တောင်ပံခတ်သံ တဖျတ်ဖျတ်မှာ
ရွှေအိုရောင်တွေ လင်းပလို့
စာအုပ်အမည် ညနံရံကို ရိုက်ခတ်လာသော တောင်ပံများ
ရေးသူ အဂ္ဂလင်း၊ နိုင်ထက်နိုင်
ထုတ်ဝေသည့်ကာလ ဇွန်လ၊ ၂၀၁၃
ထုတ်ဝေသည့်တိုက်
ကြယ်နီစာအုပ်
အဂ္ဂလင်းနှင့်ကျွန်တော်
လူချင်းစတင်ခင်မင်ရင်းနှီးခဲ့သည်က မဂ္ဂဇင်းစာမျက်နှာများပေါ်မှာ မဟုတ်။
ပြင်ပသက်ရှိလောက မှာ မဟုတ်။ အင်တာနက်ဖေ့ဘုတ်လောကကြီးထဲက အွန်လိုင်းလင်း ရောင်ခြည် ဟု
အမည်ပေးထားသော အွန်လိုင်းစာပေ၀ိုင်းတစ်ခုမှာ ဖြစ်သည်။ တကယ်တမ်းကျတော့ ၂၀၀၆
ခုနှစ်လောက်ကတည်းက စာမျက်နှာများ
ပေါ်တွင် ဖြတ်သန်းနေသည့် အဂ္ဂလင်းဆိုသည့်
ကလောင်နာမည်သည် ကျွန်တော်တို့နှင့်မစိမ်း။ အွန်လိုင်းလင်းရောင်ခြည် စာပေ၀ိုင်းမှာ
ကျွန်တော် အက်ဒမင်တစ်ယောက်အဖြစ်စတင်လှုပ်ရှားသည့်အခါ အဖွဲ့ဝင်တစ်ဦးဖြစ်သည့်
အဂ္ဂလင်းနှင့် ပိုရင်းနှီး လာခဲ့သည်။ အဂ္ဂလင်းက ပခုက္ကူဇာတိ။ ပြောရလျှင်
ခေတ်ပေါ်ကဗျာလောက တွင် နာမည်တစ်ခု တည်ဆောက်ထားနိုင်ခဲ့သည် ဆရာကေမျိုးငြိမ်း၊
ဆရာခိုင်နေဒီ၊ ဆရာမင်းသန့်စင်တို့၏ နောက်မျိုး ဆက်။ ဧရာအနောက်လေကဗျာအုပ်စုထဲမှ
ခေတ်ပေါ်ကဗျာကို လက်ခံသယ်ဆောင်ပေးသည့် နှောင်းပိုင်း ခေတ်ပေါ်ကဗျာ မျိုးဆက်သစ်။
ဧရာအနောက်လေအဖွဲ့၏ စဉ်ဆက်မပြတ် ကဗျာလှုပ်ရှားမှုများတွင် ရှေ့တန်းမှ
အမြဲပါဝင်လှုပ်ရှားခဲ့သူ တစ်ဦး လည်း ဖြစ်သည်။
အွန်လိုင်းမှာ ခင်မင်ရင်းနှီးပြီးနောက်
ကျွန်တော်ပခုက္ကူသို့ အလုပ်ကိစ္စဖြင့် ခရီးသွားဖြစ်သည့် အခါ သူနှင့်
တွေ့ဆုံခွင့်ရခဲ့သည်။ သူ၏ခင်မင်ရင်းနှီးဖော်ရွှေမှုမှာ ကျွန်တော်ပျော်ဝင်သွားသည်။
ညဦး ပိုင်းတွင် ဧရာအနောက် လေ ကဗျာဆရာများနှင့် ရွှေနဒီ ဆည်းဆာရိပ်မှာ
ကျွန်တော့်ကို မိတ်ဆက် ပေးသည်။ နိုင်ထက်နိုင်၊ ညီ(ပခုက္ကူ)၊ နောင်အိုင်းရစ်၊
မင်းမှီ၊ မင်းသန့်စင်၊ မောင်ကျော်လေး(ပခုက္ကူ)။ ကျွန်တော်တို့
ရွှေနဒီမီးရောင်မှိန်မှိန်အောက်မှာ တစ်ယောက်တစ်လှည့် ကဗျာတွေ ရွတ်ကြသည်။
ကဗျာအကြောင်းတွေ ပြောကြသည်။ ပခုက္ကူနှင့် မန္တလေး ကဗျာအရေး မေးမြန်းစပ်စုကြသည်။ ဧရာ
အနောက်လေ၏ ညှင်းသွဲ့မာန်ပါသော ကဗျာရွတ်သံများဖြင့် ပခုက္ကူ ညချမ်းကို ဖြတ်သန်းခဲ့ကြသည်။
ထိုတစ်ညသည် ကျွန်တော့်အတွက် ပခုက္ကူဆိုသည့်အသံကြားတိုင်း ပြန်မြင်ယောင်တမ်းတ
လွမ်းမိရစေသည့် တစ်ည။ ထိုနောက် ကျွန်တော် ပခုက္ကူသို့ မရောက်ဖြစ်တော့။ သို့သော်
ပခုက္ကူက ကျွန်တော့်ဆီရောက်လာသည်။ ၂၀၁၃၊ မတ်လတွင် ငါတို့ မြို့လေးပေါ် စီးဆင်းသွားသော မိုးသားများ ပခုက္ကူကဗျာစုစည်းမှု
စာအုပ်လေးတစ်အုပ်ထွက်လာ သည်။ ရေးသားသည့်ကဗျာ ဆရာတွေက ဆရာ ကေမျိုးငြိမ်း၊
နွေသင်နိုင်၊ ခိုင်နေဒီ၊ ညိုသစ်ငယ်တို့ အပါအ၀င် ဧရာအနောက်လေ ကဗျာအဖွဲ့သား များ
စုစုပေါင်း (၂၁)ယောက်၏ ကဗျာများစုစည်းမှု။ ပခုက္ကူရွှေနဒီညချမ်းကို သတိရမိတိုင်း
ထိုကဗျာ စာအုပ်လေးက ကျွန်တော့် လွမ်းစိတ်ကို အနည်းငယ်ပြေလျော့စေနိုင်ခဲ့ ပါသည်။
ယခု ၂၀၁၃ ဇွန်လမှာ ညနံရံကို ရိုက်ခတ်လာသော တောင်ပံများ ဟု အမည်ပေးထားသော
ကဗျာစာအုပ်လေး တစ်အုပ် ကြယ်နီစာအုပ်တိုက်မှ ထွက်ရှိလာပြန်ပါသည်။ ရေးသားသူတွေက
အဂ္ဂလင်းနှင့် နိုင်ထက်နိုင်။ အဂ္ဂလင်း၏ ကဗျာ(၃၃)ပုဒ်နှင့် နိုင်ထက်နိုင်၏ ကဗျာ
အပုဒ်(၃၀) ကိုစုစည်း ထားသည့် ခေတ်ပေါ်ကဗျာစာအုပ်တစ်အုပ်။ အနီးကပ်ဆုံးပေါင်းသည့်
သူငယ်ချင်းကဗျာဆရာနှစ်ဦး၏ ကဗျာဟန်များမှာ တစ်ယောက်နှင့်
တစ်ယောက် အဆင်ဒီဇိုင်း သိပ်မကွဲ။ ဖွဲ့နွဲ့ပုံသိပ်မကွာ။ တစ်ယောက် ၏ အရိပ်က
တစ်ယောက်ကို မိုးနေသည်ဟုပင် ထင်ရသည်။ ခေတ်ပေါ်ကဗျာ၏ အဓိကစရိုက် လက္ခဏာတွေဖြစ်သည့်
တစ်သီးပုဂ္ဂလ ကိုယ်ရည်ကိုယ်သွေး၊ စိတ်တွင်းခံစားမှု၊ စကားပြော ရစ်သမ်၊
ခေတ်ပေါ်အာရုံခံစားပုံတို့အပြင် လူငယ်တစ်
ယောက်၏အငုံ့စိတ်နှင့် မြို့ပြဘ၀နာကျင်မှု၊ ကမ္ဘာနဲ့ချီပြီး အရွဲ့တိုက်လိုစိတ်နှင့်
ဟားတိုက် သရော်ချင်သည့်စိတ်။ ထိုသို့အကြောင်းအရာတွေကို နှစ်ဦးစလုံး၏ ကဗျာများ တွင်
တွေ့ရသည်။
အောင်မြင်ချင်စိတ်လေးတောင်
အောင်အောင်မြင်မြင်မဖြစ်ထွန်းခဲ့
ဘောဂဗေဒအရ အညံ့ဖျင်းဆုံးပန်းပုသမား
ထုဆစ်လိုက်တိုင်း ဘ၀က
ဘယ်တော့မှ ဇိမ်ခံသင်္ဘောမဖြစ်ဘူး
(အဂ္ဂလင်း-
ရွက်လွင့်သူ ကဗျာမှ)
အဲဒီညဆိပ်ကမ်းတွေမှာ
အလိုမတူခြင်းလောကဓံကုန်စည်အပြည့်နဲ့
အလိုမတူခြင်းသင်္ဘောဆိုက်ကပ်နေသရွေ့
အလိုမတူခြင်းမျက်ရည်တွေ
ဖွေးဖွေးဝေနေဦးမယ့် စနေ။
(နိုင်ထက်နိုင်
-အလိုမတူခြင်းဆိပ်ခံ ကဗျာမှ)
ကဗျာဆရာ
အဂ္ဂလင်းက သူ့ရဲ့မအောင်မြင်မှုတွေကို ဘယ်တော့မှမဖြစ်တဲ့ ဇိမ်ခံသင်္ဘောနှင့်
ခိုင်းနှိုင်းပြီး ကဗျာဆရာ နိုင်ထက်နိုင်က သူကျရှုံးခဲ့သည် လောကဓံကို အလိုမတူဘဲ
လိုက်လျောနေ ရသည့် ဆိပ်ခံတစ်ခုနှင့်
ခိုင်းနှိုင်းသည်။ စကားလုံးနှင့်တင်ပြပုံကွဲလွဲသော်လည်း ဘ၀ကို ခံစားပုံခြင်း တူညီသည်။
မအောင်မြင် ကျရှုံး ခဲ့ရတာခြင်းလည်း တူညီသည်။ `အနှစ်တစ်ရာအတွင်းမှာ အားလုံးဟာခေတ်ပြိုင်ဖြစ်တယ်´လို့ ဗော်လ်တဲယား က
ပြောခဲ့ဖူးသည်။ ယခုလည်း အဂ္ဂလင်းနှင့် နိုင်ထက်နိုင် သည် ရောက်ရှိခေတ်ကြီးထဲမှ
ခေတ်ပြိုင် လူသားနှစ်ဦး။
ခတ်ကြီးရိုက်ခတ်မှုကို သူတို့အတူတူခံစားရသည်။ ထို့အတွက်
သူတို့ခံစားမှုတွေ တူညီနေတာ မထူးဆန်း။ ခေတ်ကြီးကို ထမ်းထားရတာခြင်းတူနေသရွေ့ ခေတ်၏
ဝန်ကို သယ်ဆောင်ထားရသည့် အလေးချိန်များ တူညီနေကြဦးမည်ဖြစ်သည်။
လက်ခုပ်သံတွေ
ကျယ်လောင်ဝင်းတောက်လိုက်
လက်ခုပ်သံတွေ
မှိန်ဖျော့တိုးတိတ်လိုက်
နောက်ခံတေးသွားရဲ့ ဖျားယောင်းမှုမှာ
ကိုယ့်ရင်ဘတ်က သွေးကို
အစစ်ထင်မှတ်မိ
ကိုယ်ခေါင်းပေါ်က သရဖူကို အစစ်ထင်မှတ်မိ
ရယ်ရမလိုလို ငိုရမလိုလို
ကိုယ်တို့ရဲ့ ကကွက်တွေဟာ
သဘာဝကျရဲ့လား
တလက်လက်ပန်းကုံးတွေကရော
ရနံ့မဲ့တဲ့အခါ
လွမ်းစရာပန်းခွေတွေနဲ့
ဘာများကွာခြားခဲ့သလဲ။
(အဂ္ဂလင်း-
ခန်းဆက်အနုပညာ(၂) ကဗျာမှ)
နှလုံးသားမပါတဲ့
အခွံချည်းသက်သက်မှာ
ပေါ့ပေါ့ပါးပါးပြေးလွှားနေကြတဲ့
လူတွေ
ခပ်တည်တည်ပြောနေကြတဲ့ စကားလုံးတွေ
လေထုထဲမှာ ရေပေါ်ဆီဝေ့သလို
ဝေ့တက်လို့
...........
...............
ဆူးတွေဟာ အမာဆုံး စိတ်
သရေဖိနပ်မှာတောင်
ဒဏ်ရာတွေပေါက်ပြဲလို့
တကယ်လို့
ခင်ဗျားခြေထောက်ကို
မယုံကြည်တော့ဘူးဆိုရင်
ခြေတုတပ်တာအကောင်းဆုံး။
(
နိုင်ထက်နိုင်- ခေတ်က သယ်ဆောင်လာသော ဗီဇများ ကဗျာမှ)
နာကျင်စရာတွေ
များပြားလာသည့်အခါ ကြင်နာမှုများသည် ရှားပါးကုန်ပစ္စည်းများ ဖြစ်သွား သည်။
မေတ္တာတရားေ
တွေ ခေါင်းပါးလာသည့်အခါ ဂရုဏာတရားသည် ပစ္စည်းပြတ်လပ်သွားလေ့ ရှိသည်။
ပြုံးနေသော မျက်နှာဖုံးများအောက်မှ မျက်နှာများကို ကဗျာဆရာက ခွာကြည့်လိုက်သည့်အခါ
သံသယကို တွေ့ရှိခဲ့ရသည်။ အစစ်အမှန်တန်ဖိုး များ ပျောက်ဆုံး သွားသည့်နေရာတွင်
အတုအပများ သည် ဈေးပေါပေါနှင့် ၀င်ရောက်နေရာယူလာသည်။ အထက်ပါကဗျာနှစ်ပုဒ်တွင်
ကဗျာဆရာ အဂ္ဂလင်းနှင့်နိုင်ထက်နိုင်တို့၏ လက်ရှိဘ၀အပေါ်ထားရှိသော သံသယအမြင်ကို
အားကောင်းစွာ တွေ့ရှိရ သည်။ မယုံကြည်ခြင်း၊ မရေရာခြင်းများကို နေ့စဉ်လူမှုဘ၀ထဲတွင်
သမရိုးကျ အဖြစ် မြင်တွေ့ လာတာကို တွေ့ရှိရသည်။ သို့သော် ကဗျာဆရာနှစ်ယောက်စလုံးမှာ
ငြင်းပယ် နိုင်စွမ်း မရှိ လက်ခံထား ရသည်။ သို့သော်လက်ခံပုံခြင်း ကွဲသည်။ ကဗျာဆရာအဂ္ဂလင်းက
ရနံ့မဲ့တဲ့ ပန်းကုံးတွေကို လွမ်းစရာ ပန်းခွေများအဖြစ် သက်ပြင်းကို မျှင်းမျှင်းချ
လက်ခံအတည်ပြု လိုက်ပြီး ကဗျာဆရာ နိုင်ထက်နိုင် ကတော့ ရဲရင့်ပြတ်သားစွာဖြင့် အစစ်ကို
မယုံကြည်မှတော့ အတုနဲ့ ရှင်သန်ရတာ အကောင်းဆုံးဟု အံကို တင်းတင်းကြိတ်
လက်ခံပစ်လိုက်သည်။
ကျရာဇာတ်ရုပ်မှာ ညစ်ထေးခဲ့ရသော
ဝိညာဉ်များ
ရိုက်ကွင်းအပြင်မှာ
ကိုယ်ကျင့်တရားကို ခိုင်ခိုင်မြဲမရဘူး
သွေးသံရဲရဲ စိတ္တဇလူသတ်သမားရဲ့
သားကောင်များ
တစ်ခန်းအရပ်မှာ ပျော်ပျော်ရွှင်ရွင်
ပြန်လည်နိုးထ
မရဘူး
(အဂ္ဂလင်း-
ရုပ်ရှင်ဘ၀ ကဗျာမှ)
စားစရာမရှိတော့ ဇာတ်တူသားစားတယ်
အလဲလဲအကွဲကွဲဘ၀ထဲမှာ
ဟီးရိုးအင်း နံပါတ်ဖိုး အလိုမတူဘဲ
ထိုးသွင်းခံရသလို
လောကဓံပိုက်တန်းလန်းနဲ့
သက်မဲ့ခန္ဓာတွေ
(နိုင်ထက်နိုင်-
အဖြစ်အပျက်တွေဟာ......ကဗျာမှ)
နောက်ထပ်ထုတ်ပြချင်သည့်
ကဗျာတွေ ကျန်ရှိနေပါသေးသည်။ အဂ္ဂလင်း၏ ကျွန်တော်
ရောက်အောင် လာမယ့်အကြောင်း နှင့် နေထက်နိုင်၏ ငါတို့မေ့လျော့ခြင်းမှာ ငါတို့ ယုတ်လျော့လာ ကဗျာ။ အဂ္ဂလင်း၏ မအောင်မြင်သေးသော ၀တ္ထုထဲမှ ဇာတ်ကောင်များနှင့်
နိုင်ထက်နိုင်၏ လမ်းဟာ လုံးနေတော့
ငါတို့ပြားပြီ ကဗျာ စသည်ဖြင့် ဖွဲ့နွဲ့ပုံကွဲပေမယ့် ခံစားမှုတူကြသည်။ သို့သော်
ခေတ်ပေါ် အာရုံခံစားမှုခြင်းတူပေမယ့် ကဗျာနည်း ပရိယာယ်၊ တင်ပြပုံ၊ ဆွဲဆောင်ပုံ၊ ကွဲလွဲသည်။
အဂ္ဂလင်း၏ ခေတ်ပေါ်ကဗျာအဖွဲ့သည် စကားပြောရစ်သမ်ကို ပိုဦးစားပေးသည်
ပြေပြစ်စီးဆင်းမှုကို ဖွဲ့ယူသည်။ ဒေါသသင့်သည့် စကားကိုပင် ကဗျာဖတ်သူ ကို လေပြည်လေးနှင့် ပြော သည်။ နိုင်ထက်နိုင်၏ ခေတ်ပေါ်ကဗျာအဖွဲ့သည် ကျစ်လစ်သည်။
ကဗျာတစ်ကြောင်းချင်း အဆုံး သတ်ကို သံပြတ်များဖြင့် ချလေ့ရှိသည်။
တစ်ချက်ပစ်တစ်ကောင်ကျကစားနည်းကို ကျွမ်းကျင်သူလို စာကြောင်း တစ်ကြောင်း ချင်းစီ ကနေ
ကဗျာဖတ်သူကို တိုက်ရိုက်ပြောသည်။ ကဗျာဆရာတွေ၏ ကဗျာတွေက သူတို့၏
ခေတ်ကာလဖြတ်သန်းမှု အဆိုး အကောင်းကို မြင်တွေ့နိုင်သည်။ ကဗျာဆရာ၏ နာကျင်မှုသည်
သူဖြတ်သန်း ရောက်ရှိနေသည့်ခေတ်၏ နာကျင်ခံစားမှု သာဖြစ်သည်။ ခေတ်ကြီး၏ ရိုက်ခတ်မှုမှ
ထွက်ပေါ်လာသော ဒဏ်ရာ ဒဏ်ချက်များသည် ကဗျာဆရာ၏ ဒဏ်ရာဒဏ်ချက်များပင်ဖြစ်ပါသည်။
ကဗျာဆရာသည် သူတို့၏ အမာရွတ်များကို စကားလုံးများဖြင့် ပုံဖော်ပြီး ကဗျာဖတ်သူထံ ပေးပို့လိုက်
ခြင်းပင်။ ထို့ကြောင့်မကြာမီတွင် တောင်ပံခတ်သံ တဖျတ်ဖျတ်ဖြင့် ညနံရံကို
ရိုက်ခတ်လာသော ကဗျာများ သင့်ထံ ရောက်ရှိလာပါလိမ့်မည်။ အမှောင်သည် တဖြည်းဖြည်း ရောက်ရှိလာခဲ့ပြီ။
ညသည် တဖြည်းဖြည်းနက်၍လာခဲ့ပြီ။ အမှောင်ကြီးစိုးသော ညနံရံကို ရိုက်ခတ်လာသော ရွှေရောင်အတောင်ပံ
ခတ်သံများအားပျော်ရွှင်ဖွယ်ငိုသံများကြားမှ တဖျတ်ဖျတ် ကြားနေရ ပါလိမ့်ဦးမည်။
မင်းနဒီခ
၃၊ စက်တင်ဘာ၊ ၂၀၁၃
No comments:
Post a Comment