Wednesday, May 6, 2015

`ငွေခရု ဇေယျတု ကောင်းတဲ့ အမှုတွေနဲ့´ - စံညိမ်းဦး

`ငွေခရု ဇေယျတု ကောင်းတဲ့ အမှုတွေနဲ့´



၁။
 မြန်မာနိုင်ငံ စာပေသမိုင်းခေတ်တွေကို ကြည့်ပါက အင်မတန်စိတ်ဝင်စားစရာတွေ ရှိပါတယ်။ ဂန္ထ၀င်ခေတ်များလို့ ဆိုတဲ့ ထီးနန်းကြငှာန်းနဲ့ ဘုန်းတော်ဘွဲ့များအထူးပြုရာစု နောက်ပိုင်း မန္တလေးခေတ် ၁၈၈၅ ပါတော်မူချိန်က စလို့ ခေတ် တစ်ခုကို စတင်ခဲ့ပါတယ်။ သမိုင်းခေတ်များနဲ့ ဖြတ်သန်းအနုပညာရှင်များကြားက ပေါ်ထွက်လာတဲ့ စာပေဟာ မိုးပေါ်က ကျလာတာ မျိုးမဟုတ်ပါဘူး။ ခေတ်ကာလရဲ့ ရိုက်ခတ်မှုတစုံတရာနဲ့ အမြဲဆက်စပ်နေတာဟာ ဓမ္မတာပါပဲ။ ဗမာကဗျာရဲ့ လာရာဟာလည်း ထီးရိပ်နန်းရိပ်အောက်က ထွက်လာရာကနေ ကိုလိုနီခေတ်မှာ အတွေးအခေါ်စတင်ချဲ့ထွင်လာတယ်လို့ ယူဆကြပါတယ်။ အစဉ်အလာပုံသဏ္ဌာန်နဲ့ အစဉ်အလာတွေးခေါ်မှုများကနေ ရွေ့လျားလာခဲ့တာလည်း ဖြစ်ပါတယ်။ အစဉ်အလာပုံသဏ္ဌာန်ကို စွဲကိုင်ပေမယ့် ချဲ့ထွင်ခဲ့သလို အတွေးအခေါ်ဘက်မှာလည်း `လူထု´ အခြေပြုရကောင်းမှန်း သိလာခဲ့တာ ဖြစ်ပါတယ်။ မည်သည့်နိုင်ငံမဆို `အသစ်´ ဖန်တီးတာဟာ`လူငယ်´တွေဖြစ်ပါတယ်။ ဗမာကဗျာရဲ့ တိုး တက်မှုဟာလည်း အဲဒီခေတ် ဗမာလူငယ်တို့ရဲ့ ဆန်းသစ်မှု ကျေးဇူးပါပဲ။ ၀ံသာနုခေတ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ခေတ်စမ်းခေတ်မှာ မင်းသုဝဏ်၊ ဇော်ဂျီ၊ စာပေသစ်ခေတ်/ တာရာခေတ်မှာ ဒဂုန်တာရာ၊ မိုးဝေခေတ်မှာ မောင်လေးအောင်၊ မောင်သင်းခိုင် စသဖြင့်၊ ခေတ်ပေါ်ကဗျာ ၉၀ ခုနှစ်များမှာ မောင်ချောနွယ်၊ အောင်ချိမ့် စသဖြင့်၊ အဲဒီကနေမှ ယနေ့ကာလ ကဗျာခေတ်များကို တွေ့ကြရမယ် ထင်ပါတယ်။ ပိုင်းခြား ကြည့်မယ်ဆိုရင် ဗမာလူငယ်တွေဟာ အရေးတော်ပုံကြီးတွေကို ဖြတ်သန်းခဲ့ကြရပြီး အဲဒီခေတ် အရေးတော်ပုံကြီးတစ်ခုပြီးတိုင်း အတွေးအခေါ်ဆိုင်ရာများ ဖြစ်ထွန်း ကျယ်ပြန့်လာတတ်ကာ ဖန်တီးတဲ့ စာပေ/ ကဗျာအပေါ်မှာ ရိုက်ခတ်တယ်လို့ ယူဆချင်ပါတယ်။ ဘယ်လို အရေးတော်ပုံကြီးတွေကို ကြုံခဲ့ ဖြတ်သန်းခဲ့ ကြရပါသလဲဆိုတာဟာလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။

၂။
 ၁၈၈၅ ပါတော်မူနှောင်းပိုင်း ၀ံသာနုခေတ်ကို ဖြတ်သန်းရင်း တစ်စတစ်စရုန်းကန်ရင်း (က) (၁၉၃၈-၃၉ အထွေထွေ သပိတ်ကြီး) ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ (ခ) ၁၉၄၅ ဖက်ဆစ်တော်လှန်ရေး ဆိုတဲ့ ဖက်ဆစ်အရေးတော်ပုံကြီး နှစ်ရပ် ဟာဖြင့် လူငယ်များကြားမှာ အမျိုးသားရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဆိုရှယ်လစ်ရေး ဆိုတဲ့ ခံစားချက်တွေကို နှိုးဆွခဲ့သလို ဖန်တီးတဲ့ စာပေကဗျာများဟာလည်း အဲဒီ ရိုက်ခတ်ချက်များနဲ့အတိ ဖြစ်ပါတယ်။ အဲဒီနောက် (ဂ) ၁၉၄၈ လွတ်လပ်ရေး ခေတ်နဲ့ နှောင်းပိုင်း တိုင်းပြည်တည်ဆောက်ရေးနဲ့အတူ ပြည်တွင်းစစ်ဟာ အာဏာရ လူတစ်စုရဲ့ စနက်နဲ့ စတင်ခဲ့ပါတယ်။ ဖူးပွင့်စ ဒီမိုကရေစီနဲ့အတူ အမျိုးသားနိုင်ငံတော်များ ပြန်လည်တည်တဲ့ ခေတ်ကာလထဲ ပဋိပက္ခများစွာဟာ စတင်ခဲ့ပါတယ်။ အဲဒီကာလရဲ့ စာပေကဗျာသမားများကို လူးလွန့်စေတဲ့ ခံစားချက်ကတော့ ပြည်တွင်း စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေးတွေပါပဲ။ ဖဆ ဆိုရှယ်အုပ်စုနဲ့ စစ်အုပ်စုတို့ရဲ့ လက်ဝါး ရိုက်အစမ်းအာဏာသိမ်းမှုကတော့ဖြင့် ဗမာပြည်ရဲ့ ကြမ္မာကို အမှောင်ထဲမှာ လုံးလုံးဆုံးပါးစေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ (ဃ) ၁၉၆၂ နောင်ပြည်တွင်းပြည်ဆိုရှယ်လစ်မျက်နှာဖုံးနဲ့ အယောင်ဆောင် စစ်အုပ်စုရဲ့ အာဏာသိမ်းခြင်းဖြစ်စဉ် ရိုက်ခတ်ချက် ကတော့ မဆိုစလောက် စာပေလွတ်လပ်ခွင့်ဟာ သရောကြီးခိုင်းခဲ့၊ သေဆုံးခဲ့ရတော့တာပါပဲ။ ကဗျာဆရာများဟာ ဘာတွေ ခံစား၊ ဘာတွေရေးဖွဲ့ကြတယ်ဆိုတာကိုတော့ အထူးမပြောလိုတော့ပါဘူး။ ၁၉၆၂ ဇူလိုင် ၇ မှာကိုပဲ ပွဲဦးထွက် လူသတ်ပွဲကို ကျူးလွန်လို့ စစ်အာဏာရှင်ရဲ့ ဘီလူးဆိုင်းဆင့်သံဟာ မင်းသားမျက်နှာဖုံးကွာကျခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလိုနဲ့ ၇၄၊ ၇၅၊ ၇၆ စစ်အာဏာရှင်ဆန့်ကျင်တိုက်ပွဲဝင်နှစ်တွေကို ကဗျာဆရာတွေလည်း ဖြတ်သန်းရင်ဆိုင်ကြရပါတယ်။ အရေးအကြီး၁၃၀၀ ပြည့်အရေးတော်ပုံကြီးရဲ့အဆက်လို့ ဆိုနိုင်တဲ့ (င) ၁၃၅၀ ပြည့် ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာလည်း ကဗျာ မျိုးဆက် တစ်ဆက်ကို ပေါ်ပေါက်စေခဲ့ပါတယ်။ ရှစ်လေးလုံးမျိုးဆက်တွေဟာ ၉၀ ခုနှစ်တွေမှာ ပိုမိုသည်းထန်စွာ ဖူးပွင့်ခဲ့ကြ ပါတယ်။ စာပေကင်ပေတိုင်တွေ မျက်စိအောက်မှာ ပိုမိုကျယ်ပြန့်လာတဲ့ ပုံသဏ္ဌာန်တွေ၊ ပိုမိုသိပ်သည်းလျှို့ဝှက်တဲ့ နိမိတ်ပုံ၊ စကားလုံးတွေနဲ့ ရှောင်တိမ်းရင်း ကိုယ့်ခံစားချက်ကို ဖော်ထုတ်ပြောဆိုခဲ့ကြရပါတယ်။ အတွေးအခေါ်အားဖြင့် စစ်အာဏာရှင် စနစ် ဆန့်ကျင်ခြင်းနဲ့အတူ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးများ ဖြစ်သလို တဖက်မှာလည်း တဆင့်ခံ ရိုက်ခတ် ချက်ဖြစ်တဲ့ ပုဂ္ဂလိကမွန်းကြပ်မှုများနဲ့ ထွက်ပေါက်မဲ့ဝေဒနာလို့ ယူဆမိပါတယ်။ လူငယ်ထုကို ၆၂ အာဏာသိမ်းအစိုးရက ဘိန်းကင်းကဇော်နဲ့ လမ်းသူရဲ ခေါင်းစဉ်တပ် ဖျက်ဆီးဖို့ စီစဉ်ခဲ့သလို ၈၈ အာဏာလွှဲသိမ်းစစ်အုပ်စုဟာလည်း စုံလင်လှစွာ သော နည်းလမ်းပေါင်းစုံနဲ့ သတ်တာပါပဲ။ အဓိကအားဖြင့်တော့ ‘ အစိုးရဆန့်ကျင်ရေးကင်းစင်ရေး´ ပါပဲ။ လူငယ်ထု အတွေးအခေါ်ကိုေ၀၀ါးအောင်၊ သမိုင်းသိစိတ် မျိုးဆက်ပျက်သုန်းအောင် မည်မျှဆောင်ရွက်စေခဲ့ကြပေမူ သတ်၍မသေ ခဲ့တာဟာ သမိုင်းသက်သေတွေ ဖြစ်ခဲ့ပါတယ်။ ကဗျာအုပ်စုများကိုလည်း ထိုနည်းအတိုင်း ပုံသွင်းဖို့ ကြိုးစားခဲ့ပေမယ့် အမှန်တရားမြတ်နိုးမှု၊ မတရားမှုကို ဆန့်ကျင်ခြင်း ကဗျာ့ပင်မစိတ်ဓာတ်ဟာ ပွင့်ခဲ့တာပါပဲ။ အစိုးရအကြိုက် ကဗျာအုပ်စုတွေ၊ ပြည်သူကျောခိုင်း ကဗျာအုပ်စုတွေ များပြားစွာ ပေါ်ထွန်းတည်ရှိခဲ့ပေမယ့် ခေတ်ကာလများဟာ သမိုင်းအမှိုက်တွေကို ချန်ထားခဲ့တာဟာလည်း သတိပြုစရာ ဖြစ်ပါတယ်။ ပြန်ချုပ်ရရင် ခေတ်ကာလနဲ့ ကင်းကွာပြီး၊ သမိုင်းခေတ်နဲ့ ကင်းလွတ်ပြီး ကဗျာဟာ မနေထိုင်ခဲ့တာဟာဖြင့် ဗမာပြည်ရဲ့ သီးခြားဝိသေသနဲ့ ထူးခြားမှုဆိုတာပါပဲ။ ရှင်းရှင်းပြောရရင် ကမ္ဘာမှာ ခေတ်မမီတော့ဆုံး စစ်အာဏာရှင်အစိုးရလက်အောက်တိုင်းပြည်အနည်းစုထဲမှာ ဗမာပြည်ဟာ ကံဆိုးစွာနဲ့ နှစ်ပေါင်းများစွာ ရှိနေခဲ့ရသလို အဲဒီအစိုးရမျိုးအောက်က ကဗျာ၊ ကဗျာဆရာနဲ့ အတွေးအခေါ်ဟာလည်း စစ်အာဏာရှင် အစိုးရ လက်အောက်က လွတ်မြောက်ရေးကလွဲလို့ ကျန်တဲ့ ကွန့်မြူးမှုမှန်သမျှဟာလည်း အရှည်သဖြင့် ဆုပ်ကိုင်လို့ မဖြစ်ခဲ့ပါဘူး။ သမိုင်းပေးအခြေအနေအရကိုပဲ လူ့အဖွဲ့အစည်း အကြပ်အတည်းနဲ့ ဝေဒနာနဲ့ မတရားမှုဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ရေး ဆိုတာတွေဟာ ဖြစ်တည်ခဲ့ရပါတယ်။

၃။
 ကဗျာဆရာဟာ အကြမ်းအားဖြင့် နှစ်မျိုး ဖြစ်ပေါ်လာခဲ့ပါတယ်။ ` သမိုင်းသိစိတ်´ ရှိတဲ့ ကဗျာဆရာနဲ့ `သမိုင်း သိစိတ်´ မဲ့တဲ့ ကဗျာဆရာပါပဲ။

၎။
 ပုံသဏ္ဌာန်နဲ့ အကြောင်းအရာ အငြင်းပွားခဲ့မှုတွေ၊ အကြောင်းအရာနဲ့ ပုံသဏ္ဌာန် အချင်းများခဲ့မှုတွေရဲ့ အခြေခံဟာ သမိုင်းခေတ် အချင်းအရာတွေရဲ့ ခံယူမှုအဆက်တွေလို့ စဉ်းစားမိသလို ကျောရိုးတွေလို့ ယူဆချင်မိပါတယ်။

၅။
 စာပေကို နိုင်ငံရေးရဲ့ ရိုက်ခတ်ချက်၊ ခေတ်ရဲ့ ရိုက်ခတ်ချက်လို့ သဘောမျှရင် ကျွန်တော်တို့ အမြင့်ပျံ အဝေးမြင် မယ်လို့လည်း နားလည်မိပါတယ်။ အငြင်းပွားလိုမယ့် `နိုင်ငံရေးနဲ့ အနုပညာ´ကိုတော့ဖြင့် `ယင်အန်း´မှာပဲ ပြန်လေ့လာဖို့ ဆိုချင်ပါတယ်။ ဒီနေရာမှာ ဆရာ ဒဂုန်တာရာ ပြောတဲ့ `ဒီကနေ့ တိုင်းပြည်အဆိုးအကောင်းသမိုင်းဟာ တို့ဗမာသခင်များရဲ့ ဆိုးကောင်းသမိုင်းပါပဲ´ ဆိုတာကို စာပေနဲ့ ဆက်စပ်ချင်ပါတယ်။ `မှိုင်း၊ ဆန်း၊ ဟိန်း´ တို့ဗမာနဲ့ ` ဗစိန်၊ ထွန်းအုပ်´ တို့ဗမာရဲ့ အဆက်ဟာ ဒီကနေ့ ဒီမိုကရေစီ လိုလာသူများနဲ့ စစ်အုပ်စုများကို စီးဆင်းခဲ့တယ်လို့ ယူပါတယ်။ ရှင်းအောင်ဆိုရရင် လက်ဝဲဂိုဏ်းနဲ့ လက်ယာဂိုဏ်း၊ ထိုမှ လက်ဝဲဂိုဏ်းနဲ့ လက်ယာ +စစ်အုပ်စုဂိုဏ်း၊ ထိုမှ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ စစ်အုပ်စု(ဗိုလ်နေ၀င်းမှသည် ဗိုလ်သိန်းစိန်) စသဖြင့် ခြေရာအကြမ်းဖျဉ်း ကောက်ကြည့်စရာ ဖြစ်ပါတယ်။ စာပေ အတွေး အခေါ်မှာလည်း တပြိုင်တည်း အယူအဆတွေ ပေါ်ခဲ့ပါတယ်။ `ပြည်သူ့အတွက်´၊ `အနုပညာအတွက်´၊ ` ဘာအတွက်မှ မဟုတ်´ ဆိုတာတွေ ဖြစ်ပါတယ်။ ဗမာ့သမိုင်းရေးအခြေအနေအရ `အနုပညာအတွက်´နဲ့ ` ဘာအတွက်မှ မဟုတ်´ အယူအဆများဟာ အလိုအလျောက်ကိုပဲ စစ်အုပ်စုဖိနှိပ်သူအကြိုက်များ ဖြစ်ခဲ့ရပါတယ်။ `ဗမာ့သမိုင်း အခြေအနေအရ´ ဆိုတာကို ကျွန်တော် ထပ်မံပြောပါမယ်။ ဒီတော့ကာ ကိုယ်ဟာ ဘယ်လို ကဗျာရေးသူလဲ၊ ဘာကဗျာရေးသူလဲဆိုတာ ပြဿနာဖြစ်လာပါတယ်။ ရယ်ရွှင်ဖွယ်ပြောရရင် လိပ်ပြာအတောင်ပံတစ်ချက်ဟာ တစ်ဖက်မှာ မုန်တိုင်းကျနိုင်တယ် ဆိုတာမျိုး သင့်ဝေဒနာ တစ်စုံတရာတိုင်းဟာ ခေတ်ကြီးနဲ့ သက်ဆိုင်ပါတယ်။ ရယ်ရွှင်ဖွယ် ထပ်ပြောရရင် ` ဘယ်သူ့ အတွက်မှ မဟုတ်´ဘူးဆိုရင် ကိုယ့်ဖာသာ ကိုယ်ပဲ သိမ်းထားပါ။ ဖတ်ပါ။ ` ဘယ်သူ့အတွက်မှ မဟုတ်´ သူအချင်းချင်း ပေးဖတ်ပါ။ ကြောင်းကျိုးဆက်စပ်မှုကို ယုံကြည်ရင် ကိုယ်စီးတဲ့ မြင်းကို အရည်လည်မယ် ထင်ပါတယ်။ အဓိက ကတော့ ကဗျာ`မြစ်´ကြီး ရပ်တန့်မနေဘဲ စီးဆင်းခြင်းသည်ပင် အလှလို့ တွေးချင်ပါတယ်။ တွေးရမှာ ဖြစ်ပါတယ်။

၆။
 ကဗျာဆရာရှိတော့ ကဗျာတွေ ရှိလာပါတယ်။ ကဗျာရွှေခေတ်လို့ ပြောရမလိုပဲ ကဗျာတွေ အထူးပွင့်တဲ့ ယနေ့ကာလမှာ ကဗျာဆရာထောင့်ကပြောရရင်အင်မတန်ပျော်စရာ၊ ကြည်နူးစရာဖြစ်ပါတယ်။ ဒီဘ၀၊ ဒီလောကကို လျှောက်လာတဲ့သူ များစွာကိုလည်း အင်မတန်လေးစားစရာဖြစ်ပါတယ်။ IQ,EQ ရေချိန်အနိမ့်အမြင့်၊ သမိုင်းသိစိတ် နိုင်ငံရေးအမြင် အထူအပါး၊ ရေးဖွဲ့မှုပုံသဏ္ဌာန်၊ စကားလုံးအားထုတ်သုံးစွဲမှု၊ အသွင်အပြင်ခြားနားချက် တူကြမှာ မဟုတ်သလို အရေးကြီးတဲ့ `စေတနာ´ အရာလည်း ညီကြမှာ မဟုတ်လို့ ယူဆမိပါတယ်။ ဒါကလည်း သဘာဝကျတဲ့ လက္ခဏာလို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဗမာကဗျာရဲ့ ကဗျာဘဏ္ဍာသိုက်ဆီကို ဖြည့်ဆည်းကြတာလို့ ယုံကြည်ရင်း လေးစားဖွယ် ဖြစ်ရပါတယ်။

၇။
 ကဗျာ၊ ကဗျာဆရာ၊ ကဗျာစာအုပ်နဲ့ လူ့အဖွဲ့အစည်း(ကဗျာပရိသတ်)ဆိုတာ ရှိလာတဲ့အခါ ဒါမှမဟုတ် ကဗျာဆရာဟာ ကဗျာကို အများဆီ ချပြပြီဆိုတဲ့အခါ ရေးသူနဲ့ ဖတ်သူကြားမှာ လိုအပ်ချက်တွေ ရှိလာခဲ့ပါတယ်။ (ထင်ပါတယ်)။ နားလည်တယ် နားမလည်ဘူး၊ ဘာတွေမှန်းလည်း မသိဘူး၊ ကောင်းတော့ ကောင်းရဲ့ ဘာဆိုလိုမှန်းမသိဘူး စတဲ့ အကြပ်အတည်းများအပြင် ပြည်တောင်းထဲက ပတ္တမြားတွေထဲ `ဒါကတော့ အရည်မှီတဲ့ ပတ္တမြား ဟဲ့´ ဆိုသလို ကောက်ပြပေးမယ့် ပညာရှင်ရဲ့ အခန်းကဏ္ဍဟာ ရှိခဲ့ပါတယ်။ ဒါဟာ စေတနာအလုပ်ဖြစ်ပါတယ်။ မှန်ကန်တဲ့ ဝေဖန်ရေး၊ မှန်ကန်တဲ့ ရည်ညွှန်းမှုများဟာ စာပေအကျိုး၊ လူ့အဖွဲ့အစည်း အကျိုးအတွက် လိုအပ်ခဲ့ပါတယ်။ ဒါ့အပြင် မှန်ကန်တဲ့ ခံစားတင်ပြမှုများဟာလည်း ကဗျာယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ရပ်လို့ ထင်မိ ပါတယ်။ ဒါကို ရှေးကနေ ယနေ့တိုင် ပြုလုပ်အားစိုက်ပေးခဲ့ကြတာဟာ အထင်အရှားဖြစ်ပါတယ်။ ဥပမာ-ဒဂုန်တာရာ၊ မင်းသုဝဏ်၊ တိုက်စိုး၊ ဇော်ဂျီ၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ တင်မိုး၊ တက္ကသိုလ်ဝင်းမွန်၊ မြဇင်၊ အောင်ဝေး၊ တက္ကသိုလ်ဘုန်းနိုင်၊ ဇော်ဇော်အောင်၊ မောင်သင်းခိုင်၊ မောင်စိမ်းနီ၊ သစ္စာနီ၊ မျိုးသန့်၊ မျိုးသန့်၊ ဖြိုးထိန်၊ မောင်သာချို၊ အောင်ဘညို၊ မင်းခက်ရဲ၊ အောင်ခင်မြင့်၊ စိုင်းဝင်းမြင့် စသဖြင့် ဆရာများက ဝေဖန်ခြင်း၊ ရည်ညွှန်းခြင်း၊ ခံစားတင်ပြခြင်း တို့ကို မိမိအယူအဆအလိုက် ၊ တစ်ပိုဒ်ချင်း၊ တစ်အုပ်ချင်း တင်ပြခဲ့ဖူးတာကို အမှတ်ရမိပါတယ်။ သဘောတူသည် မတူသည်ထက် `စေတနာ´ တန်ဖိုးကို အထူးရည်မှတ် ကျေးဇူး တင်ဖို့ ဖြစ်ပါ တယ်။ ဒါဟာ ဇေယျတု ငွေခရုနဲ့ ကောင်းတဲ့ အမှုကို ဆောင်ရွက်ခြင်းလို့ ယူဆမိပါတယ်။

၈။
 မင်းနဒီခ ဟာ ကဗျာဆရာတစ်ဦးဖြစ်သလို ကဗျာဖတ်သူ၊ ကဗျာဆိုင်ရာများကို အထူးစိတ်ဝင်စားသူမို့ အစားကောင်းတွေ့ရင် မိတ်ဆွေတွေကို လက်တို့ချင်တဲ့ စေတနာဟာ ဒီစာအုပ်ကို ဖြစ်ပေါ်စေခဲ့တယ်လို့ ထင်မိပါတယ်။ `နံရံကပ်စက္ကူအောက်က သိပ်သည်းသော ထူထဲဆ အလွှာ´ မှာ သူ့အားထုတ်မှု၊ သူ့စေတနာနဲ့ သူ့အရေးအသားကို ခံစားမိကြမယ်လို့ ယူဆပါတယ်။ ကဗျာရေးသူ အချင်းချင်း သူပြုလုပ်တဲ့ စာအုပ်မှာ အမှာလိုလိုရေးပေးရတာဟာဖြင့် စိတ် မသက်သာသော်ငြား သူ့အလုပ်ကို လေးစားခြင်းဖြင့် ကဗျာဆိုင်ရာ ကျွန်တော့်ဖီလင်များကို စပ်ယှက်တင်ပြခွင့် ရတဲ့အတွက် ကဗျာဆိုင်ရာသူ့စာအုပ်ကို အထူးအလေးအနက်ထားမိပါတယ်။ သူ့ရဲ့ မလွယ်ကူတဲ့ ဒီစာအုပ်ဖြစ်ပေါ်မှုထဲ၊ သူ့အရေး အသား တစ်ပုဒ်ချင်း ဖြစ်ပေါ်မှုထဲ သူ့လေ့လာမှုကိုပါ ဂုဏ်ပြုမိပါတယ်။ နိဂုံးချုပ် ဆိုရသော်
- သူဟာ လူ့အဖွဲ့အစည်းနဲ့ ကဗျာကြားက ယဉ်ကျေးမှုပေါင်းကူးတံတားတစ်စင်းလည်း ဖြစ်ပါတယ်။
- ကဗျာနဲ့ ကဗျာဆရာကို ကဗျာဖတ်သူထံ မေတ္တာနဲ့ အခမဲ့ ကမ်းကူးပေးသူ မြစ်ပြင်က လှေထိုးသား၊ ကူးတို့လှေသမား တစ်ဦး လည်း ဖြစ်ပါတယ်။
ယဉ်ကျေးမှု ပေါင်းကူးတံတားတစ်စင်းရဲ့ အလုပ်ကို ထမ်းသူ၊ မေတ္တာအရင်းခံ ကူးတို့ လှေသမားအလုပ်ကို လုပ်ပေးသူ
`မင်းနဒီခ´
ထိုထိုသော ကောင်းတဲ့ အမှုကုသိုလ်များ ဆက်လက်လုပ်နိုင်ဖို့ အထူးတိုက်တွန်းချင်မိပါတယ်။

          လေးစားစွာ
           စံညိမ်းဦး
           ၆၊မေ၊ ၂၀၁၅

No comments:

Post a Comment