Sunday, January 5, 2014

ဟာကွက်

ဟာကွက်

ဒီနေ့
သမ္မတကြီးနဲ့ လက်ဝှေ့ထိုးဖြစ်တယ်
သမ္မတကြီးက
စည်းစနစ်ကျကျ လှလှပပ ထိုးသတ်ပါတယ်
ဆက်တိုက်ထိုးချက်တွေလည်း ကောင်းပါတယ်
အဲဒီလို အထိုးခံနေရချိန်မှာပဲ
သမ္မတကြီးရဲ့ ဟာကွက်တစ်ကွက်ကို တွေ့လိုက်တယ်
ချက်ကောင်းမိရင် ပွဲသိမ်းသွားနိုင်တဲ့ ဟာကွက်တစ်ခုပေါ့
ဒါပေမယ့်
ကျွန်တော် မထိုးဖြစ်ခဲ့ဘူး
သူက သမ္မတကြီးလေ
ပွဲပြီးတော့ ကျွန်တော်အမှတ်နဲ့ ရှုံးတယ်
အိမ်ဖြူတော်လေ့ကျင့်ကွင်းက ပြန်တော့
သမီးက မေးတယ်
ဖေဖေက ဘယ်တော့မှ နိုင်မှာလဲ တဲ့
နောက်တစ်ကြိမ်ပေါ့ကွယ် ဆိုတော့
အဲဒီနောက်တစ်ကြိမ်က ဘယ်တော့လဲ ဖေဖေ တဲ့
သမီးရယ်
နောက်တစ်ကြိမ်က
သမ္မတကြီး အနားယူပြီးတဲ့ အချိန်ပေါ့ ကွယ်လို့
ဖြေလိုက်တယ်
အိမ်အပြန်လမ်းမှာ
သမီးက တခစ်ခစ်ရယ်လို့
ကျွန်တော်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လို့။

မင်းနဒီခ
၂၂ နိုဝင်ဘာ ၂၀၁၃
(OLYMPUS HAS FALLEN ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်းကို ခံစားရေးဖွဲ့ပါသည်)




No comments:

Post a Comment