Tuesday, October 6, 2015

လင်းခါးရဲ့ ​ဖြောင့်​ချက်​​များ

လင်းခါးရဲ့ ဖြောင့်ချက်များ

စာအုပ်အမည် - ခေတ်က ရိုက်စစ်တော့ ကဗျာတွေ ထွက်လာတယ်
ရေးသူ - လင်းခါး
ထုတ်ဝေသည့်ကာလ - မေ၊ ၂၀၁၅
ထုတ်ဝေသည့်တိုက် - ဗောဓိရိပ် အနုပညာ
မျက်နှာဖုံးဒီဇိုင်း - နှနှင်းနွယ်ဖြိုး


 ၂၀၁၅၊ မေလမှာ ကဗျာဆရာလင်းခါးရဲ့ တတိယမြောက်တစ်ကိုယ်တော်အဖြစ်`ခေတ်က ရိုက်စစ်တော့ ကဗျာတွေ ထွက်လာတယ်´ လို့ ခေါင်းစဉ်ပေးထားတဲ့ ကဗျာစာအုပ်တစ်အုပ်ထွက်လာပါတယ်။ ၂၀၁၁ ဖေဖော်ဝါရီမှာ `ယှဉ်ရုန်းခဲ့တဲ့ ဘော်ဒီ´၊ ၂၀၁၂ ဇူလိုင် မှာ `စိမ်းဖန့်နေတဲ့ စိမ်းကားရက်စက်မှု´ ဆိုပြီး တစ်ကိုယ်တော်ကဗျာစာအုပ် ၂ အုပ်ထွက်ရှိ ထားခဲ့ပြီး အရင်စာအုပ်တွေနဲ့ ကွဲပြားတာကတော့ အခု ကဗျာစာအုပ်ဟာ ခေတ်စနစ်တစ်ခုရဲ့ စစ်ကြောရေးစခန်းက ရိုက်နှက် စစ်ဆေး လို့ ထွက်ကျလာတဲ့ ဖြောင့်ချက်တွေကို ကဗျာအဖြစ် စုစည်းထုတ်ဝေထားခြင်းဖြစ်ပါတယ်။ တစ်နည်းပြောရရင် အာဏာရှင် စစ်အစိုးရလက်အောက်က လူငယ်တစ်ယောက်ရဲ့ပေါက်ကွဲမှု၊ တရားဖိနှိပ်ခံရမှုများအပေါ် စကားလုံးများဖြင့် တုံ့ပြန်မှု၊ ခေတ် စနစ်ဆိုးတစ်ခုအောက်ကနေ ကဗျာဖြင့် တွန်းကန်ရုန်းထွက်မှု၊ ကောင်းမွန်သော အနာဂတ်အတွက် စာပေနဲ့ တိုက်ပွဲဝင်မှု များပဲ ဖြစ်ပါတယ်။ လင်းခါးရဲ့ ဒီစာအုပ်မှာ ဆရာမောင်မှိုင်းလွင်(အင်းဝ)နဲ့ ရဲဘော်သံခဲ မကဒတ(ကျောင်းသားတပ်မတော်) တို့က အမှာစာရေးပေးထားပြီး သူ့ရဲ့ ပထမဆုံးကဗျာစုစည်းမှုဖြစ်တဲ့ `ယှဉ်ရုန်းခဲ့တဲ့ဘော်ဒီ´ ကဗျာစာအုပ်မှာ မဖော်ပြဖြစ် လိုက်တဲ့ ဆရာနေမျိုးရဲ့ အမှာစာကိုလည်း ပြန်လည်ထည့်သွင်းထားပါသေးတယ်။ ဒီနေရာမှာ ဆရာမောင်မှိုင်းလွင်(အင်းဝ) ရဲ့ အမှာစာကို အနည်းငယ် ပြန်ဖော်ပြချင်မိပါတယ်။

`ဗမာပြည်မှာတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ သူ့ခေတ် သူ့အခါ အလျောက်လေးချိုးကြီးဆိုတဲ့ ကဗျာ ပုံ သဏ္ဍာန်အသစ်၊ ဋီကာ၊ ကဏ္ဍိ စတဲ့ စကားပြေပုံသဏ္ဍာန်အသစ်တွေကို တီထွင်ပြီး ပြည်သူ့စာပေ၊ စာပေသစ်၊ လမ်းကြောင်း ကို စတင်လမ်းဖောက် လျှောက် လှမ်းခဲ့သူ ဖြစ်ပါတယ်။ စာပေသစ်ရဲ့ ခေါင်းဆောင်ဟာ ဆရာကြီးပါ။ ဆရာကြီးရဲ့ စာပေသစ် သဘောတရားကို ဆရာ ဒဂုန်တာရာက တာရာမဂ္ဂဇင်းယာဉ်သာနဲ့ တင်ဆောင်ကာ ဆက်လက်ဖြန့်ချိ ပြန့်ပွား စေခဲ့ပါတယ်။ နောက် . . . အတွေးရဲ အရေးရဲတဲ့ မန္တလေးတက္ကသိုလ်ကလောင်ရှင်များ။ ပြီး . . . မိုးဝေကဗျာခေတ်၊ စာကူးစက် ကဗျာခေတ်။ ရှစ်လေးလုံး အရေးတော်ပုံကာလအပြီးမှာတော့ ဒုတိယမှိုင်းလို့ တင်စားခံရတဲ့ ဆရာတင်မိုးခေတ်။ အဲဒီကနေ လွတ်လပ်လင်္ကာ တော်လှန်ကဗျာခေတ်ဟာ ကနေ့လူငယ်တွေအထိ ဆက်လက်ကိုင်စွဲ သယ်ဆောင်ခဲ့ကြတော့တာပါပဲ။´
ဆက်လက်ပြီး ဆရာမောင်မှိုင်းလွင်(အင်းဝ)က `လင်းခါးဟာ သူဖြတ်သန်းနေရတဲ့သမိုင်းခေတ်ကို မျက်ခြေမပြတ်၊ တွေးအားကောင်း ရေးအားကောင်းသူ။ ကဗျာလူငယ်ဟာ ပေါ်ပင်ပုံသဏ္ဍာန်နောက်ကို မလိုက်၊ အကြောင်းအရာကိုသာ အဓိက ဖက်တွယ်တယ်။ ကာရံအပေါ်မှာ ပေါ့ပါးတယ် ထင်စရာရှိပေမယ့် အဘိဓမ္မအပေါ်မှာတော့ လေးနက်တယ်။ လင်းခါး ရဲ့ ကဗျာဖန်သားပြင်မှာ သူဖြတ်သန်းရတဲ့ သမိုင်းခေတ်ကြီး ကတော့ ပြတ်ပြတ်သားသား၊ ထင်ထင်ရှားရှား။ လင်းခါးဟာ သမိုင်းရဲ့ မျက်လုံးနဲ့ စူးစူးရှရှမြင်တတ်သူ၊ သမိုင်းရဲ့ နားနဲ့ ပီပီမြည်မြည်ကြားတတ်သူ၊ သမိုင်းရဲ့ ဦးဏှောက်နဲ့ ရဲရင့် ထက်မြတ် တွေးတတ်သူ၊ သမိုင်းရဲ့စာမျက်နှာမှာ ရေးအား ကောင်းကောင်းနဲ့ ဖွဲ့နွဲ့တတ်သူ၊ ပြည်သူ့ဘ၀ ပြည်သူနှလုံးသား ပြည်သူ့ ခံစားချက်တွေနဲ့ ထုံမွှန်းထားတဲ့ ရင်ထဲက စကားကို သူသိစေချင်တဲ့ သူတွေ ရှင်းရှင်းလင်းလင်းနားလည်သွားအောင် လှလှပပ ပြောပြတတ်သူ´ လို့လည်း ရေးပေးထားပါတယ်။

၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဗမာပြည်ဟာ ပြည်တွင်းစစ်နဲ့ စတင်ကြုံတွေ့ခဲ့ရတယ်။ အဲဒီနောက်ပိုင်း၁၉၆၂ မှာ ပြည်တွင်းဖြစ်ဆိုရှယ်လစ်အယောင်ဆောင်စစ်အုပ်စုရဲ့ အာဏာသိမ်းမှုနဲ့အတူ ဗမာပြည်စာပေလွတ်လပ်ခွင့်ဟာ စတင် ဆုံးရှုံးခဲ့ရပြီး အဲဒီနောက်ပိုင်း ၇၄၊ ၇၅၊ ၇၆ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု၊ အကြီးကျယ်ဆုံးသော ရှစ်လေးလုံး အရေး အခင်းကြီး နောက်ပိုင်း ပိုမိုဆိုးရွားစွာ စာပေလွတ်လွတ်ခွင့် ဆိုးဆိုးရွားရွားဆုံးရှုံးခဲ့ရပါတယ်။ ဥပမာ-`ည´ ဆိုတဲ့ စကားလုံး အသုံးပြုရင်တောင် သူတို့အုပ်ချုပ်နေတဲ့ခေတ်ကို အမှောင်ခေတ်လို့ ရည်ရွယ်ပြီး ရေးတာဆိုပြီး ဖော်ပြခွင့်မရရှိတာမျိုး၊ `ထောင်´ ဆိုရင် ဘ၀တက္ကသိုလ်တို့၊ ကျောင်းတော်ကြီးတို့ ရေးရတာမျိုး စတဲ့ အုပ်ချုပ်သူအစိုးရနဲ့ မလွတ်ကင်းတဲ့ ကဗျာ တွေ၊ စာတွေဆိုရင် စုတ်ဖြဲခံရ၊ ငွေမှင်အသုတ်ခံခဲ့ကြရပေမယ့် ကဗျာဆရာတွေဟာ ခေတ်ပေါ်ကဗျာအားကောင်း ဖြစ်ထွန်း လာမှုနဲ့အတူ သင်္ကေတ၊ နမိတ်ပုံ၊ သွယ်ဝိုက်တဲ့ စကားလုံးတွေနဲ့ ခေတ်အဆက်ဆက် ဆန့်ကျင်ရေးသား တိုက်ပွဲဝင်ခဲ့ကြပါ တယ်။ အခု ဒီဘက်နှစ်များ ၂၀၁၂ နှောင်းပိုင်းမှာ စာပေလွတ်လပ်ခွင့်အနည်းငယ် ပြန်ပေးလာပါတယ်။ လွတ်လပ်ခွင့် အနည်းငယ် ရလာတဲ့အလျောက်လည်း ကဗျာဆရာတွေက သွေးတိုးစမ်းရေးကြတယ်။ ပိုမို တိုက်ရိုက်ဆန့်ကျင်ပြီး ရေး ကြည့်တယ်။ ခေတ်ကာလနဲ့ ကဗျာအရွေ့အရလည်း ပင်မရေစီးခေတ်ပေါ်ကဗျာဟာ အရင်ကထက် အလင်္ကာတွေ နိမိတ်ပုံ တွေ လျော့ရေးလာကြတာလည်း ပါတယ်။ ခေတ်ပေါ်/ခေတ်ပြိုင်ကဗျာဟန် ရောထွေးမှုတွေ၊ ကဗျာဆိုင်ရာနည်းနာ အသစ် တွေ ပေါ်လာတယ်။ ဘယ်လိုပဲ ကဗျာဟန်တွေ ပြောင်းလဲသွားပါစေ၊ အကြောင်းအရာတွေ ပြောင်းလဲနေပါစေ။ ပြည်သူ အလိုမရှိတဲ့၊ ပြည်သူကို မတရားဖိနှိပ်တဲ့ အစိုးရရှိနေသရွေ့၊ ပြည်သူလိုလားတဲ့ ခေါင်းဆောင်မအုပ်ချုပ်သရွေ့တော့ ပြည်သူ့ အတွက်ဆိုတဲ့ ကဗျာတွေက ရှိနေဦးမှာပဲ ဖြစ်ပါတယ်။

လင်းခါးကို ခုနှစ်မှ၁၉၈၆ခုနှစ်မှာ မွေးတယ်။ ပထမဆုံးပုံနှိပ်ကဗျာ ဖော်ပြခံရတော့ ၂၀၀၄ ခုနှစ်။ လင်းခါးဟာ ခုချိန်ထိ ခေတ်ပေါ်ကဗျာဟန်ကို ကိုင်စွဲထားတဲ့ ကဗျာဆရာတစ်ယောက်ဖြစ်တယ်။ ၁၉၇၀ ကို ခေတ်ပေါ်ကဗျာ ပထမမျိုးဆက်၊ ၁၉၉၀ ကို ခေတ်ပေါ်ကဗျာ ဒုတိယမျိုးဆက်လို့ သတ်မှတ်ရင် လင်းခါးဟာ ခေတ်ပေါ်ကဗျာကို လက်ဆင့်ကမ်း သယ်ဆောင် နေတဲ့ တတိယမျိုးဆက် အဖြစ် သတ်မှတ်ရမယ် ထင်ပါတယ်။ လင်းခါးရဲ့ ကဗျာအများစုဟာ ဒီနေ့ နိုင်ငံရေးအဖြစ်အပျက် တွေအပေါ်မှာ အခြေခံတယ်။ လင်းခါးဟာ ကဗျာတစ်ပုဒ်တည်ဆောက်ရာမှာ သူ့ကိုယ်သူ ဗဟိုပြုရေးသားတယ်။ ကဗျာထဲမှာ ရေးဖွဲ့သူ`ငါ/ လင်းခါး´ ကို မြင်နိုင်တယ်။ နိုင်ငံအရေးဟာ သူ့ကဗျာတွေ အပေါ်မှာ အထင်းသား မြင်နေရတယ်။ တောင်သူ လယ်သမားဦးကြီးတွေရဲ့ လယ်ယာမြေသိမ်းခံကိစ္စ၊ ပြည်တွင်းစစ်နဲ့ ဗန်းပြငြိမ်းချမ်းရေးစားပွဲဝိုင်းများ၊ လူ့အခွင့်အရေး ဖိနှိပ်ခံ ရမှု၊ အခွန်ကိစ္စ၊ လွှတ်တော်ထဲက ဟာသပြက်လုံးတွေ၊ ဖျောက်ဖျက်ခံရတဲ့ သမိုင်းတွေ၊ စစ်ဘေးဒုက္ခသည် ကလေးငယ် တွေ၊ အကျင့်ပျက် ခြစားမှုနဲ့ ရောင်းစားခံနေရတဲ့ သဘာဝသယံဇာတတွေ၊ ဖြိုခွဲခံခဲ့ရတဲ့ ကျောင်းသား အရေးအခင်းတွေ စတဲ့ အကြောင်းအရာတွေဟာ လင်းခါးရဲ့စိတ်မှာ လာလာစူးနေတဲ့ဆူးညှောင့်တွေပါပဲ။ တောင်သူဦးကြီးတစ်ယောက်ရဲ့ လယ်မြေ အသိမ်းခံရတာ လင်းခါးရဲ့ လယ်မြေအသိမ်းခံရသလိုပဲ။ လူ့အခွင့်အရေးနဲ့ မီဒီယာဖိနှိပ်ခံရမှုတွေဟာ လင်းခါးကိုယ်တိုင် ဖိနှိပ် ခံရသလိုပဲ။ တိုင်းပြည်သယံဇာတတွေ ဆုံးရှုံးတာ သူ့သယံဇာတဆုံးရှုံးတာပဲ။ ကျောင်းသားသပိတ် ဖြိုခွဲခံရတာ သူ့ကိုယ်တိုင် အဖြိုခွဲခံရသလိုပဲ။ သူ နာကျင်တယ်။ သူ ဒေါသထွက်တယ်။ သူ ပေါက်ကွဲတယ်။ ပြည်သူ့အရေးဟာ သူ့အရေးပဲ။ ပြည်သူ့ နာကျင်မှုဟာ သူ့နာကျင်မှုပဲ။ ဒါတွေကို လင်းခါးက သူအားသန်တဲ့ အဘိဓမ္မာအားကောင်းကောင်းနဲ့ ရေးဖွဲ့တယ်။ သူနှစ် သက်တဲ့ ခေတ်ပေါ်ကဗျာဟန်နဲ့ တင်ပြတယ်။ လင်းခါးဟာ သူယုံကြည်တဲ့ နိုင်ငံရေးသိမှုကို ကဗျာထဲမှာ ထည့်ပြော တယ်။ ခေတ်ပေါ်ကဗျာဟန်ဟာ သူ့ကိုင်စွဲထားတဲ့ လက်နက်ပဲ။ သူဟာ ကဗျာထဲမှာ အကြောင်းအရာကို တိုက်ရိုက် ထည့်ရေးလိုက်၊ သွယ်ဝိုက်ရေးသားလိုက်နဲ့ အာဏာရှင်လူတစ်စုရဲ့ ဖိနှိပ်မှုကို မဂ္ဂဇင်းစာမျက်နှာတွေပေါ်ကနေ ဆန့်ကျင် တယ်။
 `နှစ်ငါးဆယ် ရှင်းတမ်း´ကဗျာမှာဆိုရင် လင်းခါးဟာ ရုန်းကန်နေရတဲ့ လယ်သမားတွေရဲ့ ကြမ်းတမ်းတဲ့ဘ၀ကို ဖွဲ့တယ်။ ကောက်ပဲသီးနှံမဖြစ်ထွန်းလို့ မလှူနိုင် မတမ်းနိုင်ရုံမက စားစရာတောင် မလောင်ငတော့တဲ့ ကျေးလက်ဘ၀ကို ဖွဲ့တယ်။ ကလေးစားပွဲထိုးနဲ့ ညဘက်လိင်အလုပ်သမလေးအကြောင်းကို ဖွဲ့တယ်။ ဖိအားနှစ်ငါးဆယ်အောက်မှာ နားတွေ အူပြီး မျက်လုံးတွေတောင် ပြူးထွက်လာကုန်တယ် တဲ့။ အဆုံးသတ်အပိုဒ်ကို ဖတ်ကြည့်ပါ။ လင်းခါးရဲ့ တိုက်ရိုက်ရေးဖွဲ့ပုံ။

ဟုတ်ပါပြီ
အဆိုးသိပ်မြင်တာပဲ
ကြည့်ပါ နေ၀န်းက အရှေ့က ထွက်တုန်းပဲ
နှစ်ငါးဆယ်ရဲ့ ဒီဘက်နေ့တွေဟာ
နှစ်ငါးဆယ်ရဲ့ ဟိုဘက်နေ့တွေလို မဟုတ်တော့ဘဲ။
နှစ်ငါးဆယ်ရဲ့ ဒီဘက်နေ့တွေဟာ
နှစ်ငါးဆယ်ရဲ့ ဟိုဘက်နေ့တွေနဲ့ ဘာမှ မဆိုင်တော့ဘူး
ချေးစားပြောရင်တောင် ကြိုက်လို့ပဲ ထင်တယ်။
(နှစ်ငါးဆယ် ရှင်းတမ်း ကဗျာမှ)

 နောက်ထပ် လင်းခါးရဲ့ ဒီလို တိုက်ရိုက်ဆန့်ကျင်အဖွဲ့တွေကို `ဟာသ နိုင်ငံတော်´၊ `ရှေ့ထွက်မင်းသား´၊` သမိုင်း ကို ဘယ်လိုရေးရမယ်´၊ `ဒီနိုင်ငံမှာ´၊` ပြည်သူအသံ´၊ `ယူနီဖောင်းကြီးနဲ့ ဆိုတော့´၊ ` ခွေးမလုပ်တာတွေ´၊ `ငရဲခွေးမို့ ရဲဆေးတင်ဖို့ မလို´ စတဲ့ ကဗျာတွေမှာ ဆက်တိုက် တွေ့ရပါတယ်။ ၂၀၁၂ ရှေ့ပိုင်းနှစ်များမှာ ဘယ်လိုနည်းနဲ့မှ ပုံနှိပ်ခွင့် မရနိုင်တဲ့ ကဗျာတွေပါပဲ။ လင်းခါးအနေနဲ့ ကံကောင်းတာက ကျွန်တော်တို့ ဒီဘက်နှစ်များမှာ Facebook Social Network ပေါ် လွတ်လွတ်လပ်လပ် ရေးလို့ရလာပြီ။ ကိုယ့်အယူအဆနဲ့ကိုယ် တိုက်ရိုက်ဝေဖန်ပိုင်ခွင့်ရှိလာပြီ။ ကိုယ်တတ်နိုင်ရင် စာပေ စီစစ်ရေးတင်စရာမလိုပဲ ကဗျာစာအုပ်တွေ တိုက်ရိုက်ထုတ်လာနိုင်ပြီ။ ကိုယ်ကြိုက်တဲ့ ကိုယ်ရေးတဲ့ကဗျာကို ဘယ်သူ အဖြုတ်အတပ်၊ အစစ်အဆေးခံစရာမလိုဘဲ ထည့်သွင်းပုံနှိပ်လာနိုင်ပြီ။ ဒါဟာ နှစ်ငါးဆယ်ဒီဘက်နှစ်များမှာ အဆိုးထဲက အကောင်းလို့ပဲ ခေါ်မလား။ ကြိုးရှည်ရှည်နဲ့ လှန်ထားခြင်းပဲလား။ မင်းတို့လည်း ရေးချင်ရာရေး ငါတို့လည်း လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ အချိုးမျိုးပဲလားတော့ မသိ။ ကဗျာတွေကတော့ ပက်ကွီအိုရဲ့ လက်သီးချက်တွေလို တစ်ချက်ထိတာနှင့်ပင် မှောက်ရက်လဲကျသွားနိုင်တဲ့ ကဗျာတွေ။ ရှက်တတ်ရင် ဖတ်နေတဲ့ နေရာမှာပဲ လဲသေသွားနိုင်တဲ့ ကဗျာတွေ။

ယူနီဖောင်းတွေဟာ
နေရာယူတယ် လာဘ်ယူတယ် အာဏာယူတယ်
မတရားသဖြင့် ယူတယ်
ရနိုင်သလောက် ယူတယ်
ဓားပြတိုက် ယူတယ်
လိုအပ်အပ် မလိုအပ်အပ်
ယူနီဖောင်းတွေက ယူတော့တာပပဲ

ယူနီဖောင်းဟာ ဆူဖာပေါ် မြုပ်ဝင်
ယူနီဖောင်းဟာ ခါးကြားမှာ ဗျောက်နဲ့
ယူနီဖောင်းဟာ မိန့်ခွန်းကို မပြောချင်ပြောချင်နဲ့ပြော
ယူနီဖောင်းဟာ ယူနီဖောင်းနဲ့ဆိုတော့ ၀ပ်ဆင်းသွားတာပဲ

ကမ္ဘာဦးလူသားတွေ
နေလုံးကြီးက တောက်ပလွန်းတော့ ကြောက်ရသလို
ယူနီဖောင်းကြီးက ခြောက်ပြနေတော့ ကြောက်ရတယ်။
(ယူနီဖောင်းကြီးနဲ့ဆိုတော့ ကဗျာမှ)

ခွေးဟာ
ပြည်ထောင်စုကြီး ပြိုကွဲတော့မယ်ဆိုပြီး
အာဏာမသိမ်း။
ခွေးဟာ လူမသတ်
ခွေးဟာ
အယောင်ဆောင် ဆိုရှယ်လစ်လူ့ဘောင်မပြော။
ခွေးဟာ
လူ့အခွင့်အရေးမချိုးဖောက်
ခွေးဟာ
သေနတ်တရမ်းရမ်းမလုပ်
ခွေးဟာ
တိုင်းပြည်ကို ဇွတ်မကယ်တင်။
(ခွေးမလုပ်တာတွေ ကဗျာမှ)

 လင်းခါးဟာ သူ့ကဗျာတွေရဲ့ အကြောင်းအရာအပေါ်မှာ လိုက်ပြီး ကဗျာထဲမှာ ထည့်သွင်းဖွဲ့စပ်ထားတဲ့ ပြောသူ လေသံကို အပြောင်းအလဲလုပ်ပါတယ်။ အထက်က ကဗျာတွေမှာ လင်းခါးရဲ့ လူငယ်စိတ်နဲ့ ပေါက်ကွဲထွက်လာတဲ့ ဒေါသသံ တွေဟာ `ကျောမွဲ´၊ `အိပ်ပါစေ´၊`ဟိုဘက်အိမ်က မိနီ´၊`ကျမ မောင်လေး´ဆိုတဲ့ ကဗျာတွေမှာတော့ လင်းခါးရဲ့အသံဟာ စာနာစိတ်အပြည့် နူးညံ့ သိမ်မွေ့နေခဲ့ပါတယ်။
`ကျောမွဲ´ ကဗျာမှာ ပင်ပန်းဆင်းရဲမှု၊ လုပ်ခလစားနည်းပါးမှု၊ ကျန်းမားရေးစရိတ်မပြည့်စုံမှု၊ သားသမီးပညာရေး စရိတ်မပံ့ပိုးနိုင်မှု၊ သားသမီးအနာဂတ်လှပဖို့ မထောက်ပံ့နိုင်မှုအပေါ် ရိုးအတဲ့ အခြေခံလူတန်းစားလုပ်သားတစ်ယောက်ရဲ့ တုံ့ပြန်မှုဟာ နံရံကို လက်သီးနဲ့ ထိုးဖို့၊ ကျလာတဲ့ မျက်ရည်သုတ်ဖို့၊ ဗိုက်ဆာရင် ရေနှစ်ခွက်ဆင့်သောက်ဖို့နဲ့ ဒေါသထွက် လာရင် ဓနိမိုးကို မျက်စောင်းထိုး၊ သစ်ရွက်ခြောက်ပေါ် တံတွေးနဲ့ထွေး၊ တာရာဖိနပ်ပါးနဲ့ နှီးခြင်းတောင်းကို ပစ်ကန် ထည့်လိုက်တာပါပဲလို့ ရေးထားတယ်။ ရိုးတဲ့ အတဲ့ ကိုကျောမွဲဟာ သူ့တို့လုပ်အားတွေအပေါ်မှာ အမြတ်ထုတ်ကြီးပွားနေတဲ့ အရင်းရှင်တွေကို တော်လှန်ရကောင်းမှန်းမသိဘူး။ သူ့ဆန္ဒတွေ ဖော်ထုတ်ရကောင်းမှန်းမသိဘူး။ ဒါမှမဟုတ် သိခဲ့လို့ တော် လှန်ရင် ထောင်နံရံသံတိုင်ကြားရောက်သွားမယ်ဆိုတာ ကြိုတွေး မိလို့လား။ ကိုကျောမွဲဟာ ရိုးအတယ်။ ကဗျာဖတ်သူဟာ ကိုကျောမွဲကိုယ်စား နာကျင်ခဲ့ရတယ်။
`အိပ်ပါစေ´ နဲ့ `ကျမမောင်လေး´ကဗျာမှာလည်း ဒီအတိုင်းပါပဲ။ လင်းခါးဟာ ကျွန်တော်တို့ကို ကဗျာဖတ်ပြီး ကြေကွဲစေပါတယ်။ `အိပ်ပါစေ´မှာ ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် ပြေးလွှားပုန်းအောင်းနေရတဲ့ ကလေးတစ်ယောက်ရဲ့ အိပ်စက်နေမှုကို နွေးထွေးကာကွယ်ပေးရင်း မြို့ကြီးပြကြီးက ခရိုနီလူတန်းစားတစ်ယောက်နဲ့ စကားပြောနေသလို ကဗျာကို ဖွဲ့ပြီး `ကျမမောင်လေး´ကဗျာမှာ စစ်ကြောရေးတစ်ခုက ပြန်ရောက်လာတဲ့ မောင်လေးတစ်ယောက်ရဲ့ သေခြင်းတရားကို အစ်မဖြစ်သူရဲ့ နာကျင်ကြေကွဲမှုအပြောတွေနဲ့ ရက်ရက်စက်စက် ဖွဲ့ပါတယ်။ နောက်ထပ်နှစ်သက်မိတဲ့ ကဗျာတွေကတော့ `မိသားစု´၊`လူတန်းစားပြဿနာနဲ့အနုပညာ´၊`သမီးလေးအတွက် ဖေဖေ့ကဗျာ´။

အစ်ကိုက အောင်မြင်တဲ့တစ်နေ့ ပြန်လာမယ် တဲ့
၁၂ နှစ် ရှိပြီ
စတိုးဆိုင်အခန်းကျဉ်းထဲမှာ
ဆယ်တန်းမအောင်တဲ့ အရောင်းစာရေးမလေး
အငေါက်ခံထိနေရှာ
အဲ့ဒါ ငါ့ ညီမလေးပေါ့
အဖေက လူရွှင်တော်
အမေအပါအ၀င် ငါတို့ မရယ်ရဘူး
(မိသားစု ကဗျာမှ)

သူ့အဖေက အထက်လွှာလူကြီး ပညာတတ်
ငါ့အဖေက အခြားအဆင့်နဲ့ စစ်မှုထမ်းဖူးတယ်
ဆိုက်ကားနင်းဖူးတယ်
အိမ်သာကျင်းတူးဖူးတယ်

သူ့အမေက သူ့အဖေယူလာတဲ့ ငွေတွေ
ဂုဏ်တွေ ကျော်စောကိတ္တိတွေကို
မီးခံသေတ္တာထဲ ထည့်ထည့်သိမ်းတယ်
ငါ့အမေက မူးပြီး လဲနေတဲ့ အဖေ့ကို တွဲခေါ်လာရတယ်
ချွေးတွေနဲ့ ပြန်လာတဲ့ အဖေ့ကို
မဲညစ်နေတဲ့ တဘက် ကမ်းဖူးတယ်
. . . .
. . . .
သူကြီးပြင်းလာရာ အခုတော့ ကဗျာဆရာ
ငါ ကြီးပြင်းလာရာ ငါလည်း ကဗျာဆရာ
သူ ဘာရေးမလဲ ငါ ဘာရေးမလဲ
`လူမှုရေးဘ၀က လူမှုရေးအသိကို ပြဋ္ဌာန်းတယ်´
(လူတန်းစားပြဿနာနဲ့ အနုပညာ ကဗျာမှ)

ဒါကြောင့် သမီးလေးရေ ဖေဖေ့လက်ဆောင်
ပိုးကိုက်သစ်သီးကြီးကို ပြုပြင်ပါ
မသိသားဆိုးဝါးတဲ့ ဒီလူ့အဖွဲ့အစည်းထဲမှာ
သမီးလေး တတ်နိုင်သလောက် အလင်းဖြန့်ဝေပါ
သမီးလေးရဲ့ ကြွယ်ဝမှုကို ဒီလူ့အဖွဲ့အစည်းအတွက် အသုံးချပါ
သမီးလေးအိပ်မက်ကို ဒီလူ့အဖွဲ့အစည်းမှာ ဖြန့်ဝေပါ
သမီးလေးအိပ်မက်ဟာ တရားမျှတမှုနဲ့ လတ်ဆတ်
အမှန်တရား အရည်ရွှမ်းတဲ့ အိပ်မက်ဖြစ်ပါစေကွယ်။
(သမီးလေးအတွက် ဖေဖေ့ကဗျာ မှ)

 လင်းခါးဟာ ဒီနေ့ခေတ် နိုင်ငံရေးအခင်းအကျင်းတွေကို စိတ်ဝင်စားတယ်။ ပြီးခဲ့တဲ့ နိုင်ငံရေးအခြေအနေကို ပြန်လေ့လာတယ်။ ဆန်းစစ်ဝေဖန်ပိုင်းခြားတယ်။ အမှန်အမှားကို ကိုယ်တိုင်သုံးသပ်တယ်။ သူယုံကြည်ရာနိုင်ငံရေးဆိုတာ သူ့ကဗျာထဲက ပြည်သူတွေရဲ့ နာကျင်ခံစားရမှုတွေကို ဖြေလျော့ရေးပဲ။ လင်းခါးကဗျာထဲက ဇာတ်ကောင်တွေဟာ အာဏာရှင်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ အကြောက်တရားနဲ့ နေကြရတယ်။ `စစ်တပ်ဆိုတာ ဘယ်တော့မှ မိုးပေါ်ထောင်မပစ်ဘူး´ဆိုတဲ့ ရေဒီယို ထုတ်လွှင့်မှုအပြီးမှာ ကိုယ့်ဘ၀သက်တမ်းတစ်ဝက်ကို ထိုးကျွေးလိုက်ရတဲ့ IN TIME ရုပ်ရှင်ဇာတ်ကားထဲက သရုပ်ဆောင်တွေမျိုးပါပဲ။ ဒါတွေကို လင်းခါးက ကိုယ်တိုင်နာကျင်ခံစားရသလို ကဗျာဖွဲ့တယ်။ ဒါပေမယ့် သူလည်း မတတ်နိုင်ဘူး။ ဆုတောင်းရုံကလွဲလို့ ကဗျာဆရာ တတ်နိုင်တာ ကဗျာပဲ ရှိတာပေါ့။ လင်းခါးဟာ သမီးလေးရဲ့ အနာဂတ်အတွက် ဆုတောင်းပြီးတဲ့အခါ သူရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီးအတွက်၊ ငြိမ်းချမ်းရေး အတွက်`ကိုယ့်ကဗျာ´၊ `ကမ္ဘာကြီးအတွက် သီချင်း´ စတဲ့ကဗျာတွေနဲ့ `သိန်းသန်းအရေး ငြိမ်းချမ်းတေးကိုသာ ဆိုချင် ကချင် နားဆင်ချင်ပါတယ်လို့ ဆုတောင်းပေးလိုက်ပြန်တယ်။
 နောက်ဆုံးအနေနဲ့ ပြောရရင် လင်းခါးဟာ လူငယ်တစ်ယောက်ပါပဲ။ သူဖြတ်သန်းနေရတဲ့ ခေတ်ကြီးရဲ့ အဆီအငေါ် မတည့်မှုတွေ၊ နာကျင်ကြေကွဲမှုတွေ၊ ပိတ်ပင်တားဆီးမှုတွေ ကြုံလာရတဲ့အခါ ကဗျာဆိုတာနဲ့ သူပေါက်ကွဲတယ်။ ကဗျာ ဆိုတာနဲ့ သူ တော်လှန်တယ်။ သူ တော်လှန်ပေါက်ကွဲခဲ့တဲ့ကဗျာတွေဟာ တမင်လုပ်ယူထားတာမဟုတ်ဘူး။ သူ ခံစားမှု အစစ်အမှန်ဖြစ်တယ်ဆိုတာ သူ့လက်တွေ့ဖြတ်သန်းနေတဲ့ အနေအထား၊ သူရဲ့ နိုင်ငံရေးယုံကြည်ချက်နဲ့ သူ့ရဲ့ ရိုးသားမှုကို အခြေခံထားတဲ့ ကဗျာတွေက ပြသနေပါတယ်။ လင်းခါးလိုမျိုး ကဗျာဆရာတွေ ကျွန်တော်တို့ဆီမှာ အများကြီးရှိခဲ့ပါတယ်။ ရှိနေပါတယ်။ ရှိလာပါလိမ့်ဦးမယ်။ ခေတ်ဆိုး စနစ်ဆိုးနဲ့ ကြုံတဲ့အခါ ခေတ်က ရိုက်စစ်လို့ ထွက်ကျလာတဲ့ ကဗျာတွေလည်း အများကြီးရှိလာပါလိမ့်ဦးမယ်။ ကဗျာဆရာ လှသန်းက သူ့တို့မျိုးဆက်ကို `သုညမျိုးဆက်၊ ငါ ဒီလိုပဲ သတ်မှတ်ချင်တော့ တယ်´လို့ ရေးခဲ့ဖူးပါတယ်။ ကျွန်တော်ကတော့ ` သုညမျိုးဆက် အဆက်ဆက် ဥခွံဖောက်ထွက်နိုင်ပါစေ´လို့ပဲ ဆုတောင်း ရင်း လင်းခါးရဲ့ ဖြောင့်ချက်များအား မုဒိတာပွားလိုက်ရပါတယ်။

မင်းနဒီခ
၂၆၊ ၅၊ ၂၀၁၅

No comments:

Post a Comment