Wednesday, September 30, 2015

ငါ့မိသားစုကို အခါမလပ် ငါကာကွယ်နေရတယ်- မင်းနဒီခ



ငါ့မိသားစုကို အခါမလပ် ငါကာကွယ်နေရတယ်

နှင်းတွေ တရှုံ့ရှုံ့ ကျနေတာ ဝမ်းနည်းစရာတောင် ကောင်းပါရဲ့
အဝါရောင်မီးခိုးတွေဟာ အိမ်နံရံကြားကနေ တိုးထွက်လာတယ်
မြင်းရိုင်းဖြူဖြူတွေ ကစုန်ပေါက်ပြေးလာသလို လူးလူးလွန့်လွန့်နဲ့
အပေါ်ဝတ် ချည်သားအင်္ကျီဟာ အနွေးဓာတ်ကို ဆုပ်ယူဖို့ ငြင်းဆန်တယ်
အရင်က ဒီလို ညတွေဆို တစ်ယောက်ကို တစ်ယောက်
အနွေးဓာတ်ပေးလို့ ငါတို့ ချစ်မှုပြုခဲ့ကြဖူးတာပေါ့
ခြုံစောင်တွေဟာ ငါတို့ခြေရင်းမှာ အထပ်ထပ်ပုံတိုက်လို့ ပန်းနုရောင် နှင်းဆီတစ်ပွင့်လို
အခုတော့ ခေါင်းလောင်းပန်းတွေဟာ သေခြင်းကို ကိုယ်စားပြုလို့ လှုပ်ယမ်းနေကြတယ်
လူဦးရေ နှစ်သန်းလောက် အိပ်မောကျနေတဲ့ မြို့လေးထဲ
ကိုယ့်သက်ပြင်း ချသံဟာ ကျယ်လောင်လွန်းနေခဲ့သလား
ခန်းစီးစတွေဟာ ပြတင်းပေါက်ကို ကွယ်နေတုန်းမှာပဲ ငါ့အခန်းတံခါးကို ပိတ်လိုက်တယ်
ဒီအမှုဟာ ငါထင်ထားတာထက် ပိုခက်ခဲ ပိုရှည်ကြာ ပိုဖြေရှင်းရဦးမှာပါပဲ
လေးကြိမ်မြောက် ရုံးချိန်းဟာ နောက်တစ်ပတ်တနင်္လာတိတိကို သတ်မှတ်လိုက်တယ်
ကိုယ်နံ့သင်းသင်းလေးဟာ ကိုယ်နံဘေးက ဖြတ်လျှောက်သွားသလို
နာရီကို ကြည့်မိတယ်။ ကိုယ်ပြန်မလာတဲ့ နေ့တွေဆီု သူဘယ်လိုများနေမှာပါလိမ့်
ကြောင်လိမ်လှေကားတွေဟာ တရစ်ချင်း တရစ်ချင်းနဲ့ မိုးသားထဲ တိုးဝင်ပျောက်ကွယ်သွားတယ်
ခေါ်သံတွေဟာ ကြယ်လို တလက်လက် လင်းလို့ တောက်တောက်ပပ
လာပါ။ ကိုယ့်ဘေးနားမှာ ထိုင်ပါ။ ပန်းသစ်တော်တွေရဲ့ အရည်ရွှမ်းမြမှုတွေနဲ့အတူ
အားရနှစ်လိုစွာ တစ်ယောက်ကို တစ်ယောက်ပွေ့ဖက်ထားရအောင်
ငြီးငွေ့မှုတွေ ကိုယ့်ကို လာ မပတ်သက်ခင် ခဏလေး ကိုယ်ကြည်နူးပါရစေ
ခါးပတ်ကြိုးတွေက တစ်ပတ်အတွင်းမှာပဲ ပိုရှည်ထွက်လာတယ်
ခြေဖျား လက်ဖျားတွေဟာ အေးခဲထုံကျင်လို့ သတိလစ်မေ့မျောသွားမတတ်
လက်အိတ်တွေကို စွပ်လိုက်တယ်။ အခု ချွတ်ထားတဲ့ ခြေအိတ်က ဘယ်သူ့ပိုင်ဆိုင်မှုလဲ
အသေးစားအာမခံကုမ္ပဏီကို ချက်ချင်းဆက်သွယ်လိုက်တယ်
တယ်လီဖုန်းနံပါတ်တွေတဆင့် ဆက်သွယ်ထားတဲ့
ကြိုးတန်းတလျောက် အဖြောင့်သွားတဲ့ စကားလုံးတွေ
ချစ်ခြင်းမေတ္တာဟာ ခေါင်းလောင်းမထိုးဘဲ အသံတွေ ဆူညံမြည်ကြွေးလို့
ကြုံတွေ့နေရတဲ့ အဖြစ်တွေ၊ အပျက်တွေ၊ ဘဝတွေ၊ ဘဝတွေ
လမ်းဟာ ငိုက်မြည်းနေတုန်းပါပဲ အရုဏ်တက်ချိန်ဟာ နောက်ကျကျန်ရစ်နေတုန်းပါပဲ
လက်တွေဟာ တစ်ဖက်ကို တစ်ဖက် နီးနီးကပ်ကပ်ဆုပ်ကိုင်ဖျစ်ညှစ်လိုက်တယ်
အနွေးဓာတ်ဟာ သွေးကြောတလျှောက် စီးဆင်းလာတယ်
မောဟိုက်ပင်ပန်းကြည်နူးကျေနပ်မှုရဲ့ အနံအလျားမှာ
သွေးစက်တွေဟာ ဖြူလွလွ အိပ်ယာခင်းတွေပေါ် စွန်းထင်းလို့
ကိုယ်အော်ပြောချင်မိတယ်။ ကိုယ့်စိတ်နောက်ကို ကိုယ် မလိုက်နိုင်ခဲ့ဘူးလို့
တိတ်တိတ်ကလေး ဝေးဝေးက တနင်္ဂနွေ
ဓမ္မတေးတွေဟာ အခန်းကျဉ်းလေးထဲ ပြည့်လျှံလို့ပေါ့ တစ်မနက်ခင်း
လမ်းမီးတိုင်တွေဟာ မီးလင်းနေတုန်းပဲ။     

မင်းနဒီခ
(၂၈၊ ၉၊ ၂၀၁၅)

No comments:

Post a Comment