Monday, April 29, 2013

ဧရာဝတီပေါ်မှ သမုဒ္ဒရာများ



ဧရာဝတီပေါ်မှ သမုဒ္ဒရာများ

ဘာပဲဖြစ်ဖြစ် မြစ်ကို ပင်လယ်ဆီခေါ်သွားရမယ်
နှင်းတစ်ပွင့်၊ မိုးတစ်စက်၊ နွေရာသီရဲ့ အမြင့်ဆုံးအပူချိန်စသည်
စိုးရိမ်ရေမှတ်ဘယ်လောက်တိုင်းတာချက်အရ
ဘယ်တုန်းကမှ သဘာဝကျကျစဉ်းစားတွေးခေါ်ခြင်းမရှိခဲ့တဲ့ သဘာဝတရား
ဝင်ရိုးစွန်းဒေသရဲ့ ရေခဲမြစ်များ အရည်ပျော်စီးဆင်းမှုမြန်ဆန်လာခြင်းဖြစ်စဉ်
နုန်းတင်မြေနုကျွန်းများပျောက်ဆုံးခြင်းပြဿနာအရပ်ရပ်နှင့်
ရေစီးအတိုင်းမြောက်မှ တောင်သို့ မျောပါသွားသော ကူးတို့လှေများ
ရွေ့ပြောင်းနိုင်သော ပစ္စည်းများ မရွေ့ပြောင်းနိုင်သော ပစ္စည်းများစာရင်းပြုစုခြင်း
လပြည့်လကွယ် ဒီရေအတက်အကျ အယူအဆခိုင်မာသော သက်သေ
ရာသီဥတုအပြောင်းအလဲနဲ့ မုန်တိုင်းများဖြစ်ပေါ်မှုအကျိုးဆက်
အထူးသတင်းကြေညာချက် မနက်ဖြန် မုတ်သုန်လေ အားကောင်းမည်
ဂျွန် ငါတို့  ပင်လယ်ဆီသွားကြစို့လို့
တစ်စုံတစ်ယောက်ရဲ့ အော်သံကို ကြားလိုက်မိသလို/ ကြားလိုက်မိသေးလား
မျှော်လင့်ထားတဲ့ တစ်စုံတစ်ရာအား နောက်ကနေ တကောက်ကောက်လိုက်ကြည့်
ဝမ်းနည်းပါတယ် အိုင်တီဟာ ဧရာဝတီကို ဘောင်ကျဉ်းအောင် မလုပ်နိုင်ခဲ့
ဟေရာကလိုက်တပ်စ်ရဲ့ မြစ်ရေမှာ ဘယ်သူမှ ရေနှစ်ခါ မချိုးနိုင်ခဲ့
ကံ ကံ၏ အကျိုးနဲ့ ပေါက်ထွက်သွားတဲ့ ပိုက်ကွန်မှာ
ဆုံးရှုံးခြင်းဟာ ငါးတစ်ကောင်နဲ့ ပင်လယ်တစ်ခုသာ ဖြစ်တယ်
ဆိုလိုတဲ့ အဓိပ္ပာယ်က
ရေပတ်လည်ဝိုင်းနေသော ကုန်းမြေဟာ ခင်ဗျားလို့ သိလိုက်ရချိန်
ကမ်းပါးအထပ်ထပ်ဟာ အလဲလဲအပြိုပြိုနဲ့ ရေတိုက်စားခံလိုက်ရချိန်
အချက်ပေးခေါင်းလောင်းသံဟာ တစီစီနဲပ စူးစူးဝါးဝါးအော်မြည်လာတဲ့အချိန်
သမုဒ္ဒရာများဟာ မြစ်ကို လွတ်ချပြီး
လက်ချည်းသက်သက် ပင်လယ်ဆီ ထွက်လာခဲ့တော့တယ်။

မင်းနဒီခ
ပိတောက်ပွင့်သစ်၊ စက်တင်ဘာ၊ ၂၀၁၁

No comments:

Post a Comment