Friday, May 10, 2013

နှာမစေးဘူး ချောင်းမဆိုးဘူး ကမ္ဘာကြီးကို ကယ်ဖို့ သူရဲကောင်းအင်္ကျီ ဝတ်ထားတယ်



နှာမစေးဘူး ချောင်းမဆိုးဘူး ကမ္ဘာကြီးကို ကယ်ဖို့ သူရဲကောင်းအင်္ကျီ ဝတ်ထားတယ်

ဆောင်းရာသီဟာ ခြေအိတ်အပေါက်လေးကိုသတိရစေသလို
နွေရာသီဟာလည်း မဖြူတော့တဲ့ စွပ်ကျယ်လက်ပြတ်လေးကို အမှတ်ရစေတာပါပဲ
ဒီအချိန်ကမ္ဘာကြီးရဲ့ ထောင့်ကျဉ်းတစ်နေရာက အော်သံတစ်ခုကို ဖမ်းဆုပ်ဖို့ထက်
ကိုယ့်အနာဖေးကိုယ် တစိမ့်စိမ့်ပြန်ခွာချရင်း အရသာခံရမလား
ရန်သူမျိုးငါးပါးထဲ ခြောက်ယောက်မြောက်သူရဲကောင်းကို ရှာကြည့်မိလိုက်တိုင်း
ကိုယ့်သမိုင်းနဲ့ ကိုယ် မှိုင်းပြန်မိခဲ့ရသလို
အလွမ်းရယ် သက်ဦးဆံပိုင်စနစ်ရယ် အစွန်းရောက်အကြမ်းဖက်ဝါဒရယ်ကို
သား အရမ်းမုန်းတာပဲ မေမေ
ရယ်သံတွေလဲ ကြမ်းရှအက်ကွဲခြောက်သယောင်းနေတာ ကြာပေါ့
လူဦးရေသန်းခြောက်ဆယ်ကို ကယ်ဖို့ မတတ်နိုင်ပေမယ့်
ပိုင်ရှင်မဲ့ ခွေးလေးတစ်ကောင်ကို ညစာမျှကျွေးဖို့ စေတနာထားခဲ့ပါတယ်
ဒီအကြောင်း ဘာသာစကားလေးမျိုးလောက်နဲ့ ပြောဖို့စဉ်းစားမိတဲ့အခါ
ကိုယ့်လောက်စေတနာမရှိတဲ့ သူတွေကို အားနာလို့ ပြန်မျိုသိပ်ရင်း
ကိုယိ့နှုတ်ခမ်းကိုယ်သာ ကိုက်လိုက်မိပြန်ပေါ့
နေ့နေ့ညညဆိုမိတဲ့ သီချင်း ကီးမဝင်တော့တာသိတယ်
လေဒဏ် မိုးဒဏ် ထက် လောကဓံကို ပိုခံထားတဲ့ လူတစ်ယောက်
မြေကြီးပေါ် ဒူးထောက်နေတယ်
နွေးထွေးမှုပေးပါ လုံခြုံမှုပေးပါ အိပ်ယာပေးပါ စားစရာပေးပါ
ဝတ်စရာပေးပါ နေစရာပေးပါ မေတ္တာတရားပေးပါ
ကမ္ဘာအနှံ့က ဒုက္ခရောက်နေတဲ့ အပြစ်မဲ့ကလေးတွေဆီ ပြန်မျှချင်လို့ပါ
ပေးပါ ပေးပါ ပေးပါ ပေးပါ ပေးပါ ပေးပါ ပေးပါ ပေးပါ
အီရတ်မှာ ဆီးရီးယားမှာ ဘော်စတွန်မှာ ၉ /၁၁ မှာ
မြစ်ဝကျွန်းပေါ်မှာ မိတ္ထီလာမှာ ပခုက္ကူနယ်တဝိုက်မှာ
ကချင်ပြည်နယ်မှာ ရခိုင်ဒေသမှာ
လမ်းထိပ်အုတ်ခုံမှာ ကျုံးဘေးပလက်ဖောင်းမှာ ဘတ်စ်ကားမှတ်တိုင်မှာ
ရပ်ကွက်အမှိုက်ပုံမှာ လမ်းဘေးအရက်ဆိုင်မှာ
ငတ်မွတ်မှုနဲ့ ဆင်းရဲမွဲတေမှုဟာ ခေတ်ပြိုင်အနုပညာတစ်ရပ်ပါပဲ
လမ်းချင်းတူလည်း လူချင်းမတွေ့ချင်ယောင်ဆောင်တဲ့ ခေတ်
ကမ္ဘာမီးမလောင်ခင် သား အရင်ချနင်းချင်တဲ့ခေတ်
ဆုတ်ကပ်ကြီးထဲ လူဖြစ်လာတာ သံသရာကိုပဲ အပြစ်တင်လိုက်ရတော့မလား
အစာဘယ်လိုကျွေးကျွေး ကိုက်တဲ့ခွေး မွေးမိတာ ကျွန်တော့်ကို ခွင့်လွှတ်ပါ
ကျွန်တော်က ခါချဉ်ကောင်မာန်ကြီးသလိုကမ္ဘာကြီးကို ထမ်းထားချင်တဲ့ ကဗျာဆရာတစ်ယောက်
နှာမစေးဘူး ချောင်းမဆိုးဘူး ကမ္ဘာကြီးကို ကယ်ဖို့ သူရဲကောင်းအင်္ကျီဝတ်ထားတယ်။

မင်းနဒီခ
၉ မေလ ၂၀၁၃

No comments:

Post a Comment