Sunday, January 5, 2014

ကတုတ်ကျင်း



ကတုတ်ကျင်း


လက်ဖ၀ါးတွေ ပေါက်ပြဲမတတ်တူးထားခဲ့ရတဲ့ ကျင်းလေးက
အခု ကျွန်တော့်အသက်ကို ကယ်နိုင်မတဲ့လား
ဝုန်းကနဲ့ လွင့်စင်လာတဲ့ မြေစတွေက မျက်နှာကို လာစင်တယ်
စစ်အင်္ကျီက ဖုန်အထပ်ထပ် ချေးအထပ်ထပ်နဲ့ စစ်က မျက်နှာသစ်ဖို့ အချိန်မရဘူး
ဘယ်ဘက်အိပ်ကပ်ထဲက မိသားစုဓာတ်ပုံလေးကို ခဏ ခဏစမ်းမိတယ်
စစ်ရုပ်ရှင်ဇာတ်ကားတွေမှာဆို ဒီအခန်းဟာ အသည်းအသန်ပေါ့ ၀မ်းနည်းသီချင်း
လည်ပင်းမှာ သုံးလွန်းတင်အပ်ချည်ကြိုးနဲ့  ကြိုးမှာ ချိတ်ဆွဲထားတဲ့ ဘုရားပုံတော်လေး
နားစည်ကို လာလာရိုက်ခတ်နေတဲ့ ကျည်သံ ဗုံးသံ အမြောက်သံတွေက
ကိုယ့်အသံကိုယ်တွေ ပြန်မကြားနိုင်တော့လောက်အောင် ဖြစ်ရ
ရုတ်တရက် ကိုယ့်နံဘေးကို လွင့်ကျလာတဲ့ ကိုယ့်သူငယ်ချင်း
သူနဲ့ စတွေ့တုန်းကတော့ စကားတွေ များလွန်းလို့ နားညည်းခဲ့ရ
အခု နောက်ဆုံးတွေ့တော့ စကားတစ်လုံးမှ မပြောတော့လို့ ၀မ်းနည်းရ
အော်သံ ဟစ်သံ အားပေးသံ ညည်းညူသံ
မြေစတွေက မျက်နှာကို ခဏတိုင်း လာ လာမှန်နေတယ်
ကိုယ့်မှာ ဆောင်းထားတဲ့ ဦးထုပ်ကို မျက်နှာလုံအောင် ဆွဲဆွဲကာရ
ဟ နေတဲ့ မြေစာပုံကြားကနေ မြင်ကွင်းကို ချဲ့ ချဲ့ ကြည့်မိတယ်
လှံစွပ်ဟာ လည်မျိုကို စွက်ကနဲ့ စိုက်ဝင်လို့ အနီးကပ်မြင်ကွင်း
လျပ်ပြတ်သလို ကျည်ထွက်ရာ နေရာနဲ့ ပေတစ်ရာပတ်လည်မီးပွင့်များ
ယာယီတဲတွေဟာ မီးတဖျစ်ဖျစ်ဆွဲလောင်လို့
တင့်ကားတွေဟာ ဖြည်းဖြည်းချင်း ရွေ့နေတယ်
အသေခံတပ်သားဟာ အသေခံဖို့ ရှေ့တက်ပစ်တယ်
ကြေးနန်းစကားပြောစက်ဟာ အရေးအကြီးဆုံးပဲ ဒါပေမယ့်
စံပယ်လည်း မပွင့်တော့ ရထားလည်း မလာတော့
စစ်က ဘယ်ဘက်က ကူမလဲ အနေအထား
သွားလမ်းလည်း သာပါစေ လာလမ်းလည်း ဖြောင့်ပါစေ
ကိုယ့်ပစ်လိုက်တဲ့ ကျည်တစ်တောင့်ဟာ
သူနဖူးတည့်တည့်စိုက်ဝင်သွားတုန်းက ကိုယ်မတည်ငြိမ်ခဲ့သလို
ကိုယ့်နဖူးထဲ သူ့ကျည်ဆံရောက်တဲ့အခါ ကိုယ်တည်ငြိမ်နိုင်ပါ့မလား
ကျင်းတလျောက် အလောင်းတွေ အထပ်ထပ်စုပုံလာပေါ့
ပေတစ်ရာ ပတ်လည်မြင်ကွင်းက တဖြည်းဖြည့်ကျုံ့ကျုံ့လာချိန်
ကိုယ့်အသက်ရှူသံဟာ တဖြည်းဖြည်း ပြင်း ပြင်းလာခဲ့ပေါ့
ပထမဆုံး အမေ့ကို သတိရလိုက်တယ်
အဖေလည်း ဒီလိုနေ့မျိုးကြုံဖူးခဲ့တာ အမေပြောဖူးတယ်
ကျွန်တော်က ဒီလိုနေ့မျိုးရောက်မှ အဖေခံစားချက်ကို ကိုယ်ချင်းစာတတ်ရ
ပြီးတော့  ဇနီးကို သတိရလိုက်တယ်
မေ့နေတာ မနေ့ကရောက်တဲ့ ချောစာထဲမှာ
သမီးလေး ပျော်ရွှင်ချမ်းမြေ့စွာ စာသင်ကြားနေပါတယ် ဆိုတဲ့အကြောင်း
အပေါ်နှုတ်ခမ်းကို ယဲ့ယဲ့လေးတွန့်ပြီး ပြုံးလိုက်တယ်
ပြုံးလိုက်တယ်လို့ ထင်မိတယ် ပြီးတော့
ညာဘက်အိပ်ကပ်ထဲက ဆေးလိပ်တိုကို မီးခြစ်နဲ့ ညှိလိုက်တယ်
ကတုတ်ကျင်းထဲ စနက်တံဖြုတ်ထားတဲ့ အရာတစ်ခုကျမလာခင်အချိန်ကလေး။

မင်းနဒီခ
၂၈၊ နိုဝင်ဘာ၊ ၂၀၁၃

No comments:

Post a Comment