Thursday, April 11, 2013

ဒီအတိုင်းသာဆို တို့တွေ အားလုံး



ဒီအတိုင်းသာဆို တို့တွေ အားလုံး

ဒီအတိုင်းသာဆို တို့တွေအားလုံး
လေထဲမှာ မျော၊ လေထဲမှာ ပြောလို့၊ လေထဲမှာ မောလို့။
မကုန်နိုင် မခမ်းနိုင် မပြီးနိုင် မစီးနိုင်
လက်ဖက်ရည်ဆိုင်မှာ ဘတ်စကားပေါ်မှာ လမ်းမပေါ်မှာ မိသားစုထမင်းဝိုင်းမှာ
ဘယ်အရာဟာ ဘာအရသာလဲဆိုတာကိုတောင်မေ့လို့
အဖြစ်အပျက်တွေက တစ်ခုပြီး တစ်ခု ဖြစ်ပျက်နေချိန်
ငါတို့တွေဟာ စိတ်အနည်ထိုင်ချိန်ကို စောင့်စား
ကဗျာလည်း မရေးဖြစ် ကဗျာအကြောင်းလည်း မစဉ်းစားဖြစ်
အခန်းဆက်ဇာတ်လမ်းတစ်ခုကို နေ့စဉ်စောင့်ကြည့်နေရသလို
အဲဒီအထဲမှာ ကိုယ်ကိုယ်တိုင်က ဇာတ်လိုက်
ဒီတစ်ခန်းပြီး နောက်တစ်ခန်းဘာရိုက်မလဲဆိုတာကလွဲလို့
ဇာတ်သိမ်းပိုင်းနဲ့ အားလုံးကို သိပြီးသူတစ်ယောက်လို
အမူအယာတွေက ပိုလွန်းတယ်ဆိုလား
ဟိုစကား ဒီစကား ကြားဖူးပြီးသားလည်း ပြန်နားထောင်
ဟိုလူ စကားလည်း နားယောင်ပြီး ခေါင်းညိတ်
ဒီလူစကားလည်း နားယောင်ပြီး ခေါင်းညိတ်
မပြောချင်လည်း တိတ်တိတ်နေ
ပြောချင်ရင်လည်း တိုးတိုးပြော
လေထဲမှာ မျော၊ လေထဲမှာ ပြောလို့၊ လေထဲမှာ မောလို့
ဒီအတိုင်းသာဆို တို့တွေအားလုံး။

မင်းနဒီခ

No comments:

Post a Comment