Thursday, April 11, 2013

အရွေ့



အရွေ့

အရွေ့ဟာ ဘယ်တုန်းကမှ ငြိမ်ငြိမ်မနေဘူး။ တစ်နေရာက နေ တစ်နေရာ။ တစ်ခုက နေ တစ်ခု ။ အသံတစ်သံကနေ အခြားအသံတစ်သံ။ အရွေ့ဟာ ရွေ့နေရတာကိုပဲ ကလေးတစ်ယောက်လို အူမြူးလို့။ အရွေ့ ။ အရွေ့ဟာ ဘေးတိုက်ရွေ့တယ်။ အထက်အောက်ရွေ့တယ်။ စက်ဝိုင်းတစ်ဝိုင်းလို ရွေ့တယ်။ လေးထောင့် စပ်စပ်ရွေ့တယ်။ သမားရိုးကျရွေ့တယ်။ မရိုးမသားရွေ့တယ်။ ဆင်မယဉ်သာရွေ့တယ်။ ကဆုန်ပေါက်ရွေ့တယ်။ တိုးတိုးတိတ်တိတ်ရွေ့တယ်။ ဆူဆူညံညံရွေ့တယ်။ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရွေ့တယ်။ ပေါက်ကွဲလွင့်စင်ပြီး ရွေ့တယ်။ ကြင်ကြင် နာနာရွေ့တယ်။ စိမ်းစိမ်းကားကား ရွေ့တယ်။ တခမ်းတနားရွေ့တယ်။ စုတ်ပြတ်သတ်နေအောင်ရွေ့တယ်။ လှည်းနေလှေအောင်း ရွေ့တယ်။ ဘယ်သူမှမသိအောင် ရွေ့တယ်။ ဘာသိဘာသာရွေ့တယ်။ တကူးတက ရွေ့တယ်။ တင်းတင်းမာမာရွေ့တယ်။ ပျော့ပျော့ပြောင်းပြောင်းရွေ့တယ်။ ယဉ်ယဉ်ကျေးကျေးရွေ့တယ်။ မိုက်ရိုင်း ထွားကျိုင်းပြီး ရွေ့တယ်။ အူတူတူ ရွေ့တယ်။ လူလည်လုပ်ပြီး ရွေ့တယ်။ အင်တင်တင်ရွေ့တယ်။ စိတ်ပါလက်ပါ ရွေ့တယ်။ အရွေ့။ ခင်ဗျားရွေ့နေတဲ့ အကြောင်းကတော့ ပြောလို့ ဆုံးမှာကို မဟုတ်တော့။ ခင်ဗျားက ဘာလို့ ငြိမ်ငြိမ်မနေနိုင်လောက်အောင် တရွေ့တည်း ရွေ့နေရတာလဲ။ ပညတ်သွားရွာ ဓါတ်သက်ပါသဘောနဲ့ ရွေ့တာ လား။ ယတြာချေတဲ့ သဘောနဲ့ ရွေ့တာလား။ မရွေ့ချင်ဘဲနဲ့ ရွေ့နေရတာလား။ ဒါမှမဟုတ် ရွေ့နေရတာကိုပဲ ကျေနပ်လို့ ရွေ့တာလား။ အရွေ့။ ပြောရရင် ရွေ့နေရတာကိုက ခင်ဗျား အလုပ် တစ်ခုလား။ အရွေ့။ ပြောပါဦး။ ခင်ဗျားဟာလေ။ တကယ်ပါပဲ။ ဟော ပြောရင်းဆိုရင်းနဲ့ကို ခင်ဗျားက လျှပ်ပြတ် သလို လျှပ်တပြတ် ရွေ့သွားပြန်ပြီ။ ပေါ်ပြူလာဖြစ်ချင်လို့ ရွေ့တာလား။ ရွေ့နေတာက ပြည်သူ့ ခေတ် လား။ ဒီလှိုင်းလို တ၀ုန်းဝုန်းရွေ့။ မနေမနား ခုနှစ်ရက်တစ်ပတ်ရွေ့။ မုဒ်ဝင်လို့ ရွေ့။ ရွှေ့ခိုင်းလို့ ရွေ့။ အရွေ့။ အရွေ့ ။ ခင်ဗျားဟာလေ။ တကယ်။ တကယ်။

မင်းနဒီခ

No comments:

Post a Comment