Sunday, January 5, 2014

နင်က မေးခွန်းတွေ အမြဲတမ်းထုတ်နေတာပဲ ဂျူလီ



နင်က မေးခွန်းတွေ အမြဲတမ်းထုတ်နေတာပဲ ဂျူလီ

ခွေးသွားစိပ်တွေကို ဘယ်သူတီထွင်ခဲ့လဲဆိုတာ ငါနဲ့ မဆိုင်ဘူး။ အရေးကြီးတာက မင်းနဲ့ငါ မှန်မှန်လည်ပတ်ဖို့။ မင်းက အပြာရောင်ကို ဘယ်သူစတွေ့တာလဲ သိချင်တယ်။ ငါပြောပြချင်တာက မိုဒီကလီလျာနီရဲ့ သတို့သားနဲ့ သတို့သမီးပန်းချီကားအကြောင်း။ နောက်ထပ် ငါမကြားချင်တဲ့ မေးခွန်းအဟောင်းက ချစ်လား ချစ်ရဲ့လား ဆိုတာ။ ငါလမ်းလျှောက်တဲ့အခါ ဘယ်ခြေပဲလှမ်းလှမ်း လိုရာခရီးရောက်ဖို့ပဲ အဓိကမဟုတ်ဘူးလား ဂျူလီ။ ငါစိတ်ဆိုးတော့ မင်းက နာရီစမှတ်တယ်။ နောက်ထပ်မေးတဲ့ မေးခွန်းက အရင်တစ်ခါ စိတ်ဆိုးတာ ဘယ်လောက်ကြာသလဲတဲ့။ အိုဘားမားက ဘယ်နှယောက်မြောက် အမေရိကန်သမ္မတလဲဆိုတာ ငါမဖြေတတ်ဘူး ဂျူလီ။ အာဒံနဲ့ ဧဝ ကလေးဘယ်နှယောက်ရလဲဆိုတာ ငါမှတ်မထားမိဘူး ဂျူလီ။ ပြည်တွင်းစစ် ဘယ်သူစသလဲ။ ငြိမ်းချမ်းရေး ဘယ်တော့ရမလဲ ကအစ နင့်မွေးနေ့ကို မမှတ်မိတာ။ နင့်ဖုန်းနံပါတ်အလွတ်မရတာ။ နင်စီးတဲ့ ဖိနပ်ဆိုဒ်နံပါတ် မပြောနိုင်တာအဆုံး။ ငါမဖြေနိုင်ခဲ့တာ ငါ့ အားနည်းချက်ပါ။ နင်ဖြေခိုင်းတဲ့ စာမေးပွဲမှာ ငါ့အဖြေလွှာဟာ အောင်မှတ်ရနိုင်ပါ့မလား။ နင်မေးလိုက်တဲ့ အင်တာဗျူးမှာ ငါ့ဗဟုသုတဟာ လုံလောက်မိရဲ့လား။ နင်ဟာ မသိခြင်းများစွာနဲ့ နှာစေးနေတဲ့ ယုန်မလေးလား ဂျူလီ။ နင့်အပြစ်ကင်းစင်မှုမှာ ငါဟာ အားပါးတရပျော်ရွှင်လို့။ နင်မေးတဲ့ မေးခွန်းတိုင်းကို့ ငါက ခေါင်းတခါခါလုပ်လို့။ ငါတို့ မသိခြင်းများစွာနဲ့ အားပါးတရ ရယ်ကြတယ်။ ငါတို့ အခုလိုရယ်မောနိုင်တာ နောက်ထပ်ဘယ်လောက်ကြာဦးမလဲ နင်မမေးနဲ့။ ငါတို့ မသိခြင်းကပဲ ငါတို့ကို ရယ်မောစေခဲ့တာပါ ဂျူလီ။ ငါလက်ကို တွဲပါ။ ငါတို့နှစ်ယောက်ပေါင်းပြီး ကမ္ဘာကြီးကို မေးခွန်းတစ်ခု မေးရအောင်။ မေးခွန်းတိုင်းမှာ အဖြေရှိသလား။

မင်းနဒီခ
၁၅၊ စက်တင်ဘာ၊ ၂၀၁၃


No comments:

Post a Comment