သစ်ပင်ကလေးတစ်ပင်ပေါ်က
မီးမလာတဲ့ ကြယ်
စာအုပ်အမည်
သစ်ပင်လေးတစ်ပင်အကြောင်း
ရေးသူ
မိုးရင့်ကြယ်
ထုတ်ဝေသည့်ကာလ ဖေဖော်ဝါရီ၊ ၂၀၁၄
ထုတ်ဝေသည့်တိုက် ဆောင်းစုရတီ
ချစ်ခြင်းမေတ္တာအကြောင်းပြောတိုင်း
ကျွန်တော်တို့ဟာ ရှိရင်းစွဲအသက်တွေထက် ပြန်ငယ်သွားကြသလို ပါပဲ။ အချစ်ဟာ
ကျွန်တော်တို့ကို အမြဲတမ်းနုပျိုစေတယ်။ အချစ်ဟာ ကျွန်တော်တို့လူငယ်ဘ၀ကို အမြဲတမ်း
သတိရစေတယ်။ အချစ်ဟာ ကျွန်တော်တို့ရဲ့ ရင်ကို အမြဲတမ်းလှုပ်ခတ်စေပါတယ်။ ကဗျာဆရာ
သစ္စာနီကတော့ သူ့ကိုယ်ရေးအကျဉ်းမှာ `
မတော်တဆအသည်းကွဲရာမှ ကဗျာဆရာဖြစ်လာသူ´ တဲ့။ ဖော်ဝေးဒိုင်ယာရီထဲမှာ ဆရာဖော်ဝေးရေးခဲ့တာကတော့
` အမေချစ်ခဲ့တဲ့၊ ခင်မြင့်နွယ် ချစ်ခဲ့တဲ့
လူဆိုးလေးတစ်ယောက် နှလုံးသားက ကဗျာ ထွက်လာတယ်ဆိုတာ ခင်ဗျားတို့ ယုံရဲ့လား´
တဲ့။ ဆရာတာရာမင်းဝေကတော့ ` ဘီလူးနဲ့
ဘယ်လို တိုက်တိုက် ခြင်္သေ့နဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ
လူမိုက်မမည်´ တဲ့။ ခေတ် အဆက်ဆက် ကဗျာဆရာတွေဟာ အချစ်နဲ့ မကင်းခဲ့ကြပါဘူး။
အချစ်အကြောင်း ကဗျာဖွဲ့ဆိုဖို့ လက်မတွန့် ခဲ့ကြ ပါဘူး။ လူမှန်ရင် ချစ်ခြင်းမေတ္တာဟာ
လိုအပ်ပါတယ်။ ဒီထက်ပိုပြီး ကဗျာဆရာဟာ သာမန်လူ တစ်ယောက်ထက် ပိုပြီး
ချစ်ခြင်းမေတ္တာကို လိုအပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကဗျာဆရာဆိုသူတွေဟာ သူတကာထက်
ပိုပြီး ခံစားတတ်လွန်းသူတွေ၊ နာကျင်တတ်လွန်းသူတွေမို့ပဲ။ သာမန်လူသား တစ်ယောက်ထက်
သူတို့ဟာ ပိုမို ခံစား၊ ပိုမိုနာကျင်လွန်းခဲ့တယ်။ သူတို့ဟာ သူတို့ရဲ့
နာကျင်ခံစားမှုတွေကို စကားလုံးတွေ အဖြစ် လှလှပပ ဖွင့်ဟ ဖော်ထုတ်ပြကြတယ်။
တစ်ခါတစ်လေမှာ လှပလွန်းတဲ့ စကားလုံးတွေကြောင့် နာကျင်မှုဟာ သက်သာရာ ရသွား
စေခဲ့ပါသလား။ ဒါမှမဟုတ် ပိုမိုနာကျင်ခံစားကူးစက်စေခဲ့ပါသလား။
ဘယ်လိုပဲဖြစ်ဖြစ်ကဗျာဆရာဟာ အရာရာ ကို အကောင်းမြင်စိတ်နဲ့ ပြုပြင်လိုသူ၊
နှလုံးသားလှလှနဲ့ ချစ်တတ်သူတွေပါပဲ။
၂၀၁၄ ဖေဖော်ဝါရီမှာ
သစ်ပင်လေးတစ်ပင်အကြောင်းလို့ အမည်ပေးထားတဲ့ ချစ်ခြင်းဖွဲ့ ကဗျာစာအုပ်
တစ်အုပ်ထွက်ရှိလာပါတယ်။ ကဗျာ(၃၂)ပုဒ်နဲ့ စကားပြေ(၃)ပုဒ်။ ရေးသူက မိုးရင့်ကြယ်။
ကဗျာရေးဖော်တွေ အချင်းချင်း ချစ်စိတ်နဲ့`ပဲကြီး´လို့ ခေါ်ကြတဲ့ ကဗျာဆရာ
မိုးရင့်ကြယ်ပဲ ဖြစ်ပါတယ်။ ၂၀၀၀ ၀န်းကျင်တ၀ိုက်က မန္တလေး ကဗျာဆရာတွေထဲမှာ
မေ့ချန်ထားလို့မရတဲ့ ကဗျာဆရာတွေထဲက တစ်ယောက်ပါပဲ။ ခင်ဇော်မြင့်၊ စံညိမ်းဦး၊
ထွဏ်းသွေးအိမ်၊ မိုးရင့်ကြယ်၊ မင်းဒီ၊ ၊ နွယ်စိမ်းဝေ တို့ရဲ့ အချစ်ကဗျာလက်ရာတွေဟာ
ဒီနေ့ခေတ် လူငယ်ကဗျာဆရာတွေ အပေါ်မှာ လှပသေသပ်တဲ့ထိချက်တွေနဲ့
ရိုက်ခတ်မှုရှိခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ အခု သစ်ပင်လေး တစ်ပင်ဟာ
ကဗျာဆရာ မိုးရင့်ကြယ်ရဲ့ ပထမဆုံးတစ်ကိုယ်တော် ကဗျာစာအုပ်ပါပဲ။ မိုးရင့်ကြယ်ဟာ
ခေတ်စနစ်ရဲ့နာကျင်မှု၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်နာကျင်မှု၊ ချစ်ခြင်းမေတ္တာရဲ့ ထိခိုက်
နာကျင်မှု များစွာများထဲကမှ သူ့အတွက် အနာကျင်ရဆုံး ထိခိုက်ချက်များလို့
ပြောလို့ရနိုင်တဲ့ ချစ်ခြင်းမေတ္တာ အကြောင်းဖွဲ့ ကဗျာများကို
စုစည်းထုတ်ဝေလိုက်ခြင်း လည်းဖြစ်ပါတယ်။
`ကဗျာတွေကို
သီးပွင့်စေဖို့ ကျွန်တော်ပေးသလောက် ပြန်မရခဲ့သော ချစ်မေတ္တာတရားတွေနဲ့ နာနာ
ကျင်ကျင် နှစ်ကာလတွေမှာ ကျွန်တော့်စိတ်ကို ဖေးဖေးမမနူးညံ့စေခဲ့တဲ့ အနုပညာရေခိုးရေငွေ့များကို
သစ်ပင် လေးတစ်ပင် အနေနဲ့ ဖြစ်ထွန်းလိုက်ပါတယ်´လို့ ကဗျာဆရာ မိုးရင့်ကြယ်ဟာ
သစ်ပင်လေးအတွက် အမှာစကား ဆိုပြီး ကဗျာစာအုပ်လေးကို ဖွင့်လှစ်လိုက်ပါတယ်။
တနည်းပြောရရင် သစ်ပင်လေးတစ်ပင်အတွက် ၀န်ခံစကားတွေလည်း ဖြစ်ပါလိမ့်မယ်။
သစ်ပင်လေးတစ်ပင်ထဲက ချစ်ခြင်းဖွဲ့ကဗျာတွေဟာ အများအားဖြင့် နာကျင်မှု၊
လွမ်းဆွတ်မှုနဲ့ ငြိစွန်းထိရှမှုတွေကို ဖွဲ့ဆိုထားတာဖြစ်တယ်။ သူပြောခဲ့သလို
သူပေးသလောက် ပြန်မရခဲ့တဲ့ ချစ်ခြင်းမေတ္တာကို သူဟာ ကဗျာအဖြစ် အသွင်ပြောင်းလိုက်တယ်။
သူ့ကဗျာတွေဟာ သူ့ဝေဒနာပါပဲ။ ဝေဒနာ ဟာ ကဗျာဖြစ်သွားတဲ့အခါ သူစိတ်သက်သာရာ
ရခဲ့လေသလား။ သူဟာ မီးမလာတဲ့ ကြယ်။ သူဟာ မှိတ်တုတ် မှိတ်တုတ် ကြွေကွဲကြယ်။ သူဟာ
ချစ်ခြင်းတရားအတွက် ဒူးထောက်ကြွေဖို့ အဆင်သင့်ဖြစ်နေတဲ့ ဆယ်ကျော် သက်ကြယ်။
အဲဒီကြယ်ဟာ ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုလင်းပြီး နာကျင်မှုနဲ့ ဘယ်လိုကြွှေခဲ့သလဲ ဆိုတာ
သစ်ပင် လေးကို မေးကြည့်ချင်ပါတယ်။
နေရောင်ခြည်ကို
ငါစတွေ့မှတော့
နွေးထွေးမှုဟာ
မင်းအတွက်ပဲ ဖြစ်ရတော့မှာပေါ့
ချစ်မေတ္တာရဲ့
အလင်းဟာ
ငါတို့အမှောင်ထဲ
တစိမ့်စိမ့်ကျဆင်းလို့
ဘ၀ဟာ
ဂူကြီးတစ်ခုပဲ ဆိုပါစို့
ရှေးမူမပျက်တဲ့
နံရံဆေးရေးမှာ
ငါတို့ဟာ
အချစ်ကို အချစ်နဲ့
မီးတောက်အောင်
ခတ်ခဲ့မိပြီ
(ကမ္ဘာဦး
ကဗျာ မှ)
ချစ်စိတ်မှာ
မျက်လွှာချထားရတဲ့
လမ်းနံဘေးက
ကျောက်စရစ်ခဲလေးပါ
သူ့ဖြတ်သွားဖြတ်လာလေးကိုပဲ
ရပ်တန့်ဦးညွှတ်လို့
(ခြေဖ၀ါးတော်နုနု
ကဗျာမှ)
အရူးဟာ
နေမြင့်နေပြီ
စကားတွေ
တစ်ယောက်တည်းပြော
နို့ဆီခွက်ထဲ
နှင်းဆီကိုင်းခြောက်ကြီး ထိုးစိုက်လို့
အခုပဲ
ပွင့်လာတော့မယ့်အတိုင်း
တွေတွေကြီး
ငေးနေလိုက်ပုံများ
တချွင်ချွင်မြည်တဲ့
ခွေးကတောင် အသံတွေပြာလို့။
(
အရူးအမူး ကဗျာမှ)
သစ်ပင်လေးအောက်က ကြွေနေတဲ့
သစ်ရွက်တွေကို တစ်ရွက်ချင်း ကောက်ယူဆက်စပ်ကြည့်မိတဲ့အခါ ကဗျာဆရာရဲ့
ချစ်တတ်လွန်းတဲ့စိတ်ကို တအံ့တသြတွေ့လိုက်ရတာပါပဲ။ ကဗျာဆရာဟာ ကမ္ဘာဦးနေရောင်ခြည်
ကိုတောင်မှ သူ့ချစ်သူအတွက်ပဲ ဖြစ်စေချင်မိတာ မကြီးမြတ် မခမ်းနားလွန်းဘူးလား။
သူ့ချစ်သူဖြတ်သန်းသွား လာရာ လမ်းနံဘေးက အမြဲတမ်းရပ်တန့်ဦးညွှတ်နေတဲ့
ကျောက်စရစ်ခဲလေး။ ကဲ ဘယ်လောက်များ ကိုယ့်ကိုယ်ကို နှိမ့်ချရိုကျိုးလိုက်ပါသလဲ။
ဒီလိုနဲ့ သူဟာ အရူးကြီးလုံးလုံးဖြစ်လို့ နို့ဆီခွက်တွေ လည်ပင်းမှာ ဆွဲဆွဲပြီး
သူ့ချစ်သူဆီ သွားတယ်။ တွေ့ကရာ နေရာတွေမှာ မီးသွေးခဲနဲ့ အသည်းပုံတွေ ဆွဲတယ်။
မခင်နှင်းဆီ သီချင်းကို တစ်ရပ်ကွက်လုံး ကြားအောင် အော်ဆိုတယ်။ နို့ဆီခွက်ထဲ
ထည့်စိုက်ထားတဲ့ နှင်းဆီကိုင်းခြောက်ကြီးကို နှင်းဆီပန်းလေး ပွင့်လာမလား မျှော်လင့်သလို
သူ့ချစ်သူဆီက ချစ်ခြင်းမေတ္တာကို သူမျှော်လင့်တယ်။ ဘယ်သူများ သူ့လောက်
ချစ်နိုင်ဦးမလဲ။ ဘာလို့ သူ့ချစ်ခြင်းတွေဟာ အသိအမှတ်ပြုခြင်း မခံခဲ့ရတာလဲ။ သူ့မှာ
ဘယ်လို ချို့ယွင်းချက်တွေများ ရှိနေလို့ပါလဲ။ သူနာကျင် မယ်ဆိုလည်း
နာကျင်လိုက်ပါတော့။ သူ့ထက်ကြေကွဲဖို့ ကောင်းတာ ဘယ်သူရှိဦးမလဲ။ ဒီလိုနဲ့ လေတစ်ချက်
ဝှေ့လိုက်တော့ သစ်ရွက်ကလေးတွေ ပြန့်ကျဲသွားလေရဲ့။ တစ်နေရာစီ။ တစ်စစီ။
တစ်ခုသော
နွေမှာလေ
သစ်ရွက်တွေ
လှုပ်ခါခြွေခဲ့သလို
အတန်းဖော်လေးက
အခြားမြို့ကို
ကိုယ့်ဘ၀လေးကို
ယူပြီး ပြောင်းရွှေ့သွား
(ကျောင်းဒဏ္ဍာရီ
ကဗျာမှ)
ဟော. . .
ကားစက်နှိုးသံက ငါ့နှလုံးသားထဲ ပေါက်ကွဲသွားတဲ့ဗုံး။ မင်းနာမည်က ငါ့သွေးကြောထဲ
လူးလာဆန်ခတ်။ `နေပါဦးလားကွယ်´။ ငါ့လိုအင်ဆန္ဒတွေက
ငါ့လည်ချောင်းဝမှာ တစ်ဆို့လို့။ အရာရာဟာ ဝေေ၀၀ါးဝါး။ ဖုန်တွေလား။
ခံစားချက်တွေလား။ ဘာဆိုဘာမှ ငါမသိတော့ပါဘူး။
(
ပြန်မလာနှလုံးသား စကားပြေမှ)
ချစ်မေတ္တာလည်း
သူ့သုံ့ပန်းဖြစ်ခဲ့ပေါ့
သစ္စာတရားလည်း
ဆံဖြူသွားကျိုးခဲ့ပေါ့
ငါလည်း
လုံးလုံးလက်နက်ချမိပေါ့
နောက်တစ်ယောက်မချစ်ရဲတော့တဲ့
သူရဲဘောကြောင်စိတ်မျိုးနဲ့
ရှင့်ကို
မချစ်ဘူးဆိုတဲ့
သူ့နှုတ်ခမ်းအငြင်းစကားအောက်မှာ
(သေရာပါ
ကဗျာမှ)
သစ်ရွက်ကြွေလေးတွေရဲ့
ရှပ်တိုက်လွင့်မျောသံဟာ သူ့ခြေသံလား။ နွေလေရူးရဲ့ အတိုက်အခတ်မှာ
တဖြုတ်ဖြုတ်ကြွေကျနေတာ ကိုယ့်နှလုံးသားများ ဖြစ်နေမလား။ ကဗျာဆရာရဲ့ ၀ဋ်ဒုက္ခဟာ
ကြီးမားတယ်။ ရှင်ကွဲဆိုတာ ကဗျာဖတ်သူတစ်ယောက်အတွက် အရမ်းလှပတဲ့
စကားလုံးတစ်လုံးဖြစ်ပေမယ့် အချစ်ကြီးလွန်းသူ အတွက်တော့ ပြင်းထန်လွန်းလှတဲ့
ဗုံးတစ်လုံးပဲ ဖြစ်တယ်။ ကျွန်တော် သူရူးတစ်ယောက်လို ကဗျာစာရွက်တွေကို
တဖျတ်ဖျတ်လှန်မိတယ်။ ဘယ်ကဗျာမှာများ ကဗျာဆရာကြည်နူးရရှာလိမ့်မလဲလို့ပေါ့။
နောက်ဆုံးစာမျက်နှာတွေ ရောက်သည်အထိ လှန်ကြည့်မိ ပေမယ့် ကျွန်တော့်စိတ်ကို
ဖြေသိမ့်နိုင်မယ့်ကဗျာ တစ်ပုဒ်တစ်လေမှ ဖတ်ခွင့် မရခဲ့ပါဘူး။ ချစ်ခြင်းမေတ္တာဟာ
ကဗျာဆရာကို ဘယ်အငြိုးနဲ့များ ရက်စက်ခဲ့ပါလိမ့်။
ဒါဟာ ၀ဋ်နာကံနာဆိုလည်း ဒီဘ၀ ဒီမျှနဲ့ ကျေပါစေတော့။ မကြွေသေးတဲ့ ကြယ်ကို
ကြည့်ပြီး ကျွန်တော်တိုးတိုးလေး ဆုတောင်းပေးမိတယ်။ ဒါပေမယ့် ကဗျာဆရာကတော့ ` သည်ဘ၀ သည်မျှလို့ ကိုယ်ဘယ်တော့မှ
မပြောတော့ဘူး´ တဲ့။
အခုတော့
မင်းအချစ်က
သူ့လက်ကိုင်ဖုန်းမှာ
တတီတီမြည်ခဲ့ပြီ မဟုတ်လား
မင်းအပျော်က
သူ့ပကာသနမှာ ပင့်ကူလို အိမ်ဖွဲ့
မင်းနှုတ်ခမ်းမှာ
သူ့အကြောင်း တဖွဖွ ပျားရည်လို ချိုမြ
အချစ်ဆိုတာ
လုပ်ယူလို့ မရဘူးဆိုတဲ့ တစ်ခါက မင်းမာနလည်း
ရက်အနည်းငယ်အတွင်း
ကောက်ကောက်ပါအောင် အရည်ပျော်လို့
(အပေါင်းအသင်းတွေကြား.
. .ကဗျာမှ)
အရှက်တရားဟာ
ကုန်းအဆင်းမှာ ဘီးပေါက်ခဲ့ပြီ
မတော်တဆမှာ
ကိုယ့်နှလုံးသားလည်း ရစရာမရှိတော့ပြီ
သေချာတယ်
ဖြေဖူးသမျှ
စာမေးပွဲတွေထဲ
ငါက
အချစ်ကို
အမှတ်ပြည့်ရှုံးတယ်။
(တမြေ့မြေ့
ကဗျာမှ)
ကိုယ့်အချစ်က
သူ့စိတ်ကိုလည်း
မှန်အောင် မပစ်နိုင်
သူ့အရိပ်နဲ့လည်း
အနီးစပ်ဆုံး မဖြစ်ခဲ့တော့
ကိုယ့်နားထင်ကိုယ်
လက်ညှိုးလေးထောက်
စိတ်ထဲမှာ
တဒိုင်းဒိုင်း
အသက်ရှူသံလေးကို
ကွေးညှစ်မိတယ်
(သေနတ်သမား
ကဗျာမှာ)
မနှိုင်းကောင်းပေမယ့် ဆဒ္ဒန်ဆင်မင်းဟာ သူ့အစွယ်ကို
သူကိုယ်တိုင်ဖြတ်ပြီး သောနုတ္ထုရ်မုဆိုးကို ပေး လိုက်တယ်။ ဗန်ဂိုးက သူ့ချစ်သူဆီ
သူ့နားရွက်တစ်ဖက်ကို ဖြတ်ပြီး ပါဆယ်ထုပ် ပို့လိုက်တယ်။ ဒါဟာ ချစ်ခြင်းရဲ့ အစွန်းရောက်
အကြမ်းဖက်မှုဝေဒနာလား။ ၀က်ဆိုဒ်တစ်ခုမှာ ဖတ်ဖူးတယ်။ အချစ်ရဲ့ ရောဂါလက္ခဏာများတဲ့။
အပျော်လွန်ခြင်း၊ ငွေကြေး အကျပ်အတည်းဖြစ်ခြင်း၊ ရူးကြောင်ကြောင်
အသွင်ပေါက်လာခြင်း၊ အစားပျက်ခြင်း နဲ့ အအိပ်ပျက်ခြင်း တဲ့။ ဒီရောဂါကြောင့် ဖြစ်တဲ့
Acute romantic failure က ကိုယ့်ကိုယ်ကို သတ်သေစေမှုကို ဖြစ်စေတယ် တဲ့။
အသက်ရှင်သွားရင် တစ်သက်တာလုံးအတွက် ရောဂါကာကွယ်နိုင်တဲ့ ကိုယ်ခံစွမ်းအား ရရှိသွား
ပါတယ် တဲ့။ ကဗျာဆရာ မိုးရင့်ကြယ် ဒီဖိနပ်လေးက ကျော်နိုင်ပါဦးမလား။ သူဟာ ကဗျာထဲမှာ
စတင်ပြီး ကိုယ့် ကိုယ်ကို သေကြောင်းကြံနေပြီ။ သူခံစားရသမျှဟာ
သူ့ရင်ဘတ်နဲ့မဆန့်တော့တာကို ကျွန်တော်တို့ ဖတ်နေရပြီ။ သူ့ဆီက ဒီလိုကဗျာတွေ
ဆက်မျှော်လင့်နေရင် ကျွန်တော်တို့ တရားပါ့မလား။ ကဗျာဆရာဟာ လောကမှာ ရန်သူစစ်စစ်နဲ့
မိတ်ဆွေစစ်စစ်ကိုလည်း တွေ့ခဲ့ဖူးပြီ။ ကာရန်မဲ့ချင်မဲ့ အဘိဓမ္မာမမဲ့ဖို့လည်း
သင်ကြားတတ်မြောက် ခဲ့ပြီးပြီ။ ဖြစ်နိုင်ရင် ကဗျာဆရာမိုးရင့်ကြယ်ကို အမုန်းမဲ့တဲ့
အချစ်စစ်စစ် တွေချည်း တွေ့စေချင်မိပါတယ်။ ကျွန်တော် သစ်ပင်လေးတစ်ပင်ကို
မော့ကြည့်လိုက်ပါတယ်။ အဲဒီသစ်ပင်လေးမှာ ကြယ်လေးတစ်ပွင့်ဟာ ချိတ်တွဲလို့။
အလင်းဆုံးကြယ်တွေဟာ အစောဆုံးကြွေကျတယ်လို့ ကြားဖူးတယ်။ အခု သစ်ပင်လေးမှာ ချိတ်တွဲ
နေတဲ့ကြယ်က မီးမလာတဲ့ကြယ်။ ဘယ်တော့မှ မကြွေဘူး။ နို့ဆီဗူး ခွက်ထဲစိုက်ထားတဲ့
နှင်းဆီကိုင်းခြောက်တွေကနေ ကဗျာပွဲခင်းထဲကနှင်းဆီပန်းစည်းလေးဖြစ်လာပြီးတဲ့နောက်
ကဗျာဆရာ မိုးရင့်ကြယ် တစ်ယောက် အချစ်ကို အချစ်နဲ့ မီးတောက်အောင်
ခတ်နိုင်ပါစေလို့ပဲ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။
မင်းနဒီခ
၁၀၊ ဖေဖော်ဝါရီ၊
၂၀၁၄
အတွေနုအချစ်စုရှုချင်စဖွယ်
ReplyDelete