Friday, April 19, 2013

ခင်ဗျားသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ


ခင်ဗျားသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ

ကျည်ကဒ်ထဲက ကျည်ဆံတစ်တောင့်ကို ဆွဲထုတ်လိုက်သလို
စီးကရက်ဘူးထဲက စီးကရက်တစ်လိပ်ကို ဟန်ပါပါထုတ်
ပါးစပ်ပြောင်းဝမှာ အသာအယာတပ်
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ
လန်ဒန်လား။ ငါးသုံးလုံးလား။ ငွေနဂါးလား။ အနီရောင်ပတ္တမြားလား
နေခြည်လား။ မအေးမေလား။ မာဘိုရိုလား။ဒူးယားလား
ဘယ်လိုအရသာရှိလဲ
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ
မောင်သာနိုးမီးညှိပေးတဲ့ မာရင်ဆောရက်စကူးရဲ့ ဆေးလိပ်လား
မောင်ယုပိုင်ရဲ့ ကလဲ့စားချေတတ်တဲ့ ဆေးလိပ်လား
ဥတ္တရာအောင်ရဲ့ လျော့ရင်း လျော့ရင်းဖြတ်သွားရမယ့် ဆေးလိပ်လား
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ
ခင်ဗျားဟာ ကိုယ်တိုင်မီးလောင်ပြီး မီးလောင်ခြင်းကိုလည်း အားပေးတဲ့သူ
ခင်ဗျားနံဘေးကလူဟာ သူ့မျက်နှာကို တစ်ဖက်ကိုလွှဲလို့
ခင်ဗျား ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ကို သိလား
ဆေးလိပ်သောက်ပြီး သေဆုံးတဲ့ လူအရေအတွက်ထက်
ဆေးလိပ်ငွေ့ရှူပြီး သေဆုံးတဲ့ လူအရေအတွက် ပိုများတာ ကြားဖူးလား
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ
ခင်ဗျားခြေထောက်အောက်မှာ ကျည်ဆံခွံတွေ ပြန့်ကျဲလို့
ခင်ဗျားမျက်စိရှေ့မှာ အပြစ်မဲ့လူတွေ အတုံးအရုံးသေဆုံးလို့
နောက်ဆုံးသိရတဲ့ အသေခံအကြမ်းဖက်သမားဟာ ခင်ဗျားလား
အထီးကျန်ခြင်းအမည်တပ်ထားတဲ့ အိပ်ခန်းမှာ
ဆေးလိပ်ဟာ ခင်ဗျားရဲ့ လစ်ဗင်းတူဂဲလ်သား အဖော်မွန်တစ်ယောက်လား
ကျွန်တော် သေဖော်ညှိတာပါ
ကျေးဇူးပြုပြီး မီးတစ်တို့လောက်
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ။

မင်းနဒီခ

No comments:

Post a Comment