Friday, August 29, 2014

အိပ်ခန်းတွေဟာ အသံလုံဖို့ လိုတယ်

အိပ်ခန်းတွေဟာ အသံလုံဖို့ လိုတယ်

မပြီးနိုင် မစီးနိုင် စကားပြောခန်းများ တဆင့်ပြီး တဆင့်
မြင့်တက်လာတဲ့ အသံလှိုင်းတုန်ခါနှုန်း ဆင့်ပွားအနက် ဂယက်မှ
အ ကာလ ဟာ တီးတိုးရွတ်ဆိုအော်မြည်စရာ မည်းနက်
လွင့်လွင့်သွားတဲ့ ခန်းစီးစလေး အဝေး အငေး လွမ်းစရာ
ကြည်သရာ စိတ်ကူးများနောက် လိုက်လေ ဝေးလေ အိပ်မက်အခန်း
သံသရာ တစ်လျှောက်လုံး နာကျင်စွာ ရယ်မော ငိုကြွေးခဲ့လေသမျှ
အသံဟာ မယုံနိုင်စရာ ကောင်းလောက်အောင် နံရံတွေကို ဖောက်ထွက်လာတယ်
နားတွေကို ဘယ်မှာ သွား ၀ှက်ထားရမလဲ အတွေး
လေဟာ စကားလုံးတွေကို ရိုက်ပုတ်ထိုးနှက်သယ်ဆောင်လာရာ
စူးစူးရှရှ သွေးပျက်ထိတ်လန့်ဖွယ် ညကြီးပဲပေါ့
ကိုယ် သွေးပျက်ချင်လိုက်တာ အထီးကျန်ကျန်
လစ်ဟာမှုမှာ သူများအခန်းထဲကနေ ကိုယ့်အခန်းဆီ ကူးလာတယ်
ကိုယ် နှစ်သက်လိုက်ရတာ ဒီချစ်ခြင်းများနဲ့ စွန့်စားမှု
နှလုံးခုန်သံဟာ ရင်ဘတ်ကြီးကို ဖောက်ထွက်ဖဲ့ထုတ် အလာ
ကိုယ်ဟာ နားရွက်တွေကို အိပ်ထောင်ထဲ ထိုးထည့် ကြယ်သီးတပ် ဇစ်ပိတ်
အခုတော့ ဒီအခန်းထဲ အသေကောင်တစ်ယောက်လို
တိတ်ဆိတ်လွန်းလိုက်တာမှ စကားသံတွေပဲ ကြားကြား နေရတယ်
တကယ်ဆို အိပ်ခန်းတွေဟာ အသံလုံဖို့ လိုတယ် ဆိုတာပဲ

မင်းနဒီခ
၁၂၊ ၆၊ ၂၀၁၄

No comments:

Post a Comment