Tuesday, July 30, 2013

အဖေ့အမှတ်ရချက်များ



အဖေ့အမှတ်ရချက်များ

၈.၈.၁၉၈၈ တုန်းက ကျွန်တော်က ခုနှစ်နှစ်သားပဲ ရှိသေးသည်။ လူမမယ်ကလေး တစ်ယောက် အတွက်တော့ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး ဘာတစ်ခုမှ သိနားလည်ခြင်းမရှိသေးသည့်အရွယ်။ ဒါပေမယ့် ကျွန်တော်သိရှိနားလည်ခံစားလိုက်ရသည်က အကြောက်တရားပင် ဖြစ်သည်။ အဖေက ရေဒီယိုကို နားနှင့်မခွာ နားထောင်နေသည်။ ရေဒီယိုမှ လာသော သတင်းများသည် ကျွန်တော့်အတွက် နားလည်စရာတစ်ခုမှ မပါပေမယ့် တိုင်းပြည်၏ မငြိမ်သက်မှုများက ကျွန်တော့်တို့ မိသားစုတစ်ခုလုံး ကိုပါ စိတ်မောလူမော လှုပ်ရှားနေစေခဲ့သည်။ ကိုယ့်တစ်မိသားစုတည်းလားဆိုတော့ မဟုတ်။ ထိုရက် များက အိမ်တိုင်းအိမ်တိုင်း စိုးရိမ်သောကတွေ၊ ဒေါသတွေ၊ ပွက်ပွက်ဆူနေသည့် စိတ်ဆန္ဒတွေနှင့် မည်သူတစ်ဦးတစ်ယောက်ဆီမှာမှ စိတ်ချမ်းသာပျော်ရွှင်မှုကို မတွေ့ရ။ မကြာမီအချိန်အတွင်းမှာ လူထု လှုပ်ရှားမှုကြီးတစ်ခုပြုလုပ်တော့မည်ဟုသော သတင်းကို အဖေ့ဆီမှ သဲ့သဲ့ကြားနေရသည်။ အဖေ သည် အမေ့ကို လက်ပတ်အနီတွေ ခေါင်းစီးအနီတွေကို သိမ်းဆည်းခိုင်းနေသည်ကိုလည်း တွေ့ရ သည်။ တကယ်တမ်းကျတော့ အဖေသည် နန်းရှေ့စစ်ကြာင်း အလံကိုင်တစ်ဦး၊ ထိုထက်ပိုပြောရလျှင် လုံခြုံရေးတာဝန်ခံတစ်ဦး။ အဖေသည် နန်းရှေ့စစ်ကြောင်းအလံကိုင်ပြီး ရှေ့တန်းမှ သေရဲသူများ စာရင်း တွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ အစာငတ်ခံဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည်။ ခင်မကန်ကျောင်းတိုက် ဆရာ တော် ဦးဓမ္မဦးဆောင်သော နန်းရှေ့စစ်ကြောင်းနှင့် သပိတ်စခန်းအသိမ်းခံရသည့်အခါ သေပြေး ရှင်ပြေး ပြေးရင်း တောထဲတောင်ထဲ အငတ်ငတ်အပြတ်ပြတ်နှင့် ဒုက္ခတွေ ကြုံခဲ့ရသည်။ စားစရာ ထမင်းမရှိ သဖြင့် တောထဲရှိဆီးဖြူသီးကိုက်ကာဝမ်းမီးငြိမ်းစေပြီးပုန်းအောင်းနေခဲ့ရသည်။အဖေထိုသို့ စစ်ကြောင်း နှင့်လိုက်ပြီး အိမ်ပြန်မလာနိုင်သည့်အခါ အိမ်တွင် ကျွန်တော်ရယ်၊ ငါးနှစ်သား ညီလေးရယ် ။ နောက် ထပ် လူ့လောကထဲရောက်မလာသေးသည့် ကိုးလသားညီငယ်လေး၏ ကိုယ်ဝန်ရင့်မကြီးကို လွယ်ထား ရသော အမေရယ် သုံးယောက်ပဲ ကျန်ခဲ့သည်။ ဆန္ဒပြသူများအား လိုက်လံ ရှာဖွေဖမ်းဆီးသည့်လူများ အိမ်သို့ ၀င်ရောက်ရှာဖွေသည့်အခါ အမေသည် သူရဲကောင်းဆန်ဆန် အဖေ့အား ကာကွယ်ပေးခဲ့ သည်။ တကယ်တမ်းကျတော့ အိမ်ထဲတွင် အဖေ့ခေါင်းစီးအနီ လက်ပတ် အနီများရှိနေသည်ကို ကျွန် တော်သိသည် ။ သို့သော် လာရောက်ရှာဖွေဖမ်းဆီးသူများသည် ထိုခေါင်းစီးများ၊ လက်ပတ်များကို မတွေ့ခဲ့။ တွေ့များ တွေ့သွားခဲ့လျှင် ဟူသော အတွေးကို ကျွန်တော် ခုချိန်ထိ မတွေးရဲဝံ့ပေ။ မန္တလေး မြို့၏ လူထုလှုပ်ရှားမှုသည် တကယ်တမ်းကျတော့ ၈.၈.၈၈ တွင် အများကြီးအုံကြွလှုပ်ရှားလာခြင်း မရှိသေး။ တစ်ချက် တစ်ချက် နားထဲပျံလွင့်လာသော တို့အရေး အော်သံများက ဝေးသွားလိုက်၊ နီးသွား လိုက်၊ တိုးသွားလိုက်၊ ကျယ်သွားလိုက်။ ထိုနေ့က အဖေအိမ်မှာ ရှိနေသေးသည်။ အဖေသည် လက် ဖက်ရည်ဆိုင်သွားလိုက်၊ အိမ်ပြန်လာလိုက်၊ အမေနှင့်  တီးတိုးစကားများပြောလိုက်၊ စိတ်ချဖို့ အထပ် ထပ် မှာလိုက်၊ ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်ကို နမ်းလိုက်နှင့် အဖေစိတ်တွေ အရမ်း လှုပ်ရှား နေသည်။ ထို့နောက် အဖေသည် သူယုံကြည်ချက်ကို အသက်နှင့် ရင်းပြီး နန်းရှေ့သပိတ် စခန်းတွင် ပူးပေါင်းကာ လမ်းလျှောက်ဆန္ဒပြသူများနှင့် အတူပါဝင်သွားခဲ့သည်။ အမေသည် အိမ်တံခါးများကို ပိတ်လိုက်သည်။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်လက်များကို ဖျစ်ညှစ်ကာ မကြောက်ဖို့ ပြော သည်။ ထိုညက အဖေပြန်မလာ။ ညအမှောင်ထဲတွင် အမေနှင့်အတူ အဖေ့ကို မျှော်ရင်း မိုးလင်းခဲ့ ရသည်။ အဖေသည် နောက်ရက်များတွင်လည်း ပြန်လာမအိပ်ခဲ့။ အဖေတို့ သပိတ်စခန်းမှာ လူစု နေကြသည်။ နောက်တစ်ရက်တွင် အဖေ့သူငယ်ချင်းတစ်ယောက် အိမ်သို့ ရောက်လာပြီး သူတို့အဖွဲ့ တွေ ခင်မကန်ဘုန်းကြီးကျောင်းတိုက်ထဲတွင် ညအိပ်ကြသည်ဟု လာပြောသည်။ မစိုးရိမ် ကြဖို့ မှာလိုက်သည်။ ၈.၈၈၈ နေ့က ထိုသို့ ပြီးဆုံးသွားသော်လည်း မှတ်မှတ်ရရ ဘယ်တော့မှ မမေ့ နိုင်စရာ အဖြစ်အပျက်တစ်ခုက ၂၆.၈.၈၈ နေ့တွင် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပွားခဲ့သည်။ ထိုနေ့က မန္တလေးမြို့၏ မန်းရာပြည့်ကွင်းကြီးများ မြို့လုံးကျွတ်လူထုဆန္ဒပြပွဲ ပြုလုပ်သည့်နေ့။ ထိုနေ့တွင် အမေသည် ကျွန် တော့်၏ ဒုတိယမြောက်ညီငယ်လေးကို မွေးဖွားပေးခဲ့သည်။ အမေကလေးမွေးသည့် အကြောင်းကို ကျွန်တော့် အစ်ကိုဝမ်းကွဲက အဖေ့ဆီသို့ အရောက်သွားပြီးပြောခဲ့သည်။ ထိုအချိန်တွင် အဖေသည် အလံကို ကိုင်ကာ နန်းရှေ့ဈေးမှ စတင်ချီတက်လာသည့်အချိန်ဖြစ်သည်။ အဖေသည် သူ့လက်ထဲမှ အလံအား အခြားတစ်ယောက်သို့ လွှဲပေးလိုက်သည်။ ထို့နောက် လက်ဖက်ရည်တစ်ခွက်ဝယ်ကာ အမေ့၏ မီးနေခန်းလေးဆီသို့ ရောက်လာသည်။ ကျွန်တော်က အဖေ၀ယ်လာသော လက်ဖက်ရည် ခွက်ကို ဖန်ခွက်လေးထဲသို့ထည့်ပြီး အမေ့ဆီ ပေးလိုက်သည်။ အဖေက သူ့တတိယမြောက်သားကို သီဟ လို့ နာမည် ပေးလိုက်ပြီး နန်းရှေ့စစ်ကြောင်းဆီသို့ အမှီ ပြန်ထွက်သွားခဲ့သည်။ အမေသည် အဖေ ၀ယ်လာပေးသည့် လက်ဖက်ရည်ခွက်ကို ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို သောက်စေသည်။ မိန်းမတစ်ယောက် ကလေးမွေးနေသည့်အချိန်တွင် အနီးအနားမှာ ရှိမနေနိုင်သည့် လင်ယောင်္ကျားအား အမေစိတ်ဆိုး နေမည်လား။ သို့မဟုတ် အဖေ့ဆုံးဖြတ်ချက်များအတွက် အမေစိတ်ကျေနပ်နေမည်လား ကျွန်တော် မသိပါ။ ကျွန်တော်သိသည်မှာ အဖေသည် သမိုင်းပေးသော တာဝန်ကို တစ်ပိုင်တစ်နိုင် ထမ်းပိုးပါဝင် ခဲ့သည်ဟုသာ ဖြစ်ပါသည်။

မင်းနဒီခ

No comments:

Post a Comment