Wednesday, May 13, 2015

မ​ပြောဖြစ်​ခဲ့ခြင်းများရဲ့ ​နောက်​ကွယ်

မပြောဖြစ်ခဲ့ခြင်းများရဲ့ နောက်ကွယ်



စာအုပ်အမည်           - မပြောဖြစ်ခဲ့ခြင်းများ
ရေးသူ                     - မိုးရင့်ကြယ်
ထုတ်ဝေသည့်ကာလ   - မေ၊ ၂၀၁၅
ထုတ်ဝေသည့်တိုက်    - အိပ်မက်ရိပ် စာပေ


 မိုးရင့်ကြယ်။ သူနှင့် ခေတ်ပြိုင်ကဗျာဆရာသူငယ်ချင်းများကတော့ သူ့ကို `ပဲကြီး ´ ဟု ခေါ်ကြသည်။ ဘာကြောင့် `ပဲကြီး´ ဟု ခေါ်သလဲတော့ ကျွန်တော် မသိ။ ကျွန်တော်ကတော့ ကိုယ့်ထက်အသက်ကြီးတာ တစ်ကြောင်း၊ ကဗျာဝါကြီး တာ တစ်ကြောင်းကြောင့် ကိုပဲ လို့ပဲ ခေါ်ဖြစ်သည်။ တကယ်တော့ သူသည် ပဲ များတတ်သူမဟုတ်။ ဟိတ်ကြီးဟန်ကြီးမရှိ။ ပျော်ပျော်နေတတ်သည်။ လူချစ်လူခင်များသည်။ ကဗျာအပေါ် ရိုးသားသည်။ ကဗျာနှင့် ပတ်သက်လျှင် အမြဲတက်ကြွ နေသည်။ သို့သော်သူက သူ့ရဲ့ ကဗျာ့ပြင်ပဘ၀ကိုတော့ သိုသိုသိပ်သိပ်ရှိသည်။ သူ့ဆီမှ ကဗျာမှ လွဲ၍ အခြား ဘာတစ်ခုမှ ကျွန်တော်တို့ ကြားခွင့်မရ၊ သိခွင့်မရ။ ယုတ်စွအဆုံး သူ့အချစ်ရေး၊ နှလုံးသားရေးအပေါ်မှာတောင် ကျွန်တော်တို့ သိပ်မမြင်တွေ့ခဲ့ကြရ။ ကဗျာမှ လွဲ၍ အခြားကိစ္စများအား သူ မပြောချင်တော့တာ ဖြစ်နိုင်သည်။ မပြောဖြစ်ခဲ့ခြင်းများလည်း ဖြစ်နိုင်သည်။ ကျွန်တော် ကဗျာစရေးတော့ ၂၀၀၅ ခုနှစ်။ သူက အဲဒီအချိန်မှာ ကဗျာဆရာတွေ တော်တော်များများ တန်ဖိုးထား ပေးပို့ကြတဲ့ မြားနတ်မောင်၊ ကလျာ၊ ရုပ်ရှင်တေးကဗျာ၊ ဟန်သစ်၊ ရယ်စရာ၊ ဗျူးတီး စတဲ့ မဂ္ဂဇင်း စာမျက်နှာများမှာ ကဗျာများစွာ ဖြတ်သန်းခဲ့ပြီးပြီ။ ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ သူ့ ကဗျာအရေးကျဲသွားသည်။ မရေးတော့ သလောက် ဖြစ်သည်။ ဘာကြောင့် မရေးဖြစ်တော့သလဲ ဆိုတာတော့ ကျွန်တော်မသိ။ သူ မပြောချင်တာ၊ မပြောဖြစ် သေးတာလည်း ဖြစ်နိုင်သည်။ ၂၀၁၃၊ ဇန်န၀ါရီမှာ ကိုထွဏ်းသွေးအိမ်၊ ကိုနိုင်လင်း၊ ကျွန်တော်တို့ မေချိုကဖေးမှာ ကဗျာ မြေသား စာပေ၀ိုင်းလေး စတည်ဖြစ်တော့ သူနှင့် တရင်းတနှီးပြန်ဆုံကြသည်။ နောက်တော့ တော်ဝင် တနင်္ဂနွေ ကဗျာမြေသား၊ မန္တလေး ကမ္ဘာ့ကဗျာနေ့ ၂၀၁၃၊ ရာပြည့်မန္တလေး စာပေ၀ိုင်း၊ နောက်ပိုင်း မန္တလေးကဗျာလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ပိုမိုရင်းနှီးခဲ့ကြသည်။ သို့သော် သူ့အကြောင်းကို သူ့ကဗျာထဲကလောက်သာ ကျွန်တော်တို့ သိခွင့်ရခဲ့သည်။ သူ့မှာ နာကျင်စရာတွေ ရှိသည်။ သူ့မှာ ကြေကွဲစရာတွေ ရှိသည်။ သူဖြတ်သန်းနေရသည့်ခေတ်ကြီး၏ ရိုက်ခတ်ချက်များ၊ ဖိနှိပ်မှုများကို သူခံစားရသည်။ သူ့ပြင်ပဘ၀မှာ သူကို ကြည့်လိုက်တိုင်း ပျော်ရွှင်ကျေနပ်မှုအတိပြီးနေသလို သူနေထိုင်သည်။ သူသည် နာကျင်မှုများကို ကဗျာထဲမှာသာ ဖွင့်ချပြောပြတတ်သူဖြစ်သည်။ သူ့မပြောချင်တော့တာ ဖြစ်နိုင်သလို မပြော ဖြစ်ခဲ့ခြင်းများလည်း ဖြစ်နိုင်ပါသည်။
 ၂၀၁၄၊ ဖေဖော်ဝါရီမှာ သူ့ရဲ့ တစ်ကိုယ်တော် အချစ်ကဗျာစုစည်းမှုစာအုပ်`သစ်ပင်လေးတစ်ပင်အကြောင်း´ ထွက် လာတော့ ကျွန်တော်တို့ ပျော်ရွှင်ကြည်နူးကြရသည်။ သူ့ရဲ့ ပထမဆုံးကဗျာစုစည်းမှုစာအုပ်လေး အခက်အခဲအမျိုးမျိုး ကြားကနေ လှလှပပဖြစ်မြောက်လာတဲ့အတွက်ဖြစ်သည်။ သို့သော် ကဗျာစာအုပ်ဖတ်ပြီးသည်နှင့် ကျွန်တော်တို့ ကြေကွဲ နာကျင် ရသည်။ `သစ်ပင်လေးတစ်ပင်အကြောင်း´မှာ သူဟာ အရူးကြီးလုံးလုံးဖြစ်လို့ နို့ဆီခွက်တွေ လည်ပင်းမှာ ဆွဲဆွဲပြီး သူ့ချစ်သူ ဆီ သွားသည်။ တွေ့ကရာ နေရာတွေမှာ မီးသွေးခဲနှင့် အသည်းပုံတွေ ဆွဲသည်။ မခင်နှင်းဆီ သီချင်းကို တစ်ရပ် ကွက်လုံး ကြားအောင် အော်ဆိုသည်။ နို့ဆီခွက်ထဲ ထည့်စိုက်ထားသည့် နှင်းဆီကိုင်းခြောက်ကြီးကို နှင်းဆီပန်းလေး ပွင့်လာ မလား မျှော်လင့်သလို သူ့ချစ်သူဆီက ချစ်ခြင်းမေတ္တာကို သူမျှော်လင့်သည်။ ဘယ်သူများ သူ့လောက် ချစ်နိုင်ဦးမလဲ။ ဘာလို့ သူ့ချစ်ခြင်းတွေဟာ အသိအမှတ်ပြုခြင်း မခံခဲ့ရတာလဲ။ သူ့မှာ ဘယ်လို ချို့ယွင်းချက်တွေများ ရှိနေလို့ပါလဲ။ သူ့နာကျင်မှုများသည် ကျွန်တော်တို့နာကျင်မှုများအဖြစ် ရင်ချင်းကိုင်းဆက် ခံခဲ့ကြရသည်။ သူ၏ ဟန်ဆောင်ပျော်ရွှင်ခြင်း များ နောက်ကွယ်မှ မပြောဖြစ်ခဲ့သည့် နာကျင်မှုများအား ကျွန်တော်တို့ မျက်ဝါးထင်ထင် ခံစားလိုက်ကြရခြင်းလည်း ဖြစ်နိုင် ပါသည်။
 ယခု ၂၀၁၅၊ မေလတွင် သူ့၏ ဒုတိယမြောက် တစ်ကိုယ်တော် ကဗျာစာအုပ်အဖြစ် ` မပြောဖြစ်ခဲ့ခြင်းများ´ ဟု အမည်ပေးထားသည့် ခေတ်ပေါ်ကဗျာစုစည်းမှု စာအုပ် အိပ်မက်ရိပ်စာပေ ကနေ ထွက်ရှိလာခဲ့ပါသည်။ ထူးထူးခြားခြား အမှာစာ တစ်ခါမှ ရေးသားခြင်း မရှိခဲ့သည့် ကဗျာဆရာ ခင်ဇော်မြင့်နှင့် ဆရာ မျိုးသန့်တို့၏ ပထမဆုံးအမှာစာများဖြင့် ထွက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။ အမှာစာ (၂) ပုဒ်နှင့် ကဗျာစုစုပေါင်း ( ၅၄) ပုဒ်အပြင် ဆရာ မျိုးသန့်၏ မိုးရင့်ကြယ်၏ ကဗျာရေးဟန်တစ်မျိုး ဆိုသည့် နောက်ဆက်တွဲ ဝေဖန်သုံးသပ်ချက်အမှာစာ တစ်ပုဒ်လည်း ထည့်သွင်းထားတာကို တွေ့ရ သည်။ ဆရာမျိုးသန့်၏ နောက်ဆက်တွဲ အမှာစာတွင် `မိုးရင့်ကြယ်သည် ကိုယ်ပိုင်ဟန် ရှိသည့် ကဗျာဆရာဖြစ်သည်။ `ကိုယ်ပိုင်ဟန်ဆိုသည်မှာ စာရေးစတည်းက ဖြစ်တည်လာတာမဟုတ်ဘဲ တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာ၊ ဖွဲ့စည်း ဖြစ်တည်လာသော ရေးဟန်´ လို့ လေ့လာခဲ့ရဖူးပါတယ်´ ဟုလည်း ဆရာက ထည့်သွင်းရေးသားထားပါသည်။
` မိုးရင့်ကြယ်ရဲ့ ကိုယ်ပိုင်ဟန်ရှိတယ်လို့ ဆိုလို့ရတဲ့ ကဗျာတွေကို လေ့လာကြည့်လိုက်တော့ စုစည်းထားသော အကြောင်းအရာကို ဖြန့်ကြဲထားသော ၀ါကျများနဲ့ ဖွဲ့စည်းထားတဲ့ ဖြန့်ကြဲဒီဇိုင်းအတွင်းမှာ တည်ဆောက်ထားတာကို တွေ့ရပါတယ်။ သဒ္ဒါရှုထောင့်က ကြည့်ရင် သပ်ရပ်တဲ့ ၊ သွေဖည်မှုနည်းတဲ့ ၀ါကျတည်ဆောက်မှုအတွင်းက ဖွဲ့စည်းထားတာ၊ ပုံစံမတူ အပြိုင်အဖွဲ့တွေကို အဆင်အကွက် အလှယ်လှယ်သုံးစွဲတာ တွေ့ရတယ်။
အကြောင်းအရာ ပိုင်းက ကြည့်ရင် တစ်စုံတရာသော ပင်မတစ်ခုကို ဗဟိုပြုထားပေမယ့် ဆန့်ထွက် အနက်တွေဟာ ခေတ်ပြိုင်ထောင့်ချိုးတွေကို သွားရိုက်ခတ်နေတာ တွေ့ရတယ်´
( မိုးရင့်ကြယ်၏ ကဗျာရေးဟန်တစ်မျိုး - မျိုးသန့်)

ကဗျာဆရာ ခင်ဇော်မြင့်ကတော့ သူ့အမှာစာ ခေါင်းစဉ်ကို ပြောစရာအနည်းအကျဉ်းဆိုပြီး အောက်ပါအတိုင်း ရေးပေးတာ တွေ့ရသည်။
` မိုးရင့်ကြယ်ဟာ ကဗျာနဲ့ ပတ်သက်ရင် အမြဲတက်ကြွဖျတ်လတ်နေသူပါ။ သူ့ကဗျာတွေကို တစုတစည်းတည်း ဖတ်ကြည့်လိုက်တော့လည်း ဟုတ်နေတာပါပဲ။ သို့သော်ငြား သူရေးဖွဲ့ထားတာတွေက နာကျင်ကြေကွဲရမှုနဲ့ ဒဏ်ရာ ဒဏ်ချက် တွေ၊ အလွမ်းအဆွေးတွေ၊ အ​မေ့အကြောင်း၊ မိသားစုအကြောင်းတွေ . . . အထူးသဖြင့် ကျွန်တော့်မှာ အမေမရှိတော့ ပိုပြီး လွမ်း၊ ပိုပြီး နာကျင်ကြေကွဲရပါတယ်။
 ခေါင်းစဉ်အောက်မှာ အစီအစဉ် အထားအသိုတွေကို ပါးပါးနပ်နပ် ဇာတ်ညွှန်းဆန်ဆန်ရေးဖွဲ့သွားတဲ့ ကဗျာတွေကိုလည်း ဖတ်ရပါတယ်။
 သည်နေရာမှာ ကဗျာနဲ့ ပတ်သက်ပြီး Facebook ဆိုတာကြီးကိုလည်း တွေးမိတယ်။ သူ့ကဗျာတွေထဲမှာ နှလုံးသားနဲ့ Like လုပ်ရမယ့် ကဗျာတွေကိုလည်း တွေ့ရတယ်။´
 ` သစ်ပင်လေး တစ်ပင်အကြောင်း´ မှာ နာကျင်ခံစားမှုများ ကူးစက်အငိုက်မိခဲ့သည့် ကျွန်တော့်အတွက် ` မပြော ဖြစ်ခဲ့ခြင်းများ´ကို ပို၍ သေသေချာချာ သတိထားဖတ်ကြည့်မိပါသည်။ ကဗျာရေးဟန်အပြောင်းအလဲ၊ ကဗျာ အကြောင်း အရာနှင့် ပုံသဏ္ဍာန်၊ ကဗျာစကားလုံးရွေးချယ်မှုနှင့် ကဗျာရေးသည့် ခုနှစ်များ၊ ကဗျာနောက်ခံအခင်းအကျင်း၊ ကဗျာဆရာ ဖြတ်သန်းနေသည့် ခေတ်ကြီး၏ နိုင်ငံရေးအခြေအနေ စသည့် အကြောင်းခြင်းရာများသည် ကဗျာတစ်ပုဒ်ကို နက်နက် ရှိုင်းရှိုင်း ပိုထိတွေ့ခံစားနိုင်မည်ဟု ထင်သည်။ သို့သော် ယခုစာအုပ်ထဲတွင် ကဗျာရေးသည့် ရက်စွဲများအား ကဗျာဆရာက ဖော်ပြမထား။ ကဗျာပုံနှိပ်ဖော်ပြသည့် ခုနှစ်များအပေါ်သာ မူတည်ပြီး အကြမ်းဖျင်းသုံးသပ်ကြည့်ရလျှင် ၂၀၀၁ မှ ၂၀၀၄ အထိ ကဗျာများနှင့် ၂၀၀၉ မှ ၂၀၁၅ အတွင်း ကဗျာများ ဟု နှစ်ပိုင်းတွေ့ရသည်။ ၂၀၀၄ မှ ၂၀၀၉ ကြားကာလတလျောက် ကဗျာများ တစ်ပုဒ်မှ ပါဝင်လာခြင်း မရှိသလို ထိုကာလများသည် ကဗျာနှင့် မိုးရင့်ကြယ် ဝေးကွာနေသည့် ကာလများလည်း ဖြစ်နိုင်သည်။ ကဗျာအကြောင်းအရာအနေဖြင့် ပုဂ္ဂလိက ခံစားမှု၊ နာကျင်မှုကို ရေးဖွဲ့သည်ကဗျာနှင့် နိုင်ငံအရေး အခင်း အကျင်း၊ အဖြစ်အပျက်များပေါ်မူတည်ရေးသည့် ကဗျာ ဆိုပြီး နှစ်ပိုင်း တွေ့ရသည်။ မိုးရင့်ကြယ်၏ ကဗျာ ရေးဟန်သည် ၂၀၀၅ ခုနှစ်ရှေ့ပိုင်းရေးဟန်နှင့် ၂၀၁၀ ခုနှစ်နောက်ပိုင်းရေးဟန်မှာ သိသိသာသာ ကွာခြားသွားမှု မရှိသေးတာလည်း တွေ့ရသည်။ သို့သော် မင်းသားရူးကြီး၊ ကျည်ဆန်၊ ဘုရားကြိုဘုရားကြား၊ အမေ့ကို ထိရင် ကမ္ဘာကို ကဗျာကစပြီး မီးရှို့ပစ်မယ်၊ ဒီကဗျာကို လက်ပတ်အနီ ပတ်ထားတယ် စသည့် ကဗျာများတွင်တော့ ယနေ့ဒီဘက်ခေတ် လူငယ်ကဗျာ ဆရာများ ရေးသားလေ့ရှိသည့် Hybrid, Exprimental ဆန်ဆန် ကဗျာရေးဟန်မျိုး လွတ်လွတ်လပ်လပ်ရေးသားထားပြီး `ခေတ်မီကစားကွင်း၊ စိန်ပန်းပွင့်လေးတွေ၊ သယံဇာတတွေ ပေါတဲ့ တိုင်းပြည် ´ စသည့် ကဗျာများတွင် ခေတ်ပေါ်ကဗျာ အာရုံခံစားမှုအပြည့်ဖြင့် ရေးဖွဲ့ထားသည်ကို တွေ့ရသည်။

အခုခေတ်က အရင်လို မဟုတ်တော့ဘူး
သိမ်းဆည်းထားတဲ့ သေနတ်ထက်
လျော့နေတဲ့ ကျည်ဆန်တွေကို စိတ်ဝင်စားနေရတဲ့ အနုပညာ
ကျဉ်းမြောင်းလာတဲ့ မျက်ရည်မှာ ချဲ့ထွင်နေရတဲ့ ပျော်စရာ
အိပ်မက်ကို လူကြားသူကြားထဲ ပြောလို့မရတဲ့ မျက်လှည့်ဆရာ
ဟုတ်ပါပြီ
သီချင်းကတော့ ခင်ဗျားမရေးလည်း သူများက ဆက်ဆိုနေဦးမှာ
မီးခလုတ်ကတော့
အမှောင်ထဲ နေသားကျခဲ့ပြီ
အဖွင့်အပိတ်ကို နောက်လူတို့ ဆက်လုပ်ပါစေတော့
အမှတ်ရစရာက
သန်းခြောက်ဆယ် ပိတ်ကားထက်မှာ
ဘ၀အဆက်ဆက် ရနေဦးမယ့် အကယ်ဒမီနဲ့
လူမုန်းများခဲ့တဲ့ ခင်ဗျားရဲ့ ရုပ်ရှင်
အခုသိချင်တာက
ဇာတ်ကားမစခင် နိုင်ငံတော်အလံကို
ခင်ဗျား အလေးပြုခဲ့ရဲ့လားဆိုတာ။
(မင်းသားရူးကြီး ကဗျာမှ)

ကျည်ဆန်ဟာ အိမ်ကြက်ချင်း အိုးမည်းသုပ်ခွပ်တဲ့ ပွဲမှာ
သူရဲကောင်းမှတ်တမ်းတင် တံဆိပ်ကြီး လည်မှာ ချိတ်လို့
ကျည်ဆန်ဟာ ငြိမ်းချမ်းရေး ညစာစားပွဲဆိုပြီး အကြံကုန် ဂဠုန်ဆားချက်လို့
ကျည်ဆန်ဟာ သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်
ရိုးသားတဲ့ စံပယ်ပွင့်လေးလို မခုတ်တတ်တဲ့ ကြောင်လေးလို ဓါတ်ပုံအရိုက်ခံပြီး
ကျည်ဆန်ဟာ သဘောကောင်းတယ် သေသူကို အားပေးစကားပြောလို့
ကျည်ဆန်ဟာ အလှူအတန်းမှာ လက်ဖွာတယ်
ရွာကို မီးရှို့ပြီး ဒုက္ခသည်စခန်းဆောက်ပေးတယ်
လူ့အသက်ထက် တန်ဖိုးကြီးတာ ဘာမှ မရှိဘူးဆိုတော့
တိုင်းပြည်မှာ သူ့အသုံးစရိတ်ဟာ အမြင့်ဆုံးပဲ
( ကျည်ဆန် ကဗျာမှ)

ဘုရားကြို ဘုရားကြားဟာ ဘုရားစူး ဘုရားကြို ဘုရားကြား
ဘုရားကြို ဘုရားကြားဟာ ဘုရားကြို ဘုရားကြားမှ ဟုတ်ရဲ့လား
ဘုရားကြို ဘုရားကြားမှာ ယုံနိုင်စရာတောင် မရှိတဲ့ ကုသိုလ်တရားနဲ့
ဘုရားကြို ဘုရားကြားမှာ အကုသိုလ်ဟာ မြင်မကောင်း ရှုမကောင်းဖြစ်လို့
ဘုရားကြို ဘုရားကြားမှာ ရိုးသားမှုဟာ ပန်းအကြွေကောက်လို့
ဘုရားကြို ဘုရားကြားမှာ ပြန့်နေတဲ့ ငှက်ချေးနဲ့ ပြတ်နေတဲ့ ပုတီးနဲ့
ဘုရားကြို ဘုရားကြားမှာ လူငယ်စုံတွဲတွေ ရမ္မက်နဲ့ ငရဲတွင်းထဲ ခုန်ချလို့
ဘုရားကြို ဘုရားကြားမှာ ချုံနွယ်ပိတ်ပေါင်းနဲ့ သစ်ရွက်ကြွေနဲ့ အမှိုက်သရိုက်နဲ့
ဘုရားကြို ဘုရားကြားမှာ အပေါ့အပါးသွားသူနဲ့ အခင်းကြီးထားသူနဲ့ မသတီစရာ အနံ့အသက်နဲ့
ဘုရားကြို ဘုရားကြားမှာ ရေဘေးဒုက္ခသည်နဲ့ မီးဘေးဒုက္ခသည်နဲ့ စစ်ဘေးဒုက္ခသည်နဲ့
(ဘုရားကြို ဘုရားကြား ကဗျာမှ)

နယ်စပ်မျာ
စာသင်ကျောင်းလေးတွေ မီးခိုးတလူလူ
ဆရာမလေးက
ဒုက္ခသည်စခန်းအထိ မလာနိုင်တော့
ကျောင်းဝတ်စုံလေးက
တစ်ဖက်နိုင်ငံမှာ
ကြုံရာကျပန်းပေါ့။

မြို့ထဲမှာ
ခြေထောက်အတုနဲ့
ဒုက္ခိတ စစ်သားဟောင်းကြီးတွေ
သေနတ်ကိုင်ခဲ့တဲ့ လက်နဲ့
စာအုပ်လေးတွေ လိုက်ရောင်းလို့

ရုပ်မြင်သံကြားမှာ
အပစ်အခက်ရပ်စဲရေး
အမျိုးသားပြန်လည်သင့်မြတ်ရေး
ငြိမ်းချမ်းရေးပါမစ်။
(သယံဇာတတွေ ပေါတဲ့ တိုင်းပြည် ကဗျာမှ)

အပေါက်ဝမှာ
ကြောင်ရုပ်အကြီးကြီး
ရင်ဘတ်မှာ ရွှေရောင်စာလုံးနဲ့
လက်တစ်ဖက်ကို တွဲလောင်းချ
လက်တစ်ဖက်က လက်ယပ်ခေါ်
ပျော်စရာတွေ များတယ်
ဈေးလည်း ကြီးတယ်။

သူတို့က
ကုလားမခြေထောက်ကြီးနဲ့
ခြေလှမ်းကျဲကျဲ
ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်
ငေးကြည့်ရတယ် မော်ကြည့်ရတယ်။

သရဲ ရထားတဲ့
မမြင်ရတဲ့ အချိုးအကွေ့တွေ
အမည်မဖော်လိုသူ အမှောင်ထဲ
သံလမ်းဟာ
ချောက်ချားစရာ စီမံကိန်းနဲ့ဆိုပဲ။
(ခေတ်မီကစားကွင်း ကဗျာမှ)

အကာလရဲ့ လွှသွားစက်ကြီး
ပြတ်အောင် မဖြတ်နိုင်ခဲ့တဲ့ ရနံ့တလှိုင်လှိုင်နဲ့
ကျောင်းတံခါးဝကို နေ့စဉ် တဒေါက်ဒေါက်ခေါက်လို့
အမြစ်ကနေ ပင်စည်
ပင်စည်ကနေ အကိုင်းအခက်
အကိုင်းအခက်မှသည် အပွင့်
အဲဒီလို ရဲရဲနီခဲ့တဲ့ မျိုးဆက်ကြီး
ဒေါင်းအလံကိုယ်စီနဲ့
သမိုင်းသင်ရိုးထဲ တဖွဲဖွဲ ရဲလို့။
(စိန်ပန်းပွင့်လေးတွေ ကဗျာမှ)

 မိုးရင့်ကြယ်၏ ကဗျာများတွင် ခေတ်ပေါ်ကဗျာ၏ ပြေပြစ်စီးဆင်းမှု၊ စကားလုံးဖွဲ့နွဲ့ ကျစ်လစ်မှု၊ အနက်သိုဝှက်မှု၊ နမိတ်ပုံနှင့် ကဗျာအလှဓာတ်ကို အထင်အရှားတွေ့ရသည်။ သူသည် ခေတ်ပြိုင် အာရုံခံစားမှုကို ပင်မရေစီး ခေတ်ပေါ် ကဗျာဟန်ဖြင့် သူ့ကဗျာများကို ဖွဲ့နွဲ့သည်။ သူ့ကဗျာများတွင် ပုဂ္ဂလိက ခံစားမှု၊ နာကျင်မှုများအပြင် ယနေ့လက်ရှိ ဖြစ်ပျက်နေသော နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ လယ်သိမ်း ယာသိမ်းပြဿနာများ၊ မီဒီယာဖိနှိပ်မှု၊ လက်ပံတန်း ကျောင်းသားသပိတ်အကြမ်းဖက်မှု စသဖြင့် ပစ္စခတ်နိုင်ငံရေးခိုက်ထိချက်များကို ကဗျာအဖြစ် ဖွဲ့ယူသည်။ ကဗျာဖြင့် မေးခွန်းထုတ်သည်။ ကဗျာဖြင့် သူ့ဆန္ဒကို ထုတ်ဖော်သည်။ သူသည် ချစ်ခြင်းမေတ္တာဖွဲ့၊ မိသားစုဖွဲ့ကဗျာလို ပုဂ္ဂလိက ခံစားမှုအသားပေး ကဗျာလိုမျိုးမှာတောင် သူ့ရွံ့ရှာစပ်ဆုပ်သည့် စစ်အာဏာရှင်စနစ်ဆိုးကို အချိန်ကိုက်ဆန့်ကျင်ထည့်သွင်း ရေးဖွဲ့ထားတာ တွေ့ရသည်။

ကိုယ်အသည်းကွဲတာလည်း ပြတ်သားတယ်
တစ်ရက် သူ့လာကြိုတဲ့ ကားနံပါတ်မှာ
ကြယ်ပွင့်လေးကို မြင်လိုက်ရတဲ့အခါ
ကိုယ်က စက်ဘီးအစုတ်လေးပါ
အာဏာရှင်ကို မုန်းနေမိတာလည်း
သွေးထဲက အချစ်တစ်မျိုပေါ့။
( အဖြူ အစိမ်း ကဗျာမှ)

အခုလို
ပျော်ကျနေတဲ့ ကတ္တရာစေးနဲ့
မပျော်နိုင်တော့တဲ့ လမ်းတွေပေါ်
ကားအနက်ကြီးတွေ စီတန်းဖြတ်သွားတာ မြင်တိုင်း
ထစ်ခနဲဆို ခါးထောက်ပြီး
ကမ္ဘာကြီးကို မီးရှို့နေသူဟာ
ကိုယ်ပေါ့ကွာ။
(မနေ့ကလို ပြာစတွေ ကဗျာမှ)

စက်ဘီးလေးတွေဟာ ဘယ်တော့မှ အလျင်စလို မနိုင်ဘူး
သူတို့မှာ အရေးကြီးယာဉ်တန်းဆိုတာ မရှိဘူး
စက်ဘီးလေးတွေဟာ လက်ကိုင်ပေါ်မှာ မီးနီကြီးဖွင့်
ပီးပေါ် ပီးပေါ်အော်ပြီး အားအားယားယားလည်း အရေးကြီးပြမနေဘူး
( စက်ဘီးကလေးတွေ ကဗျာမှ)

နေပါဦးလား ဖေဖေရယ်
၂၀၁၅ နီးနေပြီ ဖေဖေရဲ့
မသွားပါနဲ့ဦး
ဥာဏ်နီဥာဏ်နက်တွေ ကောက်ကျစ်ယုတ်မာမှုတွေ
အခင်းအကျင်းလှည့်ကွက်တွေကို
အတူရင်ဆိုင် ဟားတိုက် ရယ်မောပစ်ချင်ပါသေးတယ်
ခဏလေးပါ
ခဏလေးပါ ဖေဖေရယ်
(အိပ်မက်ထဲမှာ ဖေဖေနဲ့ ဆုံစဉ်ခဏ ကဗျာမှ)

 ကဗျာဆရာ စံညိမ်းဦးကတော့ `ကဗျာဆရာဆိုတာ နှစ်မျိုးပဲ ရှိတယ်။ သမိုင်းသိစိတ် ရှိတဲ့ ကဗျာဆရာနဲ့ သမိုင်းသိစိတ်မဲ့တဲ့ ကဗျာဆရာ ´ဟု ဆိုသည်။ ထိုသို့ဆိုလျှင် မိုးရင့်ကြယ်သည် သမိုင်းသိစိတ်၊ နိုင်ငံရေးသိစိတ်ဖြင့် ယနေ့ခေတ်ကို ဖြတ်သန်းနေသည့် ကဗျာဆရာဖြစ်သည်။ ယနေ့နိုင်ငံရေးအခင်းအကျင်းလှည့်ကွက်များတွင် ဖိနှိပ်ခံရမှုများ အား ဖွဲ့စပ်သည့် သူ၏ ကဗျာများသည် ကဗျာဖတ်သူကို နိုင်ငံရေးသိစိတ်နှိုးဆွပေးနိုင်သည်။ သူ့ကဗျာထဲတွင် သူထည့် ပေးထားသည့် အကြောင်းတရား၊ အချက်အလက်၊ ကျိုးကြောင်းဆီလျှော်မှု၊ နာကျင်ခံစားရမှုများသည် သူ့၏ ကဗျာဖြစ်မှု အနုပညာအတတ်တွင် ကဗျာဖတ်သူကို တိုက်ရိုက်ကူးစက်ခံစားရစေသည်။ သူ၏ ကဗျာများသည် ယနေ့ခေတ် နိုင်ငံရေးအခြေအနေကို လှစ်ဟပြနေခြင်းလည်း ဖြစ်သည်။ `ဒီကဗျာကို လက်ပတ်အနီပတ်ထားတယ်၊ သယံဇာတတွေ ပေါတဲ့တိုင်းပြည်၊ အမေဟာ နွေဦးကို သေချာပေါက် ယူဆောင်လာလိမ့်မယ်၊ ကျွန်တော်တို့ မြေမှာ သူတို့အိမ်ဆောက် နေကြပြီ၊ စက်ဘီး ကလေးတွေ၊ သမီးက သုံးနှစ် ဖေဖေက ဆယ်နှစ်၊ အမေ့ကို ထိရင် ကမ္ဘာကို ကဗျာက စပြီး မီးရှို့ပစ်မယ်´ စသည့် ကဗျာများသည် ကဗျာဖတ်သူကို တစ်စုံတခုသော အတိုင်းအတာထိ နိုင်ငံရေးသိမှု၊ လူ့အခွင့်အရေး ဆုံးရှုံးမှု၊ သဘာဝသယံဇာတဆုံးရှုံးမှုများကို မီးမောင်းထိုးပြနေမည်မှာ အမှန်ဖြစ်သည်။ မပြောဖြစ်ခဲ့ခြင်းများအတွက် မိုးရင့်ကြယ် တစ်ယောက် နောင်တရနေမည်မဟုတ်တာ သေချာပါသည်။ တစ်ခါတရံ ပြောမှသိ၊ ထိမှ နာ၊ ကိုယ်မခံစားရသရွေ့ ကိုယ်ချင်းမစာနိုင်ကြသူများအတွက် မပြောဖြစ်ခဲ့ခြင်းများ ရှိနေတာ ကောင်းပါသည်။ ထိုသို့ မပြောခဲ့ခြင်းများအတွက်လည်း ကဗျာဆရာ မိုးရင့်ကြယ် ကို ကျေးဇူးတင်မိသည်။ ကဗျာဆရာ မိုးရင့်ကြယ် ဆက်လက်မျိုသိပ် ကျိတ်မှိတ်ထားနိုင်ပါစေလို့ ဆုတောင်းရင်း မပြောဖြစ်ခဲ့ခြင်းများကို မုဒိတာပွားလိုက်မိပါသည်။

မင်းနဒီခ
၁၃၊ ၅၊ ၂၀၁၅

No comments:

Post a Comment