Friday, April 19, 2013

ဒီနေ့ကဗျာမရေးဖြစ်သေးဘူး

ဒီနေ့ကဗျာမရေးဖြစ်သေးဘူး

ကမ္ဘာပေါ်မှာ အလေးလံဆုံးသောအရာဟာ
မျက်ခွံတွေပဲဆိုတာ လက်ခံလိုက်ပြီ
အနုပညာက ဘယ်တော့မှ အရက်မသောက်ဘူး
အရက်က အနုပညာကို သောက်သောက်သွားတာ ဆိုးတယ်
မျက်လုံးဖွင့်လိုက်တိုင်းချာချာလည်နေတဲ့ည
ဒီနေ့ကဗျာမရေးဖြစ်သေးဘူး
ပြီးတော့ ခြင်ထောင်အပြင်ဘက်ထွက်ထိုင်
ပြီးတော့ ခြင်ထောင်ထဲဝင်ပြန်အိပ်
ဒီကဗျာဆရာ ဘာလုပ်နေတာလဲ
တိုင်ကပ်နာရီက တချက်ချက်မြည်သံကြားတယ်
ဒီနေ့ကဗျာမရေးဖြစ်သေးဘူး
စဉ်းစား စဉ်းစား
၉/၁၁ ဘယ်နှခုနှစ်လဲ အိဒ်ယဉ်ကျေးမှု
ဆူနာမီအနုမြူဗုံး နာဂစ်ဖက်ရှင် ကိုရီးယားတုပ်ကွေး
ဟာ မဟုတ်သေးပါဘူး
စဉ်းစား စဉ်းစား
မနက်ဖြန်မသောက်တော့ဘူးပြောမိတာနဲ့
ဒီနေ့ညနေတိုင်း သောက်ဖြစ်နေတာ ဘာမှမဆိုင်ဘူး
ဘေးအိမ်က လင်မယားက ညညဆိုရန်ထဖြစ်ပြီ
မနက်မိုးလင်းတာနဲ့ ပုလင်းကိုင်ရောက်လာတတ်တဲ့ သူငယ်ချင်း
အရက်ဆိုင်မှာ ကောင်တာထိုင်တဲ့ ကောင်မလေးက
ငါ့ကို ပြုံးပြတာလား ဖောက်သည်ကို ပြုံးပြတာလား
ဒီလိုအချိန်တွေတိုင်း
လယ်ကွင်းတွေဖြတ်သွားပြီးမှ ရောက်တဲ့ အမေ့အိမ်လေးကို လွမ်းတယ်
ဘာလိုလိုနဲ့ ဒီနေ့ကဗျာမရေးဖြစ်သေးဘူး
စဉ်းစား စဉ်းစား
အရက်ဆိုင် (၅) ထဲက အဘမြင့် ဘာလိုသေးလဲ
ဂီတာကဖေးထဲ အိပ်ပျော်နေတဲ့ အဆိုတော်ကြီးကို နိုးပေးပါ
မိုးလင်းတော့မယ်
ဒီနေ့ ကဗျာမရေးဖြစ်သေးဘူး

မင်းနဒီခ

No comments:

Post a Comment