Friday, March 14, 2014

မန္တလေးကို ဖြတ်သန်းခြင်း

မန္တလေးကို ဖြတ်သန်းခြင်း


  မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆိုက်ရာမြို့၊ ပန်းဆယ်မျိုးနဲ့ စာပေသဘင် ပန်းချီဂီတနဲ့ အနုသုခုမလက်ရာ ထွန်းကားတဲ့ မြို့။ ဘာသာ သာသနာ နေလိုလလို ထွန်းကားတဲ့ မြို့။ ကုန်စည်စီးဆင်းမှုဗဟိုအချက်အချာ မြို့။ အလိုလိုနေရင်း မြို့ကြီးအဆင့်တစ်ဆင့်ကျသွားတဲ့ မြို့။ ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းထားတဲ့ မြို့ မန္တလေး။ ဒီဘက်နှစ်များမှာ စီးပွားရေးဈေးကွက်တွေနဲ့ လှုပ်လှုပ် လှုပ်ဖြစ်လာတယ်။ လူမျိုးခြားတွေနဲ့ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်လာတယ်။ မန္တလေးဟာ ကဗျာတွေနဲ့ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်လာတယ်။ ယဉ်ကျေးမှု ပျက်စီးခြင်း တွေနဲ့ လှုပ်လှုပ် လှုပ်လှုပ် ဖြစ်လာတယ်။ ပြောရရင် မန္တလေးဟာ သိသိသာသာ လှုပ်လာတယ်ပေါ့။

    မန္တလေးက ၁၈၈၅ အင်္ဂလိပ်-မြန်မာတတိယစစ်မီး၊ ၁၉၄၂ ဒုတိယကမ္ဘာစစ်မီး၊ မီးအမျိုးမျိုးဒဏ်ကို ခံစား ခဲ့ရတယ်။ ဒါပေမယ့် မီးတောက်ထဲကနေ တဖန်ပြန်လည်ရှင်သန်လှပလာတဲ့ ဖီးနစ်ငှက်လို မန္တလေးဟာ သူ့ အတောင်ပံကို ဖြန့်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်တစ်ရာပြည့်နောက်ပိုင်း ၁၉၈၁ ဆိုင်းတန်းမီးနဲ့  ၁၉၈၄ ဦးကျား ကြီးဝင်းမီးလောင်ပြီးတဲ့ နောက်မှာတော့ မန္တလေးဟာ အချိုးစပြောင်းလာပါတော့တယ်။ မန္တလေးဟာ ဖီးနစ် ငှက်လို ရှင်ပြန်ထမြောက်တာမဟုတ်တော့ဘဲ ကျားလိုနဂါးလို အနီရောင်စာလုံးတွေနဲ့ အသားအရောင် စပြောင်း လာတော့တာပါပဲ။ မီးသင့်ရာနေအိမ်တွေနေရာမှာ ဗမာစကားမပီသူတွေ အစားထိုးဝင်လာတယ်။ အသားညိုသူ တွေနေရာမှာ အသားမည်းသူနဲ့ အသားဖြူသူနဲ့ မန္တလေးဟာ ရောင်စုံမန္တလေးဖြစ်လာတယ်။ ရပ်ကွက်တွေ၊ လမ်းတွေတိုင်းမှာ အထပ်မြင့်အဆောက်အဦးတွေ၊ အနီရောင်စာလုံးကြီးတွေ စသဖြင့် မိုးဦးကျမှိုပွင့်ကြီးတွေ ပေါက်လာသလို အလျှိုလျှိုပေါ်ထွက်လာခဲ့တယ်။ ဇိမ်ခံကားတွေ၊ ဇိမ်ခံပစ္စည်းတွေနဲ့ မန္တလေးဟာ ပုံစံပြောင်း လာပါတယ်။ အဲဒီလိုနဲ့ မြန်မာသက္ကရာဇ် ၁၂၂၁ ကနေ ၁၃၇၁ မှာ အနှစ် ၁၅၀ ပြည့်ခဲ့ပြီးတဲ့နောက် အခု ၁၃၇၅ မှာ ၁၅၄ နှစ်ထဲ ရောက်လာတဲ့ မန္တလေးအတွက် ရတက်မအေးစရာအဖြစ်တွေက မန္တလေးကို တစ်ခါပြန်နိုးထ စေနိုင်ပါဦးမလား။ မန္တလေးဟာ ၁၈၈၅ မှာ နယ်ချဲ့အင်္ဂလိပ်ကို အသေခံတိုက်ခိုက်ပြီးမှ သိက္ခာရှိရှိ ကျဆုံးခဲ ပေမယ့် ဒီဘက်နှစ်များရဲ့ မန္တလေးဟာ စီးပွားရေးဈေးကွက်ချဲ့ထွင်ဝါးမျိုမှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကျဆုံးမှုနဲ့ လူမျိုးခြားလက်ထဲ အလိုလိုကျရှုံးရတော့မယ် မန္တလေးဖြစ်လို့ လာပါတယ်။
    ကဗျာဆရာတွေဟာ အများအားဖြင့် မိမိပတ်ဝန်းကျင်ရဲ့စေ့ဆော်မှု၊ ပုဂ္ဂလိကတစ်ကိုယ်ရည်နာကျင်မှု၊ ခေတ်ရဲ့ ရိုက်ခတ်မှု တနည်းအားဖြင့် ခေတ်ပေါ်အာရုံခံစားမှုအပေါ်ကို အခြေခံပြီး ရေးဖွဲ့တတ်ကြပါတယ်။ ဒီနေ့ မန္တလေးမြို့ဖွဲ့ ကဗျာတွေကိုကြည့်ရင် ယေဘုယျအားဖြင့် တူညီနေတဲ့အချက်တွေ ရှိပါတယ်။ လူမျိုးခြား လွှမ်းမိုးမှု၊ အတိတ်ကာလလွမ်းဆွတ်မှု၊ ယဉ်ကျေးမှုပျက်စီးမှု စတာတွေကို အများဆုံးရေးဖွဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ကဗျာတွေဟာ အကြောင်းတစ်ရပ်ကို ယခင်ရှိပြီးသားအဖြစ်အပျက်တွေနဲ့ ချိန်ထိုးပြီး ယှဉ်တွဲ တယ်။ ကဗျာဆရာတွေဟာ အရာရာကို ပိုလို့ကောင်းမွန်စေလိုသူ၊ အမှန်တရားကို ချစ်မြတ်နိုးသူ၊ သမိုင်းကို တန်ဖိုးထားသူ၊ မဟုတ်အခံ တစွတ်ထိုးဆန်သူ။ အမြဲတမ်းဖိနှိပ်ခံဘက်မှ ရပ်တည်လေ့ရှိသူတွေ ဖြစ်တယ်။ အဲဒီလို ကဗျာဆရာတွေဟာ မန္တလေးကို သူ့နည်း သူ့ဟန်နဲ့အတူ ဖွဲ့ကြပါတယ်။


မြို့ ၁၂၂၁

မနေ့တစ်နေ့က
တောက်ပဖူးခဲ့တဲ့ ရွှေရောင်အတိတ်ကို
ဒီကနေ့စိတ်နဲ့ လှမ်းထိတော့
ကြွေကျလာတဲ့ ရွက်ကြွေတစ်ရွက်ဟာ
ဒီမြို့ရဲ့ အမည်နာမ အသစ်လား။

လေစိမ်းနံ့တွေ ရှပ်တိုက်ပြေးနေတဲ့
ကျုံးရေပြင်ကို ငေးစိုက်ကြည့်ရင်း
ငါ ဟစ်အော်မိလိုက်ရဲ့
တစ်ကိုယ်တည်း ဒီလို
အတုဟာ အစစ်ထက် ပိုထွားကျိုင်းခဲ့တယ်လို့။

ကိုထက်(ရေဦး)

    ဆရာကိုထက်(ရေဦး)ကတော့ မန္တလေးကို နာကျင်ခံစားမှုနဲ့ ရေးဖွဲ့လိုက်တယ်။ တစ်ချိန်က ရွှေထီး ဆောင်းခဲ့တဲ့သမိုင်းဟာ ရွှေမှန်ကင်းက ထင်းဖြစ်ခဲ့ပြီးတဲ့နောက် ဒီကနေ့မန္တလေးဟာ ကြွေကျတော့မယ် သစ်ရွက် တစ်ရွက်လို။ မန္တလေးရဲ့နာကျင်မှုဟာ ကဗျာဆရာရဲ့ နာကျင်မှုပါပဲ။ ကဗျာဆရာဟာ သူစွမ်းဆောင် မပေးနိုင်သေးတဲ့အရာတစ်ခုအတွက် မချိတင်ကဲ နာနာကျင်ကျင်အော်ဟစ်လိုက်တဲ့အသံကို ကဗျာထဲကနေ ကျွန်တော်တို့ ကြားလိုက်ရပါတယ်။ အတုဟာ အစစ်ထက် ပိုထွားကျိုင်းခဲ့တယ် တဲ့။ မန္တလေးဟာ မန္တလေးသား စစ်စစ်တွေမပါဘဲ မြို့ကြီးပြကြီးဖြစ်လို့။ ခေတ်မီဖွံ့ဖြိုးတိုးတက်လို့။ အထပ်မြင့်အဆောက်အဦးကြီးတွေ၊ စူပါမား ကတ်၊ ဟိုက်ပါမားကတ်ကြီးတွေ၊ ရှော့ပင်းမောလ်တွေ၊ စားသောက်ဆိုင်ကြီးတွေ၊ ကစားကွင်းတွေနဲ့ ကျော့ ကျော့မော့မော့ အဆင့်အတန်းမြင့်မြင့်ဖြစ်လို့။ ဒါပေမယ့် အဲဒီနေရာတွေဟာ မန္တလေးစစ်စစ်တွေ တကယ်ရှိကြ ပါရဲ့လား။ မန္တလေးရဲ့ ဖွံ့ဖြိုးဟာ မန္တလေးသားတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ တိုက်ရိုက်အချိုးကျပါရဲ့လား။ ဒါဟာ ဖြေဆိုရန် မလိုတဲ့ မေးခွန်းပါပဲ။ ဒီလိုဆိုရင် မန္တလေးသားစစ်စစ်တွေ ဘယ်မှာလဲ။

မန္တလေး

ဘောက်ချာအဟောင်းတွေ ခဏလှန်တော့
ကရင်တွေကလည်း ငါတို့ကို သိမ်းတယ်

အာဇာနည်(၁၇)ဦး သွေးမြေကျခဲ့တဲ့ ၂၆ ဘီလမ်းဟာ
ခု ကွမ်းတွေနဲ့ ရဲလို့
တစ်ခုခုကို ကြောက်လန့်နေတဲ့ပုံပဲ

အရင်က
ဝင်းထရံကို ထုံးသုတ်
အဓိပ္ပာယ်ကို မသိပေမယ့်
အခု ထုံးသုတ်စရာမလိုဘဲ
တစ်မြို့လုံးဖြူဖွေးနေပြီ

ကြယ်ခေါင်ရဲ့ ညီ
ကြယ်တွေနဲ့ မှောင်နေတဲ့ မြို့

ကိုယ့်အရပ်က
မြို့လယ်က နာရီစင်လောက် မမြင့်တာတောင်
ကိုယ်ရနေတဲ့ သံဝေဂက
ကိုယ့်အသက်နဲ့ မမျှပါဘူး
ဒါဆို နာရီစင်ကြီး ရင်ထဲရော

အသံတိတ်လက်ဖြောင့် သေနတ်သမားတွေရဲ့ လက်အောက်မှာ
မြို့ဟာ အော်ချိန်မရဘဲ ကျဆုံးခဲ့ပါပြီ
သူ့နေရာ သူလည်း သိတယ် ထင်ရဲ့
အင်းခရု
သင်ပန်းကုန်း
မြရည်နန္ဒာတို့ထက် ပိုဝေးတဲ့နေရာမှာ
နေတော့မယ် ဆိုပဲ

လမ်းပေါ်မှာ
စက်ဘီးလေးတွေက
ဘာကိုမှ ကျော်မတက်နိုင်ပါဘူး
သွက်သွက်လေးနင်းခဲ့တယ်လေ
မြို့ထဲက တိုက်တွေအားလုံးမှာကပ်ထားတဲ့
ကိုယ်နားမလည်တဲ့ စကားနဲ့ ရေးထားတဲ့
အနီရောင်ပြောင်ပြောင်ကြီးတွေ မြင်ရင်
ဒါဆို
အော် သူတို့တွေ နှစ်သစ်ကူးတော့မယ်ဆိုတာ သိတယ်
ချိန်းခဏ ခဏကျနေတဲ့ စက်ဘီးလေးနဲ့
လမ်းတစ်ဖက်ကို ကူးပြီး
ကျွန်တော်လား
အင်းခရု ဟိုဘက်ထိ ပြန်ရမှာပါ ခင်ဗျာ။

ဘာမှမကျန်တော့တဲ့ ကျုံးအောက်မှာ
ရွှေလင်ဗန်းတွေ ရှိတယ်လို့
ကလေးတစ်ယောက်ကို ပြောပြခဲ့ဖူးတယ်။

ဆက်ရေးစရာ
တွေးစရာတွေ
အများကြီးနဲ့မြို့။

အခုလား
ကုသိုလ်တော်ထဲကနေ မြင်နေရတဲ့
မန္တလေးတောင်ပေါ်က စေတီလေးကို ဖူးမြော်ရင်း
ကြွေကျလာတဲ့ ခရေပန်းတွေနဲ့
ရင်ပြင်တော်ပေါ်မှာ
မန္တလေးလို့ ရေးခဲ့ပါတယ်။

ထွဏ်းသွေးအိမ်

    လွတ်လပ်ရေးရပြီးနောက် ဖဆပလအစိုးရတက်လာတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်။ နိုင်ငံဟာ ပြာပုံဘ၀ရောက်နေရာကနေ နှစ်အနည်းငယ်အတွင်း တိုးတက်တဲ့ နိုင်ငံဖြစ်လာတယ်။ နောက်ပိုင်း သိပ်မကြာ ဘူး။ နှစ်ယောက်ရှိရင် တစ်ယောက်စီကွဲတဲ့ အကျင့်ဆိုးတွေနဲ့ ဖဆပလလည်း နှစ်ခြမ်းကွဲ၊ တောခိုသူတွေ ခို၊ ပုန်ကန်တဲ့ သူပုန်ကန်နဲ့ ၁၃၁၀ တပေါင်းလဆန်း ၃ ရက်နေ့မှာ ကရင်သူပုန်တွေက မန္တလေးကို သိမ်းတယ်။ ၂၆ ဘီလမ်းပေါ်မှာ အာဇာနည်(၁၇) ရဲ့ သွေးတွေက အခုထိမခြောက်သေး။ မန္တလေးသမိုင်းက ခေတ်အဆက်ဆက် ရဲခဲ့ပါတယ်။ ဒါပေမယ့် အခု မန္တလေးက မြန်မာ- တရုတ်နယ်စပ်မြို့ ကြယ်ခေါင်ရဲ့ ညီ။ ကြယ်တွေ အစင်းစင်း လင်းခဲ့ပေမယ့် အမှောင်ကျနေတဲ့ မြို့တဲ့။ ကဗျာဆရာ ထွဏ်းသွေးအိမ် ၏ သရော်သံပြည့်ဝသော နာကျင်မှုက မန္တလေးရဲ့ အခြေအနေကို အထင်းသားမြင်တွေ့ရစေပါတယ်။ မန္တလေးသားစစ်စစ်တွေဟာ အခုထိ စက်ဘီးနင်း နေတုန်းပါပဲ။ ဒါပေမယ့် သူတို့ဟာ မန္တလေးမြို့တော်ကြီးဆီ ဧည့်သွားဧည့်လာ။ မန္တလေးသားစစ်စစ်တွေဟာ ကြီးမားထည်ဝါနေတဲ့ မြို့တော်ကြီးကို နေ့စဉ်လာ လာ ငေးရတယ်။ ဒီနေရာဟာ ငါတို့နေခဲ့ဖူးတဲ့ နေရာ။ ဒီနေ ရာမှာ ငါ့တို့ ဆွေမျိုးတွေ နေခဲ့တဲ့ နေရာ။ အခု အဲဒီနေရာမှာ ပေါက်ဖော်တွေကြီးစိုးလို့။ အဲဒီလို မန္တလေးသား တွေဟာ မြို့တော်ကြီးကို အလွမ်းပြေလာ လာကြည့်သလိုမျိုး နေ့စဉ်စားဝတ်နေရေးအတွက် တစ်နေကုန် လုပ်ငန်းခွင် ၀င်ကြတယ်။ ညနေစောင်းတာနဲ့ သူတို့အတွက် သီးသန့်မျဉ်းတားပေးထားတဲ့ စက်ဘီးလမ်းကလေး ကနေ မြို့တော်ကြီးနဲ့ဝေးရာ မြို့စွန်မြို့ဖျားကို ပြန်လာခဲ့ကြတယ်။ မန္တလေးသားစစ်စစ်တွေဟာ တဖြည်းဖြည်း မြို့ပြချဲ့ထွင်သူတွေ ဖြစ်မှန်းမသိဖြစ်လို့။ ဒါကိုပဲ ကြံဖန်ဂုဏ်ယူလိုက်ရမလား။ ငါတို့ဟာ မြို့ကို ပိုမိုကြီးမားကျယ် ပြန့်စေသူတွေလို့လေ။ ဒါမှမဟုတ်ရင်လည်း ငါတို့ဟာ ခေတ်သစ်ကိုလံဘတ်တွေလို နယ်မြေရှာဖွေသူတွေလား။ မန်းတောင်ရိပ်ကနေ တဖြည်းဖြည်း ဝေးဝေးသွားတဲ့ မန္တလေးသားတွေ။ ကိုယ့်မန္တလေးဟာ သူတို့ မန္တလေး ဖြစ်လို့။ တဖြည်းဖြည်းဘေးရောက် ရောက်လာတဲ့ မန္တလေးသားတွေ။ မန္တလေးလမ်းမကြီးတွေဟာ သူတို့ကား အကောင်းစားကြီးတွေအတွက် သီးသန့်ခင်းပေးထားသလို ဖြစ်လို့။ တဖြည်းဖြည်း ငေး ငေးကြည့်နေရတဲ့ မန္တလေးသားတွေ။ ကဗျာဆရာဟာ မန္တလေးတောင်ကို ငေးရင်း ကြွေကျလာတဲ့ ခရေပန်းတွေနဲ့ မန္တလေးလို့ ရေးခဲ့ပါတယ် တဲ့။ မေးခွင့်ရရင် ကဗျာဆရာကို မေးလိုက်ချင်ပါတယ်။ တကယ့် မန္တလေးကို မမြင်ရတော့လို့ ခရေပန်းနဲ့ ရေးတာလား။ မန္တလေးရဲ့ သင်းပျံ့တဲ့ရနံ့ကို မရတော့လို့ ခရေပန်းနဲ့ ပုံဖော်ခဲ့လေသလား။ အရင် မန္တလေးဟာ အခုမန္တလေးကိုများ တွေ့လိုက်ရင် ဘယ်လိုပြောမလဲ နားထောင် ချင်မိပါရဲ့။
    မန္တလေးဟာ ဘုရင်မင်းဆက်နောက်ဆုံး နန်းတော်ရာ။ အုတ်ကျစ်ကျော်အေး မန္တလေး၊ မြနန်းစံကျော် ရွှေနန်းတော်နဲ့ မန္တလေး။ ကျုံးမြို့ရိုးနဲ့ ပြအိုး ပစ္စင်နဲ့၊ တထီးတနန်း ကြငှန်းအဆောင်ဆောင်နဲ့၊ ဘာသာတရား ထွန်းကားရာ၊ ယဉ်ကျေးမှုအမွေအနှစ်နဲ့ အနုသုခုမလက်ရာ ထွန်းကားထိန်းသိမ်းနိုင်ခဲ့တဲ့နေရာ။ မြောက်ဘက်မှာ မန္တလေးတောင်တော်၊ အရှေ့ဘက် ရန်ကင်းတောင်တော်၊ အနောက်ဘက် မင်းကွန်း၊ စစ်ကိုင်း စေတီအဆူဆူနဲ့ ဘာသာတရားပြန့်ပွားရာ။ ဧရာဝတီ၊ ဒုဋ္ဌာဝတီမြစ်နှစ်သွယ် ရစ်ခွေစီးဆင်းလို့၊ တောင်သမန်၊ တက်သေးအင်း ဇောင်းကလော၊ အောင်ပင်လယ်၊ သင်္ဂဇာ၊ ရွှေတစ်ချောင်းနဲ့ ရေနီမြောင်းရေကြည်။ ကုသိုလ်တော်၊ မဟာ မြတ်မုနိ၊ ကျောက်တော်ကြီးနဲ့ အတုမရှိရွှေကျောင်းတော်။ ယက္ကန်း၊ ရွှေချည်ထိုး၊ ရွှေဆိုင်း၊ ကျောက်ဆစ်နဲ့ ပန်းဆယ်မျိုး ရာသီတိုင်းပွင့်ခဲ့တဲ့ မန္တလေး။ အဲဒီလို အခင်းအကျင်း ၊ ၀င်းတွေနဲ့ တည်ခဲ့တဲ့ မန္တလေးကို ကဗျာ ဆရာရိုးဒီကတော့ Made In Mandalay လို့ ဘိုဆန်ဆန်ကဗျာနာမည်ပေးပြီး ကဗျာတစ်ပုဒ်ရေးလိုက်ပါတယ်။

Made in Mandalay


               ကဗျာဆရာရိုးဒီဟာ ပုံသဏ္ဍာန်အသားပေးပြီး ကဗျာတစ်ပုဒ်ကိုပြုလုပ်လိုက်ပါတယ်။ ကဗျာရဲ့ပုံသဏ္ဍာန် ကို နန်းတော်ပြသာဒ်ပုံဖွဲ့စည်းလိုက်တယ်။ ကဗျာတစ်ပုဒ်လုံးမှာ ကဗျာဆရာကတစ်ခွန်းတစ်ပါဒမှာ ၀င်ပြောမ ထားဘဲ လူပုဂ္ဂိုလ်နာမည်တွေချည်း ရေးပြထားပါတယ်။ ကဗျာဆရာရဲ့တင်ပြပုံ၊ ကဗျာဆရာရဲ့ မန္တလေး အပေါ် အမြင်။ အခုလက်ရှိမန္တလေးနဲ့ ကဗျာဆရာပြုလုပ်ထားတဲ့ မန္တလေး။ တနည်းအားဖြင့် Made In Mandalay သည် ကဗျာက ဘာပြောသလဲ။ ကဗျာက ဘာပေးသလဲ မေးစရာမလိုလောက်အောင် ထူးခြား ကောင်းမွန်တဲ့ ကဗျာ တစ်ပုဒ်ပါပဲ။ ကဗျာထဲကနာမည်တွေဟာ မန္တလေးသားစစ်စစ်တွေ၊ မန္တလေးမှာ ထွန်းတောက်ခဲ့တဲ့ ကြယ် တာရာ တွေ။ မန္တလေးမှာ လုပ်သည် တဲ့။ ကျွန်တော်ကတော့ မန္တလေးကို ပြုလုပ်ထုဆစ် အသက်သွင်းခဲ့ကြတဲ့ သူတွေ လို့သာ ရေးလိုက်ချင်ပါတယ်။ ဒီကဗျာဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်မေးချင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား လို့။ သူ့ခေတ်နဲ့သူ၊ သူ့အနုပညာနဲ့သူ၊ သူ့အတတ်ပညာနဲ့သူ မန္တလေးကို သမိုင်းမော်ကွန်းရေးထိုးသွားကြသူတွေ အများကြီးကျန်ပါသေးတယ်။ ကဗျာဆရာဟာ ကဗျာအဖြစ် ထုတ်နှုတ် ပြသသွားရုံလေးပါ။ ဒီနန်းတော်ပြသာဒ်ပုံအောက်ကနေ ကျုံးမြို့ရိုးတစ်ပတ်လည်စာ သမိုင်းမှတ်တမ်း ရေးထိုး ရမယ့် အမည်နာမတွေ အများကြီး ကျန်နေပါသေးတယ်။ အဲဒါ တစ်ချိန်တုန်းက ကျွန်တော်တို့ရဲ့ မန္တလေးပေါ့။  အရင်လို ကိုယ့်မန္တလေး ကိုယ်ပြန်ရဖို့အတွက် ကျွန်တော်တို့တစ်တွေ ရဲရင့်ဖို့ လိုပါတယ်။ ငြိမ်းချမ်းပျော်ရွှင်စွာ လက်တွဲထားဖို့ လိုပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်နဲ့ အမျိုးဘာသာသာသနာ မကွယ်ပျောက်ဖို့ လိုတယ်။ ရောက်တဲ့ နေရာကနေ ကောင်းအောင် လုပ်ဖို့ပဲ လိုပါတယ်။ ဒီနေ့မန္တလေးအတွက်တော့ ကျွန်တော်ရေးတဲ့ ကဗျာတစ်ပုဒ်နဲ့ နိဂုံးချုပ် ပါရစေ။

မန္တလေး

လေးထောင့်စပ်စပ်ရွေ့တယ်
အလယ်ခေါင်တည့်တည့်မှာနေတယ်
အဆုံးကပြန်စရင် ဘယ်တော့မှ စလို့ ဆုံးမှာ မဟုတ်တော့
မြို့ရိုးကို အနီရောင်ခြယ်လိုက်
ကျုံးရေကို အပြာရောင်ခြယ်လိုက်
အောက်ခံမြေသားအ၀ါ
အခု မြို့ဟာ
မရင်းနှီးတဲ့ သူစိမ်းတွေနဲ့ နေသားတကျဖြစ်လို့။

မင်းနဒီခ
( ပိတောက်ပွင့်သစ်၊ အမှတ် (၅၇)၊ မတ်လ၊ ၂၀၁၄)

No comments:

Post a Comment