Sunday, March 27, 2016

ထုတ်​​ဝေသူများအ​ကြောင်း

ထုတ်-ဝေ- သူ- များ အကြောင်း

စာအုပ်အမည်           - ထုတ်ဝေသူများ
ရေးသူ                     - ရတုသစ်၊ မောင်ရေခဲ၊ နေသစ်လူ၊ ဇာနည်သွေး(ပလိပ်)၊ ခင့်မိုးခင်
ထုတ်ဝေသည့်ကာလ   - မတ်လ၊၂၀၁၆
ထုတ်ဝေသည့်တိုက်    - PICA Media Publishing House



 ၂၀၁၆၊ ဇန်နဝါရီလကနေ အခု မတ်လ ၂၁ ကမ္ဘာ့ကဗျာနေ့အထိ ထွက်ရှိလာတဲ့ ကဗျာစာအုပ်စုစုပေါင်းကို ကျွန်တော်လက်လှမ်းမီသလောက်ပြုစုထားတဲ့ စာရင်းအရ အုပ်ရေ ၈၀ ဝန်းကျင်လောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒီအရေ အတွက်က အရင်နှစ်ထွက်ရှိသမျှ ကဗျာစာအုပ်အရေအတွက်ရဲ့ တဝက်လောက်ရှိနေပြီလို့ ပြောလို့ရပါတယ်။ ကဗျာရေးသူ တွေ များပြာလာတာနဲ့အမျှ ကဗျာစာအုပ်တွေ ထွက်ရှိမှုလည်း မြင့်မားလာတဲ့သဘောပါပဲ။ ၂၀၁၀ ခုနှစ်နောက်ပိုင်း စာပေ စီစစ်ရေး ဖြေလျော့ပြီးတဲ့နောက် ထွက်ရှိလာတဲ့ ကဗျာစာအုပ်ဆိုတာ တစ်နှစ်တစ်နှစ်ကို အုပ်ရေတစ်ရာကျော် အထက် မှာပါပဲ။ Facebook Social Network ပေါ်ပေါက်လာခြင်းဟာလည်း ကဗျာစာအုပ်ဖြစ်ထွန်းတိုးတက်မှုရဲ့ တစိတ်တပိုင်း အဖြစ် သတ်မှတ်လို့ရပါတယ်။ ကဗျာဝါသနာပါသူ၊ ကဗျာရေးသူအများစုဟာ ဖေ့စ်ဘွတ်ခ်ကိုယ်ပိုင်စာမျက်နှာမှာ ဘယ် အယ်ဒီတာ၊ ဘယ်အစည်းအတားကိုမှ ဖြတ်ကျော်စရာမလိုဘဲ ကိုယ့်ကဗျာကို စိတ်ကြိုက်ရေးသားခွင့်၊ တင်ပြခွင့်ရရှိထားတဲ့ အပြင် ကိုယ့်ကဗျာကိုယ် စာအုပ်တစ်အဖြစ်ဖန်တီးရာမှာလည်း စာပေကင်ပေတိုင်လို့ စာပေလောကသားတွေ သတ်မှတ် ခေါ်ဝေါ်ခဲ့ကြတဲ့ စာပေစီစစ်ရေးကို တင်စရာ၊ စောင့်စရာမလိုအပ်ဘဲ ဒီကနေ့ ပုံနှိပ်စက်တင်ပြီး မနက်ဖြန် စာအုပ် ဖြစ်နိုင်တဲ့ ခေတ်ကို ဖြတ်သန်းခွင့်ရနေတာလည်း အခွင့်အရေးတစ်ခုပါပဲ။ ဒီလို ကဗျာဖြစ်ဖို့ လွယ်ကူမှု၊ စာအုပ်ဖြစ်ဖို့ လွယ်ကူမှု တို့ ကြောင့် မျိုးဆက်သစ်ကဗျာဆရာအချို့ဟာ မဂ္ဂဇင်းစာမျက်နှာဖြတ်သန်းမှုကို အရင်ခေတ်များဆီကလို အားစိုက်ထုတ်မှု နည်းသွားသလို ကိုယ့်ကဗျာအပေါ် ကိုယ်ဆန်းစစ်သေချာမှုတွေ လျော့နည်းသွားတာကိုလည်း မြင်နေရပါတယ်။ ဒါဟာ အချိန်ကာလက စစ်ချသွားမယ့်အရာတစ်ခုဖြစ်ပေမယ့် လက်ရှိအနေအထားမှာတော့ ကဗျာဆရာနဲ့ ကဗျာစာအုပ် အရေ အတွက်ဟာ ဖောင်းပွလွန်းနေသလိုပါပဲ။ ဒါက ကဗျာဆရာနဲ့ ကဗျာစာအုပ်အပိုင်းပေါ့။
နောက်တစ်ပိုင်းက ကဗျာစာအုပ် ရောင်းမရတဲ့ ပြဿနာ။ ကဗျာစာအုပ်တစ်အုပ်လုပ်မယ်ဆို အနည်းဆုံး သုံးသိန်း ကနေ ငါးသိန်းဝန်းကျင် ကုန်ကျစရိတ်ရှိပါတယ်။ မိတ်ဆက်ပွဲလုပ်ရင် တစ်သိန်းကနေ နှစ်သိန်းအတွင်းကုန်မယ်။ ဖြန့်ချိရေး စရိတ်၊ သယ်ယူစရိတ်နဲ့ တွက်လိုက်ရင် မနည်းပါဘူး။ ဖြန့်ချီရေးကလည်း နယ်မြို့လေးတွေအထိ ပျံ့ပျံ့နှံ့နှံ့ဖြန့်ချိဖို့ မလွယ် ကူသလို ဖြန့်နိုင်ခဲ့ရင်တောင် ငွေပြန်ကောက်ရဖို့ ခက်ခဲပါတယ်။ နောက်တစ်ခုထပ်ပြောရရင် ကဗျာဆရာအများစုက ငွေကြေးမပြည့်စုံတဲ့သူ များပါတယ်။ ကဗျာဆရာဆိုတာ စာပေ၊ ပန်းချီ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် စတဲ့ အနုပညာအသီးသီးမှာ အနုပညာကြေးအနည်းဆုံးစာမူခကိုသာ လက်ခံပြီး ကဗျာချစ်စိတ်နဲ့ ရပ်တည်နေကြရတာ များပါတယ်။ လူဦးရေ သန်း ခြောက်ဆယ်ကျော်ရှိတဲ့ နိုင်ငံမှာ ကဗျာစာအုပ်တစ်အုပ် ပုံနှိပ်တဲ့ အရေအတွက်က အုပ်ရေ ငါးရာ ဆိုတာ အများဆုံး ပါပဲ။ အဲဒီအထဲကမှ ကဗျာစာအုပ်အနည်းဆုံး အုပ်ရေ ၃၀၀ နဲ့ ၄၀၀ ဝန်းကျင်ရောင်းရမှ ငွေရင်းပြန်ရပြီး နောက်တစ်အုပ် အတွက် ပြန်စုနိုင်မှာပါ။ အခုဖြစ်နေပုံက ကဗျာစာအုပ်ထွက်တာနဲ့ လက်ဆောင်ပေးရမယ့် အုပ်ရေက ၁၅၀ လောက် ရှိနေ တတ်ပါ တယ်။ အဲဒီလက်ဆောင်အရေအတွက်သာ ရောင်းရမယ်ဆိုရင် နောက်ထပ် ၁၅၀ ရောင်းပြီး နောက်တစ်အုပ် ထွက်နိုင်မှာ ပါ။ လက်ရှိ ကဗျာရေးသူတိုင်း ကဗျာစာအုပ်တစ်အုပ်သာ ဝယ်၊ ဘယ်ကဗျာဆရာမှ မကုန်တဲ့ စာအုပ်ရှိမှာ မဟုတ်ပါဘူး။ ကဗျာစာအုပ်တစ်အုပ်တန်ဖိုး ၁၅၀၀/၂၀၀၀ ဆိုတာ ဒီဘက်ခေတ်ထဲ မပြောပလောက်တဲ့ ပမာဏပါပဲ။ ပြီးခဲ့တဲ့နှစ်က ကဗျာဆရာ တိုးနှောင်မိုးရဲ့ “ဖြစ်ကြောင်းကုန်စင်သမိုင်းကြောင်း” ကဗျာရှည်စာအုပ်ကို မိတ်ဆက်ရောင်းချခြင်းလို့ တွေ့ လိုက်ရတော့ ဝမ်းသာမိတယ်။ မိတ်ဆက်လက်ဆောင်ပေးခြင်းမဟုတ်လို့ပါ။ ဒီအလေ့အထလေး ဆက်လက် ထွန်းကားပြီး ကဗျာစာအုပ် မရောင်းရခြင်းမှ ကင်းဝေးပါစေလို့လည်း ဆုတောင်းခဲ့မိပါသေးတယ်။ ဒီတော့ ကဗျာဆရာနဲ့ ကဗျာစာအုပ် အချိုးညီမျှပေမယ့် ကဗျာကိုတန်ဖိုးထားမှုနဲ့ ကဗျာစာအုပ်ရောင်းချရမှု အချိုးမညီမျှတာဟာ ပြန်သုံးသပ်သင့် တဲ့ ပြဿနာ တစ်ခုပါပဲ။
အခု မတ်လ၂၁၊ ကမ္ဘာ့ကဗျာနေ့မတိုင်ခင် ထွက်လာတဲ့ ကဗျာစာအုပ်တွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ ကဗျာ စာအုပ်ရှိပါတယ်။ ကဗျာစာအုပ်အမည်က “ထုတ်ဝေသူများ”။ ဒါဟာကဗျာစာအုပ်လောကကို ကဗျာစာအုပ်နာမည်နဲ့တင် စတင်သရော်လိုက်တာပါပဲ။ ရေးသူတွေက “ ရတုသစ်၊ မောင်ရေခဲ၊ နေသစ်လူ၊ ဇာနည်သွေး(ပလိပ်)နဲ့ ခင့်မိုးခင်။ နောက် တခုက “ခေတ်ဖော် ကဗျာများ” လို့လည်း အသေအချာအထူးပြုထားပါသေးတယ်။ ရှေ့မှာ ကဗျာဆရာ လင်းခါးက သူ့ရဲ့ “ ခေတ်က ရိုက်စစ်တော့ ကဗျာတွေ ထွက်လာတယ်” ကဗျာစာအုပ်မှာ “ခေတ်မှိုင်၊ ခေတ်ယိုင်၊ ခေတ်ကွိုင်ကဗျာများ” လို့ တမင်တကာ ဖော်ပြထားသလိုပဲ အခု “ထုတ်ဝေသူများ” ကဗျာစာအုပ်ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖော်ပြထားတာကို တွေ့ရပါ တယ်။ ဒီနေရာမှာ ဘာကိုထည့်စဉ်းစားဖို့ လိုလာပြီလဲဆိုတော့ မြန်မာကဗျာလောကမှာ ဂယက်ရိုက်ခဲ့တဲ့၊ ဂယက် ရိုက်နေ ဆဲဖြစ်တဲ့ ခေတ်ပေါ်/ခေတ်ပြိုင် ပြဿနာကိုပါ လှမ်းသရော်လိုက်ခြင်းလား။ ဒါမှမဟုတ် လက်ရှိဖြတ်သန်းနေရတဲ့ ခေတ်ကြီး ရဲ့ မပွင့်လင်း မမြင်သာမှုတွေကို ဖော်ထုတ်တင်ဆက်ခြင်းပဲလား ဆိုတာပါပဲ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်လို ထုတ်ဝေသူ တွေလဲ။ ဘယ်လို ခေတ်ဖော်ကဗျာတွေလည်း ဆိုတာပေါ့။
ပထမဆုံးတွေ့ရတာကို ကဗျာဆရာ ရတုသစ်ရဲ့ ကဗျာ(၁၂)ပုဒ်ပါ။ “ထုတ်ဝေသူများ” ထဲမှာ ကဗျာရေးအား အကောင်းဆုံးနဲ့ ကဗျာပုံသဏ္ဍာန်မျိုးစုံအောင် ရေးဖွဲ့တတ်လေ့ရှိသူတစ်ယောက်ပါပဲ။ အခု ဒီစာအုပ်ထဲမှာတော့ ရတုသစ် ဟာ ခေတ်ပြိုင်ဟန်ကဲတဲ့ ကဗျာတွေကို ရှောင်ထားပြီး ပင်မရေစီးခေတ်ပေါ်ကဗျာဟန်တွေချည်းသက်သက် ထည့်သွင်း ပုံနှိပ်ထားပါတယ်။ နောက်တခုက ဒီကဗျာစာအုပ်ထဲက ကဗျာတွေဟာ ရတုသစ်ရဲ့ ဘဝဖြတ်သန်းမှုအပြောင်းအလဲ၊ လူမှု ပတ်ဝန်းကျင်အပြောင်းအလဲကို အများကြီးဖော်ပြနေတဲ့ ကဗျာတွေလို့ဆိုရင်လည်း ရနိုင်သလို ရတုသစ်နဲ့ လောကဓံ ထိတွေ့မှု၊ နာကျင်မှု၊ ညည်းညူမှု၊ အဆီအငေါ်မတည့်မှု၊ အဆင်မပြေလွဲချော်မှုများကို ဖွင့်ဟဝန်ခံထားတဲ့ ကဗျာတွေလို့ လည်း ပြောလို့ ရနိုင်ပါတယ်။ “ကျန်းမာရေးမကောင်းတဲ့နေ့၊ ကျန်းမာရေးမကောင်းတဲ့နေ့ (၂)၊ ညနေများ၊ မပြတ်မသားညနေ၊ ညနေ ပြီးတော့ ညနေ” စတဲ့ ကဗျာတွေမှာ ရတုသစ်ဟာ သူ့ကဗျာတွေကို သူ့နေထိုင်ရာပတ်ဝန်းကျင်အနီးအနားက သူ့နေ့စဉ် ဖြတ်သန်းမှုတွေ အပေါ်မှာပဲ ကဗျာကို ရိုးရှင်းလှပစွာ ရေးဖွဲ့သွားတာကို တွေ့ရပြီး သူ့အကြောင်း အတွင်းကျကျ သိနေသူ တစ်ယောက်အတွက်ဆိုရင် ကဗျာတွေဟာ ပိုမိုနာကျင်စရာကောင်းနေမှာ အမှန်ပဲဖြစ်တယ်။ သူ့ကဗျာတွေထဲက ထိထိရှရှအရှိဆုံး ကဗျာတစ်ပုဒ်ကို ပြပါဆိုရင်တော့ “အရုပ်သည်ကြီး” ကို ညွှန်းချင်ပါတယ်။ စစ်သားဟောင်းတစ်ယောက်ရဲ့ နေဝင်ချိန်ဖြတ်သန်းမှုကို ရေးဖွဲ့ထားတဲ့ ကဗျာတစ်ပုဒ်ပါ။ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ မြင်တွေ့နေရလေ့ရှိတဲ့ စစ်ရဲ့ ဘေးထွက်ထုတ်ကုန်တစ်ခုကို ကဗျာနဲ့ ပြန်တင်ပြလိုက်ခြင်းပါပဲ။ နောက်ဆုံးပြောချင်တာကတော့ ရတုသစ်ရဲ့ ကဗျာတွေ ကို ဖတ်မိတဲ့အခါ သမိုင်းဖတ်စာ ကဗျာစာအုပ်ထဲက ဆရာအောင်ချိမ့်ရဲ့ ကဗျာတပိုင်းတစကို သတိရမိတယ်။ “ ရွှေတိဂုံ စေတီမြတ် ကုန်းတော်မှ အဆင်း လောကမြေပူကို တန်းနင်းတာပဲ” ဆိုတဲ့ စာသားလေးပါ။ ရတုသစ်က ရဟန်းဘဝကနေ လူ့ဘဝဆီ ပြန်ဆင်းလာတဲ့ ကဗျာဆရာတစ်ယောက်။ လူ့ဘဝဆိုတာ လောကမြေပူပါပဲ။ သူ့ပူလောင်မှုဟာ ကျွန်တော့်တို့ရဲ့ ပူလောင်မှု ဖြစ်ခဲ့ရပါတယ်။

“အသက်ရှူသွင်းတာက အစ
ကမောက်ကမနိုင်ခဲ့ပုံများ
အိပ်ရာဝင်ဖို့ မစဉ်းစားဖြစ်ဘဲ
ဖြစ်သလို အိပ်ပျော်သွားတတ်တဲ့ ညတွေ
ပြေရာပြေကြောင်းတွေးကြည့်လိုက်တဲ့အခါ
ချုပ်ရိုးအထုံးလေးတွေ သိပ်များလာသလိုလို
လောကဓံကို မထီတရီပြုံးပြတတ်ခဲ့ပြီ”
(ရတုသစ်/ အကြပ်အတည်းများ ကဗျာမှ)

“နံရံဆိုတာ
လုံခြုံဖို့ တစ်ခုတည်းအတွက် မဟုတ်ဘူး
လက်သီးနဲ့ ထိုးဖို့၊ ခေါင်းနဲ့တိုက်ဖို့၊
တံတွေးနဲ့ထွေးဖို့
ပြီးတော့ အရာဝတ္ထုတစ်ခုခုနဲ့
ပစ်ပေါက်ရိုက်ခွဲဖို့လည်း ဟုတ်တယ်
နံရံတစ်ခုကို ငါဆေးခြယ်
ဆေးသားနီနီလေးပါကွယ်”
 (ရတုသစ်/ ထွက်ပေါက် ကဗျာမှ)

 နောက်ဖော်ပြထားတဲ့ ကဗျာဆရာက မောင်ရေခဲ။ ကဗျာ(၁၃)ပုဒ် ထည့်သွင်းဖော်ပြထားပါတယ်။ ကဗျာရေးအား ကောင်းတဲ့ ရဟန်းတပါးအဖြစ် မြင်တွေ့နေရသလို စုပေါင်းထုတ်ဝေတဲ့ ကဗျာစာအုပ်တွေ၊ မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ စတင်မြင်တွေ့လာရတဲ့ ကဗျာဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ သုံးလေးကြောင်းကဗျာတိုလေးနဲ့ ပင်မရေစီးခေတ်ပေါ် ကဗျာ ဟန်ကို အရေးများပြီး စမ်းသပ်ပြောင်းလဲရေးဖွဲ့လိုစိတ်ရှိနေတဲ့ ကဗျာဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ ကဗျာတို တွေမှာတော့ ရေးဖွဲ့ပုံကျစ်လစ်မှုရှိပေမယ့် ရိုးရှင်းလွန်းအားကြီးတော့ အားမရသလို ဖြစ်မိတာလေးတစ်ခုပါပဲ။ ဖော်ပြထား တဲ့ ကဗျာတွေအရ ရေးဖွဲ့တဲ့ ကဗျာနောက်ခံအကြောင်းအရာစုံလင်ပြီး မိသားစုကဗျာတွေမှာ ပိုအားသာမှုရှိပြီး ကဗျာအလှ ဓာတ်ကို ပိုမိုဖမ်းဆုပ်နိုင်တာ တွေ့ရပါတယ်။ ထိရှရတဲ့ ကဗျာတစ်ပုဒ်ကို အစဆွဲထုတ်ရရင် “အမေ ရထားတက်ချိန်” ကဗျာ ပါပဲ။ ခွဲခွာချိန်တွေဟာ အမြဲတမ်းနာကျင်ထိခိုက်ရတာမှန်ပေမယ့် အမေနဲ့သား၊ ရဟန်းနဲ့ ရဟန်းအမေ ရထားတက်ချိန် စင်္ကြန်လမ်းလေးမှာ ပြောမကုန်တဲ့စကား “တွေ့တုန်းလေး ပြောရတာပါ သားရယ် တဲ့လေ”။ မိခင်တစ်ယောက်ရဲ့ ရင်ထဲ ကျွန်တော် ရောက်သွားခဲ့ပါတယ်။

“ပြန်လိုက်ဦး အမေ
ပြန်လိုက်ဦး
ငါ့သားက အမေ့အတွက်
မသေထမင်း မသေဟင်းပဲ ဆိုပြီး
လွမ်းလိုက်တော့ အမေ
အမေလာတိုင်း မမေ့တတ်တဲ့
ကောက်ညှင်းထုပ်နဲ့ ဌာပနာထုပ်
ကိုယ့်မျက်ရည် ကိုယ်သုတ်လို့
အမေပါသွားတဲ့ ရထားခြေရင်းမှာပေါ့”
 (မောင်ရေခဲ/ အမေရထားတက်ချိန် ကဗျာမှ)

 နောက်ထပ် ဖတ်ရတဲ့ ကဗျာဆရာက နေသစ်လူ။ ကဗျာပုဒ်ရေက ၁၂ ပုဒ်။ သူသည်လည်း ဒီနေ့မဂ္ဂဇင်း စာမျက် နှာများမှာ အတွေ့ရများလာတဲ့ ရဟန်းကဗျာဆရာတစ်ဦးပဲ ဖြစ်ပါတယ်။ ကဗျာအရေးကျဲပေမယ့် ရေးဖြစ်တဲ့ ကဗျာတိုင်းကို လှအောင်ရေးဖွဲ့နိုင်တဲ့ ကဗျာဆရာပါပဲ။ သူ့ကဗျာတွေဟာ ချစ်မြတ်နှစ်သက်စရာကောင်းနေတတ်ပါတယ်။ သူ့နဲ့ တွေ့တိုင်း ချက်ချင်းသတိရမိတဲ့ ကဗျာက “နေသစ်လူတို့ အမေ”ပါပဲ။ အမေဖွဲ့ကဗျာတွေ များစွာရှိတဲ့အထဲကမှ “ အဖေသေတော့ ကလေးငါးယောက်၊ အသက်(၃၀)၊ လှသွေးကြွယ်မုဆိုးမ၊ တဖက်လပ်သွားတဲ့ ထမင်းစားပွဲထဲ၊ လူစားမသွင်းခဲ့ဖူး” ဆိုတဲ့ အဖွဲ့ဟာ ဒီနေ့လို ခေတ်ပျက်ကြီးထဲမှာ တစ်ယောက်တည်း ရုန်းကန်းရတော့မယ့် မိခင်တစ်ယောက်ရဲ့ ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ သားသမီးများအပေါ်ထားရှိလိုက်တဲ့ ချစ်ခြင်းတရားပါပဲ။ ဒီကဗျာစာအုပ် ထဲမှာတော့ နေသစ်လူဟာ အတွင်း အဇ္ဈတ္တကို ဖွဲ့တဲ့ ကဗျာတွေ ( စိတ်ကိုင်းဖျား၊ ရနံ့ဝေးပစ္စုပ္ပန်၊ တဖြည်းဖြည်းစိမ်း၊ စိတ်ကို ကပ်/ဖြတ်/ခွာ၊ သဲထွင်းအက္ခရာ၊ ရှိခြင်း မရှိခြင်း)နဲ့ ပြင်ပဗဟိဒ္ဓကို ဖွဲ့တဲ့ကဗျာတွေ (နေသစ်လူတို့အမေ၊ ပေါ့ပေါ့ပါးပါး၊ ရယ်လိုက်ရတာ ရပ်မရ၊ မနိုးတဲ့ နေ့တစ်နေ့၊ ငိုနေသူတစ်စုံတစ်ယောက်၊ ဒီလိုပါပဲ) ကို လှလှပပ ရောစပ်ထည့်သွင်း ပုံနှိပ်ပေးထားပါတယ်။

“ငါတို့က လ အရောင်နဲ့ စာမဖတ်ခဲ့ရဘူး
ညအမှောင်နဲ့ အသားကျချင်သူတွေ
ရယ်လိုက်ရင် ပေါ့သွားမယ်လို့
ဘယ်သူ တရားသေမိန့်လိုက်လဲ
ငိုလိုက်ရင်လည်း ပေါ့သွားတာပဲ”
 (နေသစ်လူ/ ပေါ့ပေါ့ပါးပါး ကဗျာမှ)

“ဝမ်းနည်းမှုကို သဲပေါ်ရေးပြီး
ပျော်ရွှင်မှုကို ကျောက်တုံးပေါ် ခြစ်ပါတဲ့
အမှတ်သည်းခြေကြီးလွန်းသူမှာ
ငိုရင်လည်း ဒီစိတ်၊ ရယ်ရင်လည်း ဒီစိတ်နဲ့
သဲခုံလေးပေါ်
ပြင်လိုက်ဖျက်လိုက်
လက်ရေးလက်သား။”
 (နေသစ်လူ/ သဲထွင်းအက္ခရာ ကဗျာမှ)

 နောက်ထပ်ဖတ်ရတဲ့ ကဗျာဆရာက ဇာနည်သွေး(ပလိပ်)။ ထည့်သွင်းဖော်ပြထားတဲ့ကဗျာက ၁၂ ပုဒ်။ ကဗျာတွေ မဖတ်ရသေးဘဲ မာတိကာ အရင်ဖတ်ကြည့်မိတော့ ပေးထားတဲ့ ကဗျာခေါင်းစဉ်တွေကို အားမရ။ (ဥပမာ - အိပ်မက်ကဗျာ၊ အချစ်၊ နေ့သစ်၊ ကွမ်းရွက်၊ ရန်ကုန်၊ မဝံ့မရဲ၊ အဖြူအစိမ်း)။ အဲဒီအထဲကမှ အိပ်မက်ကဗျာလို ခေါင်းစဉ်မျိုးကို ရှောင်ရမှာ ဖြစ်ပါတယ်။ လေးဖြူရဲ့ နာမည်ကြီးစီးရီးတစ်ခုရဲ့ Title ဖြစ်နေတဲ့အပြင် လူသိများထင်ရှားလွန်းတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်နေ လို့ပါ။ ဖော်ပြထားတဲ့ကဗျာ ၁၂ ပုဒ်မှာ ချစ်ခြင်းမေတ္တာဖွဲ့ကဗျာ ၆ ပုဒ်ထည့်သွင်းထားပြီး ကဗျာအားလုံးအား ရိုးရိုးရှင်းရှင်း ဖွဲ့နွဲ့ထားတာကို တွေ့ရပါတယ်။ ကိုယ့်တစ်ယောက်တည်းဖတ်ဖို့ဆိုရင် ကဗျာတစ်ပုဒ် ဖြစ်ဖို့ဆိုတာ လွယ်ကူပါတယ်။ ကဗျာ ဖတ်သူတွေရဲ့ ရင်ထဲထိ ကဗျာတစ်ပုဒ် တင်ကျန်နေရစ်ဖို့ကတော့ မလွယ်ကူပါဘူး။ ကဗျာဆရာတစ်ယောက်မှာ အရှိသင့် ဆုံးက ရိုးသားမှုဖြစ်ပေမယ့် ကဗျာတစ်ပုဒ်အဖြစ်ပြုလုပ်ဖန်တီးမယ်ဆိုရင်တော့ ထိုက်သင့်တဲ့ အနက်သိုဝှက်မှု၊ စကားလုံး တန်ဆာဆင်မှု၊ ကျစ်လစ်တဲ့ ဝါကျတည်ဆောက်မှုနဲ့ ကဗျာတစ်ပုဒ်လုံးကို တည်ဆောက်ထားတဲ့ ရစ်သမ်၊ ကဗျာတစ်ပုဒ်ရဲ့ အလှဓာတ်ကိုတော့ မဖြစ်မနေ ရရှိအောင် ဖန်တီးရမှာပဲ ဖြစ်ပါတယ်။ ကဗျာရေးသူတွေ များစွာတိုးပွားလာတဲ့ ဒီကနေ့လို ခေတ်ကြီးမှာ သူလိုကိုယ်လိုအားထုတ်ရင် သူလိုကိုယ်လို ကဗျာတွေပဲ ဖြစ်နေမှာကိုတော့ စေတနာစကားဆို လိုက်ပါရစေ။

“တဒင်္ဂပျော်ရွှင်မှုလေးထဲ
ရင်ခုန်သံကို
အဆုံးထိ နှစ်ထားလိုက်တယ်
ဆံနွယ်လေးတွေ
လွင့်ဝဲသွားတာက စလို့
သစ်ရွက်လေးတွေ ကြွေလွင့်သွားတဲ့အထိ
အရာရာမှာ
အနုပညာမြောက်တဲ့ အပြုံးတွေနဲ့
အလှပဆုံး ကဗျာတစ်ပုဒ်ကို
သိမ်မွေ့ညွှတ်နူးဖွယ် ထုဆစ်ခဲ့ကြ”
 (ဇာနည်သွေး(ပလိပ်)/သူနဲ့အတူ ကဗျာမှ)

 နောက်ဆုံးတစ်ယောက်ကတော့ ထုတ်ဝေသူများရဲ့ ထုတ်ဝေသူ။ ကဗျာဆရာမ “ခင့်မိုးခင်”။ ထည့်သွင်းထားတဲ့ ကဗျာက ၁၃ ပုဒ်။ လူလတ်ပိုင်းရောက်နေပေမယ့် ကဗျာစရေးစ ကလောင်သစ်လေးတစ်ယောက်လို ကဗျာအပေါ် ရူးလို့ မိုက်လို့ ကောင်းဆဲ။ လူငယ်တွေနဲ့အပြိုင် ကဗျာနဲ့ ပတ်သက်လာရင် သွေးဆူနေမြဲ။ သတိထားမိသလောက်တော့ မဂ္ဂဇင်း စာမျက်နှာများပေါ်တွင် အတွေ့ရနည်းပါတယ်။ စာမူပို့အား နည်းသလားတော့ မပြောတတ်။ ထည့်သွင်းထားတဲ့ ကဗျာ အများစုကတော့ သမားရိုးကျဆန်တယ်။ စကားလုံးဆန်းသစ်မှုအားနည်းပါတယ်။ ရေးဖွဲ့တင်ပြပုံ အဆန်းတကြယ် မတွေ့ရ ပေမယ့် ထူးထူးခြားခြားနှစ်သက်မိတဲ့ ကဗျာ ၂ ပုဒ်ကတော့ “ဖိုက်တာငါး”နဲ့ “ဆက်သွယ်ရေး”။ “ဖိုက်တာငါး” ကဗျာမှာ ကဗျာနောက်ခံနယ်ပယ်ထူးခြားမှုကို ရရှိလိုက်သလို “ဆက်သွယ်ရေး” ကဗျာမှာ ကြည်နူးမှုနဲ့ ကဗျာအလှဓာတ်ကို ရလိုက် လို့ ကျေနပ်ရပါတယ်။

“ငါးဖြစ်ရင်တောင် ကြည်လင်အေးမြ စိမ်းမြမြရေထဲမှာ
တသွင်သွင် စီးနေတဲ့ စမ်းချောင်းလေးထဲမှာ
ပျော်ပါးမြူးထူးရင်း ကူးခတ်နေချင်တာ
အချုပ်အနှောင်အဟန့်အတား ဘယ်သူက ခံချင်မှာလဲ
ဆန္ဒဆိုတဲ့အရာကို ဖိနှိပ်ထားလို့ကတော့
အုံကြွမှုဆိုတာ နေပူပြင်းထဲက ဝါဂွမ်းပုံလို
ကြုံရဆုံရ လူ့ဘဝဇာတ်ခုံမှာ
ကပြနေရတဲ့ ဇာတ်လမ်းတွေက
သွေးညှီနံ့က တထောင်းထောင်း
ယင်တွေက တလောင်းလောင်း”
 (ခင့်မိုးခင်/ ဖိုက်တာငါး ကဗျာမှ)

“ရှည်ရှည်ဝေးဝေး ဘာစာတွေမှ ရေးမနေချင်ပါဘူး
လွမ်းတယ်ဆိုတာလေးပဲ ချရေးမယ်
လေယာဉ်စာအိတ်လေးထဲ စာလွှာထည့်ပိတ်ပြီး
ဆယ့်ငါးပြားတန် တံဆိပ်ခေါင်းလေး အသေအချာကပ်လို့
မြန်မာ့ဆက်သွယ်ရေးရုံးရှေ့က
စာတိုက်ပုံးနီနီလေးထဲကတဆင့် ပေးပို့လိုက်မယ်
ရည်ရွယ်သူထံ နောက်ကျမှ ရောက်ရင်လည်း
အလွမ်းတွေဟာ မပုပ်မသိုးလတ်ဆတ်နေမှာ
တကယ့်ကို အသေအချာ”
 (ခင့်မိုးခင်/ ဆက်သွယ်ရေး ကဗျာမှ)

 ထုတ်ဝေသူများ ကဗျာစာအုပ်တစ်အုပ်လုံးကို ပြန်သုံးသပ်ရရင် ကဗျာအပေါ်နှစ်နှစ်ကာကာရှိပြီး ကဗျာအလုပ်ကို တစိုက်မတ်မတ်လုပ်နေကြသူတွေရဲ့ ကဗျာတွေဖြစ်လို့ ကျေနပ်မိပေမယ့် ကဗျာဆရာတစ်ယောက်ချင်းစီရဲ့ အားအကောင်း ဆုံးကဗျာတွေ စုစည်းမှုမဖြစ်ခဲ့တာလေးတစ်ခုကိုတော့ အားမလိုအားမရဖြစ်မိတယ်။ ဘာဖြစ်လို့ ဒီလိုရေးရသလဲ ဆိုတော့ ထုတ်ဝေသူများထဲက ကဗျာဆရာတွေရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာတွေမှာ တင်နေတဲ့ကဗျာတွေကို အမြဲတမ်း ဖတ်နေရလို့ပါပဲ။ စုပေါင်းရေးဖွဲ့တဲ့ကဗျာစာအုပ်တွေမှာ ပါဝင်ရတာ အရမ်းအန္တရာယ်များပါတယ်။ ကိုယ်တိုင် ရွေးချယ် ထည့်သွင်းလိုက်တဲ့ ကဗျာတွေဟာ ကဗျာရေးသူအများစုကြားထဲမှာ ထီးတည်းပေါ်လွင်နေမှာဖြစ်လို့ ကဗျာကောင်းနေရင် လည်း သိသာထင်ရှားနေသလို ကဗျာအားနည်းနေရင်လည်း သိသာထင်ရှားနေမှာပဲ ဖြစ်ပါတယ်။ ခေတ်ဖော်ကဗျာများနဲ့ ပတ်သက်ပြီးတော့ပြောရရင် ခေတ်စနစ်ဆိုးကြီးရဲ့ မပွင့်လင်းမမြင်သာတဲ့ အမှောင်ခေတ်ကို ဖွဲ့နွဲ့တဲ့ ကဗျာတွေထက် ပုဂ္ဂလ ခံစားဖွဲ့မှုကဗျာတွေ ပိုဖတ်လိုက်ရတဲ့အတွက် မျှော်လင့်ထားသလောက် ခေတ်ကို မဖော်ထုတ်နိုင်ခဲ့ဘူးလို့ပဲ ပြောရမလား။ ဘာပဲဖြစ်ဖြစ် ကဗျာမှာ ဒီထက်စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေ အများကြီးရှိနေပါသေးတယ်။ ဒီနေရာမှာ “ မင့်ကဗျာတွေ ကောင်းတာ မကောင်းတာ အရေးမကြီးပါဘူး။ မင်း ကဗျာတွေ ရေးနေတာ၊ ကဗျာဆရာဖြစ်ချင်နေတာကိုက ကောင်းလှ ပါပြီကွာ” လို့ အီလျာအာရင်ဘတ်ပြောခဲ့ဖူးတဲ့ စကားကို ပြန်ကိုးကားဖို့ လိုသလို ‘ထုတ်ဝေသူများ’ ရဲ့ 5 IN 1 အမှာစာ ကိုလည်း ပြန်ဖော်ပြဖို့ လိုလာပါတယ်။

“ကဗျာနဲ့ ဘယ်အထိရောက်ရမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ မျှော်လင့်မိတာ တစ်ခုတော့ ရှိတယ်။ ကဗျာက ပေးမယ့် ကြည်နူးဆွတ်ပျံ့ဖွယ်ခံစားရမှုကို မျှဝေလိုခြင်းသက်သက်မျှသာပဲ။
. . . . . . . . . .. . . . . . . . . . . . . . . . . . . .
ကဗျာအပေါ်ယုံကြည်သက်ဝင်ရတာဟာလည်း လောကရဲ့အေးရာအေးကြောင်းတစ်ခုပါပဲ။ ခေတ်ကြီးကို တူးဖော်ပြီး ထုတ် ဝေလိုက်တဲ့ ကဗျာများမှာ အပြစ်မရှိပါဘူး။ ခံစားနိုင်စွမ်းရှိတဲ့ နှလုံးသားများမှ တဆင့် နောက်ထပ်နှလုံးသားများစွာဆီသို့ ကဗျာတွေ ရောက်ရှိသွားချိန်ဟာ တစ်ကမ္ဘာစာ ကြာချင်လည်း ကြာနိုင်ပါတယ်။ ကဗျာဟာ မပုပ်မသိုးပဲ ရေရှည်ခံတဲ့ အိပ်မက်တစ်ခုဖြစ်ပါတယ်။”

 ဟုတ်ပါတယ်။ ကဗျာတစ်ပုဒ် ကဗျာဖတ်သူရင်ထဲ တည့်တည့်မတ်မတ်ရောက်ရှိနေရာယူဖို့ဆိုတာ ကဗျာဖတ်သူရဲ့ ဖြစ်တည်ဆဲ စိတ်အခြေအနေ၊ အချိန်ကာလ၊ နေရာ၊ ဒေသနဲ့ တိုက်ရိုက်သက်ဆိုင်သလို ကဗျာဖတ်သူကိုယ်တိုင် ကဗျာ ဓာတ်ခံရှိမှု၊ ကဗျာနဲ့ ရင်းနှီးကျွမ်းဝင်မှု၊ ကဗျာအပေါ် နှစ်လိုတန်ဖိုးထားမှု စတာတွေလိုအပ်မှာဖြစ်ပါတယ်။ ကဗျာတစ်ပုဒ် ရေးဖို့ မလွယ်ကူပါဘူး။ ကဗျာစာအုပ်တစ်အုပ်ဖြစ်ဖို့ ဆိုတာလည်း အခက်အခဲတွေ ရှိနေပါသေးတယ်။ ဒီထဲကမှ ကဗျာ စာအုပ်တစ်အုပ် ကဗျာဖတ်သူလက်ထဲ တိုက်တိုက်ဆိုင်ဆိုင်ရောက်ရှိဖို့ဆိုတာ ပိုမို ခက်ခဲမလွယ်ကူလွန်းလှတဲ့ ဒုလ္လဘပါပဲ။ ဒီအတွက် “ထုတ်ဝေသူများ”က သူတို့ရဲ့ ကဗျာစာအုပ်နောက်ဆုံးစာမျက်နှာမှာ နိဂုံးချုပ်အမှာလေးကို အောက်ပါအတိုင်း ထည့်သွင်းဖော်ပြထားပါတယ်။

နိဂုံးချုပ်အမှာ

ခင်ဗျားတို့ရဲ့အားပေးမှုက
ကျွန်တော်တို့အတွက်
ဆက်လက်ထွက်ရှိမယ့် ကဗျာစာအုပ်ပါပဲ

ထုတ်-ဝေ-သူ- များ

ဟုတ်ကဲ့ပါ။ ထုတ်ဝေသူများ ကဗျာကောင်းများ ဆက်လက်ရေးဖွဲ့နိုင်ပါစေ။ ရေးဖွဲ့တဲ့ ကဗျာတိုင်းလည်း ကဗျာ ဖတ်သူရင်ထဲ ရောက်ရှိပြီး ကဗျာစာအုပ်များအဖြစ် ဆက်ဆက်ထွက်ရှိလာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


မင်းနဒီခ
၂၃၊ ၃၊ ၂၀၁၆


No comments:

Post a Comment