Thursday, April 11, 2013

ကဗျာကဖေးမှာ ကဗျာတစ်ခွက်သောက်ရင်းစောင့်ပါ ကဗျာလာနေပြီ (ကဗျာစာအုပ်ခံစားမှု)



ကဗျာကဖေးမှာ ကဗျာတစ်ခွက်သောက်ရင်းစောင့်ပါ ကဗျာလာနေပြီ

စာအုပ်အမည်                 ကဗျာကဖေး
ရေးသူ                         ဝေမိုးအိမ်၊ မျိုးမောရ
ထုတ်ဝေသည့် ကာလ        ၂၀၁၂ ၊ သြဂုတ်လ
ထုတ်ဝေသည့် တိုက်         လင်းသစ်ရောင်စဉ်

၈၄ လမ်းယူနီစန်ကဖေးထဲ ၀င်ဝင်လိုက်ချင်း လူငယ်စုံတွဲတစ်တွဲကို ဦးဆုံးသတိထားမိသည်။ မျက်နှာဟန်ပန်က တိုင်းရင်းသားဆန်သောကြောင့် ခေတ္တခဏလာရောက်သည့် ဧည့်သည်ဖြစ်ကြောင်းသေချာသိလိုက်သည်။ ယူနီစန်တွင် နေ့ခင်းတိုင်း ဆရာမောင်သင်းပန်ရှိသည်။ ကျွန်တော့်၏ နေ့လည်စာစားချိန်ကို ယူနီစန်ကဖေးတွင် ဆရာမောင်သင်းပန်နှင့် အတူတူကုန်ဆုံးဖြစ်တာများသည်။ ယခုလည်း ဆရာက ရောက်နှင့်နေသည်။ ဆရာနှင့် စကားလက်ဆုံကျနေချိန်တွင် ထိုဧည့်သည်စုံတွဲ ကျွန်တော့်တို့ စားပွဲဝိုင်းကို ရောက်လာပြီး သူတို့ကိုယ်သူတို့ မိတ်ဆက်သည်။ တစ်ယောက်က ဝေမိုးအိမ်၊ တစ်ယောက်က မျိုးမောရ။ မော်လမြိုင်က ကဗျာဆရာ ဇနီးမောင်နှံ။ မော်လမြိုင်တွင် ကဗျာကဖေးဟု နာမည်ပေးထားသည့် လက်ဖက်ရည်ဆိုင်လေး ဖွင့်ထားသည်ဟု သိရသည်။ ကျွန်တော်တို့ လေးယောက် အားပါးတရ စကားတွေပြောဖြစ်သည်။ ခဏကြာတော့ သူတို့ပြန်သွားသည်။ နောက်ပိုင်းမေ့မေ့ပျောက်ပျောက်ရှိလောက်တော့ ကဗျာစာအုပ်လေးတစ်အုပ် ထွန်းဦး စာပေတွင် တွေ့ရသည်။ စာအုပ်အမည်က ကဗျာကဖေး ။ ရေးသူက ဝေမိုးအိမ်၊ မျိုးမောရ။
ကဗျာစာအုပ်ထွက်ပြီး သိပ်မကြာခင်မှာပဲ ဆရာဝေမိုးအိမ်ဆီက ဖုန်းရသည်။ မန္တလေးသို့လူကြုံရှိသဖြင့် သူတို့ ကဗျာစာအုပ်လေး လက်ဆောင်ထည့်ပေးလိုက်သည် တဲ့။ သိပ်မကြာခင်ရက်ပိုင်းမှာပဲ မိုင်ပေါင်းများစွာအဝေးကနေ ခင်မင် ရင်းနှီးမှုများစွာနဲ့ ဖြတ်သန်းလာတဲ့ ကဗျာစာအုပ်လေး ကျွန်တော့်လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပါသည်။ ကဗျာစာအုပ်လေးကို အမြတ်တနိုးဖွင့်ကြည့်လိုက်တော့ သူတို့ဇနီးမောင်နှံလက်မှတ်ကလေးများနှင့် အမှတ်တရ လက် ဆောင်ဟု ရေးထားသော အဖွင့်စာမျက်နှာလေးကို တွေ့ရသည်။ ကျေးဇူးတင်ပါသည် ဆရာဝေမိုးအိမ်နှင့် ဆရာမ မျိုးမောရ။
ပထမဆုံးသဘောကျမိသည်က စာအုပ်မျက်နှာဖုံးဖြစ်သည်။ ဆရာဘယေးညို၏ လက်ရာ ကဗျာကဖေးဆိုင်ပုံတူ ရေဆေးပန်းချီလေးဖြစ်သည်။ ကဗျာစာအုပ်လေးကို ဝေမိုးအိမ် ၃၃ ပုဒ်၊ မျိုးမောရ ၂၆ ပုဒ်ဖြင့် ဖွဲ့စည်းထားပြီး ကဗျာဆရာမ မအိက ကဗျာကဖေး ကဗျာအရေးနှင့် တူစုံမောင်နှံဟု အမှာစာရေးဖွဲ့ပေးထားသည်။ ဆရာမ မအိက သူမဘ၀၏ ဖြတ်သန်း မှုများနှင့် ယှဉ်တွဲကာ ဝေမိုးအိမ်နှင့် မျိုးမောရတို့၏ ကဗျာများကို တင်ပြဖွဲ့နွဲ့ပေးထားသည်။ ` ကျွန်မကတော့ ဖြူစင်ရိုးသား သော သူတို့၏ ကဗျာဓါတ်ကို ချစ်မိပြီ။ ရိုးသားသော်လည်း မပျော့ညံ့ပါ။ ဖြူစင်သော်လည်း ယုန်ကလေး မဟုတ်ပါ။ ကဗျာ မာန်တက်ပြီး ထုတ်ဝေဖို့ စီစဉ်စိုင်းပြင်းခြင်း မဖြစ်နိုင်။ ကဗျာသည် သူတို့အိမ်ထောင်ရေးတွင် ဦးထိပ်ထား လိုက်နာ ကျင့်သုံး ရမည့် ဥပဒေနှယ်ပင်။´ ဟုလည်း ဆရာမက ကဗျာကဖေး စာအုပ်လေးအပေါ်တွင် သူမ၏ သဘောထား ကို လှစ်ဟပြထား သည်မှာ ကျေနပ်စရာ ကောင်းလှပါသေးသည်။
        ပထမဆုံး ဝေမိုးအိမ်ကဗျာများကို ဖတ်မိသည့်အခါ ထင်ထင်ရှားရှာမြင်တွေ့လိုက်ရသည်က ရိုးသားမှုပဲ ဖြစ်သည်။
 ရိုးသားမှုဆိုသည်မှာ လက်ရှိခေတ်ပြိုင်ကဗျာတွေထဲ တဟုန်ထိုးခုန်ဆင်းကူးခတ်နေသူ တချို့တလေထဲမှာ ဝေမိုးအိမ်မပါ။  သူယုံကြည်ရာ သူအားသန်ရာ ကဗျာအဖွဲ့ဖြင့် ကဗျာဖတ်သူကို တင်ပြသည်။ နမိတ်ပုံအားကိုးသည်။ ဝေမိုးအိမ်၏ ကဗျာအဖွဲ့သည် ပင်မရေစီး ခေတ်ပေါ်ဟန်ဖြစ်သည်။ ဝေမိုးအိမ်၏ ကဗျာများသည် သူ၏ နေ့စဉ်ဘ၀ဖြတ်သန်းမှုများထဲက လာသည်။ သူကြုံတွေ့ခဲ့ရသည် အကြောင်းအရာများသည် သူဖွဲ့နွဲ့သည့် ကဗျာဖြစ်သည်။ အမှန်တရား၊ ကိုယ်ချင်းစာတရား နှင့် နေ့စဉ်ဖြတ်သန်းနေရသည့် လူနေမှုဘ၀ရဲ့ ဒုက္ခ၊ ခေတ်ပြိုင်သောက၊ လောကအပေါ် သူဖြစ်စေချင်တဲ့ စေတနာတို့ကို အောက်ပါ ကဗျာများမှာ မြင်တွေ့နိုင်သည်။


လူဝင်ဆံ့တဲ့ အပြုံးတုတွေနဲ့
ကျွန်တော် အကျွမ်းတ၀င်မဖြစ်ချင်ဘူး
အရာရာကို ရိုးသားခွင့်ပြုဖို့
ဖြူစင်ခြင်းတွေ ခေါ်ဆောင်ခွင့်ပြုပါ
ဆန္ဒကွေးကွေးလေးမှာ
လလေး ထိန်ထိန်သာပါစေ
(ဝေမိုးအိမ်-အနေအထိုင်တွေ မိုးသက်လေကျသောအခါ ကဗျာမှ)

ဖယောင်းတိုင်လိုလူ ဖြစ်ကြည့်ဖို့
လှိုက်လှဲတဲ့ ဆုတောင်းသံကြားဖို့
ဈာပနအခမ်းအနားလှဖို့
မြင်ကြည့်ပါ
အဝေး ဝေး
ဗေဒါတစ်အုပ် ရေစီးထဲ
လောကကို တရားပြနေလိုက်ပုံ။
(ဝေမိုးအိမ်-အစုန်အဆန်ရုပ်ရှင်ကဗျာမှ)

နေရောင်ခြည်တွေ ဖရိုဖရဲ
ပစ္စုပ္ပန်တွေ ဖရိုဖရဲ
သတ္တ၀ါတွေ ဖရိုဖရဲ
အနာဂတ်က အိပ်ယာထဲ လဲနေတယ်
ဘုရားသခင်အိပ်မောကျနေသမျှ
အမှာစာတွေ ကင်းလွတ်ခွင့်မရသေးဘူး။
(ဝေမိုးအိမ်- ထမင်းစားရင်း စဉ်းစား ကဗျာမှ)
         
မျိုးမောရ၏ ကဗျာများကို ဆက်လက်ဖတ်ဖြစ်သည့်အခါ ဇနီးမောင်နှံနှစ်ယောက် လက်ညီသည်ဟု ထင်မိသည်။ ၀ါသနာတူ ဇနီးမောင်နှံပေမယ့် ကဗျာတစ်ပုဒ်ကို ချဉ်းကပ်တည်ဆောက်ပုံ။ အတွေးထောင့်။ စကားလုံးဖွဲ့စည်းမှုများက တူမယောင်နှင့် တဖြည်းဖြည်းခွဲထွက်သွားသည်။ မျိုးမောရ၏ ကဗျာအများစုတွင် ဟာသဓါတ်ငွေ့ငွေ့ကလေး ပါနေသလို ခံစားမိသည်။ (ဥပမာ-ပြဿနာဟာ ဧည့်စာရင်းတိုင်ပြီးမှ ရောက်ရောက်လာတယ်၊ ဘ၀ကို ခဏလို့ ဘာသာပြန်မိကတည်းက ငါဟာ ရိုက်ချင်စရာ သတ္တ၀ါ၊ ဒုက္ခကို ချောကလက်ရောင်ခြယ် အတွေ့အကြုံကို ပလတ်စတစ်လောင်းရိုးရာမနိုင်လို့ နတ်ကိုင် စတဲ့ အရေးအသားများ)။ ထို့ပြင် မျိုးမောရ၏ကဗျာများတွင် ခေတ်စနစ်ရဲ့လက်ရှိကာလကို သရော်သောအရေးအသားများ၊ မိသားစုနှင့် ချစ်ခြင်းမေတ္တာဖွဲ့ ကဗျာများကို ပိုမိုတွေ့ရသည်။

 စစ်တောင်းတံတားမကျော်တဲ့
ကလောင်တံခရီးသွား အနှိမ်ခံဘ၀ မကျွတ်မလွတ်ခြင်းများ
ဘောလုံးကွင်းနံရံမှာ Memory တွေရှိရင်
ဒီအချိုန် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း လုပ်စားလို့ရပြီ ဟာ ဟ
(မျိုးမောရ- သံလွင်ကမ်းနဖူးပေါ်က လွတ်ကျခဲ့ရ အစအနများ ကဗျာမှ)

ကဗျာဟာ သီချင်းဖြစ်တဲ့ ခေတ်မဟုတ်တော့
ကြိတ်စက်ထဲက ထွက်လာတဲ့ ကြံဖတဟာ ကဗျာ
ခေါင်းတိုင်က ထွက်လာတဲပ မီးခိုးငွေ့ဟာ ကဗျာ
ခန္ဓာကိုယ်ထဲက တွန်းထုတ်လိုက်တဲ့ ကြေးဟာလည်း ကဗျာ
(မျိုးမောရ-ကဗျာယောင်ဆောင်လာတဲ့ ကျိန်စာမှ)

အဖွဲ့အနွဲ့မတူတာနဲ့ပဲ
အဓိပ္ပာယ်တွေ လမ်းလွဲရစတမ်းလား
ကိုယ်တို့အားလုံးသွေးတွေဟာ အနီရောင်ပဲ
အတူတကွ စီးဆင်းသွားဖို့ မေတ္တာတရားကို မီးဖွင့်ခဲ့ရုံ
(မျိုးမောရ- ကိုးကွယ်ရာ ကဗျာမှ)

သင်္ကေတမပါ
စိတ်ကို ပက်ထရမ်ပြားနဲ့ခတ်
အသံမရှိတဲ့ ဂီတ
ညတစ်ည
လှလှပပ ညှို့တယ်။
(မျိုးမောရ-ဒီကဗျာခေါင်းစဉ်ကို မင်းနာမည်ပေးထားတယ်မှ)

        `၀ါသနာအရမဟုတ်ပါဘူး။ ကဗျာနဲ့ မခွဲနိုင်လို့ ဆိုင်နာမည်ကို ကဗျာကဖေးလို့ ပေးတယ်´ဆိုတဲ့ ဝေမိုးအိမ်နှင့် မျိုးမောရတို့အတွက်တော့ ကဗျာကဖေးသည် မှတ်တိုင်တစ်ခုဖြစ်မှာ သေချာပါသည်။ ထို ကဗျာကဖေးစာအုပ်လေးသည် လည်း ဖတ်သူတစ်ချို့အတွက် ချိုစိမ့်၊ တစ်ချို့အတွက် ဖန်ချို၊ တစ်ချို့အတွက် ပုံမှန်စသည်ဖြင့် အရသာတစ်ခုခုကို ပေးစွမ်း နိုင်ပါလိမ့်မည်။ ၂၀၀၇ နောက်ပိုင်းတွင် မြန်မာကဗျာအရွေ့သည် အားကောင်းမောင်းသန်မြန်ဆန်ခဲ့တာကို တွေ့ရသည်။ ခေတ်ပေါ်ကဗျာအလွန် ဘာကဗျာရေးမလဲ။ ကဗျာသေပြီ။ ကဗျာဆိုတာကဗျာမဟုတ်ဘူး။ ကဗျာဆိုတာ ပြုလုပ်ခြင်း။ ကဗျာ မှာ မိမိခံစားချက်ကို ဖော်ထုတ်ရုံသက်သက်မဟုတ်ဘူး။ ဘာသာစကားရဲ့ ပင်ကိုယ်သတ္တိနဲ့ ကဗျာဖတ်သူကို သိမှု စပ်ဆက် တည်ဆောက်ရယူစေလိုခြင်း စသည်ဖြင့် ခေတ်ပြိုင်ကဗျာနည်းနာတက္ကနိတွေထဲက လျှံကျလာတဲ့ အသံတွေကို လည်း ဆက်တိုက်ကြားခဲ့ရသည်။ ယခု၂၀၁၃တွင်တော့ ခေတ်ပြိုင်ကဗျာဟု သီးခြားသတ်မှတ်နိုင်လောက်သော ကဗျာများ၊ ကဗျာ ဆရာများလည်း မြင်တွေ့နေရပြီ ဖြစ်သည်။ ဝေမိုးအိမ်လည်း မြင်ပါလိမ့်မည်။ မျိုးမောရလည်း မြင်ပါလိမ့်မည်။ သူတို့ ဇနီးမောင်နှံလည်း ကဗျာအသစ်များကို အရသာတွေ့ကောင်းတွေ့လိမ့်မည်။ တွေ့ချင်မှလည်း တွေ့လိမ့်မည်။ သူတို့ ဘယ်လို ကဗျာတွေ ဆက်ရေးဦးမလဲ။ သူတို့ဆီက နောက်ထပ်ထွက်လာမည့် ကဗျာတွေသည် ခေတ်ပေါ်လား ခေတ်ပြိုင် လား။ ဘယ်လိုဖြစ်ဖြစ် အသစ်ကိုတော့ ကျွန်တော်တို့ ဖန်တီးကြရပါဦးမည်။ ထိုအသစ်သည်လည်း သူ့နောက်တွင် ထပ်မံ ထွက်ပေါ်လာမည့် အသစ်အသစ်တို့ကို နေရာဖယ်ပေးကြရပါလိမ့်ဦးမည်။ သို့မှသာ မြန်မာကဗျာရေစီးသည် စဉ်ဆက် မပြတ်တိုးတက်စီးဆင်းသော မြစ်ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ကျွန်တော်စကားတစ်ခွန်းပြောချင်ပါသည်။ ကဗျာ ဆက်ဆက် လာပါ။ ကဗျာကဖေးမှာ ကျွန်တော် စောင့်နေပါမည်။

မင်းနဒီခ
၎၊ဇန်န၀ါရီ၊၂၀၁၃


No comments:

Post a Comment