Tuesday, October 6, 2015

နေညိုအောင်နှင့် နှင်းမြမြအေးရည်စိမ့်စမ်းလွင်

နေညိုအောင်နှင့် နှင်းမြမြအေးရည်စိမ့်စမ်းလွင်

စာအုပ်အမည် - နှင်းမြမြအေးရည်စိမ့်စမ်းလွင်
ရေးသူ - နေညိုအောင်
ထုတ်ဝေသည့်ကာလ - သြဂုတ်လ၊ ၂၀၁၅
ထုတ်ဝေသည့်တိုက် - ပန်းသာနု စာပေ

 ကဗျာစာအုပ်အမည်က `နှင်းမြမြအေးရည်စိမ့်စမ်းလွင်´အချစ်ကဗျာစုစည်းမှု။ ရေးသူက `နေညိုအောင်´။ စာအုပ် အမည်က ထူးခြားသလို စာအုပ်အပြင်အဆင်ကလည်း ထူးခြားသည်။ လေးထောင့်စပ်စပ်ပုံစံ။ အမှတ်တမဲ့ကြည့်လျှင် ဗီစီဒီတစ်ချပ်အလားဟုပင် ထင်ရသည်။ အတွင်းတွင်လည်း ကဗျာဆရာ၏ ဓာတ်ပုံများကို အရောင်တစ်ရောင်ဖြင့် ညှပ်ထည့် ထားသေးသည်။ ဓါတ်ပုံစုစုပေါင်း ဆယ်ပုံ။ ရယ်ရွင်ဖွယ် ပြောရလျှင် ကဗျာဆရာသည် ကဗျာအားဖြင့်ရော လူအားဖြင့်ပါ သူ၏ စာအုပ်ကို ရောင်းအားမြှင့်တင်လိုဟန် ရှိသည်။ ယခုစာအုပ်၏ အမှာတစ်နေရာတွင်လည်း ကဗျာဆရာကိုယ်တိုင်က `နှင်းမြမြအေးရည်စိမ့်စမ်းလွင် အချစ်ကဗျာစာအုပ်ကို ချစ်တတ်သော ချစ်စိတ်ရှိသော လူသားများအားလုံးသို့ ရည်ရွယ် ပါတယ်´ ဟု ရည်ညွှန်းထားသေးသည်။ ဖြစ်သင့်ပါသည်။ ကဗျာဆရာလူငယ်တစ်ယောက်၏ ကြေကွဲဖွယ် နေ့ညများသည် အလွမ်းများဖြင့် ပြည့်လျှံနေသာ စာမျက်နှာတစ်ခုလည်း ဖြစ်နိုင်သည်။ ကဗျာဆရာကိုယ်တိုင် ၀န်ခံထားသလို ရည်ရွယ်ခဲ့ ဖူးသော နွေဦးသည်လည်း မရည်ရွယ်ခဲ့သော အကြောင်းအရာများနှင့် ပျက်သုဉ်းသွားခဲ့တာလည်း ဖြစ်နိုင်သည်။ ကဗျာ ဆရာသည် လွင့်စင်သွားသော ချစ်ခြင်းတရားအပိုင်းအစများကို တစစီပြန်ဆက်ယူနေခြင်းလည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေ များစွာထဲမှ ပိုမိုသေချာသော အရာတစ်ခုမှာ ကဗျာဆရာ၏ မျှော်လင့်နေမှုပင် ဖြစ်သည်။ ဘယ်လို မျှော်လင့်မှုလဲ။ ဘယ်လောက်ထိ မျှော်လင့်နေဦးမလဲဆိုသည်မှာ နှင်းမြမြအေးရည်စိမ့်စမ်းလွင်နှင့် တွေ့မှ ကျွန်တော်တို့ သိခွင့်ရမည့် အဖြေ လည်း ဖြစ်ပါသည်။
 ကျွန်တော်နှင့် နေညိုအောင်သည် ၁၉၈၁ ခုဖွား သက်တူရွယ်တူဖြစ်သည်။ ကျွန်တော်ကဗျာလောကထဲ စတင် ရောက်ရှိသည့် ၂၀၀၅ တွင် သူ့ကဗျာများကို မဂ္ဂဇင်းစာမျက်နှာများပေါ်တွင် ခပ်စိပ်စိပ်တွေ့နေရပြီဖြစ်သည်။ ထွန်းငယ်(၃၁)၊ ဥက္ကံမှူး ဆိုပြီးလည်း သူက ကလောင်တွေ ခွဲထားသေးသည်။ ၂၀၀၉ ခုနှစ်တွင် မောင်ဆေးရိုး၊ နေမျိုး၊ ကိုထက်(ရေဦး)၊ ထွန်းလွင်သွယ်(ဆူးဖြူရိပ်)၊ ဇော်ထိန်တို့နှင့် `ကြယ်များနှင့်အတူ´ ခေတ်ပေါ်ကဗျာစာအုပ်တွင် ပါဝင်ခဲ့သည်။ ထို ၂၀၀၉ ခုနှစ်နောက်ပိုင်းများမှာ သူနှင့် ကျွန်တော် တရင်းတနှီး ပိုမိုပေါင်းဖြစ်ကြသည်။ ၂၀၁၂ တွင် `ပန်းပွင့်တွေ သီချင်း မဆို တတ်ဘူး မျှော်လင့်ခြင်းတနင်္ဂနွေ´ ဟု အမည်ပေးထားသည့် အချစ်ကဗျာစာအုပ်တစ်အုပ် နှစ်ယောက်တွဲ ထုတ်ဖြစ်ကြ သည်။ ကဗျာစာအုပ်နှင့်အတူ ကဗျာဆယ်ပုဒ်ရွတ်ဆို အသံသွင်းထားသည့် စီဒီတစ်ချပ်ပါ လက်ဆောင်ထည့်သွင်း ရောင်းချပေးခဲ့သည်။ ၂၀၁၃ တွင် မင်းမြတ်မွန်၊ လူနှင်းချို(မတ္တရာ)တို့နှင့် တွဲဖက်၍ `ခေါင်းမညိတ်တတ်တဲ့ အဓိပ္ပာယ်´ ခေတ်ပေါ်ကဗျာစာအုပ်ကို ထုတ်ဝေခဲ့သည်။ သူ၏ ပုံနှိပ်ကဗျာဖြတ်သန်းမှုမှာ ကျွန်တော့်ထက် စောသည်။ တနည်းအားဖြင့် ပြောရလျှင် ကဗျာဝါကြီးသည်။ သို့သော် ကျွန်တော်က ယခုအခါ ချစ်စရာဇနီးနှင့် ငါးနှစ်အရွယ်သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားပြီဖြစ်သည်။ တနည်းပြောရလျှင် သူ့ထက် အိမ်ထောင်သက်ဝါကြီးနေပြီ။ သူ့ခမျာ ယခုအချိန်ထိ ကြေကွဲစရာ အချစ်ဇာတ်လမ်းတွေကို မလိုချင်ဘဲ ပိုင်ဆိုင်နေရဆဲ။ ချစ်ခြင်းဖွဲ့ကဗျာတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ထပ်တိုးရေးဖွဲ့ဖြစ်နေဆဲ။ ချစ်ခြင်းတရားက ပေးသည့် နူးညံ့ညွှတ်နူးဖွယ် ဒဏ်ရာအနာဖေးများကို ပွတ်သပ် ဖဲ့ကစားရင်း နာကျင်မှုကို ခံစားလို့ ကောင်းနေဆဲ။ ထိုအထိ ကျွန်တော်လက်ခံပေးလို့ရသည်။ ကျွန်တော် လက်မခံချင်သည့် ကိစ္စမှာ ကဗျာစာအုပ်ခေါင်းစဉ် ဖြစ်သည်။
ဆရာ ပိုင်စိုးဝေက `မိဝင်းဖတ်ဖို့´ ကဗျာတွေ ရေးခဲ့သည်။ မောင်ကြည်သာ(တောင်တွင်း)က `ညီမလေး´ဟု တခမ်းတနား သိုသိုသိပ်သိပ်ဖွဲ့သည်။ မောင်သိန်းဇော်က ` ခင်´သည် ကျွန်တော်၏ အဖျား ငွေ့ငွေ့လေးဖြစ်သည်ဟု ညည်း သည်။ စံညိမ်းဦးက `တမိုးသားလုံး အေးပြည့်ပြည့်´ဟု ကြုံးဝါးသည်။ လင်းခါးကတော့ `မမြက ဘယ်မှာလဲ မမြရေ ဘယ်မှာ လဲ မမြရေ မြရေ´ ဟု သွေးရူးသွေးတမ်း ရှာဖွေသည်။ တေးခက်က `မသေနိုင်သေးတဲ့အချစ်နဲ့ နေရထိုင်ရတာ အရင်က ထက်တော့ သက်သာလာတယ် စူဇန်´ ဟု ဖြေတွေးသည်။ ညံလင်းကတော့ `လမ်းကြားလေးထဲ ရောက်တိုင်း ဖြူ အနံ့ရတယ်´ ဟု ရှူရှိုက်သည်။ နေညိုအောင်ကျမှ ဘာဖြစ်လို့ `နှင်း´`မြ´`မြ´`အေး´`ရည်´ `စိမ့်´`စမ်း´`လွင်´ ဖြစ်ရ တာလဲ။ `နှင်း´ တစ်ယောက်တည်း၊ `မြ´ တစ်ယောက်တည်း၊ `မြ´ တစ်ယောက်တည်း၊ `အေး´ တစ်ယောက်တည်း၊ `ရည်´ တစ်ယောက် တည်း၊` စိမ့်´ တစ်ယောက်တည်း၊ `စမ်း´ တစ်ယောက်တည်း၊ `လွင်´ တစ်ယောက်တည်း မဖြစ်ခဲ့ရ တာလဲ။ ကျွန်တော့်မေးခွန်းများဟာ ကျွန်တော် သိချင်စိတ်များနှင့်အတူ နှင်းမြမြအေးရည်စိမ့်စမ်းလွင် ရှိရာသို့ အရောက် သွားခဲ့မိတော့သည်။

`ကြေကွဲခြင်းဟာ နာမည်ပျက်ပြီပေါ့
ကြောက်စိတ်ဟာ ကြောက်ရွံ့စွာ ခေါင်းငုံ့နေရပြီပေါ့
နှုတ်ခမ်းတွေ လှုပ်တယ်ဆိုရုံ
နှုတ်ခမ်းတွေ လှုပ်တယ်ဆိုရုံလေး
နတ်ဆိုးတွေ မမြင်အောင် ငါပြုံးမိပါရဲ့ နှင်း´
(နှင်း ကဗျာမှ)

 `နှင်း´သည် သူ့အတွက် ပထမဦးဆုံးသောအချစ်ဇာတ်လမ်းတစ်ပုဒ်လား။ `နှင်း´နှင့် သူ၏အချစ်ဇာတ်လမ်းသည် ကြည်နူးဖွယ်ရာများနှင့် စတင်ခဲ့သည်။ သူနှင့် `နှင်း´၏ ကြားတွင် ကြေကွဲခြင်းသည် နာမည်ပျက်သွားသည်။ တစ်ယောက်ကို တစ်ယောက်ဆုံးရှုံးမှာ ကြောက်သည့်စိတ်များသည် သူတို့နှစ်ယောက်ကြားတွင် ခေါင်းငုံ့တိုးလျှိုးနေရသည်။ ချစ်ခြင်းကိုမှ ဖျက်ဆီးတတ်သည့်နတ်ဆိုးတွေ မမြင်အောင် ကဗျာဆရာသည် နှင်းကို လုံခြုံအောင် ကွယ်ဝှက်သိမ်းဆည်းပေးနိုင်ခဲ့သည်။ ကဗျာဆရာ၏ ချစ်ခြင်းအစအမွန်သည် ပျော်ရွှင်စရာအတိဖြင့် အဆုံးထိလှပနေခဲ့သလို။

`လူတစ်ယောက်ရင်ကွဲဖို့
ဓါးတစ်လက်မလိုအပ်ခဲ့ပါဘူး ချစ်မေတ္တာ
အကြောင်းအကျိုးဆင်ခြင်နိုင်တဲ့စိတ်က
သူ့နာမည်လေး ကြားရုံနဲ့
ခြေဖျားလက်ဖျားတွေ အေးစက်
တုန်ရင်ချိနဲ့ ဖြစ်တယ်ဆိုရင်တော့ လွန်တာပေါ့´
(မြ ကဗျာမှ)

 အပြောင်းအလဲက မြန်သည်။ ကဗျာဆရာ၏ နှုတ်မှ တဖွဖွ ရွတ်ဆိုနေသည့်အမည်သည် `နှင်း´ မဟုတ်တော့။ `နှင်း´ ဘယ်ရောက်သွားပြီလဲ။ `နှင်း´ ပျောက်သွားပြီး `မြ´ ရောက်လာသည်။ `မြ´သည် `နှင်း´ထက်ပို၍ အေးမြစေ ခဲ့ပြီလား။ ကျွန်တော်ထင်မြင်ချက်များ မှားပြီဆိုတာ ကဗျာအစမှာတင် သိလိုက်ရသည်။ `မြ´သည် ကဗျာဆရာ၏ နှလုံးသား ကို ချစ်ခြင်းမေတ္တာဖြင့် ထိုးခွဲပစ်ဖို့ ကြိုးစားနေပြီ။ ကဗျာဆရာသည် `မြ´ဆိုသည့် အမည်နာမကို ကြားရုံမျှဖြင့် တုန်ရင်ချိနဲ့လို့။ `နှင်း´နှင့် အေးမြခဲ့သော ကဗျာဆရာ၏ နှလုံးသားသည် `မြ´လက်မှာ ချွန်မြသည့် ရေခဲလက်များဖြင့် ထိုးချေ ဖျက်ဆီးခံလိုက်ရသည်။ ကဗျာဆရာ၏ ညနေခင်းများသည် မူးယစ်ထုံပြင်းသော ရနံ့များဖြင့် မွန်းကျပ်ပူလောင်ခဲ့ရသည်။

`ရာသီနဲ့ နာရီက
တားလို့ မရစကောင်းဘူး မြ
ဒီမှာ
မင်းမမြင်နိုင်တဲ့သစ်ရွက်တွေ ကြွေနေပြန်ပြီ
မင်းမကြိုက်တဲ့ ငါ့အိပ်မက်တွေလည်း ရှည်နေပြီကောကွယ်´
( မြ ကဗျာမှ)

 `မြ´ပြီးတော့ `မြ´ထပ်လာသည်။ ယခု `မြ´သည် အရင်က `မြ´ထက် ပိုထက်ရှကြေကွဲစေမည်မှန်း ကဗျာဆရာ မသိခဲ့လေရော့သလား။ တခါသေဖူး ပျဉ်ဖိုးနားမလည်သေးသည့် ကဗျာဆရာ `မြ´ချစ်ခြင်းတရားရှေ့မှောက်တွင် သစ်ရွက် ကြွေလို ဒူးထောက်ခစားရပြန်ဦးတော့သည်။ တရံတခါဆီက အနမ်းတို့သည် ဘယ်ဝယ်ဘယ်ဆီထိ လွင့်မျောသွား လေပြီ မသိတော့။ အရာရာထိစပ်ပတ်သက်ခဲ့သမျှ မြောက်ပြန်လေ တသုန်သုန်အဖြူးမှာ အရူးတစ်ယောက်လို နာကျင်ခံစားရ ပြန်ဦးတော့မည်။

`ငါတို့ရွေ့လျားခဲ့ခြင်းက
တစ်ယောက်ယောက်ကို ထိခိုက်နစ်နာစေဖို့လား
ဒါမှမဟုတ်
နှစ်ယောက်စလုံး လောင်ကျွမ်းပြာကျဖို့လား
စွန့်လွတ်ဖို့ ခက်တဲ့ ကမ္ဘာမှာ
အမှန်တရားဟာ
ပန်းအ၀ါလေးတစ်ပွင့်အဖြစ်
အယောင်ဆောင်ကြွေကျခဲ့ဖူးတယ်´
( အေး ကဗျာမှ)

 ချစ်ကံခေသူတို့လမ်းသည် ဆူးကြမ်းများဖြင့် အပြည့်ခင်းထားသည်။ ကျောခိုင်းထွက်ခွာဖို့ ကိုယ့်ကိုယ်ကိုယ် ခွင့်မပြုနိုင်ခြင်းက ဒဏ်ရာကို နှစ်ထပ်တိုးဖြင့် ပိုမိုဆိုးရွားစေလွန်းသည်။ ကံကြမ္မာသည် အသည်းကွဲကဗျာဆရာသွားရာ ဓားလိုက်လို့ မိုးပေးသည်။ ခေါင်းမော့ရင်လည်း အသွားတလက်လက်၊ ခေါင်းငုံ့ထားရင်လည်း သွေးတစက်စက်နှင့် အမှောင်ထဲမှာ ပွင့်တဲ့ ပန်းခမျာ ဘယ်လို အချစ်နတ်ဘုရားမှ မြင်နိုင်ရန် မစွမ်းသာခဲ့ဘူး ထင်ပါသည်။ သွေးမတိတ်သေးသည့် အရင်ဒဏ်ရာဟောင်းများနေရာတွင် သွေးစိမ်းရှင်ရှင် ထပ်ထွက်သည်။ ယခုထွက်သည့် သွေးသည် တစ်ဖက်ဓားသွားကြောင့် မဟုတ်၊ နှစ်ဖက်ဓားသွားကြောင့် ပိုပြတ်ရှခဲ့ရသည်။ `အေး´။ `နှစ်ယောက်စလုံးလောင်ကျွမ်းဖို့ ငါတို့ ဘာကို စတေးကြမလဲ´ ဟု ကဗျာဆရာ ငိုကြွေးခဲ့ပါသေးလား။

`နာကျည်းခြင်းဟာ
ဘယ်သူ့အနားမှာ အိပ်ပျော်နေခဲ့သလဲ
ညဥ့်ဦးယံ
အားလုံးတိတ်ဆိတ်သွားခဲ့ပေမယ့်
ချစ်မေတ္တာက
ငါ့ရဲ့အနားမှာ မတ်တပ်ရပ်နေတုန်းပဲ´
( ရည် ကဗျာမှ)

 အချိန်များ တရွေ့ရွေ့ပြောင်းလဲခဲ့ပြီ။ ရင့်ကျက်မှုသည် တကောက်ကောက်လိုက်ပါနေသည့် အရိပ်တစ်ခုလို ကဗျာဆရာ၏ ရင်ကို အနည်းငယ်တော့ သက်သာစေခဲ့ပြီ ထင်သည်။ ကဗျာဆရာ၏ သံဝေဂသည် ပန်းလေးတစ်ပွင့်၏ ဖူး၊ ပွင့်၊ ကြွေ ဖြစ်တည်ဆဲ ခဏငယ်များအပေါ်တွင် သာယာမိန်းမောလို့ မနေတော့တာ သေချာသည်။ မပျော်ရွှင်ခြင်းများနှင့် နေသားကျနေသော နေ့ရက်များသည် ကိုယ်နှင့် ငယ်ပေါင်းကြီးဖော်လို၊ သောက်ဖော်စားဖက်လို၊ ဆိုးဖော်မိုက်ဖက်လို။ တခါတရံ ချစ်ခြင်းတရား ကို လိုအပ်သည့်နေ့များလည်း ရောက်ရှိလာပါလိမ့်ဦးမည်။ သူ့နာမည်ကို `ရည်´ ဟု မှတ်လိုက်ပါ။

`လက်တွေဟာ
တခြားတစ်ယောက်ရဲ့ ဒုက္ခတွေကို ကူညီဖို့ပါ
အနမ်းတွေကတော့
နှလုံးသားအခန်းငယ်လေးထဲ
သိမ်းဆည်းထားဖို့ပါ
သင် ၀မ်းနည်းကြေကွဲနေတဲ့အခါ
ရေရွတ်ကြည့်လိုက်ပါ
သူ့နာမည်က ချစ်မေတ္တာ´
(စိမ့် ကဗျာမှ)

 ကဗျာဆရာသည် လူငယ်ဘ၀မှ လူလတ်ပိုင်းဘ၀သို့ ကူးပြောင်းလာပြီ။ လက်မောင်းပေါ်တွင် ရေးထိုးထားသော တက်တူးတစအပေါ်တွင် အရူးအမူးတွယ်တာနေသည့်စိတ်ကတော့ မပြောင်းလဲသေး။ ရရှိခဲ့သော ချစ်ခြင်းမေတ္တာတို့ အပေါ် တွင် အကြိမ်ကြိမ်အထပ်ထပ် ကျေနပ်မွတ်သိပ်ခဲ့ပြီးပြီ။ မရရှိခဲ့သော ချစ်ခြင်းမေတ္တာတို့အပေါ်တွင် အဖန်ဖန်အလဲလဲ ပြိုကွဲ ယိုင်လဲခဲ့ပြီးပြီ။ ဖြတ်သန်းခဲ့ဖူးတဲ့ လူငယ်ဘ၀ဆိုတာ ပျော်ရွှင်စရာထက် ကြေကွဲစရာများခဲ့တယ်ဆိုရမလား။ ဒီဇာတ်လမ်းမှာ မြက်ပင်ကလေး၊ စတော်ဘယ်ရီသီးတွေနဲ့ ချန်ထားခဲ့လို့ မရသည့် ဇီဇ၀ါပန်းများ။ မေ့ထားခဲ့လို့ မရနိုင်သည့် ရေဒီယို အမည်းရောင်လေးနှင့် နိုဝင်ဘာမိုးတိမ်။ သိမ်းဆည်းထားဖို့ရာ နှလုံးသားအခန်းငယ်လေးတစ်ခုတော့ ရှိတာကို သူ သိသည်။ `စိမ့်´ဟု ရေရွတ်ကြည့်လိုက်ပါ။ ချစ်ခြင်းမေတ္တာလို့ အသံထွက်လာပါလိမ့်မည်။

`နေ့လည်ခင်းစိတ်ကူးတစ်ခု
ငါ စိုက်ပျိုးထားတယ် ကဗျာ
မင်းအဆင်ပြေသလို ရိတ်သိမ်းပါ
ဒီဇာတ်လမ်းမှာ
တန်ပေါင်းသုံးရာ့ခြောက်ဆယ်လောက်ရှိတဲ့ အရာတစ်ခုကို
ယုံကြည်မှုဆိုတဲ့
ကြိုးလေးတစ်ချောင်းတည်းနဲ့
ငါ ချည်နှောင်ခဲ့တာပါ´
(စမ်း ကဗျာမှ)

 မဖြစ်နိုင်မှန်းသိလျှက်နှင့် ရူးမိုက်ခဲ့သည် ကဗျာဆရာတစ်ယောက်၏ နောက်ပိုင်းဇာတ်ထုပ်သည် ငိုချင်းများဖြင့် ကန့်လန့်ကာ ချလိုက်ရတော့မည်။ မမှီနိုင်သော သစ်ပင်ပေါ်မှာ သစ်သီးကို ချဉ်သည်ဟု ကဗျာဆရာသည် ဘယ်တော့မှ မပြောခဲ့။ အဘယ်ကြောင့်ဆိုသော် ကဗျာဆရာသည် မြေခွေးတစ်ကောင် မဟုတ်ခဲ့သောကြောင့် ဖြစ်သည်။ နူးညံ့ သိမ်မွေ့မှုသည် အဝေးက ငေးကြည့်နေခွင့်ရတာလေးတစ်ခုတည်းနဲ့တင် ရင်မှာဖွဲ့တည်ကိန်းဝပ်လာစေခဲ့သည်။ ပျော်ရွှင်ပါ။ ကြည်နူးပါ။ ၀မ်းမြောက်ပါ။ ချိုမြိန်သစ်သီးများနဲ့ လတ်ဆတ်သော ရွက်သစ်များကို စားသုံးပါ။ နွေးထွေးသော အိပ်ရာပေါ်မှာ အိပ်စက်ပါ။ ကောင်းမွန်မြင့်မြတ်သော အိပ်မက်များကို မက်ပါ။ ဆုတောင်းခန်းမဟာ ထိုထိုသော ကဗျာရွတ်သံများဖြင့် ဖုံးလွှမ်းနေပါစေ။`စမ်း´။ `ရေလို အေးပါစေ ပန်းလို မွှေးပါစေ´။ ချစ်ခြင်းတရားအပေါ် ယုံကြည်သက်ဝင်မှုက ဘာသာတရား တစ်ခုလို ကဗျာဆရာကို ရဲဝံ့စေခဲ့လွန်းပါသည်။

`အရင်လို
ပေါက်ပြားတွေနဲ့ မရတော့ဘူး
ဦးညွှတ်ပြီးပြီပဲ
ရည်စူးပြီးပြီပဲ
ဘယ်လိုရေတွင်းပျက်တွေကို
ဆယ်ယူရဦးမလဲ´
( လွင် ကဗျာမှ)

 ခဲမှန်ဖူးသော စာသူငယ်သည် ခဲ ရှိရာ အရပ်သို့ နောက်တစ်ကြိမ်မပျံသန်းတော့ပေမယ့် ကဗျာဆရာကတော့ အခါခါ ပြုတ်ကျဖူးသည့် သားရဲတွင်းကိုမှ အခါခါ ခုန်ဆင်းချင်နေသည့် သူရဲကောင်းဖြစ်သည်။ ကဗျာဆရာ၏ မာနသည် ချစ်ခြင်း တရား၏ အောက်တွင် ဒူးထောက်အရှုံးပေးဦးညွှတ်ရန် နှစ်ခါပြန်စဉ်းစားစရာမလိုအပ်ခဲ့။ `ရေကြည်သောက်ချင်လို့ ဆင်းခပ် ခဲ့တာပါ´ ဟူသောအသံကို ရေတွင်းပျက်၏ အောက်ခြေမှ ကြားလိုက်ရသည်။ ကျိန်စာသင့်ခဲ့သော အော်သံသည် ကဗျာ ဖတ်သူထံသို့ အဝေးကနေ ထိုးဖောက်ဝင်ရောက်ရန် ပျံသန်းလာချေပြီ။ နားများကို ပိတ်လိုက်ပါ။ မျက်လုံးများကို မှိတ်လိုက်ပါ။ ပြီးခဲ့သည့်အတိတ်ကို အစကနေ ပြန်ရေးလျှင် `နှင်းမြမြအေးရည်စိမ့်စမ့်လွင်´ဆိုသည့် ကဗျာစာအုပ် တစ်အုပ် ဖြစ်လာပါလိမ့်မည်။ နားများကို ပြန်ဖွင့်လိုက်ပါ။ မျက်လုံးများကို ဖွင့်ကြည့်လိုက်ပါ။ နှင်းမြမြအေးရည်စိမ့်စမ်းလွင်သည် ချစ်စဖွယ်အမူအယာဖြင့် ပြုံးကြည့်နေသည်ကို တွေ့ရပါလိမ့်မည်။
 နေညိုအောင်၏ အချစ်ကဗျာများကို ဖတ်ရသည့်အခါ တစ်စုံတစ်ယောက်က ညင်ညင်သာသာ တီးတိုးစကား ပြောနေသလို ခံစားရသည်။ စကားလုံးရွေးခြယ်မှု၊ အသံ အဖြတ်အတောက်နှင့် လိုင်းစီပုံ၊ ခေတ်ပေါ်ကဗျာ၏ အသက် ဓာတ်ဖြစ်သည့် စကားပြောရစ်သမ်၊ စကားလုံးချိတ်ဆက် ဖွဲ့ယူပုံကောင်းခြင်း၊ စုစည်းပြေပြစ်မှုရှိခြင်းများကို ခံစား ရသည်။ ကဗျာဖတ်သူသည် ကဗျာတစ်ပုဒ်ကို ဖတ်နေရင်းနှင့် ကဗျာဆရာနှင့် သူ့ဇာတ်ကောင်အမျိုးသမီး နံဘေးရောက်သွားသလို ခံစားရသည်။ ကဗျာဆရာ၏ ကြေကွဲခံစားမှုသည် ကဗျာဖတ်သူထံသို့ တနည်းနည်းဖြင့် ကူးစက်နေသည်။ နေညိုအောင်၏ ကဗျာများတွင် ရင့်သီးသော စကားလုံးများမပါ။ သူ့ပြင်ပ ပင်ကိုယ်လက္ခဏာအတိုင်း သူ့ကဗျာများသည် အေးဆေး ညင်သာစွာ စီးဆင်းနေသည်။ ကဗျာဆရာ၏ ရိုးသားမှု၊ ချစ်ခြင်းတရား၊ အကောင်းမြင်စိတ်နှင့် ကြေကွဲနွမ်းလျမှုများအား ကဗျာတိုင်းတွင် အထင်းသား မြင်တွေ့ နေရသည်။ ကဗျာဖတ်နေရင်းနှင့် `နှင်း´`မြ´`မြ´`အေး´`ရည်´ `စိမ့်´`စမ်း´ `လွင်´သည် တစ်ဦးတည်းဖြစ်သွားသည်။
ယခု ကဗျာစာအုပ်သည် သူနှင့် နှင်းမြမြအေးရည်စိမ့်စမ်းလွင် (သို့) သူ့ချစ်ခြင်းမေတ္တာ၏ အတ္ထုပတ္တိဖြစ်သည်။ ကဗျာဆရာသည် သူကြုံတွေ့ရသည့်၊ သူခံစားရသည့် ချစ်ခြင်းမေတ္တာကို အမည်နာမအမျိုးမျိုးဖြင့် ပြောင်းလဲ တင်ဆက်ခြင်း ဖြစ်သည်။ အမည်နာမ တစ်ခု ပြောင်းလိုက်လျှင် ဒဏ်ရာအနာ ပိုသက်သာမည်ဟု သူထင်မှတ်ထားခဲ့သည်။ သို့သော် သူ့ကြေကွဲမှုသည် အစွန်းရောက်နာကျင်မှုများအဖြစ် ပြောင်းလဲသွားသည်။ ချစ်ခြင်းမေတ္တာကို ကိုယ်ခွဲတွေ အများကြီးဖြင့် မြင်လာသည်။ သူသည် သူရူးတစ်ယောက်လို တစ်ယောက်တည်း စကားတွေ ပြောတော့သည်။ တခါတရံတွင် `နှင်း´နှင့်။ တခါတရံတွင် `မြ´နှင့်။ တခါတရံတွင် `အေး´နှင့်။ အဲဒီလိုနှင့် အထီးကျန်နေ့ရက်များကို ကဗျာတွေ ဖွဲ့ပြီး ပျော်ချင်ယောင် ဆောင်ခဲ့သည်။ ရေသန့်တစ်ဗူးနှင့် မလုံလောက်သည့် ညနေတွေကို ရီဝေယစ်မူးစွာ ဖြတ်သန်းကူးခတ်ခဲ့သည်။ သူသည် သူ့ခန္ဓာကိုယ်အနှံ့အပြားတွင် `နှင်းမြမြအေးရည်စိမ့်စိမ့်လွင်´၏ ပုံတူကို တက်တူးထိုးဖို့ ကြိုးစားသည်။ တကယ့်လက်တွေ့ တွင်မူ မဖြစ်နိုင်။ `နှင်းမြမြအေးရည်စိမ့်စမ်းလွင်´သည် အပြင်လောကမှာ တကယ်မရှိ။ တကယ်ရှိသည်မှာ ချစ်ခြင်း မေတ္တာသာ ဖြစ်သည်။ ချစ်ခြင်းမေတ္တာကို တက်တူးထိုးဖို့ ကြိုးစားသော သူရူးကို ကဗျာဆရာဟာ သမုတ်လျှင် ထိုကဗျာ ဆရာမှာ နေညိုအောင် သာ ဖြစ်သည်။ အချစ်ကို ချစ်တတ်ဖို့ ကြိုးစားနေသည့် ကဗျာဆရာ နေညိုအောင် တစ်ယောက် အချစ်ကဗျာများ ဆက်လက်ရေးဖွဲ့ရင်း ချစ်ခြင်းမေတ္တာနှင့် အမြန်ဆုံဆည်းပါစေဟု ကျွန်တော် ဆုတောင်းပေးလိုက်မိပါသည်။

မင်းနဒီခ
၆၊ ၁၀၊ ၂၀၁၅

No comments:

Post a Comment