Thursday, April 11, 2013

စက်ခေါင်းအသစ်တင်ထားတဲ့ မြို့ပတ်ရထားပေါ် လူလန်းနှင့် အတူခရီးသွားခြင်း ( ကဗျာစာအုပ်ခံစားမှု)



 စက်ခေါင်းအသစ်တင်ထားတဲ့ မြို့ပတ်ရထားပေါ် လူလန်းနှင့် အတူခရီးသွားခြင်း

စာအုပ်အမည်                 စက်ခေါင်းအသစ်တင်ထားတဲ့ မြို့ပတ်ရထားပေါ်မှာ
    လူလန်း ကို တော်ပါတော့တွေနဲ့အတူ  တွေ့လိုက်ပါသလား
ရေးသူ                         လူလန်း
ထုတ်ဝေသည့် ကာလ        ၂၀၁၃၊ ဇန်န၀ါရီ
ထုတ်ဝေသည့် တိုက်         ကျော်မွှေးစာပေ

        အွန်လိုင်းစသုံးတတ်ခါကစ ကျွန်တော့်ကို စိတ်အနှောက်အယှက်အပေးဆုံးမှာ လူလန်းဖြစ်သည်။ တစ်ရက်ကို ကဗျာတစ်ပုဒ် Tagg လုပ်ပြီး ပို့ပေးသည်။  သူ့ကဗျာများနှင့် ကျွန်တော် Facebook Wall မှာ ပြည့်နေသည်။ လူလန်းက နေ့တိုင်းကဗျာရေးသလား။ ကျွန်တော်မသိ။ သို့ပေမယ့် နေ့တိုင်း ကျွန်တော့်ဆီ Tagg လုပ်ပို့ပေးနေသော ကဗျာတွေ ကတော့ လတ်ဆတ်သည်။ ခေတ်ပြိုင်ခံစားမှုအပြည့်ရှိသည်။ လူလန်း တဲ့။ မဂ္ဂဇင်းစာမျက်နှာများတွင် အတွေ့နည်း သော်လည်း လူလန်းဆိုသော ကလောင်နာမည်မှာ ကျွန်တော် သတိ ထားမိသည့်အထဲ ပါခဲ့သည်။  သည်လိုနှင့် အွန်လိုင်း တွင် ခင်မင်ပြီးသည့်နောက်ပိုင်း ကျွန်တော် ချောက်မြို့သို့ အလုပ်ကိစ္စဖြင့်ခရီးသွားရင်း ၀တ္ထုတိုစကားပြေ အရေးကောင်း သော  ဆရာသက်ဦးမောင်၏ မိတ်ဆက် ပေးမှု ဖြင့် လူလန်းနှင့် ခင်မင်ခွင့်ရခဲ့သည်။ စကားမပွင့်တပွင့်ပြောတတ်သော၊ စည်းစနစ်ကျကျလုပ်ကိုင်တတ်သော၊ ခေတ်ပြိုင်ကဗျာဖြစ်ထွန်းမှုကို ရူးသွပ်သော၊ ဂန္ထ၀င်ကဗျာစာပေ လေ့လာအား ကောင်းသော၊ ပါဝါမျက်မှန်ထူထူနှင့် ခင်မင်နှစ်လိုဖွယ်ကောင်းသော၊ ကျွန်တော့်အတွက် အညာပဲလှော်နှင့် အကြော်စုံ လက်ဆောင်ယူလာသော လူလန်းကို အပြင်လောကမှာ အရှင်လတ်လတ်နှုတ်ဆက်ခွင့်ရလိုက်ပါသည်။
ဆရာ လူလန်းရေ မင်္ဂလာပါဗျာ။

မင်းနဒီခ။              ။ စက်ခေါင်းသစ်တင်ထားတဲ့ မြို့ပတ်ရထားပေါ်မှာ လူလန်းကို တော်ပါတော့တွေနဲ့ အတူ တွေ့လိုက်ပါသလား ဆိုတဲ့ ခေါင်းစဉ်ကို ဘယ်လိုပေးဖြစ်သွားတယ်ဆိုတာက စလိုက်ကြရအောင်ဗျာ။ နောက်တစ်ခုက ဒီစာအုပ်ခေါင်းစဉ်အောက်မှာ ကဗျာဆိုင်ရာအရေးအသားဆိုတော့ ဒီစာအုပ်ထဲက ဟာတွေက ကဗျာမဟုတ်ဘူးလို့ ပြောချင်တာလား။ ဒါမှမဟုတ် ကဗျာနဲ့ သက်ဆိုင်တဲ့ အရေးအသားလား။ဒါမှမဟုတ် ကဗျာလို့ ခေါင်းစဉ်မတပ်ရဲတာလား။
လူလန်း။       အဟဲ။ ဒီခေါင်းစဉ်ပေးဖြစ်တဲ့ကိစ္စမှာတော့ ခင်ဗျား ရဲ့စိတ်ကူးလည်းပါတယ်လို့ပဲ လက်သည် ရှာလိုက်ပါရဲ့ဗျာ။ ဟုတ်တယ်လေ။ ကျွန်တော်စာအုပ်လုပ်မယ့် အကြောင်း အွန်လိုင်းမှာ F.B က သူငယ်ချင်းတွေကို အသိပေးရင်း အကြံဥာဏ်တောင်းတော့ မူလခေါင်းစီးက ( နောက်ဆုံးလူသားကို ရှာဖွေခြင်း နှင့် ကဗျာဆိုင်ရာအရေးအသားများ)လေဗျာ။ အဲဒီမှာ သူငယ်ချင်းတွေအများစုက အလှူအိမ်က လက်သုပ်ဝတ် လိုဖြစ်နေတဲ့ဒီစကားလုံးကို အစားထိုး ပြောင်းလဲ သုံးစေ ချင်ကြောင်း ပြောလာတယ်ဗျာ။ ကျွန်တော်ကလည်း စာအုပ်မှာပါမယ့် ကဗျာခေါင်းစဉ်တွေကိုပါ မာတိကာထည့်ပေး လိုက် တော့ ခင်ဗျားပဲ မာတိကာမှာပါတဲ့ (စက်ခေါင်းသစ်တင်ထားတဲ့ မြို့ပတ်ရထားပေါ်မှာ လူလန်းကို တော်ပါတော့တွေနဲ့ အတူ တွေ့လိုက်ပါသလား)ဆိုတဲ့ ခေါင်းစီးကိုပိုကြိုက်မိကြောင်းပြောခဲ့တယ်လေ။ ကျွန်တော်မူလစီစဉ်ထားခဲ့ဖူးတဲ့ ခေါင်းစီး မှာလဲ ဒါကိုရွေးခဲ့ဖူးတော့   ဒီခေါင်းစဉ်ကို အတည်ပြုရွေးလိုက်တာဗျ။ ကဗျာဆိုင်ရာအရေးအသားလို့ ဆိုတဲ့ကိစ္စ ကတော့ ပြောမယ်ဆိုအရှည်ကြီးဗျ။ တိုတိုပဲပြောရရင်တော့ ကျွန်တော် ဒီစာအုပ်ကိုမူလကပေးထားတဲ့ ခေါင်းစီး အတွင်း မှာလည်း အဲဒီသဘောမျိုးပါပါတယ်။ (နောက်ဆုံးလူသားကိုရှာဖွေခြင်း)နဲ့ တိုက်ရိုက်ဆိုင်ပါတယ်။ ၂၀၀၈ နောက်ပိုင်း အထူး သဖြင့်တော့ ၂၀၁၂ခုမှာ ကျွန်တော်ရေးဖြစ်တဲ့ ကဗျာတွေဟာ ကျွန်တော့် အမှာထဲမှာ ပြောခဲ့သလို သတ္တလောကကြီး အကြောင်းကို ရေးထားတာတွေများတယ်။ အထူးသဖြင့် ကျွန်တော့် ပတ်ဝန်း ကျင်က လူသားတွေ အကြောင်းကို ရေးတာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော်က ကဗျာရေးတာဆိုပေမဲ့ အရေး အသားတွေက ကျွန်တော့် ကိုမေးခွန်းတွေ တက်လာ တယ်။ ကျွန်တော့် ကဗျာမှာ ဇာတ်လမ်းတွေ ပါလို့ပါ။ စရိုက်တွေကိုဖွဲ့မိလိုဖွဲ့မိ။ လူ့အဖွဲ့အစည်းထဲ ကိုးလိုးကန့်လန့် တွေကို ဟာသထုတ်ပြက်လုံး ဆင်လိုဆင်မိ။ လက်ရှိသုံးနေတဲ့ ဘာသာစကားတွေနဲ့ လူတွေရဲ့အကြောင်းကို ပေါ်အောင် ရေးဖို့ စကားလုံးတွေ မလုံ လောက်သလိုလို ခံစားရတော့ စကားလုံးတွေကိုပဲ ပြက်ရယ်ပြုလိုပြုလိုက်ရနဲ့ ဆိုတော့ ကျွန်တော်က ကဗျာ ဆိုပြီးရေးထားတဲ့ ကျွန်တော့် ကဗျာတွေကိုယ်တိုင်က ကျွန်တော်တို့ ကျွန်မတို့ဟာ ကဗျာတွေလား။ အက်ဆေးတွေလား။ ၀တ္ထုတိုအစအနတွေလား။ သရော်စာ ကုန်ကြမ်းတွေလားနဲ့ ကျွန်တော့်ကို မေးခွန်း ထုတ်လာတယ်။ ဆိုလိုတာက ကျွန်တော်ကိုယ်တိုင်က ငါ့အရေးအဖွဲ့တွေဟာ ကဗျာအပြင် အခြားအရေးအသားတွေလားဆိုတဲ့ သံသ ယကြီး ၀င်လာတယ်ဗျ။ မဟုတ်ဘူး။ ဟုတ်တယ်ဆိုသလိုပါပဲဗျာ။ ကဗျာဓါတ်စီးပြီး စတင် ခဲ့တဲ့ ကျွန်တော့် ကဗျာ အပုဒ်တိုင်းကို ကျွန်တော်ကိုယ်တိုင်က ကဗျာအဖြစ်က တစ်ပြားသားမှ လျှော့မပေး နိုင်သလို အခြား တစ်ဘက်ကလည်း အခြားအရေးအသားတစ်ခုခုဖြစ်ခွင့်ကို ကျွန်တော် ကိုယ်တိုင်ကပဲ ပေးချင်နေတယ်။ ဒါပါပဲကိုမင်း။ ကြီးကြီး ကျယ်ကျယ် ပြောရရင် သစ်ဖို့ကြိုးစားမိတာပါဗျာ။

မင်း။   ။၂၀၀၈ နောက်ပိုင်းကဗျာတွေပဲ သီးသန့် ပြန်စုထားတယ်ဆိုတော့ ကန့်သတ်မှုတစ်ခုလို့ မြင်တယ်လေ။ ဘာကို ကန့်သတ်တာလဲ။ နှစ်ကို ကန့်သတ်တာလား။ ကဗျာကို ကန့်သတ်တာလား။ စိတ်ခံစားမှုကို ကန့်သတ်တာလား။ အဲဒီကန့်သတ်မှုက ဒီစာအုပ်အပေါ် ရိုက်ခတ်မှု ဒါမှမဟုတ် ခင်ဗျားမျှော်လင့်ထားတဲ့ တုံ့ပြန်လာမှု တစ်ခုခုပေါ့ ပြောပြပါဦး။
လန်း။  ကျွန်တော်က တကယ်တော့ ကိုယ်ရေးအကျဉ်း မှာဖေါ်ပြခဲ့သလို( ၁၉၈၇ခုလောက်ကကဗျာစရေးပြီး ၁၉၈၈ခုမှာ စာနယ်ဇင်းပို့တယ်။ ပုံနှိပ်မှာ ၁၉၉၅ အောက်တိုဘာ၊ မြားနတ်မောင်မှာ။ စတင်ဖေါ်ပြခံခဲ့ရတဲ့ အကြောင်းက စပြောခွင့် ပြုဗျာ။ ခု ခင်ဗျား မေးခွန်းနဲ့ဆက်စပ်လို့ပါ။ ဒီလို။ ၁၉၉၉ကနေ ၂၀၀၅ထိ ပုံနှိပ်စာစောင်ပေါ်က ကျွန်တော် ပျောက်သွား ခဲ့တယ်။ မိသားစုအရေး၊ ၀န်ထမ်းတာဝန်စတာတွေနဲ့ လုံးထွေး ရစ်ပတ်ပြီးစာမူအချောရေး။ စာတိုက်ကပို့ ဆိုတဲ့ အလုပ်ကိုမလုပ်နိုင်ခဲ့လို့။ ဒါပေမဲ့-ကဗျာတွေတော့ ကျွန်တော် ရေးနေခဲ့တာပါပဲ။ ၂၀၀၆ကစပြီး တစ်ခါ နောက်ပိုင်း စာမူတွေကိုစာနယ်ဇင်းပြန်ပို့ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တောကိုယ်တိုင်ရေးအမှာစာမှာ ပြောခဲ့သလို-ပုံနှိပ်ဖေါ်ပြခံ ကဗျာအရေအတွက်ထက် ရွေးစာရင်းမှာပါပြီး အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်မဖေါ်ပြရတော့တဲ့ကဗျာအရေအတွက်က များပါတယ်ဆိုသလို။ တကယ်ဗျ။ အဲဒီကဗျာခေါင်းစဉ်တွေကို စုပြီးတောင် (ရွေးကဗျာစာရင်း)ဆိုပြီးရေးဖူးတယ်။ New Style မေ  ၂၀၁၂ မှာ ပါတဲ့ကဗျာလေ။ အဲဒီလိုတွေပဲမကြာခဏဖြစ်နေတော့ ကိုယ်ရေးထားတဲ့မူရင်းကိုပဲ စာနယ်ဇင်း မှာ ပုံနှိပ်ခံရဖို့ ကိုယ်တိုင်ပဲအမြီးဖြတ်။ ခေါင်းဖြုတ်လုပ်ပေးရတဲ့အခြေအနေကို ကျွန်တော် သည်းမခံနိုင်တော၊့ ရွေးချယ် ပေးရတဲ့အယ်ဒီတာတွေကိုလည်း အားနာလာတော့ စာမူတွေ၂၀၁၀က စပြီးမပို့တော့ဘူး။ ရေးတော့ ရေးဖြစ် နေတာပါပဲ။ ၂၀၀၈နောက်ပိုင်းအရေးအသားတွေကိုသာ ကျွန်တော့် ကြိုက်လို့ ခုကဗျာစာအုပ်မှာ အဲဒီ အရေး အသားတွေကိုသာ ဖော်ပြထားပါတယ်ဆိုတာ အခု  ကျွန်တော် ပြောပြတဲ့ အကြောင်း ကြောင်းတွေကြောင့်ပါပဲ။ ဆိုလိုတာက နှစ်ကို ကန့်သတ် တာမဟုတ်ဘူး။ စိတ်ခံစားမှုနဲ့ကဗျာပုံသဏ္ဍာန်ကို ကန့်သတ်တာဆိုပါစို့ဗျာ။  ဒီလိုကန့်သတ်ခဲ့မှုအတွက် ဘယ်လို တုံ့ပြန် ရိုက်ခတ်လာမလဲဆိုတာကတော့ ဈေးဦးပေါက် ခင်ဗျားကိုပဲ မေးပါ ရစေ။ ဘယ်လိုမြင်ပါသလဲ ကိုမင်းရေ။

မင်း။   ။ကျွန်တော်အမြင်အရတော့ ဒီစာအုပ်ဟာ လူလန်းရဲ့ စမ်းသပ်မှုတွေကို ချပြတာပဲ။ ဒီထက်ပိုပြောရရင် LP ဆန်သော အရေးအသားနဲ့ ပြုလုပ်ထားတဲ့ ကဗျာတွေပေါ့ဗျာ။ ဒီဘက်ခေတ်တွေမှာ ခင်ဗျားအပေါ် ဇေယျာလင်းရဲ့ လွှမ်းမိုးမှု/သြဇာ က ဘယ်လောက်များများရှိနေမလဲ။
လန်း။  လွှမ်းမိုးမှုကိစ္စဆိုတာ ရိုးရိုးပြောရရင် ဖန်တီးသူတိုင်းမှာ ရှေ့က မှတ်လောက်သားလောက် ဖန်တီးသူ တစ်ယောက်ယောက်ရဲ့ လွှမ်းမိုးမှုဆိုတာရှိစမြဲပါဗျာ။ ကျွန်တော့်အပေါ်တော့ ဘယ်သူတွေလွှမ်းမိုးခဲ့တဲ့ဆိုတာ အရွယ်နဲ့ ဖြတ်သန်းမှုကာလအလိုက် ကျွန်တော်ဖွင့်ဟပြထားပါတယ်ဗျ။ စာအုပ်ပါ ကျွန်တော့် အမှာမှာ လေဗျာ။ ခဏဗျာ။ စာအုပ်မှာ ရေးထားတဲ့အတိုင်း ကျွန်တော် ပြောပြမယ်။ ဘာလို့လဲဆိုတော့ ဘယ်သူ့ကို ဘာကြောင့် ကျွန်တော်က ဘယ်လို ဆရာပြု ခဲ့ရပါတယ်ဆိုတာရှင်းထားလို့ဗျ။ အဲဒီဆရာ(၇)ယောက်ရဲ့ လွှမ်းမိုးမှု ရှိခဲ့ပါတယ်လို့ ကျွန်တော် ၀န်ခံခဲ့ပါတယ်။ ဒါပေမဲ့ ခု ကျွန်တော်ပြောပြခဲ့တဲ့ သက်ဆိုင်ရာ အကြောင်းနဲ့ပဲ လွှမ်းမိုးခံခဲ့တာပါ။ အချိန်ကာလနဲ့နေရာဒေသ ရှိတယ်ပေါ့ဗျာ။ ဒါကြောင့်  ဘယ်လောက်များများဆိုတဲ့ မေးခွန်းအတွက်ဖြေစရာ မလိုတော့ဘူးလားလို့။

မင်း။   ။ အခုခင်ဗျားရေးလိုက်တဲ့ ကဗျာတွေက ပင်မရေစီးကနေခွဲထွက်လာတဲ့ ခေတ်ပေါ်လွန်ကဗျာတွေပါပဲ။ တနည်း ခေတ်ပြိုင်ကဗျာတွေပေါ့ဗျာ။ ခေတ်ပေါ်နဲ့ ခေတ်ပြိုင်ရဲ့ သိသာထင်ရှားတဲ့ ကွဲလွဲမှုလေး နည်းနည်းပါးပါးလောက် အမြည်းပေါ့။
လန်း။  ကိုမင်း ။ ဟာ။ မနောက်နဲ့ဗျာ။ အင်း ကဗျာရေးသူတစ်ယောက်အနေနဲ့တော့ ပြောပေးသင့်တော့ ပြောပါ့မယ်။ များများပြောဆိုလည်း မပြောနိုင်ပါဘူးဗျာ။ အမြည်းလောက်နည်းနည်းပါးပါးဆိုလို့ တော်ပါသေးရဲ့ဗျာ။ ကျွန်တော့် အမြင် သက်သက်ဆိုတော့ ကျွန်တော် လက်ခံနာယူထားပုံပေါ့ဗျာ။ ခေတ်ပေါ်ကို Modern/ ခေတ်ပြိုင်ကို Contemporary Poetry ထားရင်ပေါ့။ ခေတ်ပေါ်ဟာဘ၀ဝေဒနာကိုဖွဲ့တယ်။ မျဉ်းကြောင်းသဘောသွားမယ်။အသံပြေပြစ်မယ်။ ဖတ်ရတာ နားလည် ခံစားလွယ်တယ်။ ကဗျာအဆုံးမှာ ဖတ်သူကို ကျေနပ်မှုအတိုင်းအတာတစ်ခု ထိပေးနိုင်ခဲ့တယ်။ခေတ်ပြိုင်မှာက ခေတ်ပေါ် နဲ့ ပြောင်းပြန် သဘောဆောင်တယ် တဲ့။ (ဟဲဟဲ-တဲ့လို့ အမှတ်တရထည့်ပြောတာနော်။ လေ့လာသိပါပေါ့ဗျာ) ဆိုလို တာက ခေတ်ပြိုင်ကဗျာဟာ မျှဝေခံစားရတဲ့ ဘ၀ဝေဒနာတွေအစား အခြားအဖြစ်အပျက်တွေကိုသာ ခေတ်ပြိုင်က ရေးဖွဲ့ တယ်။ မျဉ်းဖြောင့်သဘောမဆန်တော့ ထွေပြားမယ်။ အဖြစ်အပျက်တွေကို လက်ရှိသုံးစွဲ နေရတဲ့ ဘာသာ စကားနဲ့ ဖေါ်ပြဖို့မလုံလောက်တဲ့အခါ စမ်းသပ်ဆက်စပ် စကားလုံးတွေနဲ့ မတင်းမတိမ် ရေးဖွဲ့လာရတယ်။ ဗဟိုချက်တွေ များလာ တယ်။ (မဲ့တာမဟုတ်ဘူးနော်။) ရွက်ကျပင်ပေါက်လိုဖြစ်ဖြစ် Rhizomatic သဘောတရား နဲ့ဖြစ်ဖြစ် အကြောင်းအရာ၊ အာရုံထိခတ်မှု၊ အရေးအသား၊ စကားလုံးတွေဟာ ကဗျာဖြစ်မှုဆီ တွန်းရင်းတိုးရင်း ထိုးရင်းယိမ်းရင်းရုန်းကန် ရုံးဖွဲ့နေမယ်။ အဲအဲ ကျနော်ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကိုတော့ ကျွန်တော် နားလည် လိုက်တယ်။ ခင်ဗျားတော့ ဘယ်လိုနားလည်လိုက်မယ် မသိဘူး။ မေးလို့သာဖြေလိုက်တာပါ။ တကယ်တော့ ကိုယ့်နားလည်မှုသီအိုရီနဲ့ပဲကိုယ့်စာကိုယ့်ကဗျာကို ကျွန်တော် ရေး နေတာပါ။ ခုပြောခဲ့တာ ကျွန်တော် နားလည် လက်ခံထားတဲ့ အမြင်သက်သက်ပါ။

မင်း။   ။ခင်ဗျားကဗျာဖတ်သူတွေက နားမလည်ဘူးလို့ ပြောရင် ခင်ဗျားက မဖတ်နဲ့လို့ ပြောမှာလား။ ဒါမှမဟုတ် တခြားစကားလုံးအသစ်တစ်ခုခုပြောမှာလား။
လန်း။  ဒီနေရာမှာတော့ ဆရာမောင်ချောနွယ်ရဲ့စကားနဲ့ပဲ ပြောပါရစေ။ အင်တာဗျူးတစ်ခုမှာ ဆရာချော ပြောခဲ့ တာဗျ။ (လူထုနားလည်အောင် ကဗျာ ကျွန်တော် မရေးနိုင်သေးပါဘူးး။ အဲဒီလောက်လဲ အစွမ်းအစ ကျွန်တော့် မှာ မရှိ သေးပါဘူး) တဲ့ဗျာ။ ကျွန်တော်က သူ့တပည့်ဖြစ်ဖူးခဲ့တယ်လို့ ကျွန်တော်ပြောခဲ့ဖူးတယ် လေဗျာ။ ဒါကြောင့် နားမ လည် ဘူးလို့ပြောလာခဲ့ရင် ပထမ ကျွန်တော်ပြောမှာက `ဟုတ်ကဲ့ ကျွန်တော် ကြိုးစာပါဦးမယ်´။ ဒုတိယ ကိုယ့် ကိုယ်ကိုယ် ပြန်မေးရမှာက ကဗျာဖတ်သူတွေအကြောင်း ငါဘယ်လောက် သိလို့လဲ ´ဆိုတာပါပဲဗျာ။

မင်း။   ။ ခင်ဗျားကို LP ကဗျာဆရာလို့ သတ်မှတ်လို့ ရမလား။ လက်ရော ခံမှာလား။
လန်း။  ခေတ်ပေါ်နဲ့ ခေတ်ပြိုင်ကွာခြားချက်ကို ခင်ဗျားမေးတဲ့ မေးခွန်းမှာ ကျွန်တော် ပြောခဲ့သလိုပါပဲ။ ကျွန်တော် နားလည်မှု သီအိုရီနဲ့ပဲ ကျွန်တော့် ကဗျာတွေကို ကျွန်တော် ရေးတာပါလို့။ ဒါကြောင့် ကျွန်တော် ကဗျာတွေဟာ ကျွန်တော့် နည်း ကျွန်တော့်ဟန်အများဆုံးပါအောင်ရေးဖွဲ့ထားတာ သေချာပါတယ်လို့။ ရေးသူနဲ့ ဖတ်သူအကြား ကျွန်တော် အနီးစပ် ဆုံး ထိရောက်အောင် ကြိုးစားနေပါတယ်လို့။ ဒါထက်တိကျတဲ့ အဖြေပေးပါဦးဆိုရင်တော့ ခုထိ ကျွန်တော် နားလည် လက်ခံထားတဲ့ ခေတ်ပြိုင်နဲ့ ခေတ်ပေါ် သဘောတရား မိဘ နှစ်ပါးကနေ ကျွန်တော် ကဗျာတွေကို မီးဖွား သန့်စင် ထားတာပါလို့ ကြီးကြီးကျယ်ကျယ်ပဲ ပြောလိုက် ရတော့ မှာပဲဗျ။ ခင်ဗျာကရော ကျွန်တော့်ကို ဘယ်လို သတ်မှတ် သလဲဗျ။ လက်ခံ/မခံ အခုပဲ တခါတည်း ဖြေချင်လို့ပါ။

မင်း။   ။ ကဗျာက ရွေ့တယ်ဗျာ။ အရွေ့ကလည်း မြန်လွန်းတယ်။ LP , Neo, Concept, Flart, Digital, Slam စသည်ဖြင့်ပေါ့ ။ ကဗျာနည်းနာတက္ကနိတွေဟာ သာမန်ကဗျာဖတ်သူတစ်ယောက်အတွက် လိုအပ်လား။ လိုအပ်ရင် ဘာဖြစ်လို့ လိုအပ်တာလဲ။ မလိုအပ်ရင်ရော ဘာဖြစ်လို့ မလိုအပ်ဘူးလဲ။
လန်း။  ကဗျာနည်းနာတက္ကနိတွေဟာ သာမန်ကဗျာဖတ်သူတစ်ယောက်အတွက် လိုအပ်လားဆိုပဲ။ ကျွန်တော့်အမြင် အရတော့ ဒီမေးခွန်းမှာ သာမန်ကဗျာဖတ်သူဆိုတဲ့ နေရာမှာ ကဗျာရေးသူလို့ ပြောင်းမေး စေချင်တာပဲ။ အဖြေပဲ ပေးပါ ဆိုရင်သာမန်ကဗျာဖတ်သူအတွက်မလိုဘူးဗျာ။ ဘာဖြစ်လို့လဲ ။ ကဗျာရေးသူ တိုင်းကတောင်မှ လေ့လာဖို့မလိုဘူးလို့ ဒီနေ့ထိ ငြင်းရတဲ့နည်းနာတက္ကနိတွေဖြစ်နေလို့။ -နည်းနာတက္ကနိ ဆိုတာ ကဗျာရေးသူက ပြုလုပ်သုံးစွဲဖို့ သီးသန့်တီထွင် လိုက်တယ်ဆိုတာထက် ရေးရင်းဖွဲ့ရင်း ဆန်းပြားရင်းနဲ့ တွေ့ရှိလာတဲ့ ကိုယ်ပိုင်ဟန်တစ်ခုပါပဲ။ ဝေဖန်ဆန်းစစ် သူတွေနဲ့ တွေ့ထိသွားမှသာ ဒါဟာ Realism, Futurism, Modern, P.M, P.P.M, Contemporary စသဖြင့် သတ်မှတ် လိုက်ကြ တာပါ။ ရေးသူဟာ သူ့အလုပ် သူလုပ်နေတယ်ဆိုပေမဲ့ ကျွန်တော့် သဘောအမြင်အရတော့ ကဗျာပြုလုပ်သူတွေအနေနဲ့ နည်းနာတက္ကနိ တွေကို လေ့လာသင့်ပါတယ်။ တိုတိုပြောတာကောင်းပါတယ်။ ကိုယ်တိုင်လည်း မရေမရာ သေးတဲ့ အနေ အထားမှာဖြစ်လို့ပါ။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျွဲကူး ရေပါ အလုပ်ဖြစ်နေလို့ဗျ။

မင်း။   ။ခင်ဗျားကဗျာတွေမှာ အသံစီးဆင်းမှုတွေ၊ စကားလုံးတစ်လုံးချင်းစီရဲ့ သီးခြားအဓိပ္ပာယ် သက်ရောက်မှုတွေ၊ သံတူကြောင်းကွဲလုံးကောက်တွေ၊ Fragment ပြုလုပ်ထားတဲ့ စကားတွေ၊ အသံတူ(သို့) အဓိပ္ပာယ်တူ စကားလုံးဆက်စပ်မှုကနေ အခြားလိုင်းတစ်လိုင်းကို ခုန်ကူးတတ်တာတွေ ကဗျာအပုဒ်တိုင်းမှာ ပါနေတာကို တွေ့ရတယ်။ တစ်ပုဒ်ချင်းစီမှာ မသိသာပေမယ့် စာအုပ်တစ်အုပ် အဖြစ်စုစည်းလိုက်တဲ့အခါ ထင်းကနဲ ထွက်လာတယ်။ အဲဒီအတွက် တစ်ခုခုပြောပေးပါ။
လန်း။  ခက်ပြီ။ ခင်ဗျားစကားလုံးတွေအများကြီးသုံးပြီးမေးတဲ့ မေးခွန်းကျမှ ကျွန်တော့်အဖြေက တိုတော့ မယ် ထင်တယ်။ ဒါဟာ ကဗျာအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ ကောင်းမှုကုသိုလ် တစ်ခုပါဗျာလို့ပဲ ဖြေ ချင်တယ် ဗျာ။ ဒီအဖြေကို ဆွဲဆန့်မယ် ဆိုရင်တော့ စာတမ်းတစ်စောင်လောက်ရကောင်း ရလာမယ်ဗျို့။
မင်း။   ။ ခင်ဗျားကဗျာကို ဖတ်ပြီး ကဗျာဖတ်သူကို ဘာရစေချင်သလဲ။ (ဘာတစ်ခုမှ မရစေချင်ဘူးဆိုရင်တော ခင်ဗျား စာအုပ်ကို ဗလာစာအုပ်ပဲ လုပ်လိုက်ပါ။)
လန်း။  ခင်ဗျားနဲ့ ကျွန်တော် စိတ်ကူးတူသွားပြီဗျ ကိုမင်း။ ကျွန်တော့် ကဗျာဖတ်ဖြစ်ကြတဲ့ ကဗျာဖတ်သူတွေ ဘာတစ်ခုမှ မရလိုက်ပါဘူးဆိုရင် ကျွန်တော့်ကဗျာစာအုပ်ကို  ဗလာစာအုပ်လို့ပဲ ကျွန်တော် သဘောထား လိုက်မလို့ ။ အေးဗျာ ။ အားနာပါးနာ ကဗျာစာအုပ်မှာပါတဲ့ နောက်ဆုံးကဗျာ ကြီးကျီးကြယ်ကျယ် ကဗျာ(၂)ကို တော့ ဖတ်ဖြစ်အောင် ဖတ်လိုက်ပါလို့ပဲ ပြောပါရစေ။
မင်း။   ။ ကျွန်တော် မေးချင်တာထဲ မပါတဲ့ ခင်ဗျားပြောချင်တာ တစ်ခုခုပေါ့။
လန်း။  တကယ်နော်။ ဒါပေမဲ့ ကျနော်ပြောချင်တာဆိုတာထက် မေးချင်တာပါ။ ။လောလောဆယ်အနီးဆုံးလူ ခင်ဗျား ကိုပဲ မေးလိုက်ပြီဗျာ။ ကိုမင်း ခင်ဗျား ကျွန်တော့်စာအုပ်ကို ဗလာစာအုပ်အဖြစ် ကျွန်တော်သဘောထား လိုက်ရတော့ မှာလားလို့။ ပြောချင်တာတွေကတော့ အများကြီးပေါ့ ကိုမင်းရာ။ ဒါပေမဲ့ ကျွန်တော် ပြောခွင့်ရှိတယ် ထင်သလောက်ပဲ ပြောလိုက်ပါရစေတော့။
          စက်ခေါင်းအသစ်တင်ထားတဲ့ မြို့ပတ်ရထားပေါ်မှာ ဆရာလူလန်းနဲ့ ခရီးသွားရင်း စကားတွေ ပြောဖြစ်ခဲ့ပါသည်။ သူ့ ကဗျာဆိုင်ရာအရေးအသားတွေပေါ်မှာ ကျွန်တော်တို့ ဗလာစာအုပ်အဖြစ် ထားမည်လား။ ကဗျာစာအုပ်အဖြစ်ထားမည် လား။ ထိုမေးခွန်းကို ကဗျာဖတ်သူအတွက် ကျွန်တော် ထပ်ဆင့်ချန်ထား ပေးလိုက်ပါသည်။ အမှန်အတိုင်းဝန်ခံရလျှင်လူ လန်း ၏ အရေးအသားများက ကျွန်တော်တို့ကို အနည်းငယ် ခေါင်းစားစေသည်။ သူ၏ ကဗျာအများစုသည် ကဗျာဖတ်သူနှင့် အသားကျနေသော Lyric ကဗျာများလို ပန်းတိုင်ကို အလွယ်တကူသွားလို့ရတာမျိုးမဟုတ်။ စကားလုံးတစ်လုံးစီ၏ အဆင့် ဆင့် ဂယက်အနက် ခွဲဖြာထွက်ရှိမှု၊ မူလစကားလုံး၏ သီးခြားအဓိပ္ပာယ်၊ သိမှုနယ်ပယ်ချဲ့ထွင်ဖို့ ကိုယ်တိုင်ပါဝင် အားထုတ် ရန် ချပြထားသော စကားလုံးအခင်းအကျင်း၊ ကဗျာနဲ့ ကဗျာဖတ်သူဟာ ခံစားသူနဲ့ ဖျော်ဖြေခံပုံစံမျိုးမဟုတ်ဘဲ ကဗျာထဲမှာ ကဗျာဖတ်သူကို တသားတည်းရှိနေစေလိုမှု၊ ကဗျာစာလုံးတစ်လုံးနဲ့ တစ်လုံးပေါ် သို့မဟုတ် စာကြောင်းတစ်ကြောင်းနဲ့ တစ်ကြောင်းအပေါ် သိသိသာသာ Overlapping ပြုလုပ်ထားရှိမှု၊ ကဗျာဖတ်သူ ရယူခံစားနေတဲ့ အနေအထားတစ်ခုကို မထင်မှတ်တဲ့ လမ်းကြောင်းပြောင်းလဲစေမှု စသည်ဖြင့် လူလန်းဟာ သူ့ရဲ့ ပါးနပ်မှု၊ စကားလုံးကြွယ်ဝကျစ်လစ်မှုတွေနဲ့အတူ ကဗျာဖတ်သူကို ကဗျာ့အပြင်ဘက် ဆွဲခေါ်သွား ပါလိမ့်မည်။ ဒါဆို ခင်ဗျားတို့က လူလန်းကို တော်ပါတော့လို့ ပြောမည်လား။ ကျွန်တော်ကတော့ လူလန်းနဲ့ အတူတူခရီးသွားဖို့ စက်ခေါင်းအသစ်တင်ထားတဲ့ မြို့ပတ်ရထားပေါ်ကို ခြေတလှမ်း လှမ်း လိုက် မိ ပါ ပြီ။

မင်းနဒီခ
၆၊ မတ်လ၊ ၂၀၁၃

No comments:

Post a Comment