Friday, April 19, 2013

တစ် နေ ရာ မှ တစ်နေရာ



တစ် နေ ရာ မှ တစ်နေရာ

ပြုတ်ကျသွားတဲ့ စကားလုံးတစ်လုံးမှာ အဓိပ္ပာယ်တွေ ဘယ်လောက်များများ
မျက်လုံးတွေ ခဏမှိတ်ထား
ကန်ရေပြင်ရဲ့ အရိပ်က ငါ့မျက်နှာပေါ် လာလာပြီးဟပ်နေ
အဲဒီလို ခဏငယ်တွေ လူးလွန့်လှုပ်ရှားသွားပြီးနောက်
စိတ်ရဲ့ ထွက်ပေါက်
ဒါမှမဟုတ် ပေါက်ထွက်သွားတဲ့ စိတ်တစ်ခုလုံးရဲ့ အစိုင်အခဲ
တစ်ယောက်တည်းတွေးတယ် တစ်ယောက်တည်း ရေးတယ်
" ဥပမာ - နားထိုင်းသော မေလဟာ
မိုးစက်ရဲ့  ဓါးနဲ့ အထိုးခံလိုက်ရတဲ့ နောက်ကျောဖြစ်ရပုံ"
ကုန်ကုန်ပြောမယ် လူစုံရင် ခင်ဗျားလှမ်းကြည့်တဲ့ မျက်လုံးက
ဝါကျတစ်ကြောင်းကို အကဲခတ်နေတာလား အမဲဖျက်နေတာလား
ပြီးတော့ ကဗျာသမိုင်းကို အမည်းကွက်ကြီးစွန်းနေသလိုဆိုလား
ဟား ဟား ဟား ဖိစီးမှုအောက်က ဖောက်ထွက်လာသော အရေးအသား
ရေခြား မြေခြား ကမ္ဘာရဲ့ အခြား အစွန်းတစ်ဖက်ဆီ
အရည်မပျော်ခင် အတွေးအခေါ်ပညာရှင်များအားလုံး
ခံစားမှုဟာ မိုးသားတဆုံးအထိ
အတိုးနှုန်းမရှိ မြင့်တက်သွားကြပါလိမ့်မည်
သမိုင်းမတွင်မီ သက္ကရာဇ်များမှ တင်ကျန်ရစ်သော အရိုင်းအစိုင်း
ပြတ်ရွေ့သွားသော လားရာဟာ မျဉ်းဖြောင့်တစ်ကြောင်းအတိုင်း
အမောမဆိုက်ခင်
အရင်မျိုးဆက်ဟာ နောက်မျိုးဆက်အတိုင်း မျောလိုက်သွားလိုက်
အမှိုက် ဒိုက် သရိုက်နဲ့ မြစ်များ ပူးပေါင်းစီးဆင်းရာ
အတ္တဟာ ဒီကဗျာမှာ ပိုလျှံနေသော အကြောင်းတရား
တာဝန်နဲ့ ၀တ္တရားအရ သုတ်သုတ်စား သုတ်သုတ်သွား
ခရီးသည်များအားလုံး ကျေးဇူးပြု၍ နားဆင်ပါရှင်
ဘာသာစကားဟာ ထွက်ခွာရန် ငါးမိနစ်သာ လိုတော့သည်ဖြစ်ကြောင်း။

မင်းနဒီခ


No comments:

Post a Comment