့ ဘာတွေကြားလို့ ကြားနေမှန်းကို မသိတော့။ ခက်ပြီ။

(၅)
မောင်မင်းကြီးသား မြွေကြောင့် အိပ်ရေးပျက်ရတာ များလာတော့ လူက နုံးချိလာပြီ။ တအိမ်လုံးကလည်း အဲဒီမြွှေ အကြောင်း စိတ်ထဲ တစိုးတစိမှ ခိုးလို့ခုလု မဖြစ်ကြတော့။ ရေပိုက်လိုင်းထဲမှာလည်း မရှိလောက်တော့ဘူး။ လွတ်ရာ ကျွတ်ရာ သွားလောက်ပါပြီလေ လို့ ပြောကြပါတယ်။ ကျွန်တော်ကတော့ အဲဒီလို မထင်။ ရေပိုင်းလိုင်းကို သူတွင်းထင်ပြီး အောင်းနေတယ်လို့ပဲ ထင်တယ်။ ဒီရက်ပိုင်း မုန်တိုင်းအဖျားခတ်မှုကြောင့် မိုးများထားတော့ အိမ်ပတ်ဝန်းကျင်တစ်ခုလုံး စိုစွတ်နေတာတော့ အမှန်ပဲ။ ဒီလိုရာသီဥတုနဲ့ ပတ်ဝန်းကျင်က ဘသားချော မြွေတို့ အကြိုက်။ မြန်မာနိုင်ငံမှာ နှစ်တိုင်း နှစ်တိုင်း လူတစ်သောင်းလောက် မြွေကိုက်ခံနေရပြီး အဲဒီအထဲက ဆယ်ရာခိုင်နှုန်းလောက်က သေဆုံးကြတယ်လို့လည်း ဖတ်ဖူးတယ်။ ဘယ်လိုမြွေတွေကြောင့် အဲဒီလို သေဆုံးတဲ့အထိ ဖြစ်သလဲဆိုတော့ မြွေပွေးနှင့် မြွေဟောက်ကြောင့်က အများဆုံး။ မြွေပွေးအဆိပ်က လူ့ခန္ဓာကိုယ်သွေးခဲတဲ့ စနစ်ကို ထိခိုက်ပျက်စီးစေလို့ မြွေပွေးအကိုက်ခံရရင် သွေးမတိတ်ဘဲ ဦးနှောက်၊ အစာလမ်းကြောင်းတွေမှာ သွေးယိုစိမ့်တဲ့အပြင် ဆီးထဲမှာသွေးပါပြီး ကျောက်ကပ်ပျက်စီးပြီး သေတတ်တာမျိုး။ မြွေဟောက် အကိုက်ခံရရင်ကျတော့ အာရုံကြော စနစ်ကို ထိခိုက်တာကြောင့် လူနာကမှိန်းလာပြီး အာရုံခံစားမှုမရှိတော့ဘဲ ထုံကျင်လာမယ်။ ပြီးတော့ အာရုံကြောတွေ ပျက်စီး ကြွက်သား လှုပ်ရှားမှုအားပျော့ အဆုပ်ကိုပါ ထိခိုက်လာ၊ ပြီးတော့ အသက်ရှူကျပ်ပြီး သေဆုံးတတ်တယ်။ အခု ကျွန်တော့်အိမ်ရေပိုက်လိုင်းထဲ ရောက်နေငနတဲ့ မြွေက မြွေပွေးလား၊ မြွေဟောက်လား၊ မြွေဆိုးလား။ မြွေကောင်းလား။ ကျွန်တော်မသိ။ အဲဒီလို တွေးကြည့်တာနဲ့တင် ကြောက်ဖို့ကောင်းနေပြီ။ အဲဒီမြွေ ထွက်လား မထွက်လားတော့ မသိ။ ရေချိုးခန်းတံခါးက မနက်လင်းကတည်းက ပွင့်နေပြီ။ ဘာမှ မထူးခြားပေမယ့် ကျွန်တော်ကတော့ အဲဒီရေချိုးခန်းကို မသုံးရဲသေး။ ဇနီးနဲ့သမီးကိုလည်း မသုံးဖို့ ကျွန်တော် ပြောထားတာပဲ။ ဒါပေမယ့် ကျွန်တော် အိပ်ယာမထခင်ကတည်းက ဇနီးက အဲဒီရေချိုးခန်းမှာ ရေချိုးပြီးနေပြီ။ သူ့မှာ စိုးရိမ်စိတ်ကလေး တစ်စက်မှ မရှိတဲ့အပြင် သူက ပြောသေးတယ်။ " မောင်ရယ် တဲ့ အဲဒီလောက် စိုးရိမ်မနေပါနဲ့ တဲ့။ အမေတို့အိမ်မှာတုန်းကဆို အိပ်နေတုန်း ခြေထောက်ပေါ်ကတောင် ဖြတ်သွားဖူးတယ် တဲ့။ မရီးဖြစ်သူကလည်း ပြောတယ်။ ဒီအိမ်မှာတော့ အမြဲတမ်း ဖြတ်သွားဖြတ်လာ လုပ်တတ်တဲ့ လင်းမြွေကြိးတစ်ကောင် ရှိတယ် တဲ့။ အဲဒီ လင်းမြွေကြီးက ခြံအရှေ့ဘက်ထောင့်ကနေ လာပြီး အိမ်အလယ်ခေါင်ကနေ ဖြတ်တယ်။ ပြီးတော့ ဧည့်ခန်းထိုင်ခုံအောက်ကနေ အိမ်အပြင်ဘက်ထွက်ပြီး ခြံရဲ့ အနောက်မြောက်ဘက်ထဲ ထွက်သွားတာပဲ တဲ့။ သူ လာတာ တစ်ယောက်ယောက်မြင်တာနဲ့ နီးစပ်ရာ ထိုင်ခုံ၊ ကုတင်ပေါ် ခြေထောက်လေးသာ တင်ထားလိုက်။ သူ့လမ်းနဲ့ သူ သွားတာပဲ။ ဘယ်သူ့မှ အန္တရာယ်မပေးဘူး တဲ့။ သူတို့ ဘယ်လို ပြောပြော ကျွန်တော့် အိမ်ရေပိုက်လိုင်းထဲမှာ မြွေတစ်ကောင် ရှိနေတယ်ဆိုတဲ့ အသိက ကျွန်တော့်ကို စိုးရွံ့ထိတ်လန့် နေစေတုန်းပဲ။

(၆)
            မြွေကို ဘယ်တုန်းက စကြောက်လဲတော့ မသိဘူး။ မှတ်မိသလောက် အရွယ်ကစပြီး မြွေဆိုရင် လန့်နေမိတာ အမှန်ပဲ။ တစ်ချို့ မြွေကြောင့် ကိုယ်တိုင်မဟုတ်တောင် ကိုယ့်နီးစပ်ရာတစ်ယောက်ယောက် ထိခိုက်ဆုံးရှုံးဖူးလို့၊ အန္တရာယ် ရှိလို့မို့ ကြောက်တယ်။ တစ်ချို့က မြွေရဲ့ တွန့်လိမ်ရှည်မျောပျော့အိမှုအပေါ်မှာ အူယားပြီး ကြောက်တာ။ အန္တရာယ်ရှိလို့ ဆိုတာမျိုးထက် မျက်မြင်မသတီလို့ကို ရွံကြောက်ကြီး ကြောက်တယ်။ တစ်ချို့ဆို မြွေမြင်ရင် အလာဂျစ်ဖြစ်သလို အသားတွေ ပူလာတာမျိုး၊ ယားလာတာမျိုးဖြစ်ပြီး ကြောက်တာ၊ အဲလိုလူမျိုးက မြွေဓာတ်ပုံတောင် ကြည့်လို့မရဘူး ပြော တာပဲ။ ကျွန်တော်ကျတော့ တစ်မျိုး။ ခုနက ကြောက်တတ်တာတွေအကုန်လုံးကို စုပြီး ကြောက်တတ်တာ။ ဘယ်နည်းနဲ့ ကြောက်ရ ကြောက်ရ ဆိုသလိုမျိုးပဲ။ တိရိစ္ဆာန်ရုံသွားပြီဆို အစက မြွေရုံဘက် လုံးဝမသွားဘူး။ ပြီးခဲ့တဲ့ တစ်ခေါက် နှစ်ခေါက်ကမှ သမီးက ဇွတ်အတင်းပူဆာလို့ ကြောက်ကြောက်နဲ့ လိုက်ပြဖူးတယ်။ သမီးရှေ့တော့ မကြောက်ချင်ယောင် ဆောင်ရတာပဲ။ တကယ်တမ်းကျတော့ ကိုယ်က သေချာမကြည့်ဘူး။ ခေါင်းမော့ထားတာ။ သမီးက ဖေဖေရယ် မြွေက ဘယ်မှာလဲ မေးရင်တောင် မှန်ခန်းထဲ လက်ညှိုးလျှောက်ထိုးပြီး သမီးရဲ့ ဟိုနားမှာလေ မတွေ့ဘူးလားလို့ ရွှီးရတာ။ သူ့အမေကတော့ ကျွန်တော် ကြောက်တတ်တာသိလို့ ဘယ်တော့မှ သူပဲ လိုက်ပို့မယ် မပြောဘူး။ ကျွန်တော် ကြောက် နေတာ၊ ကျွန်တော်ရွှီးနေတာ အဝေးကနေ ကြည့်ပြီး ထိုင်ဟားတာ။ ကျွန်တော်ကလည်း ကျွန်တော်ပဲ။ မြွေသာ တုန်နေအောင် ကြောက်တာ။ မြွေများ တွေ့လိုက်ရင် ကိုယ်ကချည်း ထိပ်ဆုံးကပဲ။ ရှေးရေစက်ပြောရမလားတောင် မသိ လောက်အောင် ခဏတိုင်း ပက်ပင်းတွေ့တာပဲ။ တွေ့ဆို အရင်လူပျိုတုန်းက မိဘအိမ်ရှေ့မှာ လယ်ကွင်းက သုံးလေးကွင်း ရှိတယ်။ မိုးစပြီဆိုတာနဲ့ လယ်ကွင်းဘေးမှာ မြက်ရိုင်းတွေဆိုတာ တောထလို့။ ညဆို ကိုယ့်အိမ်ရှေ့ကိုယ် လက်နှိပ်ဓာတ်မီး ပါမှ သွားဖြစ်တယ်။ ည အပေါ့အပါးထလည်း လက်နှိပ်မီးနဲ့ ဖယောင်းတိုင်နဲ့ မီးခြစ်နဲ့။ အဲဒီလို နေခဲ့ရတာ။ အဲဒီကနေ အလုပ်စလုပ်တော့ အလုပ်နဲ့နီးပြီး သွားလာရအဆင်ပြေအောင် သူငယ်ချင်းတွေ စုပြီး အိမ်ငှားနေတယ်။ အဲဒီအိမ်က ရေနီမြောင်းဘေးမှာ။ မိုးများလို့ ရေနီမြောင်းရေများလျှံရင် ရေနဲ့အတူ အဲဒီ ကိုရှည်မျောတွေက ပါလာတတ်၊ တင်ကျန်နေ တတ်တာ။ တစ်ညတုန်းက ဘယ်လောက်များ ကြောက်စရာ ကောင်းလိုက်သလဲဆိုရင် သူငယ်ချင်းတွေ အကုန်လုံးက သူ့အခန်းနဲ့သူ အိပ်မောကျ နေကျပြီ။ ကျွန်တော်တစ်ယောက်တည်း ဧည့်ခန်းက နှစ်ယောက်ထိုင်ခုံမှာ အိပ်ရင်း ဗီဒီယိုခွေ ကြည့်နေတာ။ နှစ်ယောက် ထိုင်ခုံကလည်း ကြမ်းပြင်နဲ့ နှစ်ပေတောင် မကွာလှဘူးရယ်။ အဲဒီမှာ တရှပ်ရှပ် တရှပ်ရှပ်နဲ့ အသံကြားရပါလေရော။ ပထမတော့ ဗီဒီယိုက အသံနဲ့ သိသိ သာသာမကြားမိဘူး။ နောက်တော့ အသံက ပိုကျယ် လာတယ်။ သိသိသာသာ ကြားလာရတယ်။ နောက်တော့ အသံက တရှပ်ရှပ်နဲ့ တအားနီးကပ်လာသလို ကြားလာရတယ်။ အသံကို ကိုယ့်အောက်က ဆိုတာလည်း သိနေတော့ အဲဒီ နှစ်ယောက်ထိုင်ခုံပေါ် အိပ်နေရာကနေ ခေါင်းကို ထိုင်ခုံအောက် ထည့်ပြီး ငုံ့ကြည့်လိုက် တာ။ အား . . .။ ငန်းတော်ကြား မြွေကြီး။ အကြီးကြီးပဲ။ သူ ကိုယ်လုံးနဲ့ ကျွန်တော့်မျက်နှာနဲ့ ခြောက်လက်မလောက်ပဲ ကွာတယ်။ အခု ပြန်တွေးမိတာ တောင် ကြက်သီးထပြီး ကိုယ်တွေပူလာသလိုပဲ။ အဲဒီလိုလည်း တွေ့လိုက်ရော အော်ပြီး ပြေးတာ တစ်အိမ်လုံး၊ တစ်ရပ်ကွက်လုံး နိုးရောပဲ။ အိမ်ရှေ့အိမ်က အဒေါ်ကြီးက ပြောတယ်။ သားရေ အဲဒါ နတ်မြွေကြီး၊ သူတော်ကောင်း မြွေကြီးတဲ့။ သူရှိရင် မြွေဆိုးမလာဘူး ပြောတာပဲ။ ဘာပဲပြောပြော ကျွန်တော့် တစ်သက်တာမှာ အဲဒီလောက် ကြောက်တာ အဲဒီတစ်ခါပဲ ရှိတယ်။ အခုလည်း အိမ်ရေပိုက်လိုင်းထဲက ကောင်နဲ့ ကျွန်တော်နဲ့ ထိပ်တိုက်တွေ့ရင် ဘယ်လိုဖြစ်ဦးမလဲ မသိဘူး။ ကြောက်တာတော့ စံချိန်တင်ရင် တင်ရပါစေ။ ကြောက်မှာပဲ။

(၇)
            ဒီလိုနဲ့ နောက်တစ်ရက်ကျတော့ ရေပိုက်သမားရောက်လာပြီး ရေလှောင်ကန်ထဲက ရေတွေ အကုန်လုံးကို ဖွင့်ချပစ်လိုက်တယ်။ အဲဒီရေအားနဲ့ ရေပိုက်လိုင်းတလျှောက် ဘယ်လိုသတ္တဝါမှ ကပ်ကျန်မနေနိုင်ဘူးလို့လည်း သူက ပြောသေးတယ်။ ပြီးတော့ အားပြင်းတဲ့ မော်တာနဲ့ ရေပန့်ဆင်ပြီး ဘဒိုမြွှေဝင်သွားတဲ့ ရေထွက်ပေါက်ထိပ်ကနေ ပက်လိုက်တယ်။ အဲဒီလို မော်တာရေပန့်ကနေ ပက်ထုတ်လိုက်တဲ့ ရေတွေဟာ ရေဆိုးကန်ထဲက တလဟော အရှိန်ပြင်းပြင်းနဲ့ ကျနေတယ်။ ကျွန်တော် ရေဆိုးကန်ပေါ်ကနေ ထိုင်ပြီး မကြောက်မလန့် ရပ်ကြည့်နေတယ်။ မြွေနဲ့တူတာဆိုလို့ ဘယ်လိုမြွေတစ်ကောင်မှ ကျွန်တော်မတွေ့။ မတွေ့လို့ ကျေလည်း မကျေနပ်။ ရေပိုက်သမားက ရေပိုက်လိုင်းတစ်လျှောက်ဆက်ထားတဲ့ ပိုက်ဆက်တွေကို ဖြုတ်တယ်။ ပြီးတော့ အားပြင်းတဲ့ ကွန်ပရက်ဆာရေပန်းနဲ့ မှုတ်တယ်။ ပြီးတော့ ကျွန်တော့်ကို ရယ်ပြီး ပြောတယ်။ အစ်ကို စိတ်ချလက်ချသာ အိပ်ပါတော့ တဲ့။ ဘာကောင်မှ ရေပိုက်လိုင်းထဲမှာ မရှိတော့ပါဘူး တဲ့။ ရေပိုက်သမားဟာ ရေပိုက်ဂျွိုင်းဆက်တွေကို အသေအချာပြန်တပ်စစ်ဆေြး့ပီး ပြန်သွားတယ်။
 ကျွန်တော် မရယ်နိုင်ဘူး။ ဒါဆို အဲဒီကောင်က ဘယ်ရောက်သွားတာလဲ။ ပန်းရံဆရာပြောတော့ အဲဒီ ရေပိုက် လိုင်းထဲ ဝင်သွားတာ သေချာတယ်။ လက်သမားဆရာကလည်း သေချာမြင်လိုက်တယ်လို့ ထောက်ခံတယ်။ တစ်ခုပဲ။ အဲဒီ ရှည်ရှည်မျောမျောကောင် အောက်ထပ်ရေချိုးခန်းကနေ အပေါ်ထပ်ရေချိုးခန်းကို တက်သွားတာနေမှာ။ ခဏနေရင် အပေါ်ထပ် ရေချိုးခန်းကို တံခါးပိတ်ထားဖို့ တစ်အိမ်လုံးကို မှာထားရဦးမယ်။ ကျွန်တော့်အိမ် ရေပိုက်လိုင်းထဲမှာ ဒီမြွေ ရှိကို ရှိနေတယ်။

မင်းနဒီခ
၃၁၊ ၁၀၊ ၂၀၁၆



No comments:

Post a Comment