ပန်းကဗျာ၊
ရွှေဘိုကဗျာချစ်သူများနှင့် နှစ်ကြိမ်မြောက်သက်ဝင်ခြင်း
စာအုပ်အမည် နှစ်ကြိမ်မြောက်သက်ဝင်ခြင်း
ရေးသူ ကိုသက်(ပန်းကဗျာ)၊
မောင်စိမ်းသစ်၊ မြင့်ဦးအောင်မြေ၊သိုက်ထွန်းနွေ့(ဆေး)
ခန့်သီမောင်၊
မြဲမြံ(ရွှေဘို)၊ မျိုးကျော်မျိုး(ရွှေဘို)၊ သြဂတ်စ်
ထုတ်ဝေသည့် ကာလ ၂၀၁၃၊ မေလ
ထုတ်ဝေသည့် တိုက်
ပန်းကဗျာ(စာစဉ်-၃)
ပြီးခဲ့သည့် ၂၀၁၂ သြဂုတ်လတုန်းက
ရွှေဘိုပန်းကဗျာစာပေမှ ထုတ်ဝေသည့် ခေတ်ကြီးထဲ
ငါတို့ တီးလိုက်တဲ့ ဗုံသံတွေ ဟု အမည်ပေးထားသည့် ကဗျာစုစည်းမှုစာအုပ်တစ်အုပ်ထွက်ရှိခဲ့ပါသည်။
(ဆရာ) ကိုသက်(ပန်းကဗျာ)၊ မောင်စိမ်းသစ်၊ မြင့်ဦးအောင်မြေ၊ ခန့်သီမောင်၊ ကိုမင်း၊
သွေးဈာန် တို့၏ တစ်ယောက်ကို ဆယ်ပုဒ်နှုန်းဖြင့် ခေတ်ပေါ်ကဗျာအပုဒ်(၆၀)
အားစုစည်းထားသည့် ခေတ်ပေါ်ကဗျာစုစည်းမှု စာအုပ်ဖြစ်သည်။ တကယ်တမ်းကျတော့ ပန်းကဗျာသည်
ကျွန်တော်တို့နှင့် မစိမ်း။ ကျွန်တော်ကဗျာလောကသို့ စတင်ဝင်ရောက် သည့်နှစ်များတွင်
ရွှေဘိုပန်းကဗျာစာပေဆုသည် သိက္ခာရှိသည့် စာပေဆုတစ်ဆုအဖြစ် ရင်းနှီးမှုရှိနေပြီး သား ဖြစ်သည်။
ရွှေဘိုကဗျာဆရာများကိုတော့ စာမျက်နှာများပေါ်မှ တဆင့် ရင်းနှီးရင်းစွဲရှိနေပြီးသား
ဖြစ်ပေမယ့် အပြင်မှာ တစ်ခါမှမတွေ့ဖူးသေးခဲ့။
ထိုကဗျာစာအုပ်လေးရှေ့အတွင်းစာမျက်နှာပေါ်တွင် ပန်းကဗျာစာပေတိုက်၏ လိပ်စာနှင့်
ဆရာကိုသက်(ပန်းကဗျာ)၏ ဖုန်းနံပါတ်ကို ထည့်သွင်းထားသည်။ ထိုစာအုပ်လေးထွက်သည့် ရက်
ပိုင်းအတွင်းပင် ဆရာကိုသက်(ပန်းကဗျာ)ကို ဖုန်းနှင့်မိတ်ဆက်ဖြစ်သည်။ ၂၀၁၂
မတ်လတုန်းက ထွက်ရှိခဲ့သည် ကျွန်တော့်ကဗျာစာအုပ်` ပိုးသားရောင်ပင်လယ်လမ်း´ ကို ရွှေဘိုတွင် ဖြန့်ချီရန်
ပန်းကဗျာစာအုပ်ဆိုင်နှင့် ဆက် သွယ်ဖြစ်ခဲ့သည်။ ထို့နောက် လအနည်းငယ်အတွင်းမှာပင်
အလုပ်ကိစ္စနှင့် ရွှေဘိုသို့ရောက်ရှိချိန်တွင် ပန်းကဗျာ စာအုပ်ဆိုင်သို့
သွားဖြစ်ခဲ့သည်။ ဆရာကိုသက်၊ မြင့်ဦးအောင်မြေ၊ ခန့်သီမောင်တို့နှင့် တွေ့ဆုံဖြစ်၊
ညပိုင်း လက်ဖက်ရည်ဆိုင်ထိုင် စကားပြောဖြစ်ခဲ့သည်။ နောက်တစ်ခေါက်ရွှေဘိုသို့ ထပ်မံရောက်ရှိသည့်အခါ
ရွှေဘို ရောက် မန္တလေးသားကဗျာဆရာမောင်စိမ်းသစ်နှင့် ထပ်ဆုံဖြစ်ကြသည်။
ရွှေဘိုပန်းကဗျာစာပေဆုအကြောင်းပြန်ပြောင်း
ပြောဆိုဖြစ်ကြသည်။
ရွှေဘိုပန်းကဗျာစာပေဆုကို
ရွှေဘိုကဗျာကဗျာချစ်သူများအဖွဲ့အနေဖြင့် ၂၀၀၆ ခုနှစ်မှ စတင်ကာ နှစ်တစ်နှစ် အတွင်း
ထွက်ရှိနေသော မဂ္ဂဇင်းများထဲမှ ခြောက်လတစ်ကြိမ် ရွှေဘိုကဗျာချစ်သူများ အကြိုက်ဆုံး
ခေတ်ပေါ်ကဗျာ အဖြစ်ရွေးချယ်ပြီး ဆုပေးအပ်ရန်ဖြစ်သည်။ ၂၀၀၆ ဇွန်လတွင်
ပိတောက်ပွင့်သစ်မဂ္ဂဇင်းတွင် ဖော်ပြပါရှိသော ဆရာသူရနီ၏
`ချန်ရစ်သူ´ကဗျာအား
ပထမဆုံးပန်းကဗျာစာပေဆုအဖြစ် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ သည်။ ၂၀၀၆ ဒီဇင်ဘာတွင်
မဟေသီမဂ္ဂဇင်းတွင် ဖော်ပြပါရှိသော ဆရာကြည်မောင်သန်း၏
`ငါလည်းတစ်နေ့´ ကဗျာအား
ဂုဏ်ပြုပေးအပ်ခဲ့ပြီး ၂၀၀၇ တွင် ဆရာမောင်တင်သစ်၏
`ဒီနေ့ဟာ အစဖြစ်တယ်´ ကဗျာနှင့် ဆရာ အိုအောင်၏ `ပြင်ဦးလွင်´ ကဗျာအား ရွှေဘိုပန်းကဗျာစာပေဆုအဖြစ်
ဂုဏ်ပြုပေးအပ်ခဲ့ကြသည်။ ၂၀၀၈ ခုနှစ်တွင် ချယ်ရီမဂ္ဂဇင်း ဇွန်လတွင် ဖော်ပြပါရှိသော ဆရာကြည်မောင်သန်း၏ `ဒီပရင်္ဂ´ ကဗျာအား ရွေးချယ် ဂုဏ်ပြုပေးခဲ့ပြီး နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့်
ပန်းကဗျာစာပေဆု ချီးမြှင့်ပေးအပ်နိုင်ခြင်းမရှိခဲ့ဘဲ ၂၀၁၂ ခုနှစ်တွင်
ရနံ့သစ်မဂ္ဂဇင်း ဖေဖော်ဝါရီလတွင် ဖော်ပြပါရှိသော ဆရာကိုရွေး၏ `တထိတ်ထိတ်´ကဗျာဖြင့်
ရွှေဘိုပန်းကဗျာ စာပေဆုအား ပြန်လည်အသက်သွင်းခဲ့ကြခြင်း ဖြစ်သည်။
ကဗျာဆုရွေးချယ်ခြင်းကိုလည်း ယခင် ခြောက်လတစ်ကြိမ် မှ တစ်နှစ်တစ်ကြိမ်အဖြစ်
ပြောင်းလဲသတ်မှတ်ခဲ့သည်။
ယခု ၂၀၁၃၊ မေလတွင် ပန်းကဗျာစာစဉ်(၃)
အဖြစ် နှစ်ကြိမ်မြောက်သက်ဝင်ခြင်းဟု
အမည်ပေး ထားသည့် ကဗျာရှည်စုစည်းမှု စာအုပ်တစ်အုပ် ထွက်ပေါ်လာခဲ့သည်။ ရေးသားသူများက (ဆရာ)
ကိုသက် (ပန်းကဗျာ) ၊ မောင်စိမ်းသစ်၊ မြင့်ဦးအောင်မြေ၊ သိုက်ထွန်းနွေ့(ဆေး)၊
ခန့်သီမောင်၊ မြဲမြံ(ရွှေဘို)၊ မျိုးကျော်မျိုး (ရွှေဘို)၊ သြဂတ်စ် စုစုပေါင်း
ကဗျာဆရာ ရှစ်ဦး၏ ကဗျာရှည်ရှစ်ပုဒ်နှင့်အတူ ဆရာမြသန်းတင့်၏ `ခေတ်ပေါ် ကဗျာနှင့် ပတ်သက်၍´
ဆောင်းပါးမှ စာပိုဒ်အချို့ကို
အမှာစာအဖြစ်ကောက်နှုတ်ဖော်ပြထားသည်ကို တွေ့ရ သည်။ ကဗျာရေးသား သူတွေ များသလောက်
ကဗျာရှည်ရေးသားသူ နည်းပါးသည်။ ကဗျာစာအုပ်တွေ အုံနဲ့ ကျင်းနဲ့
ထွက်ရှိလာပေသည့် ကဗျာရှည်စုစည်းမှုစာအုပ်နည်းပါးသည့်အချိန်တွင် နှစ်ကြိမ်မြောက်သက်ဝင်ခြင်း သည် ရေငတ်တုန်းရေတွင်းထဲ
ဆင်းထိုင်ရသလိုဖြစ်ရသည်။ တကယ်ရေငတ်ပြေ မပြေကိုတော့ ကဗျာများ အပေါ်
သက်ဝင်ကြည့်ရဦးမည် သာ ဖြစ်သည်။
နာမကျန်းစိတ်နဲ့ ကမ္ဘာကြီးကို ငေးမိတော့
ရယ်ရွှင်ဖွယ်
ချာလီချက်ပလင် ပြန်ကြည့်မိတယ်
ခုလူကြမ်းတွေက ပိုပြီးရယ်ရသယောင်
အုပ်ဆောင်းထဲမှာ
ညစာချန်ထားတဲ့ ကြက်ဥကြော်
တစ်ဝက်ကြီးများတောင်လို့ ဒီလိုယူရမလား
..............................
သူရဲဘောနည်းလွန်းတယ်
မင်းတို့ ငါတို့ တအားကုန်ကွေ့မချရဲခဲ့
အတွင်းသားမှာ ဘာပါလဲ
အမှန်တရားမှာ ဆီဝေ့ပေကျန်
ပစ္စက္ခကို တွင်တွင်ငြင်း
အတိတ်တကို တွင်တွင်ငြင်း
ဇော်ဝိတ်ကြီးလို လက်သီးမပြင်းသူ
ကျွန်တော်အရိုးရင့်ခဲ့ပါပြီ
..........................
သင်ယုံကြည်ရာရွေးချယ်ပါဆိုတော့
သံပယိုသီးတစ်လုံးကို ငါယူမိ
ဟိုးထောင့်က ကလေးကို
မုန့်တစ်ချပ်လောက်ပေးပါ
လူတန်းရဲ့ နောက်ဆုံး သူ့မ၀ံ့စားမှုမှာ
သူ့ကိုယ်သူ ရှက်နိုးနေပုံ
......................
တောကား တောင်ကားတစ်ထပ်
တိုက်ရှေ့ဆင်ဝင်ကားတစ်ထပ်
အဆုံးမှာ
ပြည်ဖုံးကား ချလိုက်ပြီ။
(ခန့်သီမောင်-
မိုင်တိုင် ၀/၃၅)
ဆရာခန့်သီမောင်၏ မိုင်တိုင်ဝ/၃၅ ကဗျာကို
ဖတ်ရသည့်အခါ ရုပ်ရှင်အနှေးပြကွက်လို ဇာတ်ဝင်ခန်း တွေကို တကွက်ချင်း၊ တကွက်ချင်းမြင်နေရသည်။
ဖြတ်သန်းခဲ့ရသည့် လူငယ်ဘ၀၊ ဖြတ်သန်းခဲ့ရသည့် ခေတ် ကာလအခြေအနေ၊ နိုင်ငံရေး၊
လူမှုရေးအား သရော်စိတ်ကဲသည့် အရေးအသား။ အားမတန်လို့ လျှော့ပေး ခဲ့ရသည့် မာန်
စသည်ဖြင့် ကဗျာဆရာ၏ အတွင်းသားကို မြင်နေရသည်။ နောက်ဆုံးကဗျာဆရာ အဆုံးသတ် လိုက်သည့်
ကဗျာစာသားများသည် ကဗျာတစ်ပုဒ်၏ အသက်ဖြစ်သည်။ ငိုခဲ့၊ ရယ်ခဲ့၊ နာကျည်းခဲ့၊
နာကျင်ခဲ့ ရသမျှသည် အခုတော့ ပြည်ဖုံးကားနောက်မှာ ကျန်နေရစ်ခဲ့သည်။ သုညနှင့်စခဲ့သော
ဘ၀သည် သုညမှာ ပြန်ဆုံးသည်။ ကဗျာသည် အစမှအဆုံးထိ ရစ်သမ်( Rhythm)ကို
ဦးစားပေးရေးဖွဲ့သွားတာကို တွေ့ရသည်။ ကဗျာတစ်ပုဒ်လုံးသည် အနက်ဝှက်လွန်းခြင်း၊
တန်ဆာဆင်လွန်းခြင်း၊ အလင်္ကာဖွဲ့လွန်းခြင်းများမပါ။ ကဗျာ ဖတ်သူအတွက် အသိခက်သည့်
စကားလုံးများမပါ။ ရိုးရှင်းနားလည်လွယ်အောင် တိုက်ရိုက်ရေးသည်။ ကဗျာ ဆရာဖြတ်သန်းခဲ့ရသည့်
ခေတ်နှင့် အခြေအေနသည် ကဗျာဖတ်သူနှင့် အကွာအဝေးတူချင်မှ တူလိမ့်မည်။ သို့သော်
ကဗျာဆရာသည် သူခံစားခဲ့ရသမျှကို စကားလုံးအားဖြင့် ဖော်ကျူးသည်။ Rhythm
အနိမ့်အမြင့်ဖြင့် တင်ပြသည်။ ကဗျာဖတ်ပြီး စိတ်ထဲတွင် တစ်ခုခုလိုနေသလို ခံစားရသည်။
ကဗျာဆရာသည် ကဗျာဖတ်သူကို အလုပ်ပေးခဲ့ခြင်းသာ ဖြစ်ပါလိမ့်မည်။
ဘယ်သူတွေ ဘာပြောပြော
ငတေတွေရဲ့ မျက်စောင်း
အကြောင်းသုံးပါး မရွေးတာကြောင့်
ရှင်သန်ခဲ့သမျှ ယုံကြည်ချက်တွေ
အစို့ထွက်လှတဲ့ မျှော်လင့်ခြင်းတွေဟာ
ပြာပုံဘဝ
........................
ဧရာဝတီရဲ့
မျက်ရည်စက်လက်နဲ့ ရေအော်သံ
လက်ပံတောင်းတောင်ရဲ့ မီးလျှံကြားက တောင်ဟီးသံ
လူ့အခွင့်အရေးစာတမ်းဘေးက
မြေဇာပင်တွေရဲ့ ဆွေးမြေ့နာကျည်းသံ
အနက်ရောင်ကင်းဗတ်စရှည်ကြီးပေါ်က
ရွှေဝါရောင်သန်းတဲ့ အေးမြမြသံ
ကြယ်တွေ တစ်ပြင်လုံးရဲ့
ဆိုင်လင့်ဇာတပ်ထားတဲ့ မျိုသိပ်သံ
ဇာတ်တူသားစားကြတဲ့
ဟင်္သာကိုးသောင်း တောင်ပံကျိုးသံ
နယ်နိမိတ်ကျော်လောင်ကျွမ်းတဲ့
လူမျိုးရေး မီးဟုန်းဟုန်းသံ
..........................
အခု အမေရိကားမှာ
ကလေးကျည်ကာအင်္ကျီစံမံကိန်းတဲ့
ပလတ်စတစ်ဘောလုံးအပေါက်တစ်လုံး
ဒါမှမဟုတ်
ကျီးသားရိုက်မယ့်
လမ်းဘေးသစ်ကိုင်းခြောက်တစ်ခုလောက်တောင်
နှစ်လိုကြမှာမဟုတ်ပါဘူး
(မြင့်ဦးအောင်မြေ-
အရွေ့တစ်ခုရဲ့ ပုံပြင်)
ဆရာခန့်သီမောင်ရဲ့
ကဗျာဖတ်ပြီး ကျန့်ခဲ့တဲ့ အတွေးက ဆရာမြင့်ဦးအောင်မြေရဲ့ အရွေ့တစ်ခုပုံပြင်မှာ ဆက်လက်ရိုက်ခတ်သည်။ ကဗျာဆရာသည် ပြည်သူထဲမှ
ပြည်သူတစ်ယောက်ဖြစ်သည်။ ကဗျာဆရာ၏ ခံစားမှုသည် ပြည်သူလူထု၏ ခံစားမှုဖြစ်သည်။ အရွေ့တစ်ခု၏ ပုံပြင်ထဲတွင် ကဗျာဆရာ၏
ရပ်တည်မှု ကို မြင်ရသည်။ ကဗျာဆရာ၏ နာကျင်မှုကို မြင်ရသည်။ ဆရာခန့်သီမောင်၏ ကဗျာထဲတွင်
အတွေ့ရနည်းခဲ့သော နိမိတ်ပုံများ၊ အလင်္ကာများကို ယခုကဗျာထဲမှာ ဝေေ၀ဆာဆာမြင်ရသည်။
ကဗျာဆရာသုံးသွားသည့် နိမိတ်ပုံများသည် အားကောင်းလွန်းသည်။ ` နို့မျက်သားတွေရဲ့ ဘ၀မှာ၊ တံလျှပ်ပေါ် လက်နဲ့ယက်၊ တစ်တွင်းပြီး
တစ်တွင်းတူးလို့ ၊ မိုက်တွင်းတွေနက်´၊`ကျောဒဏ်ရာအပြည့်နဲ့ သုမနဟာ၊
ဘုရားပွဲဖြစ်တိုင်း၊ ခြောက်ပေါက်နဲ့ပဲ ဆုံနေကြ´ စတဲ့အရေးအသားများက
ကဗျာဖတ်သူကို ဆွဲခေါ်သွားနိုင်သည်။ မိုင်တိုင် ၀/၃၅သည် ရုပ်ရှင် အနှေးပြကွက် တစ်ခုဆိုလျှင်
အရွေ့တစ်ခု၏ ပုံပြင်သည် တဖျတ်ဖျတ်အခန်းကူးနေသည့် ဇာတ်ဝင်ခန်းများ ပင် ဖြစ်ပေလိမ့်မည်။
ကဗျာတစ်ပိုဒ်နှင့် တစ်ပိုဒ်ကြားတွင် ကဗျာဖတ်သူသည် နားချိန်မရှိ။
ခေတ်ပျက်ကြီးတစ်ခု၏ ဆက်တင်သည် သွေးအလိမ်းလိမ်းကျည်တဒိုင်းဒိုင်းနှင့်
ဆက်တက်တိုက်ဆက်နေသည်။ ကဗျာဆုံးသော ကဗျာဖတ်သခမျာ မောကျန်ရစ်ခဲ့သည်။ ကဗျာရှည်
နောက်ဆုံးအပိုဒ်တွင် ကဗျာဆရာပေးသည့် လက်ဆောင် ဆယ့်နှစ်ရာသီမကြွေတဲ့ပန်းတောကို
ငေးကြည့်ရင်း ရနံ့တွေ မွှေးပျံ့လာသလိုခံစားလိုက်ရသည်။
လှံတံကို အပေါ်မြှောက်
ပါးစပ်ပေါက်နဲ့ မဖမ်းခဲ့ဘူး
ဆင်တွေ အထိမ်းသိမ်းခံရသလို
ထောင့်ကျဉ်းပိတ်နည်းမသုံးခဲ့ဘူး
စူဇကာပုဏ္ဏားလို
ပုံအောပြီး အစားမငတ်ခဲ့ဘူး
......................
သော့တံမတူတဲ့
သော့ခလောက်ဟာ
ဖွင့်တိုင်းပွင့်မလာနိုင်ပါဘူး
ကိုယ့်ယုံကြည်ချက်
ကိုယ့်အယူအဆ
ကိုယ့်သော့တံပေါ့။
(ကိုသက်(ပန်းကဗျာ)-
ကျုပ်အကြောင်း)
ငါဟာ ကမ္ဘာကြီးကို
တဖက်သက်အချစ်နဲ့ ချစ်နေတဲ့
မောင်စိမ်းသစ်ပါကွဲ့။
ကျေးဇူးပြုပြီး ငါ့ကို ဘယ်သူမှ ဈေးလာမဆစ်နဲ့
ငါတမူကား
တောရောက်မြို့သား ကဗျာသမားဖြစ်ရဲ့။
..........................
ဘ၀မှာ နေပျော်လိုက်တာ
ဟောဟို ခြံစည်းရိုးမကျည်းပင်ပေါ်က
သပွတ်အူးသီးလေးတွေတောင်မှ
တစ်ချိန်မှာ ဓါတ်ဗူးဖော့ဆို့အဖြစ်နဲ့
ဘ၀သစ်မှာ အဓိပ္ပာယ်ရှိရှိ နေနိုင်ကြသေး။
(မောင်စိမ်းသစ်-
အစိမ်းရောင်ဖြစ်သွားတဲ့ ကဗျာ)
ဝန်ထမ်းဆိုတာ
အပြင်ပန်းကလည်းမလှ
အတွင်းခန်းကလည်း မျက်နှာမရ
တစ်ခါတစ်ခါ ကျွန်ဝယ်ရာ အဆစ်ပါ
တစ်ခါတစ်ခါ ကျွန်မွေးတာ အားပေးရရင်း
ငရဲကို အတွဲလိုက်သွားမယ့်သူတွေ
ငါတော့
ကိုယ့်အကုသိုလ် ကိုယ်ယူလို့
အဆင်းကို ဘီးတပ်ပေးချင်နေမိ။
(သိုက်ထွန်းနွေ့(ဆေး)-
တစ်ဝက်မာတိကာ)
`ကဗျာဆရာတစ်ယောက်ဟာ
သူ့ရဲ့ပုဂ္ဂိုလ်ရေးဘ၀ကိုသာ အမြဲရေးတယ်။ သူ့ရဲ့ အကောင်းဆုံးကဗျာ ဆိုတာ သူ့ဘ၀ရဲ့
ကြေကွဲစရာတွေထဲက ပေါ်ထက်လာတာ ဖြစ်တယ်။ အဲဒီကြေကွဲစရာဟာ နောင်တ၊ သံဝေဂ
ဖြစ်ချင်ဖြစ်မယ်။ ရှုံးနိမ့်သွားတဲ့ အချစ် ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် သူ့ အထီးကျန်မှုဖြစ်ချင်ဖြစ်မယ်။ သူဟာ
မနက်လက်ဖက်ရည်ဝိုင်းမှာ ပြောသလို ဘယ်တော့မှ တိုက်ရိုက်ကြီးမပြောဘူး။ ကဗျာမှာ အမြဲတမ်းေ၀၀ါးနေတဲ့ ပုံရိပ်တွေ ရှိတယ်။
ကဗျာဆရာဟာ သူကိုယ်တိုင်ေ၀၀ါးတဲ့ အစိတ်အပိုင်းရဲ့ ပုံရိပ်တစ်ခုလည်းဖြစ်တယ်။´ ဆိုတဲ့ ဆရာ မြသန်းတင့်၏
`ခေတ်ပေါ်ကဗျာနှင့် ပတ်သက်၍´မှ ကောက်နှုတ် ထား သည့် စာသားများလို (ဆရာ)
ကိုသက်(ပန်းကဗျာ)၊ မောင်စိမ်းသစ်နှင့် သိုက်ထွန်းနွေ့(ဆေး)တို့၏ ကဗျာများသည်
သူတို့ဘ၀ကို သူတို့ ပြောပြနေသည့် အတ္ထုပတ္တိကဗျာရှည်များဖြစ်သည်။
ဆရာကိုသက်(ပန်းကဗျာ)၏ ကဗျာရှည် ထဲတွင် ပန်းကဗျာ ကို မြင်ခွင့်ရပါလိမ့်မည်။ ဆရာ
မောင်စိမ်းသစ်ကဗျာရှည်ထဲတွင် ကဗျာဆရာ၏ မိသားစု၊ ဘ၀အပြောင်း အလဲများနှင့်ကဗျာသဘောထား။
ဆရာသိုက်ထွန်းနွေ့(ဆေး)၏ ကဗျာထဲတွင် ၀န်ထမ်းတစ်ယောက်၏ ဘ၀၊ ခံစားချက်များစသည်ဖြင့်
နားထောင်ခွင့်ရပါလိမ့်မည်။ မျိုးကျော်မျိုး(ရွှေဘို)၊ သြဂတ်စ်၊ မြဲမြံ(ရွှေဘို)
တို့၏ ကဗျာများသည်လည်း လူငယ်ဘ၀နှင့် အချစ်အလွမ်းကို အချိုးကျရောစပ်တင်ပြထားသည့်
ကဗျာရှည်များ ပင် ဖြစ်သည်။ သို့သော်ကဗျာဆရာသည် တိုက်ရိုက်မပြော၊
တိုက်ရိုက်ပြောသော်လည်း သွယ်ဝိုက်နားလည်ယူ ရတာမျိုးလည်း ရှိနိုင်သည်။
မည်သို့ပင်ဖြစ်စေ ကဗျာဆရာ၏ ဘ၀အား ကဗျာများထဲမှ တွေ့မြင်ခွင့်ရရှိခြင်းသည် မှာပင်
ကျေးဇူးတင်စရာကောင်းနေပါသေးသည်။ နှစ်ကြိမ်မြောက်သက်ဝင်ခြင်းသည်
ကဗျာနှင့်ကဗျာဆရာ အား ပေါင်းကူးပေးသည့် တံတားတစ်စင်းဖြစ်သည်။ ရေငတ်တုန်း
ဆင်းထိုင်ခွင့်ရရှိသည့် ရေတွင်းတစ်တွင်းဖြစ်သည်။ အမောပြေ မပြေကိုတော့ ကဗျာဖတ်သူကသာ
ဆုံးဖြတ်ပေးပါလိမ့်မည်။ ကျွန်တော့်အနေဖြင့် နှစ်ကြိမ်မြောက် သက်ဝင်ခြင်းသည်
ကဗျာဆရာများ၏ ဘ၀ဖြတ်သန်းမှုများကို အတ္ထုပတ္တိရုပ်ရှင်ဇာတ်ကား တစ်ကား ကြည့်ရှု
လိုက်ရသလို ခံစားမိပါသည်ဟု ပြောကြားရင်း ရွှေဘိုပန်းကဗျာ
စာပေဆု ဆက်လက်သက်တမ်း ရှည်ပါစေ ကြောင်း ဆုတောင်းပေးလိုက်မိပါသည်။
မင်းနဒီခ
၁၁၊ သြဂုတ်လ၊ ၂၀၁၃
No comments:
Post a Comment