Sunday, January 5, 2014

ရန်ကုန်


ရန်ကုန်

ရောက်ရောက်ချင်း
အနွေးထည်အရင်ချွတ်လိုက်ရတာပါပဲ
အပူက
အတွင်းကနေ အပြင်ကိုလာတယ်
ဆောင်းဟာ
နှင်းကို လူမသိသူမသိ ရွာချလိုက်သလိုမျိုး
ရန်ကုန်မြေပေါ် ကျွန်တော် ရောက်ရှိခဲ့ပေါ့
သူစိမ်းတစ်ယောက်ရဲ့ အကြည့်တွေ
ကျွန်တော့်ကိုယ်ပေါ် မြားတွေလို စိုက်ဝင်လာချိန်
ကျွန်တော်က
ရွတ်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ရဲ့ အသံကို ရှာတယ်
မြင်မြင်လေရာ ဆက်သွယ်မှု ပြင်ပကမ္ဘာပါပဲ
အသံတွေ ကြားတယ် အရုပ်မမြင်ရဘူး
ပန်းတွေ ပွင့်တယ် ရနံ့ရှာမရဘူး
လမ်းတွေ တူတယ် လူချင်းမတွေ့ရဘူး
ဒီလိုနဲ့ ခပ်ကျပ်ကျပ်လမ်းမတွေပေါ်
ခြေတစ်လှမ်း စလှမ်းလိုက်တော့
အိမ်လွမ်းစိတ်က တစ်လက်မမြင့်တက်သွားတယ်
ရန်ကုန်
ရန်တွေ ကုန်ပါစေ အပြစ်တွေ ကြေပါစေ
လမ်းတွေ ဖြောင့်ပါစေ လူတွေ ဖြောင့်ပါစေ
ဆုတောင်းခန်းပြီးတဲ့နောက်
ကဗျာဆီ ရောက်ဖို့ ငါ ဘယ်ကားစီးရမလဲ
ဟွန်းသံကင်းမဲ့ဇုံမှာ
ခြေစုံရပ်ရင်း စောင့်နေမိပေါ့။

မင်းနဒီခ
၁၅ ဒီဇင်ဘာ ၂၀၁၃
မနက် ၅ နာရီ ၃၀ မိနစ်

 ( ရုပ်ရှင်တေးကဗျာ၊ မတ်လ၊ ၂၀၁၄)

No comments:

Post a Comment