Saturday, January 30, 2016

လူ​ ​မျှော်​ချင်း လန်း ​ကျောက်​စာ

လူ မျှော်ချင်း လန်း ကျောက်စာ

စာအုပ်အမည်- မျှော်ချင်းကျောက်စာ
ရေးသူ - လူလန်း
ထုတ်ဝေသည့်ကာလ- ၂၀၁၆၊ ဇန်န၀ါရီ
ထုတ်ဝေသည့်တိုက်- ကျော်မွှေး

လူလန်းဟာ ၁၉၈၇ ခုနှစ်လောက်ကတည်းက ကဗျာများကို စတင်ရေးဖွဲ့ခဲ့ပြီး ၁၉၉၅ ရောက်မှ မြားနတ်မောင် မဂ္ဂဇင်းမှာ စတင်ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ ကဗျာဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ခေတ်ပေါ်ကဗျာ ခေတ်ဦးကို ကောင်းကောင်းသိမှီလိုက်တဲ့သူတစ်ဦးဖြစ်ပြီး ခေတ်ပေါ်ကဗျာအမြောက်အမြားကိုလည်း ရေးဖွဲ့ခဲ့သူတစ်ဦးလည်း ဖြစ်တယ်။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအရ သူ့ကဗျာတွေဟာ ပုံနှိပ်စာမျက်နှာနဲ့ ထိတွေ့ဆက်သွယ်မှု နည်းခဲ့ပေမယ့် သူနဲ့ ကဗျာ အဆက်အသွယ်မပြတ်တောက်ခဲ့တာ၊ ကဗျာအပေါ်ထားတဲ့ သူရဲ့ စမ်းသပ်တီထွင်လိုစိတ်နဲ့ အသစ်ဖန်တီး ရေးသား ချင်စိတ် တွေ ပြတ်တောက်မသွားခဲ့တာတော့ ၀မ်းသာစရာ ကောင်းလွန်းပါတယ်။
လူလန်းဟာ ၂၀၁၃ မှာ ပထမဆုံးကဗျာစုစည်းမှုအဖြစ် ` စက်ခေါင်းအသစ်တင်ထားတဲ့ မြို့ပတ်ရထားပေါ်မှာ လူလန်းကို တော်ပါတော့တွေနဲ့အတူ တွေ့လိုက်ပါသလား´ နဲ့ ကဗျာရှည် ၈ ပုဒ်စုစည်းထားတဲ့ `ပြောင်းတယ် လဲတယ် ဆိုတာ အမျိုးမျိုး ´ ကဗျာစာအုပ်၊ နောက် ၂၀၁၄ မှာ ဒုတိယမြောက် ကဗျာစုစည်းမှုဖြစ်တဲ့ `တင်ဆက်သူများအကြောင်း´၊ ၂၀၁၅၊ ဖေဖော်ဝါရီမှာ ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀)ပြည့် အတွက် ရည်ရွယ်ရေးသားထားတဲ့ `ကောင်းချီးသြဘာ ငိုချင်း´ ကဗျာရှည်လုံးချင်း စတဲ့ ကဗျာစာအုပ်(၄) အုပ် ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အခု ဒီစာအုပ်က ငါးအုပ်မြောက် ထွက်ရှိ လာတာဖြစ်ပြီး ကဗျာရှည် ၂ ပုဒ်လို့ ပြောရမလား။ ဒါမှမဟုတ် ကဗျာစီးရီး ၂ ပုဒ် စုစည်းမှုလို့ ပြောရမလားပါပဲ။ ကဗျာစီးရီးလို့ ဆိုရင်လည်း လူလန်းရဲ့ `မျှော်ချင်းကျောက်စာ´ ကဗျာ စီးရီးရေးဖွဲ့မှုဟာ ဆရာ ခင်အောင်အေးရဲ့ ဘီအာရ်၊ ဆရာ အောင်ခင် မြင့်ရဲ့ နိုင်ငံတော်သီချင်း၊ ဆရာ မောင်ဒေးရဲ့ ရုပ်ရှင်ကဗျာများ၊ ဆရာ ကိုထက်(ရေဦး)ရဲ့ မျက်ရည်၊ ဆရာ အောင်ပြည့်စုံရဲ့ ဂေါက်သီးရိုက်ခြင်း စတဲ့ ကဗျာစီးရီးရေးဖွဲ့မှုနဲ့ မတူညီပါဘူး။ မျှော်ချင်းနဲ့ ကျောက်စာ စတဲ့ ခေါင်းစဉ်တစ်ခုမှာ အပိုဒ်ပေါင်း/ အပုဒ်ပေါင်း ၄၀ စီနဲ့ ဖွဲ့စည်းထားတယ်။ မျှော်ချင်းကျောက်စာမှာ ကဗျာတပုဒ်ချင်းစီအဖြစ် သီးခြားစီ ဖတ်မယ် ဆိုရင်လည်း သီးခြားအဓိပ္ပာယ်တည်ဆောက်မှု တစ်မျိုးစီ ရရှိနိုင်မှာ ဖြစ်ပြီး ကဗျာပိုဒ်တွေ အဖြစ် တဆက်တည်း မနားတမ်း ဖတ်ပြီးတော့ လည်း စုစည်းထားတဲ့ အဓိပ္ပာယ်တည်ဆောက်ထားမှုကို ရနိုင်မှာ ဖြစ်ပါတယ်။
လူလန်းဟာ စမ်းသပ်မှုတွေကို စိတ်ဝင်စားသူ၊ ကဗျာအပြောင်းအလဲနဲ့ ကဗျာအရွေ့အပေါ်မှာ အမြဲတမ်း စီးမျော လိုက်ပါနေလေ့ရှိသူ၊ ကဗျာနည်းနာတက္ကနစ်တွေနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် လေ့လာနိုင်စွမ်းရှိပြီး အဆိုပါ ကဗျာနည်းနာ တက္ကနစ်တွေအပေါ်မှာလည်း မေးခွန်းထုတ် ဆန်းစစ်ပိုင်းခြားတတ်လေ့ရှိသူ တစ်ဦးဖြစ်ပါတယ်။ အခု ဒီစာအုပ်နာမည်မှာ `မျှော်ချင်း´ ဆိုတာကို တွေ့လိုက်တော့ ကျနော် အရမ်းစိတ်ဝင်စားသွားတယ်။ လူလန်းဟာ တောင်ငူခေတ်၊ ညောင်ရမ်း ခေတ် တို့ဆီမှာ ထွန်းကားခဲ့တဲ့ အန်ချင်း၊ အဲချင်း၊ တျာချင်း၊ အိုင်ချင်းတွေဆီကိုများ ပြန်သွားချင်နေပြီလား။ ဒါမှမဟုတ် ခေတ်ပြိုင်ကဗျာအရွေ့ရဲ့ အပြောင်းအလဲမြန်ဆန်မှု၊ ငြီးငွေ့လွယ်ကူလာမှုတွေအပေါ်မှာ အရွဲ့များ တိုက်ချင် လို့လား စတဲ့ မေးခွန်းတွေနဲ့ သူ့ကဗျာတွေကို စဖတ်ဖြစ်ပါတယ်။ လမ်းကြုံလို့ မှတ်သားထားရသမျှထဲက ပြန်ကောက်ရရင် အဏ်ချင်း(အန်ချင်း)ကဗျာအမျိုးအစားကတော့ စာဆိုရှင်ရဲ့ ဘ၀ကြေးမုံပြင်ကို အရိပ်ထင်ဟပ်စေတဲ့ စာပေ ရေးဖွဲ့ဟန် ဖြစ်ပါတယ်။ တျာချင်းကဗျာကတော့ တျာသံကို အခြေခံရေးဖွဲ့ရတဲ့ သီချင်းကဗျာ တစ်မျိုးဖြစ်ပြီး ညောင်ရမ်းခေတ်မှာ သက်ဦးဆံပိုင်ပဒေသရာဇ်အရေးဖွဲ့ဆိုမှုကနေ ဆင်းရဲသားပြည်သူများရဲ့ ဘ၀နဲ့ခံစားချက်များကို ဦးစားပေးဖွဲ့ဆိုတဲ့ ကဗျာ အမျိုးအစားဖြစ်ပြီး အဲချင်းကတော့ `အဲ´သံနဲ့ချီ `အဲ´ဟူသောအသံချပြီး အစုအဝေးနဲ့ ရွတ်ဆိုရတဲ့ ကဗျာအမျိုးအစား ဖြစ်ပါတယ်။ အိုင်ချင်းကဗျာမှာတော့ အရေး အဖွဲ့အားဖြင့် လေးလုံး တစ်ပိုဒ် ရကန်သွား၊ အဲချင်းကဗျာ အသွားလိုမျိုး ငါးလုံး၊ ခြောက်လုံး၊ ခုနှစ်လုံးတစ်ပိုဒ်ယူပြီး ပြန်ဂဟပ်စပ်နည်းနဲ့ ကာရန်ယူကာ ရေးသားရတဲ့ ကဗျာမျိုး ဖြစ်ပါတယ်။ အချီတွေမှာ များသောအားဖြင့်` ချစ်တဲ့ သူငယ်လေ၊ သူငယ်ချင်းကောင်း ယောင်းမတို့ရေ´ဆိုတဲ့ အာလုပ်စကားကို အဖွင့် ရေးသားတတ် ပေမယ့် အာလုပ်စကား မချီထားတဲ့ အိုင်ချင်းကဗျာတွေကိုလည်း ညောင်ရမ်းခေတ်မှာ အများအပြား တွေ့ရတယ်လို့ မှတ် သား ရပါတယ်။
အခု မျှော်ချင်းမှာ အကြောင်းအရာပိုင်းအနေနဲ့ ဘာသွားတိုက်ဆိုင်သလဲဆိုတော့ အန်ချင်းတွေမှာ တွေ့ရလေ့ရှိတဲ့ ကဗျာဆရာရဲ့ တစ်ဦးပုဂ္ဂလခံစားချက်၊ မျှော်လင့်ချက်နဲ့ အတိတ်ကာလရဲ့ဖြစ်ပျက်တည်ရှိမှုကို လွမ်းဆွတ်မှန်းမျှော်မှု။ ဒီလို ဆိုရင် လူလန်းဟာ ရေးဟန်စနစ်ကို အပြောင်းအလဲပြုလုပ်ထားတဲ့ ခေတ်ပြိုင် အန်ချင်းတစ်ပုဒ်ကို ဖွဲ့ဆိုလိုက်တာလား။ တစ်ခုတော့ ရှိပါတယ်။ လူလန်းရဲ့မျှော်ချင်းတွေဟာ သူတစ်ဦးတည်နဲ့ သက်ဆိုင်တဲ့၊ သူ့တစ်ယောက်တည်းကိုသာ ကိုယ်စား ပြုတဲ့ ပုဂ္ဂလခံစားချက်၊ မျှော်လင့်ချက်နဲ့ လွမ်းဆွတ်မှန်းမျှော်မှုတွေ မဟုတ်ပါဘူး။ သူ ရေးဖွဲ့ထားတဲ့ မျှော်ချင်းတွေဟာ ဒီကနေ့ ခေတ် အောက်ခြေလူတန်းစားတွေကို ကိုယ်စားပြုတယ်။ ကျေးလက်နေ တောင်သူလယ်သမားတို့ရဲ့ ဘ၀ကို ကိုယ်စားပြု တယ်။ ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားလူငယ်တွေကို ကိုယ်စားပြုတယ်။ နောက်ဆုံး တကမ္ဘာလုံးက တောင်းဆိုနေတဲ့ ငြိမ်းချမ်းရေး ဆိုတာကို ကိုယ်စားပြုတယ်။ ဒီကနေ့ မျက်မှောက်ခေတ်မှာ ပြည်သူလူထု တရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကျပ်အတည်းတွေကို ကိုယ်စားပြုနေပါတယ်။

`ယာ ကုန်ရင် နွား နွား ကုန်တော့ လုပ်အား
အဖေ့ခေတ်ရောက်မှ ညံ့ရမှာလား
သွားလေသူ မယ်ဒေါင်း ဆို
သူ့သမီးကို ဒေါ်စု လို ရှုမဝ
မျှော်ချင်းကို အောင်နိုင်ရေး သီချင်းလုပ် ဆိုကြ´
(မျှော်ချင်း အပိုဒ် ၇ မှ)

`အကြမ်းဖက်သူကို နှိမ်နှင်းမယ် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အကြမ်းဖက်မယ်
အများစုအတွက် အနည်းစုကို ထိန်းချုပ်တယ် ဖျောက်ဖျက်တယ် လူတွေ သေတယ်
အမဲလိုက်သေနတ်နဲ့ ခေတ်ဟာ လွတ်နေတဲ့ ရွှေသမင် ဖြစ်တယ်
လူတွေသေတယ် မသေဘဲ ကျန်နိုင်တာ မျှော်ချင်းလား´
(မျှော်ချင်း အပိုဒ် ၂၂ မှ)

`ရောင်နီထဲ ခေါင်းလောင်းသံ ချိုဟည်း အဝေးပြေး ကျောင်းတော်များ
ရဲတိုက်ထဲ ကျီးကန်းတွေ ပျံဝဲလို့ ဖေဖော်ဝါရီဟာ
နိုင်းလောက်အထိ အမြစ်ကို လှန်စတမ်း
တစ်ယောက်တစ်လက်များပါပဲ
မျှော်ချင်းကို ဒဏ်ကြေဆေးတွေ လူးလို့ ရွှေပြည်တော် ရောင်ရမ်း´
(မျှော်ချင်း အပိုဒ် ၃၀ မှ)

`စစ်ပွဲတွေ ဆက်ဖြစ်နေရတာ
လက်နက်စက်ရုံအလုပ်သမားတွေ အတွက်ပါ´ တဲ့
စားပွဲဝိုင်းကိုယ်စီမှာ အသားစအဖြေတွေနဲ့ ဧည့်ခံလျှက်
မျှော်ချင်းဟာ မြစ်ပွားနာ ဖြစ်တယ်´
(မျှော်ချင်း အပိုဒ် ၃၈ မှ)

မျှော်ချင်း ကဗျာစုတွေဟာ ဒီကနေ့ခေတ်ကြီးရဲ့ ခေတ်ပြိုင်အာရုံခံစားမှုကို ရေးဟန်အသစ်စမ်းသပ်မှုတွေ၊ စကားလုံးအတွဲအစပ် အသစ်တွေနဲ့ ချပြတာပဲ။ ဒီထက်ပိုပြောရရင် အသစ်ဖန်တီးထားတဲ့ ခေတ်ပြိုင်အန်ချင်းတွေပဲ။ လူလန်းဟာ ရိုးရာကဗျာပုံစံကို ရေးဟန်အသစ်နဲ့ ပြန်လည် တည်ဆောက်ထားခြင်းပဲ ဖြစ်တယ်။ စကားမစပ်ထည့်ပြောရရင် အခု ၂၀၁၅ ခုနှစ်ဝန်းကျင် ကဗျာရေးဖွဲ့နေကြတဲ့ လူငယ်/ လူလတ်ပိုင်း ကဗျာဆရာ တွေဟာ Modern, Post Modern, LP, PLP, Neo, Conceptual စတဲ့ ကဗျာနည်းနာ တက္ကနိတွေကို ငြင်းဆန်လာတယ်လို့ ထင်ရတယ်။ ပုံသဏ္ဍာန်အရ အပြား/ လေးထောင့်ကွက်စီထားတဲ့ ကဗျာတွေ အရေးနည်းလာတယ်။ စကားလုံး/ ဘာသာစကား ဆော့ကစားမှုတွေ နည်းလာ တယ်။ အဲဒီလို ရေးဟန်တွေကို ငြီးငွေ့မှု မြန်ဆန်လာတယ်လို့ ပြောရမလားပဲ။ စာကြောင်းရှည်တွေတော့ သုံးနေကြ သေးတယ်။ ရိုးရှင်းမှုဆီကို ပြန်ဦးတည်လာတယ်။ ခက်ခဲအောင် တမင်လုပ်မရေးတော့ဘဲ မတော်တဆလောက်ပဲ ပါလာ တော့တယ်။ ဘာတွေ ပိုကောင်းလာသလဲလို့ ကျွန်တော့်အမြင်ပြောရရင် ကဗျာဖတ်သူဆီ ကူးစက်မှုမြန်ဆန်လာတယ်။ အကြောင်းအရာ ဆန်းသစ်မှု နောက်ကို လိုက်လာတယ်လို့ မြင်တယ်။
လူလန်းရဲ့ အရင်တုန်းက ရေးဟန်တွေဖြစ်တဲ့ အသံစီးဆင်းမှုတွေ၊ စကားလုံးတစ်လုံးချင်းစီရဲ့ သီးခြားအဓိပ္ပာယ် သက်ရောက်မှုတွေ၊ သံတူကြောင်းကွဲ လုံးကောက်တွေ၊ Fragment ပြုလုပ်ထားတဲ့ စာသားတွေ၊ အသံတူ (သို့) အဓိပ္ပာယ်တူ စကားလုံး ဆက်စပ်မှုကနေ အခြားလိုင်းတစ်လိုင်းကို ခုန်ကူးတတ်တာတေကို ဒီကဗျာစုတွေမှာ တော်တော့်ကို အနည်း အပါးသာ အသုံးပြုထားတာကို တွေ့ရပါတယ်။
များသောအားဖြင့် လူလန်း အရင်ရေးဖွဲ့ခဲ့တဲ့ ကဗျာအများစုဟာ ကဗျာဖတ်သူနဲ့ အသားကျနေတဲ့ Lyric ကဗျာ များလို ပန်းတိုင်ကို အလွယ်တကူ သွားလို့ရတာမျိုးမဟုတ်ပါဘူး။ စကားလုံးတစ်လုံးစီရဲ့ အဆင့်ဆင့်ဂယက်အနက် ခွဲဖြာထွက်ရှိမှု၊ မူလစကားလုံးရဲ့ သီးခြားအဓိပ္ပာယ်၊ သိမှုနယ်ပယ်ချဲ့ထွင်ဖို့နဲ့ ကိုယ်တိုင်ပါဝင် အားထုတ်ဖို့ ချပြထားသော စကားလုံးအခင်းအကျင်းတွေ၊ ကဗျာနဲ့ ကဗျာဖတ်သူဟာ ခံစားသူနဲ့ ဖျော်ဖြေခံ ပုံစံမျိုးမဟုတ်ဘဲ ကဗျာထဲမှာ ကဗျာ ဖတ်သူကို တသားတည်း ရှိနေစေလိုမှုတွေ၊ ကဗျာစာလုံးတစ်လုံးနဲ့ တစ်လုံးပေါ် ဒါမှမဟုတ် စာကြောင်းတစ်ကြောင်းနဲ့ တစ်ကြောင်းအပေါ် သိသိသာသာ Overlaping ပြုလုပ်ထားရှိမှုတွေ၊ ကဗျာဖတ်သူ ရယူခံစား နေတဲ့ အနေအထားတစ်ခုကို မထင်မှတ်တဲ့ လမ်းကြောင်း ပြောင်းလဲစေမှုတွေ စတာတွေနဲ့ လူလန်းဟာ သူ့ရဲ့ ပါးနပ်မှု၊ စကားလုံးကြွယ်ဝ ကျစ်လစ်မှုတွေနဲ့ အတူ ကဗျာဖတ်သူကို ကဗျာ့အပြင်ဘက်ဆွဲခေါ်သွားတတ်တဲ့ ကဗျာရေးသူ တစ်ယောက် လည်း ဖြစ်ပါတယ်။
အခု မျှော်ချင်းကျောက်စာမှာကျတော့ လူလန်းဟာ ကဗျာဖတ်သူကို အာရုံတစ်ခုတည်းကိုသာ စူးစိုက်စေလိုတဲ့ သဘောကို တွေ့ရတယ်။ ကဗျာဖတ်သူဟာ ကဗျာဆရာ ချပြထားတဲ့ မတူကွဲပြားတဲ့ လမ်းအသွယ်သွယ်ကနေ နောက်ဆုံး လမ်းဆုံးမှာ ပန်းတိုင်တစ်ခုထဲဆီကိုပဲ ပြန် ပြန်ရောက်နေတယ်။ ကဗျာဆရာဟာ ကဗျာဖတ်သူကို အာရုံပျံ့လွင့်မသွားအောင် ကဗျာတိုင်းရဲ့ နောက်ဆုံးစာကြောင်းတွေကနေ ပြန်ဆွဲ ခေါ်ယူတယ်။ ကြီးကြီးကျယ်ကျယ် ပြောရရင် မျှော်ချင်းဟာ ကဗျာဆရာရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တယ်။ ကဗျာဖတ်သူရဲ့ နောက်ဆုံးမျှော်လင့်ချက်လို့လည်း ကဗျာဆရာက ဆိုလိုချင်ဟန်တူပါတယ်။
ကျောက်စာမှာလည်း ဒီအတိုင်းပါပဲ။ လူလန်းဟာ သူ့အဘိဓမ္မာ နဲ့သူ၊ သူ့ကဗျာဆိုင်ရာသိမှုနဲ့သူ ကဗျာကို အလေး အနက်ဆင်ခြင်သုံးသပ်ပြီး ကဗျာဖြစ်ထွန်းတိုးတက်မှု လမ်းကြောင်းပေါ်မှာ အစဉ်တစိုက် ရပ်တည် ရေးဖွဲ့နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ လူလန်းဟာ ကဗျာဖတ်သူအတွက် ခက်ခဲတဲ့ ကဗျာတည်ဆောက်မှုပုံသဏ္ဍာန်ထဲနေ ကဗျာဖတ်သူ အတွက် နားလည်မှု/ သိမှု တည်ဆောက်ရတာ ရိုးရှင်းလွယ်ကူတဲ့ ကဗျာတွေဆီ ဘာဖြစ်လို့ ဦးလှည့်နေတာလဲ။ တနည်းပြောရရင် ပန်းတိုင်ကို ကဗျာဖတ်သူက တည်ဆောက်ယူရတဲ့ ခေတ်ပြိုင်ကဗျာအခင်းအကျင်းတွေထဲမှာ ပန်းတိုင်ကို တိတိကျကျ ချပေးပြီး ကဗျာဖတ်သူကို ရောက်အောင်သွားစေတဲ့ ကဗျာတွေ ဘာလို့ ရေးဖွဲ့ခဲ့တာလဲ။ ခက်ခဲတဲ့ ကဗျာ/ ပန်းတိုင်မဲ့တဲ့ ကဗျာတွေဟာ ကဗျာဖတ်သူနဲ့ အလှမ်းဝေးသွားတယ်လို့ ခံစားမိလို့လား။ ဒါမှမဟုတ် ကဗျာဆရာက ကဗျာဖတ်သူဆီ ခြေတစ်လှမ်းပြန်နောက်ဆုတ်ပေးလိုက်တာလား။ ဒီလိုပြောလို့ လူလန်းရဲ့ ကဗျာတွေဟာ ကဗျာရဲ့တန်ဖိုး၊ စံနှုန်းတွေ လျော့ချသွားတယ်လို့တော့ ကျွန်တော် မဆိုလိုပါဘူး။ ခက်ခဲတဲ့ ကဗျာတည်ဆောက်မှုအနေအထားကနေ ရိုးရှင်းလွယ်ကူပြီး နားလည်ရလွယ်ကူလာတဲ့ ကဗျာဆီ ရွေ့လာတာကိုပဲ ပြောချင်မိတာပါ။ ထပ်ပြောရရင် လူလန်းရဲ့ ကဗျာအစုအဖွဲ့တွေဟာ တစ်ပိုဒ်ချင်းစီမှာကို သီးခြားအဓိပ္ပာယ်ဖော်ဆောင်မှုတွေ ရှိနေပြီး ကဗျာတွဲအဖြစ် စုစည်းလိုက်တဲ့ အခါမှာလည်း ပြေပြစ် ညီညွှတ်မှု အလှတရားတွေ ရှိနေတာကို တွေ့ရပါတယ်။ လူလန်းရေးထိုးထားတဲ့ ကျောက်စာတွေဟာ ပြန်ဖျက်ဆီးလို့ မရနိုင်အောင်၊ ပြောင်းလဲဖန်တီးလို့ မရနိုင်အောင် ပြုလုပ်ထားတဲ့ ကျောက်စာတွေပဲ ဖြစ်တယ်။ နေ့တဓူဝ ကျနော်တို့ ရင်ဆိုင်ဖြတ်သန်းကုန်ဆုံးသွားတဲ့အချိန်ကာလတိုင်းရဲ့ အပြုအမူတွေဟာ ကျနော်တို့ ရေးထိုးလိုက်တဲ့ ကျောက်စာတွေပဲ ဖြစ်တယ်။ ကျနော်တို့ ချန်ရစ်ထားခဲ့ရမယ့် သမိုင်းပဲ ဖြစ်တယ်။ ပျော်ရွှင်ကြည်နူးစရာတွေ၊ နာကျင်ကြေကွဲစရာတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေ၊ လက်နက်ကိုင်အနိုင်ကျင့်နှိပ်စက်ဗိုလ်ကျခဲ့မှုတွေ စတဲ့ ဖျောက်ဖျက်မရတဲ့ အဖြစ်အပျက်တွေဟာ ကျောက်စာချပ်တွေအဖြစ် အချိန်ကာလက သိမ်းဆည်းထားပေးမှာဖြစ်တယ်။ နောက်လူတွေ ပြန်တူးဖော်ကြတဲ့အခါ ကျနော် တို့ ရေးထိုးခဲ့တဲ့ သမိုင်းဟာ ကျနော်တို့အကြောင်းကို ကောင်းကောင်းဆိုးဆိုး ပြန်ပြောပြနေမှာပဲ ဖြစ်ပါတယ်။

`လရောင်ထဲ မြင်းရိုင်းတွေ ခုန်ပေါက်နေတဲ့ မြင်ကွင်းဟာ တို့ရှေ့တည့်တည့်ကမ်းမှာလား
လရောင်က အမေ့လို ဆန်ဆီဆား တန်းစီ မထုတ်ဖူးခဲ့ဘူး
မမလေးလိုလည်း နေပူကြဲထဲ အစာငတ်ခံ သပိတ် မနွှဲဖူးပါဘူး
မြင်းရိုင်းတွေက အဖေ့လို ကဗျာတစ်ပုဒ်အတွက်နဲ့ ဆိတ်ဖလူးပန်းနံ့ မရှူခဲ့ရဖူးဘူး
အကိုကြီးလိုလည်း ခွပ်ဒေါင်းအလံ မ၀င့်ဖူးသေးဘူး အသစ်ကာလများ´
(ကျောက်စာ အပိုဒ် ၁ မှ)

`လူတစ်ခု ပူမှုရယ်တဲ့ အသင်္ချေဆိုလား
သာရေး နာရေးတွေ အပြင် အမျိုးဘာသာဆိုတာလည်း တရေး
ဟိုးတစ်ခါလို လိုအပ်မှ အမိန့်နာခံပေါ့
ညည ကျမ အိပ်မရတော့ဘူး အကို
အအိပ်အနေနည်းလည်း ကျောက်စာထဲ ပါရဲရင် အိုကေပါ´
(ကျောက်စာ အပိုဒ် ၃ မှ)

ဒီလိုနဲ့ပဲ ၅ နှစ်ကြာ ကာလမြစ်ဟာ တာရိုးကျော် သဲသောင်များပို့သ
မျက်နှာ အပွင့်ဆိုင်ချိန်မှာသာ အောက်ပိုင်းသေ ခြေထောက်တွေကို မေ့ထား
ဖြည်းဖြည်းသက်သာ အက်ကွဲကြောင်း လျှာတွေကို ပထမလုဘက် ဖာတယ်
ရေဗူးအခွံတွေထဲ သောက်ရေ ရှာတယ် ရေတွင်းတူးတယ် ရေကြည်နှောက်တယ်
ရေမထွက် ကျင်းဟောင်းလေးမှာ လေမရှူအလောင်းသစ်ကို မြှုပ်တယ်
ကျား မ မကွဲ ဦးခေါင်းခွံ ၅ လုံးကို ထပ်မံတွေ့ရှိတယ်´
(ကျောက်စာ အပိုဒ် ၈ မှ)

`ကမ္ဘာကြီးက ကျဉ်းတယ်ဆို မိသားစုတွေကို ညစာအတူ ပြန်စားခွင့်တွေ ပေး
ကားကြီးပေါ် ပါသွားတဲ့ သံတိုင်တံခါးတွေကို ပြန်ဖွင့်ပေး
သေနတ်ပစ်ဖောက်လွှတ်ရာက ပျံရင်းသေရတဲ့ ချိုးငှက်လေးတွေကို ပြန်လျှော်ပေး
မြို့ရှောင်လမ်းရှိရာကိုမှ မြို့ဟာ အတိအကျ ရောက်ရောက်လာရသည့်ပမာ
အသစ်တပ်ဆင်နေရ သဂြိုဟ်စက်ကြီးကို ကျောက်စာလည်း မနိုင့်တနိုင်´
(ကျောက်စာ အပိုဒ် ၁၃ မှ)

`မိသားစုလို ချန်ထားခဲ့သူကို ကျန်ရစ်သူတွေ လွမ်းလို
အမိုးအကာ မလုံမလဲနဲ့ အရိုးတင်အရေမှာ
ကျောက်စာဟာ ခိုက်ခိုက်တုန် ငန်းဖျားနေလည်း
အလံတွေမှာ အနီရောင် ကဲမြဲ ကဲလို့´
(ကျောက်စာ အပိုဒ် ၂၀ မှ)

လူလန်းဟာ သူ့ရဲ့ ` မျှော်ချင်း ကျောက်စာ´ကို ဘာသာစကားအဆောက်အဦတည်ဆောက်မှုအပေါ် အခြေခံကာ ပန်းတိုင်တစ်ခုတည်ဆောက်ဖန်တီးပြီး ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ အရင်ရေးသားနေကျ ကဗျာတွေလောက် ကဗျာဖတ်သူ အတွက် ခက်ခဲမှုမရှိနိုင်လောက်ဘူး ဆိုပေမယ့် အခုကဗျာတွေကတော့ ကဗျာဖတ်သူကို သူရေးဖွဲ့ထားတဲ့ စကားလုံး တွေက ပြန်လှန်မေးခွန်းထုတ် ဦးနှောက်စားစေဦးမှာပဲ ဖြစ်ပါတယ်။ ကဗျာစကားလုံးအသုံးပြုပုံ၊ ကဗျာလိုင်းတစ်လိုင်းနဲ့ တစ်လိုင်း ကူးဆက် ချိတ်တွဲသွားပုံ၊ ခေတ်ပြိုင်ဟန်ကဗျာအရေးအသားများကြားထဲ ကျေးလက်ပြည်သူသုံး စကားလုံးများ ညှပ်ယူ ချိတ်တွဲ Collage ပြုလုပ်သွားပုံ စတာတွေဟာ ယနေ့ခေတ်ကာလအခင်းအကျင်းများကြားထဲက ကဗျာဖတ်သူကို မေးခွန်းတွေ တရစပ်ဖြေခိုင်းနေဦးမှာ ဖြစ်ပါတယ်။ ဥပမာ-

`ကိုယ့်ဆီလာတဲ့ အိပ်မက်တွေကိုတောင်မှ
စိတ်ကြိုက်ရွေးချယ်ခွင့်မရှိတဲ့ ကမ္ဘာကြီးထဲ
စောင့်ကြည့်ခံ အစေ့အနေအထားနဲ့
ငါတို့မှာ ရေသောက်မြစ် ကျန်သေးလား´

`ငှက်ကလေးတွေ မှန်ပြတင်းကို တိုးရင်းတိုက်ရင်း
ထွက်ပေါက်မှာ သွေးသံတရဲရဲ ပေစွန်းရ
နှင်းဆီဟာ ဖြူဖတ်ဖြူရော်နဲ့ လှမှာလား´

`မြင့်တက် နယ်ချဲ့ ရေနှုတ်မြောင်းများ ရှင်လား ကျမလား
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသော အလင်းများ
ဘုရား ဘုရား ကျမတို့ သတ်ဖြတ်ပစ်ခဲ့တာ အမှောင်ပါနော်´

`မအိုခင် သွေးတစက်စက်တွေ ဒယီးဒယိုင် ဖြားယောင်းနေသေးလား
တဟီးဟီးတဟားဟား ဆာလောင်ခြောက်လှန့်ကို မိဘနှစ်ပါး ခံနိုင်လို့လား
အလျားလိုက် ဘွားကနဲ ဗဟို ထိန်းချုပ်ရေးဌာနဆိုတာ မြင်မိသလား
တာဝေးပစ် ဒုံးခွင်း ဒုံးပစ်စင်လို ဝရံတာ လက်ရမ်းကို မှီလိုက်တာလား
တိကနဲ ပြတ်သွားတဲ့ ခေါင်းနောက်မှာ ဆုတံဆိပ်ပြားပါသွားတာ သေချာလား´

အဆုံးသတ်အနေနဲ့ ပြောရရင် လူလန်းရဲ့ `မျှော်ချင်းကျောက်စာ´ သူ့ရဲ့ လေ့လာဆန်းစစ်မှု၊ အားထုတ်မှုနဲ့ ကဗျာအပေါ် ချစ်မက်စိတ်၊ တီထွင်ဖန်တီးစမ်းသပ်ရေးသားလိုစိတ်တွေအပြင် ဒီကနေ့ နိုင်ငံရေးအခင်းအကျင်းအားပြိုင်မှု၊ အသွင်ပြောင်းအာဏာရှင်အစိုးရလက်အောက်က ပြည်သူ့အသံကို တူးဖော်မှု၊ ဒီကနေ့ ပြည်သူလူထုရဲ့ အနာဂတ် မျှော်လင့်ချက်နဲ့ ခေါင်းဆောင်သစ်လိုလားမှု စတာတွေကိုပါ ကဗျာတွေနဲ့ ခင်းကျင်းတင်ဆက် ပေးစေခဲ့ တာပဲ ဖြစ်ပါတယ်။ ဆရာ လူလန်း ကျန်းမာပါစေ။ ဆရာလူလန်းရဲ့ မျှော်ချင်းမှာ ဆရာလူလန်း မျှော်မှန်းထားတဲ့ ကျောက်စာ ကို ရေးထိုးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျား။

မင်းနဒီခ
၁၇၊ ၁၀၊ ၂၀၁၅

No comments:

Post a Comment