Sunday, January 5, 2014

၁၃၀၀ ပြည့် လက်ဆင့်ကမ်းအောင်လံ



၁၃၀၀ ပြည့် လက်ဆင့်ကမ်းအောင်လံ

ချောက် တဲ့
ခြောက်တိုင်း မကြောက်ခဲ့သလို
မြှောက်တိုင်းလည်း မမြောက်ခဲ့
မတရားမှုမြင်ရင်
အမျိုးသမီးတွေတောင် ထမီကို အလံထူလွှင့်လို့
မိုင်လေးရာခြေကျင်လျှောက်ချီတက်လိုက်ဦးမဟဲ့
ရဲ လိုက်တဲ့ သွေး။

နယ်ချဲ့အရင်းရှင် လက်ဝေခံကုတ်သွေးစုပ်
အမျိုးယုတ်ကို နှင်ထုတ်ဖို့
မျက်လုံးပျက်ကို လက်ညှိုးနဲ့ထိုးလို့
ဒါက အဲဒီတုန်းက ဒဏ်ရာ
သခင်မဒေါ်အေးရဲ့ သွေးအေးအေးနဲ့ ပြောလိုက်တဲ့စကား
ကတ္တရာလမ်းမနေပူပူမှာ ဖင်ထိုင်ပြီး သပိတ်တားခဲ့သတဲ့။

ကြိုးနဲ့ တုတ်ဖမ်းမလား လာခဲ့
ကားနဲ့ နင်းကြမ်းမလား လာခဲ့
မြင်းနဲ့တိုက်တိုက် တုတ်နဲ့ ရိုက်ရိုက်
တစ်ဗိုလ်ကျ တစ်ဗိုလ်တက် နောက်မဆုတ်စတမ်း
သခင်မျိုးဟေ့ တို့ဗမာ
အရေးတော်ပုံ အောင်ရမည်
သပိတ်သပိတ် မှောက်မှောက်
စည်တော်သံလား မိုးသံလားဟေ့
စည်တော်သံပဲ မိုးသံပဲဟေ့
သပြေညိုရွှေဘိုပန်းနဲ့ ရေချမ်းကို လောင်း တဲ့စည်သံ
ဓနရှင်ဒူးထောက်ကြောက်ရလောက်တဲ့ မာန်။

ဂဠုန်ဆရာစံ 
အာဠာဝက သခင်ဖိုးလှကြီး
သခင်ဗဟိန်း
ဗိုလ်အောင်ကျော်
အာဇာနည် ၁၇ ဦး
၁၃၀၀ ပြည့်သမိုင်းမော်ကွန်းကို
ရဲရဲတောက်သွေးနဲ့ ရေးခဲ့သူတွေ
အခုများ မြင်ရင်ဘယ်လိုများနေမလဲ။

အခေါ်အဝေါ်တွေသာ ပြောင်းသွား
အာဏာရှင် ခရိုနီ အလုပ်ရှင်လူမျိုးခြား
လက်တစ်ဆုပ်စာလူတန်းစားနဲ့
ကိုယ့်သယံဇာတ ကိုယ်ရောင်းစား
ပထွေး အဖေခေါ် ကိုယ့်အမေကိုယ် လူကုန်ကူး
ဘနဖူးသိုက်တူးတဲ့ ငတေတွေအတွက်
၁၃၀၀ ပြည့်စိန်ရတုသမိုင်းဟာ
အချက်ပေးလိုက်တဲ့ တံပိုးခရာသံ
ပုတ်နှိုးလိုက်တဲ့ သမိုင်းကြွေးကြော်သံ
အသက်ပေးစတေးသူတို့ရဲ့ တော်လဲအားပေးသံ
သုံးရောင်ခြည်ဒေါင်းအလံရဲ့ တဖျတ်ဖျတ်လွှင့်ထူသံ
ပြည့်သူအသံ ပြည်သူ့အားမာန်ပဲ ဖြစ်တယ်။

မင်းနဒီခ
၂၁၊ ဒီဇင်ဘာ၊ ၂၀၁၃

No comments:

Post a Comment