Tuesday, October 6, 2015

၂၀၁၅နဲ့ ဆက်​ကစားဦးမယ့်​ ကဗျာဆရာ

၂၀၁၅နဲ့ ဆက်​ကစားဦးမယ့်​ ကဗျာဆရာ

စာအုပ်အမည်           - ဆက်ကစားမယ် ပြန်ကွေ့ခဲ့ပါ
ရေးသူ                     - မောင်ကြည်သာ(တောင်တွင်း)၊ မောင်စိုးသစ်(မန္တလေး)
ထုတ်ဝေသည့်ကာလ   - အောက်တိုဘာ၊ ၂၀၁၅
ထုတ်ဝေသည့်တိုက်    - ကောင်းဇော် စာပေ


 ယနေ့ကဗျာခေတ်သည် မဂ္ဂဇင်းစာမျက်နှာထက် အွန်လိုင်းပေါ်တွင် ပိုမိုအားကောင်းလာသည်။ ခေတ်ပေါ်၊ ခေတ်ပြိုင် ကဗျာအရွေ့သည် အွန်လိုင်းစာမျက်နှာများပေါ်တွင် အရှိန်အဟုန်အားကောင်းစွာ ပြောင်းလဲရွေ့လျားနေသည်။ အွန်လိုင်းပေါ်တွင် နာရီပေါင်းများစွာ အချိန်ပေးနေရာယူထားသလောက် လူတစ်ဦးနှင့်တစ်ဦး ပြင်ပတွင် စကားပြောတွေ့ဆုံဖို့ အချိန်နည်းပါးလာသည်။ နည်းပညာ တိုးတက်မှုသည် လူမူဆက်ဆံရေးဝန်းကျင်တစ်ရပ်ကို ပြောင်းလဲသွားစေခဲ့ပြီ ဖြစ်သည်။ အထီးကျန်သည်ဟု ခံစားရသည့်အခါ အွန်လိုင်းစာမျက်နှာများကို ကြည့်ငေးရင်း တစ်ခါတရံတွင် အတိတ်ဆီက နန်းတော် ရှေ့ညများကို လွမ်းဆွတ်မိပါသည်။
ထိုစဉ်က နန်းရှေ့ဈေးရုံသစ်ကြီးအောက်မှာဖွင့်သည့် `သန်းတရာ´ ညအလင်းဆိုင် လက်ဖက်ရည်ဆိုင်လေးတွင် ညနေ ခြောက်နာရီ ဆိုလျှင် ဆရာမောင်ကြည်သာ(တောင်တွင်း) စောင့်နေလောက်ပြီ။ သိပ်မကြာခင် ဆရာမောင်စိုးသစ် (မန္တလေး) ရောက်လာမည်။ နောက်ထပ် သိပ်မကြာခင်လေးမှာပဲ မောင်သစ်ဦး(မြစ်ခြေ) ရောက်လာမည်။ ရဲရင့်ပိုင်အောင် ရောက်လာမည်။ လူစုံပြီဆိုလျှင် ညဉ့်နက်သည်အထိ ကျွန်တော်တို့ ပြောဖြစ်ကြသည်မှာ မဂ္ဂဇင်းစာမျက်နှာများပေါ်မှ ပုံနှိပ်ကဗျာအကြောင်း၊ ကဗျာဆိုင်ရာ စာအုပ်များမှ ရရှိလာသည့် ကဗျာဆိုင်ရာ နည်းနာတက္ကနစ်များအကြောင်း၊ နောက်ပြီး ဆရာမောင်ကြည်သာ(တောင်တွင်း)ရဲ့ ဘောလုံးနည်းစနစ်နဲ့ ကဗျာတွေ၊ ဆရာမောင်စိုးသစ်(မန္တလေး)ရဲ့ R နည်းစနစ်နဲ့ စကားလုံးဆော့ကစားမှုတွေ၊ ရဲရင့်ပိုင်အောင်ရဲ့ ကွမ်းရွက်သပ်စနစ်နဲ့ အချစ်ကဗျာတွေ။ မောင်သစ်ဦး(မြစ်ခြေ)က အဲဒီတုန်းက ၀တ္ထုရှည် အားသန်နေချိန်ဖြစ်သည်။ ထိုစဉ်က ကျွန်တော်က ကဗျာလောကထဲ ခြေစုံပစ်ဝင်ခါစ ဖြစ်သည်။ မဂ္ဂဇင်းပေါ်က နှစ်သက်သည့်ကဗျာတစ်ပုဒ်အကြောင်း စကားစလိုက်မိသည်နှင့် ထိုကဗျာဆရာ၏ အခြားကဗျာများနှင့် ထို ကဗျာဆရာ၏ ဖြတ်သန်းမှုကိုပါ ဆရာမောင်ကြည်သာ(တောင်တွင်း)နှင့် ဆရာမောင်စိုးသစ်(မန္တလေး)ဆီက ကြားရ သည်။ ထိုလက်ဖက်ရည်ဆိုင်လေးတွင် ကျွန်တော်တို့ ရေးဖြစ်သည့်ကဗျာများ တစ်ယောက်ကိုတစ်ယောက် ပေးဖတ်ကြ သည်။ ကဗျာတစ်ပုဒ်၏ အလှဓါတ်၊ ပြေပြစ်စီးဆင်းမှုရစ်သမ်နှင့် နရီ၊ ကဗျာထဲက ပြောသူနှင့် ကဗျာ၏ အနက်ဂယက်များ။ ထို လက်ဖက်ရည်ဆိုင်လေးသည် ကျွန်တော့်အတွက် ကဗျာသင်တန်းကျောင်းတစ်ခုလည်း ဖြစ်သည်။
  ကဗျာလောကအ၀န်းအ၀ိုင်းထဲ ကျွန်တော်ရောက်တာ တော်တော်နောက်ကျသည်။ ၂၀၀၅ ခုနှစ် နှောင်းပိုင်းလ များမှ ဖြစ်သည်။ ကျွန်တော့်ဦးလေး မိတ်ဆက်ပေးသဖြင့် ဆရာ မောင်ကြည်သာ(တောင်တွင်း)၊ ဆရာ မောင်စိုးသစ် (မန္တလေး)တို့နှင့် ဆုံရသည်။ မိမိကိုယ်မိမိ ကဗျာဆရာဖြစ်ရမည်ဟု မရည်ရွယ်ဖူးခဲ့သလို ၀ါသနာပါသည် ဆိုရုံ ကဗျာလေးများ မတောက်တခေါက် ရေးမိတာလေးတွေပဲရှိသည်။ သို့သော် ကဗျာဆရာကြီးများဖြင့် ဆုံတွေ့ရသည့်အခါ ငုံ့လျှိုးနေသည့် ကဗျာဆရာဖြစ်ချင်စိတ်က ခေါင်းထောင်ထလာသည်။ ကျွန်တော့်ကဗျာပိုးက ငယ်ထိပ်ထိ အဆိပ် တက် လာသည်။ ခေတ်ပေါ်ကဗျာနှင့် ပတ်သက်၍ ဆရာ မောင်ကြည်သာ(တောင်တွင်း)မှ မကြာခဏ ပြောဖူးသည့် စကားရှိသည်။
`အို ကတ္တရာလမ်းမ၊ နာမည်များလွတ်မကျအောင် ကိုင်ထားပါ´ဆိုသည့် ကဗျာစာသားကို ချက်ချင်း နား မလည်ခဲ့ကြောင်း၊ ဈေးချိုကုန်တိုက်မှာ အလုပ်စ၀င်မှ ထိုကဗျာစာသား၏ အနက်အဓိပ္ပာယ်ကို သဘောပေါက်ခဲ့ကြောင်း´၊ ကဗျာတစ်ပုဒ်၏ အနှစ်သာရ၊ အနက်အဓိပ္ပာယ်သည် ကိုယ်တွေ့ကြုံလာသည့်အခါ ပိုမိုလေးနက် အရသာရှိ ရသည့် အကြောင်းကို ဆရာက ပြောလိုခြင်းဖြစ်သည်။ ထိုသို့ဖြင့် ခေတ်ပေါ်ကဗျာကို ခံစားနားလည်တတ်အောင် လမ်းပြ ပေးခဲ့ သည်။ စာပေသစ်၊ မိုးဝေကဗျာ၊ တော်လှန်ကဗျာ၊ ခေတ်ပေါ်ကဗျာ စသည်ဖြင့် ကဗျာဖြတ်သန်းမှု အဆင့်ဆင့် တို့ကို ဆရာတို့ ထံမှတဆင့် သိခဲ့ရသည်။ မောင်လေးအောင်ဆိုလျှင် နစ်ဆင်နှင့် စစ်တုရင်ကစားခြင်း၊ ဖော်ဝေးဆိုလျှင် `နှလုံးအိမ်ထဲ ရေငတ်ခြင်း´၊ အောင်ချိမ့်ဆိုလျှင် `ဂန္ထ၀င်မမ´၊ အိုအောင်ဆိုလျှင် `နွားကျောင်းသား´၊ ၀င်းမြင့်ဆိုလျှင် `ပဲ့တင်´၊ မိုဃ်းဇော် ဆိုလျှင် `စိန်ခြယ်ပန်းများဖြင့်´၊ ခရမ်းပြာထက်လူဆိုလျှင် `လေယာဉ်ပျံကြီးစီးကာသွား ရေကူးပြီးပြန်ခဲ့´၊ လှသန်းဆိုလျှင် `အာရှတိုက် တစ်နေရာ´၊ စိုင်းဝင်းမြင့်ဆိုလျှင် `မိသားစု´၊ မောင်ယုပိုင်ဆိုလျှင် `သားအဖဂစ်တာ´။ မောင်ချောနွယ် ဆိုလျှင် `မောင်ချောနွယ်အတု´၊ `ကိုက်လမ်း´၊ `ကြယ်ပြာလေးနဲ့ ထမင်းစားပြီးနောက်´၊ သစ္စာနီဆိုလျှင် `မြင်စိုင်းသူများ´၊ ဆရာ နေမျိုးဆိုလျှင် `ကဗျာဆရာဝံပုလွေ´၊ နိုင်မွန်အောင်သွင်ဆိုလျှင် `သတ္တုမိုးများ´ကဗျာစာအုပ်၊ မောင်သိန်းဇော် ဆိုလျှင် `နှင်းရည်စက်လက် +ရှုမျှော်ခင်း ၂၁´ စသည်ဖြင့် ကဗျာဆရာနှင့် ကဗျာ၊ ကဗျာစာအုပ်များအား တွဲပြီး မှတ်မိစေခဲ့သည်။
ဆရာ မောင်စိုးသစ် (မန္တလေး)နှင့်က အိမ်ချင်း ပိုနီးသဖြင့် ကဗျာစာအုပ်နှင့် ကဗျာဆိုင်ရာစာအုပ်များ ပိုပြီး ငှားဖတ်ဖြစ်သည်။ ဆရာ မောင်စိုးသစ်ကလည်း ကျွန်တော်ဖတ်သင့်သည့်စာအုပ်များကို တကူးတကရှာဖွေပြီး ငှားဖတ် ပေးသည်။ ဆရာမြဇင်၏ `ကဗျာ့နရီနှင့် နမိတ်ပုံ´၊ ဆရာအောင်ဝေးရဲ့ `ကဗျာအလုပ်ရုံကလေး´၊ ဆရာ မောင်ခိုင်မာ၏ `ဧည့်ခန်းဆောင်များကို ဖြတ်သန်းခြင်း´၊ ဆရာမောင်သာနိုး၏ `ထင်းရှူးပင်ရိပ်´၊ `တောမှော်ရုံလမ်း´၊ ဆရာနရီမင်း၏ `မျှော်စင်´ နိုင်ငံတကာ ကဗျာခံစားမှုဆောင်းပါးများ၊ ဆရာဇော်ဇော်အောင်၏ `သရဖူဆောင်းပါးများ´ စသည်ြ့ဖင့် ဆရာ တို့၏ ကျေးဇူးဖြင့် ဖတ်မှတ်လေ့လာခွင့်ရခဲ့သည်။ နောက်ပိုင်းထွက်သမျှ ကဗျာစာအုပ်၊ ကဗျာဆိုင်ရာ စာအုပ်တွေကို လစာ ထုတ်တိုင်း ၀ယ်သိမ်းဖြစ် စုဖြစ်ခဲ့သည်။ အလင်းဆိုင်ညချမ်းများတွင် တစ်ယောက်ဝယ်ဖြစ်သည့် ကဗျာစာအုပ် တစ်ယောက် လှည့်ဖတ်၊ ကဗျာအကြောင်းတွေ ပြောဖြစ်ကြ။ ကျွန်တော်ကတော့ နားထောင်သူ သက်သက်။
သည်လိုနှင့် ကျွန်တော်တို့ Any Way စာပေ၀ိုင်းလေးကို ဖန်တီးဖြစ်ကြသည်။ ၂၀၀၅ နှောင်းပိုင်းကနေ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်အရေးအခင်းအထိ။ စာပေ၀ိုင်းလေးမှာ တက်ရောက်လာသူတိုင်း အလှည့်ကျ ကဗျာရွတ်ခြင်း၊ ၀တ္ထု ဖတ်ခြင်း၊ စာပေလောကအတွေ့အကြုံများဖလှယ်ခြင်း၊ တစ်ပတ်လျှင် ထင်ရှားသည့် ကဗျာဆရာကြီးတစ်ဦးစီ၏ အတ္ထုပတ္ထိ နှင့် သူ၏ စာပေလက်ရာများအကြောင်း နာကြားမှတ်သားခဲ့ကြရသည်။ အပတ်စဉ်တိုင်း မိမိကဗျာဓာတ်ကို နိုးစေရန်အတွက် ခေါင်းစဉ်ပေးကာ ထိုခေါင်းစဉ်ကို တက်ရောက်လာသူတိုင်းမှ ကဗျာတစ်ပုဒ်ရေးရန် နှိုးဆော်ပြီး ကြိုးစားရေးသားခဲ့ကြသည်။ ထိုသို့ဖြင့် Any Way စာပေ၀ိုင်းလေးသည်လည်း တစ်ပတ်ထက် တစ်ပတ် လူဦးရေ ပိုများလာသည်။ ကဗျာ၊ ၀တ္ထု၊ အက် ဆေး၊ ဘာသာရေး၊ နိုင်ငံရေးများအထိ အကြောင်းအရာများလည်း စုံလင်လာသည်။ ၂၀၀၇ ရွှေဝါရောင်နောက်ပိုင်း စာပေ ၀ိုင်းလေးအား လ အနည်းငယ် ရပ်နားခဲ့ကြပြီးနောက် နန်းဦးလွင်`မိသားစု´ကဖေးရဲ့ တနင်္ဂနေ့များဆီ ကျွန်တော်တို့ စာပေ ၀ိုင်းလေးကို ရွှေ့ခဲ့ကြပြီး ` မိသားစု ကဖေး´စာပေ၀ိုင်းလေးအဖြစ် ဆက်လက်တည်ဆောက်ခဲ့ကြသည်။ အဲဒီနောက် `မိသားစု´ကဖေးကနေ`ရွှေစွန်မင်း´ကဖေးရဲ့ ကြာသပတေးနေ့များဆီသို့ ဆက်လက်ရွေ့ပြောင်းပြီး ယနေ့အထိ`ရွှေစွန် မင်း´စာပေ၀ိုင်း အဖြစ် ဆက်လက်အကောင်အထည်ဖော် ၀ိုင်းဖွဲ့နေကြဆဲ ဖြစ်သည်။
ယခု ၂၀၁၅၊ အောက်တိုဘာတွင် ဆရာ မောင်ကြည်သာ(တောင်တွင်း)နှင့် ဆရာ မောင်စိုးသစ်(မန္တလေး)တို့ နှစ်ဦး၏ `ဆက်ကစားမယ် ပြန်ကွေ့ခဲ့ပါ´ ဟု အမည်ပေးထားသည့် ကဗျာစာအုပ်လေးတစ်အုပ် ထွက်ရှိလာပါသည်။ ယခု စာအုပ်မတိုင်ခင် ဆရာမောင်ကြည်သာ(တောင်တွင်း) `ဖုံးကွယ်ထားတဲ့ အသံ´ ကဗျာစာအုပ်နှင့် ဆရာမောင်စိုးသစ် (မန္တလေး)က အေဒီ ၄၅၄၅ ခေတ်ပေါ်ကဗျာစုစည်းမှု စတဲ့ စာအုပ်များ ထွက်ရှိထားပြီး ယခုစာအုပ်သည့် အဆိုပါ ဆရာနှစ်ယောက်၏ ဒုတိယကဗျာစာအုပ်ဟုလည်း ပြောလို့ရမည် ထင်ပါသည်။ ဆရာမောင်ကြည်သာ(တောင်တွင်း) ၃၄ ပုဒ်နှင့် ဆရာ မောင်စိုးသစ်(မန္တလေး) အပုဒ် ၄၀။ ထို့ပြင် တစ်ဦးချင်းစီ၏ ကဗျာ ၃ ပုဒ်စီကိုလည်း ဆရာ ဇော်ထွန်း၏ အင်္ဂလိပ်ဘာသာပြန်ဆိုမှုဖြင့် ထည့်သွင်းထားပါသည်။
ဆရာမောင်ကြည်သာ(တောင်တွင်း)သည် သူ၏ ကဗျာ ၃၄ ပုဒ်အား ကဗျာရေးသည့်ရက်စွဲ၊ ပုံနှိပ်ဖော်ပြသည့် မဂ္ဂဇင်းနှင့် ဖော်ပြခံရသည့် လများအား အတိအကျဖော်ပြထားသည့်အပြင် ပါဝင်သည့်ကဗျာများအားလည်း ရေးသားသည့် ရက်စွဲအစဉ်လိုက်ဖြင့် စနစ်တကျစီစဉ်ထားသည်ကို တွေ့ရသည်။ ပထမဆုံးပုံနှိပ်ကဗျာ`ပုံပြင်ထဲက ငါးသုံးကောင်´ ၁၁၊ ၇၊ ၁၉၇၇ မှသည် ဖော်ပြထားသည့် နောက်ဆုံးရေးဖြစ်သည့် ကဗျာ `ခေတ်သစ် ဇနက´ ၇၊ ၇၊ ၂၀၁၅ အထိ ကဗျာ ၃၄ ပုဒ်မှာ အသေအချာပိုင်းစစ်ကြည့်လျှင် မိုးဝေ၊ ခေတ်ပေါ်၊ ခေတ်ပြိုင် စသည်ဖြင့် ကဗျာခေတ်သုံးခေတ်ကို ဖြတ်သန်းထားသည်ကို တွေ့ရသည်။ ခုနှစ်သက္ကရာဇ်အလိုအရ ကဗျာခေတ်သုံးခေတ်ကို ဖြတ်သန်းခဲ့သည်သာမဟုတ်၊ အဆိုပါ ခေတ်သုံးခေတ် အတွင်း ဆရာ မောင်ကြည်သာ (တောင်တွင်း)၏ ကဗျာအရွေ့၊ ကဗျာရေးဟန်ပြောင်းလဲမှု၊ ကဗျာလိုင်းစီပုံ၊ ကဗျာနောက်ခံ နိုင်ငံရေးအခင်းအကျင်း၊ ကဗျာ တည်ဆောက်မှု၊ ကဗျာအပေါ် သိမှုအပြောင်းအလဲနှင့် ကဗျာဆီ သွားရာလမ်း စသည်ဖြင့် စိတ်ဝင်စားဖွယ် ကောင်းလွန်းလှသည်ကို တွေ့ရသည်။
ပထမဆုံးပုံနှိပ်ကဗျာဖြစ်သည့် `ပုံပြင်ထဲက ငါးသုံးကောင်´၏ နောက်ခံနို်င်ငံရေးအခင်းအကျင်းအနေနှင့်ကြည့်လျှင် မဆလတစ်ပါတီအာဏာရှင်ခေတ်၊ ၇၄ ဇွန် အလုပ်သမားသပိတ်၊ ၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်း၊ ၇၆ မှိုင်းရာပြည့် သပိတ် စတဲ့ ကျောင်းသားလှုပ်ရှားမှုများ၊ အရေးအခင်းများ၊ သပိတ်အကြမ်းဖက်ဖိနှိပ်ဖြိုခွဲခံရမှုများ၊ ကျောင်းသားများမတရား ဖမ်းဆီး ထောင်ချခံရမှုများ၊ အနစ်နာခံပြီး အသက်သွေးချွေးပေးဆပ်ခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်များ စတဲ့ အခြေအနေတွေဟာ ကဗျာထဲမှာ ထင်ဟပ်နေခဲ့ပါတယ်။

(၁)
. . . . . . . .
`ပထမ ငါး ၀ီရိယမရှိ
ပျင်းရိလေးတွဲ ဇွဲမထုတ်ဘဲ
ကံကိုပဲ ပုံချတော့
လှော်တက်နဲ့ အရိုက်ခံရပြီး
သေဆုံးသွားရရှာတယ်
ဒုတိယ ငါး ၀ီရိယ ရှိတယ်
ကြိုးစားတယ် အားထုတ်တယ်
ဒါပေမယ့်
လှေအစောင်းနဲ့ မကြုံတော့
အကြံကို အသိခံရပြီး
လှော်တက်နဲ့ အရိုက်ခံရလို့
သေရရှာပြန်တယ်
တတိယ ငါး ၀ီရိယ ရှိတယ်
ကြိုးစားတယ် အားထုတ်တယ်
အခွင့်အခါကို သိတယ်
လှေအစောင်းကို ကြည့်ပြီး
သတိနဲ့ ခုန်လိုက်တော့
သေဘေးက လွတ်ရတယ်`
(၂)
`ရင်ထဲမှာ စွဲငြိနေတာက
ဒုတိယ ငါးပါပဲ
အကယ်၍များ
ဒုတိယ ငါးသာ အသေမခံခဲ့ရင်
တတိယ ငါး ဟာလည်း။
(ပုံပြင်ထဲက ငါးသုံးကောင် ကဗျာမှ)

 နောက်ထပ်တွေ့ရသည့် ကဗျာတစ်ပုဒ်မှာ`အတောင်ပံ´ဖြစ်သည်။ ရေးသည့်ရက်စွဲမှာ ၁၀၊ ၄၊ ၁၉၈၆။ ရေးဖြစ် သည့်ရက်စွဲအရ သမိုင်းဝင် ရှစ်လေး လုံးအရေးအခင်းကြီးမဖြစ်မီ နှစ်ကာလအပိုင်းအခြား။ ထိုအချိန်က နိုင်ငံရေး ရေဆူမှတ် ရောက်ရှိနေချိန်။ လူထု၏ သည်းခံနိုင်စွမ်းအဆုံးစွန်းရောက်လုချိန်၊ စစ်အာဏာရှင်စနစ်ကို အခါအခွင့်သင်တိုင်း ဆန့်ကျင် ဆန္ဒပြခဲ့ကြသည့် ကျောင်းသားနှင့် ပြည်သူလူထု လက်တွဲညီစွာ ဖောက်ထွက်ပျံသန်းရန် အားယူနေသည့်ကာလ။ ထိုနှစ် ကာလအပိုင်းအခြားတွင် ရေးသားခဲ့သည့်` အတောင်ပံ´ ကဗျာမှာ ယခု သည်ဘက်နှစ်များမှ မဂ္ဂဇင်းစာမျက်နှာပေါ်တွင် ပုံနှိပ်ဖော်ပြခံရသည်မှာ မဆန်းလှပေ။ `အဲဒီတုန်းကတော့ ည ဆိုတာတောင် ရိုးရိုးအဓိပ္ပာယ်ဖွဲ့လို့ မရ။ ည ဆိုရင် ခေတ်ဆိုး ခေတ်ကြပ်ကြီးကို ဆိုလိုတယ်ဆိုပြီး လွမ်းချင်တာတောင် လွမ်းခွင့်မရဘူး´ဟု ဆရာမောင်ကြည်သာ ပြောဖူးသည်ကို ပြန်အမှတ်ရမိသည်။ ပုံနှိပ် ဖော်ပြသည့်ရက်စွဲမှာ မတ်လ၊ ၂၀၁၄။ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင် ဖြစ်သည်။
၁၄၊ မေလ ၂၀၁၄ တွင် သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးအတွက် သဲကုန်းမြို့ပေါ်တွင် ဆန္ဒပြ၊ ဆုတောင်းမှု ပြုလုပ်သော လယ်သမားများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖမ်းဆီးခဲ့ကြသည်။ ထိုအရေးတွင် ဗကသကျောင်းသား ကောင်းထက်ကျော် ဖမ်းဆီးရိုက်နှက်ခံရသည်။ ထိုသို့ရိုက်နှက် ဖမ်းဆီးခဲ့သည်ကို မေ ၁၇ တွင် အထက်ဗမာပြည် ဗကသ အဖွဲ့ချုပ်က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ထို့နောက် ၂၀၁၄၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်မှ နေ၍ အမျိုးသား ပညာရေး ဥပဒေကို အတည်ပြုခဲ့သည်။ အဆိုပါ ဥပဒေတွင် ပါဝင်သည် ပြဋ္ဌာန်းချက်များသည် လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ချည်နှောင်ထားပြီး ပညာရေးမူဝါဒများသည် ဒီမိုကရေစီ မဆန်ခြင်း၊ လူ့အခွင့်အရေး တန်းတူညီမျှမှုမရှိခြင်း၊ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို အာမခံချက်မပေးနိုင်ခြင်းတို့ကြောင့် နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထုက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပြီး အမျိုးသားပညာရေး ဥပဒေသစ်အတွက် တိုက်ပွဲဝင်ရန် ၂၀၁၄၊ နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်နေ့တို့တွင် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ကြသည်။ ၂၀၁၅ ဇန်န၀ါရီ ၂၀ မှာတော့ စတုတ္ထကျောင်းသားသပိတ်ဟု ခေါ်ဆိုနိုင်မည့် ဒီမိုကရေစီပညာရေးတောင်းဆိုမှု ကျောင်းသား သပိတ် ခရီးရှည်ချီတက်ပွဲကြီး စတင်ခဲ့လေသည်။ ချုပ်နှောင်မှုအစည်းအတားများကို ရဲရဲဖောက်ထွက် ပျံသန်းကြရမည်။ ထိုသို့ ပျံသန်းသည့် အခါ လွတ်မြောက်ချင်လည်း လွတ်မြောက်မည်။ မလွတ်မြောက်နိုင်လျှင်လည်း နာကျင်မှုများဖြင့် ကြုံတွေကြရမည်။ ၁၉၈၆ က နာကျင်မှုနှင့် လွတ်မြောက်လိုမှုများသည် တိုက်ဆိုင်မှုများရှိလာသည့်အခါ ကဗျာ၏ အနှစ် သာရကို တခါ ပြန်လည်ရရှိလာသည်။ တနည်းဆိုရသော် ကဗျာတစ်ပုဒ်သည် နှစ်ကာလမည်မျှကြာသည်ဖြစ်စေ သေဆုံး မသွား။ အခါအခွင့်ရှိတိုင်း ပြန်လည် ရှင်ပြန်ထမြောက်နေသည်ဟု မြင်မိသည်။

`ပျံကြစမ်းဟေ့
ပျံကြစမ်း
အစွမ်းရှိသလောက် ပျံကြစမ်း။
မပျံနိုင်တဲ့အခါ
နားရမယ်
ပျံနေရင်းနဲ့လည်း စုတ်ပြဲသွားနိုင်တယ်´
(အတောင်ပံ ကဗျာမှ)

 ထိုခုနှစ်များကို ကျော်လွန်လာသည့်အခါ ဆရာမောင်ကြည်သာ(တောင်တွင်း)၏ ကဗျာများသည် ပြောင်းလဲ လာသည်။ ကဗျာရေးဟန်အပြောင်းအလဲထက် အကြောင်းအရာ ရွေးချယ်မှု၊ တင်ပြသည့်နယ်ပယ်နှင့် ကဗျာထဲတွင် ထည့်သွင်းထားသည့် ပတ်ဝန်းကျင်အပြောင်းအလဲများကို တွေ့လာရသည်။ အထူးသဖြင့် ၁၉၉၅ နောက်ပိုင်းကဗျာများတွင် အရင်မိုးဝေနှောင်းပိုင်းကဗျာများလို လက်သီးလက်မောင်းတန်းသော ကဗျာများ မဟုတ်တော့။ သို့သော် အရင်အတိုင်း မပြောင်းမလဲ ရှိနေသောခေတ်စနစ်၏ ဖိနှိပ်မှု၊ ရိုက်ခတ်မှုနှင့် နာကျင်မှုများကို ဘောလုံးအားကစားနည်းထဲ ထည့်သွင်းပြီး ဖော်ပြလာသည်။ တနည်းအားဖြင့် စာပေလွတ်လပ်ခွင့်မရသည့် အချိန်ကာလတစ်ခုအတွင်း နောက်ခံဝန်းကျင် အပြောင်း အလဲလုပ်ပြီး ဖော်ပြခြင်းဖြစ်သည်။ ယခင်စာအုပ် `ဖုံးကွယ်ထားသည့်အသံ´ထဲတွင် ပါဝင်သည့် `ဒေးဗစ်ဘက်ခမ်းရဲ့ ကန့်လန့်ဖြတ်ဘော´၊` စကားလုံးတွေကို သင့်ခြေထောက်ထဲမှာပဲ ထားလိုက်ပါ´၊`ပွဲစဉ်ဇယား´၊`ကစားသမား´ နှင့် ယခု စာအုပ်ပါ`မှန်ထဲက သူစိမ်း´၊ `ကိုယ်ဖျော်တဲ့ လက်ဖက်ရည်´ စသည့် ကဗျာများသည် ဘောလုံးနယ်ပယ်မှ ဝေါဟာရများ ဖြင့် ကဗျာကို ပြုလုပ်တည်ဆောက်ထားခြင်းပင် ဖြစ်သည်။

`ဖြစ်စဉ်ကြီးတစ်ခုလုံးက ဒီလိုပဲလား
ရိုးရိုးသားသား ကာကွယ်လိုက်တာလည်း ပင်နယ်တီ အပေးခံရ
ကိုယ်သွင်းလိုက်တဲ့ ဂိုးကျတော့လည်း လူကျွံဘောတဲ့
အပေးအယူအချိတ်အဆက်တွေကလည်း လွဲလိုက်သလားမမေးနဲ့
အေးလေ
ကိုယ့်ဂိုးကိုယ် ပြန်မသွင်းမိရင် ၀မ်းသာရတော့မယ်´
(မှန်ထဲက သူစိမ်း ကဗျာမှ)

`ပြောင်းလဲလာတဲ့ ကဗျာတွေကို ဖတ်လိုက်မိကြတဲ့ ကဗျာရေးသူတချို့ဟာ ငါတို့တော့ ကျန်နေရစ်တော့မှာပဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကသောကမျောအတင်း ကဗျာပုံစံပြောင်းရေးဖို့ ကြိုးစားလာကြပြန်ပါရော။ ပြောင်းလဲသွားတဲ့ အနှစ်သာရကို မဆုပ်ကိုင်မိဘဲ အပြင်ပန်းအသွင်အပြင်၊ ရေးဖွဲ့ပုံတွေကို တုပ ရေးဖွဲ့ကြတဲ့အခါ ကဗျာဖတ်သူတွေအတွက် စိတ်ပျက်စရာစိတ်ညစ်ညူးစရာ ကဗျာတွေ ဖြစ်လာပါတယ်။ အဲဒီ ကဗျာရေးသူတွေနဲ့ မောင်ကြည်သာ မပါတာကတော့ဖြင့် အတော်စိတ်လွတ်လပ်မိပါတယ်´
 ဆရာမောင်ကြည်သာ(တောင်တွင်း)၏ `ဖုံးကွယ်ထားတဲ့အသံ´ ကဗျာစာအုပ်မှ ဆရာမောင်ပြည့်မင်း၏ မှတ်ချက် စကားဖြစ်ပါသည်။ ဆရာ မောင်ကြည်သာ(တောင်တွင်း)သည် မိုးဝေခေတ်မှ ယနေ့အထိ ကဗျာအရွေ့နှင့် ကဗျာ ရေစီးကြောင်းအပြောင်းအလဲအပေါ် ထပ်ကြပ်မကွာ လိုက်ပါလျှက်ရှိသည့် ကဗျာဆရာတစ်ဦးဖြစ်သည်။ ယနေ့ ထွက်သမျှ ခေတ်ပေါ်၊ ခေတ်ပြိုင်ကဗျာစာအုပ်များ၊ ကဗျာဗေဒဆိုင်ရာစာအုပ်များနှင့် မျက်ခြေမပြတ်သူ၊ လူငယ်ကဗျာများ၏ ကဗျာ လမ်းကြောင်းသစ်ရှာဖွေမှုတွင် စိတ်ရောကိုယ်ပါ ထဲထဲဝင်ဝင်ပါဝင်သူ၊ ကိုယ်တိုင်လည်း ပုံသဏ္ဍာန်ဦးစားပေးကဗျာများ၊ စကားပြေကဗျာများ၊ ခေတ်ပြိုင်ဟန်ကဗျာများကိုလည်း ရေးဖွဲ့နေသူတစ်ဦးဖြစ်သည်။ ယခုစာအုပ်တွင် ဖော်ပြထားသည့် `မီးခိုးများ´ကဗျာတွင် ကဗျာတစ်ပုဒ်လုံးကို မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း စာမျက်နှာ ၁၉၁ ရှိ မီးဝေါဟာရ စကားလုံး များဖြင့် ပြုလုပ်ထားသည်။ `တစ်ယောက်တစ်လမ်း´ ကဗျာတွင် ကိုယ်ပိုင်စကားလုံးတစ်လုံးမှ အသုံးပြုခြင်းမရှိဘဲ မိမိ အနီး အနားနှင့် မှတ်ညဏ်ထဲတွင် ဖျတ်ကနဲပေါ်လာသော စကားလုံးများ၊ စာကြောင်းများ၊ အရာဝတ္ထုများကို ချိတ်တွဲကာ ကဗျာ ပြုလုပ်ထားသည်။ `ဆက်ကစားမယ်´ကဗျာတွင် လူကြိုက်များတီဗီအစီအစဉ်တစ်ခုဖြစ်သည့် ပဟေဠိနန်းတော်မှ အစီအစဉ် တင်ဆက်သူ မောင်မောင်အေး၏ ဆက်ကစားမလား၊ ဒီမှာပဲရပ်မလားဆိုသည့် မေးခွန်းအပေါ်တွင် အခြားတီဗီ ဇာတ်လမ်းတွဲ တစ်ခုမှ စကားလုံးများဖြင့် ချိတ်တွဲဆက်စပ်ကာ ကဗျာပြုလုပ်ထားသည်ကို တွေ့ရသည်။

`လှေကလေးနဲ့ မြစ်ကိုဖြတ်လို့ သူတို့ ကမ်းကပ်နိုင်သွားတယ်
သူတို့ အသက်ရှင်နေသေးတယ် တဲ့

အနည်းဆုံးက သုံးထောင်ဆိုလား၊ အများဆုံးက ငါးသိန်းဆိုလား
ဆက်ကစားပါမယ်´
(ဆက်ကစားမယ် ကဗျာမှ)
 ဆက်လက်ပြီး ဆရာ မောင်စိုးသစ်(မန္တလေး)၏ ကဗျာအပုဒ် (၄၀) ကို ဆက်ဖတ်မိသည်။ ဆရာမောင်စိုးသစ် (မန္တလေး)၏ ကဗျာများသည် ရိုးရှင်းသည်။ ဖတ်ရလွယ်ကူသည်။ အနက် အဓိပ္ပာယ် သိုဝှက်မှုနည်းပါးသည်။ ကဗျာ ဖတ်သူ နှင့် တတ်နိုင်သမျှ နီးအောင် ကြိုးစားအားထုတ် ရေးလေ့ရှိသည်။ သို့သော် ဆရာ့ကဗျာတွေကို ဖတ်ရသည်မှာ ဖတ်ပြီးမှ အတွေးက ပြန်စသည်။ မိမိအဇ္ဈတ္တကို ရေးဖွဲ့နေရာမှ ပြင်ပဗဟိဒ္ဓိကို လှမ်းချိတ်ဆက်သွားသည်။ ဆရာ မောင်စိုးသစ်၏ စကားလုံးသုံးစွဲမှုကို ဂရုစိုက်သည်။ စကားလုံးတစ်လုံးချင်းစီ၏ အားကို အပြည့်အ၀ အသုံးချသည်။ ခေတ်ပေါ်ကဗျာ၏ အလှဓါတ်ဖြစ်သည့် ပြေပြစ်စီးဆင်းမှုကို ကဗျာတိုင်းတွင် တွေ့ရသည်။

`အို . . . ပင်လယ်ငဲ့
ပြဒါးသုတ်ထားတဲ့ မှန်တစ်ချပ်အောက်
အိပ်မွေ့အချခံထားရတဲ့ လှိုင်းတံပိုးတွေ သိုဝှက်ပြီး
မြားချွန်နေရော့သလား
ငါတို့ဟာ အကြိမ်ကြိမ် ခြေစမ်းခဲ့ဖူးတော့
မင်းရဲ့ ကစားကွက်အောက် မနစ်မြှုပ်နိုင်တော့ဘူး
(လှေငယ် ကဗျာမှ)

 အေဒီ ၄၅၄၅ နှင့် ယခုစာအုပ်ကြားတွင် သုံးနှစ်တိတိ ကွာခြားသွားသည်။ ဆရာမောင်စိုးသစ် (မန္တလေး)ကို ကျွန်တော်က အစ်ကိုလို့ပဲ ခေါ်သည်။ အစ်ကို ကဗျာအရေးကျဲသွားသည်။ အပတ်စဉ်ထုတ် ဂျာနယ်တစ်ခုတွင် အားကစား ဆောင်းပါးများမရေးတော့။ ၀တ္ထုတို မရေးဖြစ်တော့သလောက်ဖြစ်သွားသည်။ ယခင်က မဂ္ဂဇင်း စာမျက်နှာများ ပေါ်တွင် လစဉ်တွေ့နေရသည့် မောင်စိုးသစ်(မန္တလေး) မဟုတ်တော့။ မိသားစုအရေးနှင့် လုပ်ငန်း တာဝန်ဝတ္ထရားများ အကြား နားရက်၊ ပိတ်ရက်နည်းပါးစွာ ဖြတ်သန်းနေရသည်။ ယခင်က အစ်ကို့၏ ညဂျူတီများတွင် အဖော်လုပ်ကာ အတူတူ လိုက်စောင့်ရင်း ကဗျာအကြောင်းများ ပြောခဲ့ဖူးသည်။ နေခြည်ထမင်းပေါင်းနှင့် အစုံသုပ်ကို စားရင်း ကျုံးနံဘေး ညချမ်းများ ကို စက်ဘီးတစ်စီးစီနှင့် ဖြတ်သန်းခဲ့ကြသည်။ ကဗျာအပေါ် ယုံကြည်ချက်၊ ခံယူချက်နှင့် ကဗျာလမ်းကြောင်း အကူး အပြောင်းများစွာကို အစ်ကို့ဆီမှ သင်ယူမှတ်သားခဲ့ဖူးသည်။ ယခု အစ်ကို့ကဗျာတွေကို စာအုပ်တစ်အုပ်အဖြစ် ကျွန်တော် ပြန်ဖတ်ခွင့်ရသည့်အတွက် ၀မ်းသာမိသည်။ အစ်ကို့ဆီက ခေတ်ပေါ်ကဗျာရဲ့ ရနံ့ကို ကျွန်တော်ပြန်ရသည်။ ဘာသာစကား တစ်လုံးချင်းစီအပေါ် အာရုံစူးစိုက်မှုနှင့် အလေးအနက်ထားမှုကို ပြန်ရသည်။

`ကမ္ဘာမှာ လက်နက်စက်ရုံ ဘယ်နှရုံတည်ပြီးရင်
စစ်ပွဲ ဘယ်နှခု ထိုးကျွေးရသလဲ
ကျည်လွတ် မီးလွတ် နေ့ရက်တွေက
ဘယ်ဥတုနဲ့မှ ရွာတဲ့မိုးလဲ
မိုးများရာ ရေလိုက်နေတဲ့ ခေတ်
အဲဒီ ကြောက်ခေတ်ကြီး
ကမ္ဘာဦးစ စလည်လာသလို
လူလည်တွေ ပတ်ပတ်လည်နေရောပေါ့
အမှန်တရားက
ဘာကြောင့် ဘယ်လို မူးရင်း ခေါင်းကိုက်နေရတာလဲ´
(လူလည်တွေနဲ့ ခပ်လည်လည် ခေတ် …ခစ် ကဗျာမှ)

ရေတွင်းမတူးဘဲ
ရေသန့်ဗူးဝယ် ရေကြည်သောက်နေတဲ့ ခေတ်မှာ
ငါတို့ အိပ်မက်တွေက
လွန်ဆွဲတိုင်း ရွာတဲ့မိုး မဟုတ်ဘူး
အနုပညာအခင်းအကျင်းထဲ
ငါတို့ရဲ့ ပိုစတာတွေ လိုက်ဖက်ကြည့်တော့
လူကြိုက်နည်းတဲ့ ဇာတ်လိုက်​တွေပဲ
အနုပညာက တွေ့တဲ့ဈေးမှာ
လက်ငင်းဝယ်လို့ရနေရင်
ငါတို့မှာ သမိုင်းဘယ်ရှိပါ့မလဲ
(ငါတို့ ကျောနံပါတ်တွေပေါ်မှာ သမိုင်း ရှိတယ် ကဗျာမှ)
 ဆရာမျိုးသန့်ကတော့ `ဆက်ကစားမယ် ပြန်ကွေ့ခဲ့ပါ´ ကဗျာစာအုပ်လေးကို အောက်ပါအတိုင်းအမှာစာ ရေးပေး ထားသည်ကို တွေ့ရသည်။
 ` ဆရာမောင်ကြည်သာ(တောင်တွင်း)နဲ့ ဆရာ မောင်စိုးသစ်(မန္တလေး)တို့ရဲ့ ကဗျာတွေကို ဖတ်ပြီးတဲ့အခါ ပထမဆုံးခေါင်းထဲ ၀င်လာတဲ့အတွေးက သူတို့ရဲ့ကဗျာတွေဟာ ဖတ်ရှုရ ရှင်းလင်းလွယ်ကူပြီး အနက်ဝှက်လွန်းတဲ့ အရေးအသားတွေ နည်းတယ် ဆိုတာပါပဲ။ ပြီးတော့ အကြောင်းအရာပိုင်းက ကြည့်ရင် ပြည်သူအများစုရဲ့ ခံစားမှုကို ထင်ဟပ်တာ တွေ့ရပါတယ်။ တဆက်တည်း သူတို့ရဲ့ ပြည်သူ့ဘက်က တသားတည်း ရပ်တည်လိုတဲ့ စေတနာနဲ့ ဖွဲ့ဆိုထားတဲ့ ကဗျာတွေက အများစုဖြစ်တာကို တွေ့ရပါတယ်´။
 `ခြုံပြောရရင် ကဗျာလေးတွေဟာ ခေတ်ထဲက ပြည်သူတွေရဲ့ အသံတွေကို ရှင်းရှင်း ရေးဖွဲ့ထားကြတယ်´။
 ဟုတ်သည်။ `ဆက်ကစားမယ် ပြန်ကွေ့ခဲ့ပါ´ ကဗျာစာအုပ်ထဲမှ ကဗျာများသည် ရပ်ကွက်ထဲမှ ပြည်သူတို့၏ စကားသံဖြစ်သည်။ ကျေးလက်နေ ပြည်သူတို့၏ စကားသံဖြစ်သည်။ မြို့ပြနေ ပြည်သူတို့၏ စကားသံဖြစ်သည်။ ယနေ့ခေတ် ပြည်သူတို့၏ ခံစားမှုကို ကဗျာဆရာကိုယ်တိုင် ခံစားနေရသည်။ ကဗျာဆရာ၏ ခံစားမှုသည် ပြည်သူတစ်ယောက်၏ ခံစားမှု၊ ပြည်သူ၏ နာကျင်မှုသည် ကဗျာဆရာတစ်ယောက်၏ နာကျင်မှုပင်ဖြစ်သည်။ ကဗျာဆရာသည် ထိုခံစားမှု၊ ထိုနာကျင်မှုကို စကားလုံးအားဖြင့် ဖော်ပြခြင်းဖြစ်သည်။
 ဆရာမျိုးသန့်၏ အမှာစကားအတိုင်းပင် ယနေ့ခေတ်မြင်ကွင်းကျယ်သည် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ အစွန်းရောက်ဝါဒီများဖြင့် အုတ်ရောရော ကျောက်ရောရော ရှုပ်ထွေးလွန်းလှသည်။ လူမျိုးရေးပဋိပက္ခလှုံ့ဆော်မှုများ၊ တရား ဥပဒေကင်းမဲ့မှုများ၊ သဘာဝသယံဇာတအရင်းအမြစ်ဆုံးရှုံးမှုများ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများ၊ ပြည်တွင်း စစ်ရပ်စဲရေးစာချုပ်များ နောက်ကွယ်မှ မပြီးဆုံးသေးသည့် တိုက်ပွဲများ၊ မလိုအပ်သည့် လွတ်ငြိမ်းချမ်းသာခွင့်များနှင့် မလုံခြုံ တော့သည့် နေ့ညများ၊ ၃၀ ရာခိုင်နှုန်းသာ အာမခံနိုင်ပြီး ၇၀ ရာခိုင်နှုန်းမှားယွင်းနေသည့် မဲစာရင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲ။ `ဒီမှာပဲ ရပ်မလား။ ဆက်ကစားမလား ´ဆိုသည့်အခါ ကျွန်တော်ကြားလိုက်သည့်အဖြေမှာ
ဆက်ကစားမယ် ပြန်ကွေ့ခဲ့ပါ ဟူ၍ပင် ဖြစ်ပါသည်။

မင်းနဒီခ
၆၊ အောက်တိုဘာ၊ ၂၀၁၅

No comments:

Post a Comment