Wednesday, March 30, 2016

သစ်တစ်ပင်အောက်မှာ ဝါးတစ်ပင်အောက်မှာ ကဗျာ





စာအုပ်အမည်                               - ထန်းရွက်တဲ နဲ့ ဝါးရုံပင်ရိပ်
ရေးသူ                                        - Any Way ကဗျာဝိုင်းတော်သားများ
ထုတ်ဝေသည့်ကာလ                      - ဇွန် ၊ ၂၀၁၁
ထုတ်ဝေသည့်တိုက်                       - Friday Reading Workshop

            “ထန်းရွက်တဲနဲ့ ဝါးရုံပင်ရိပ်”။ ဒီစာအုပ်လေးအကြောင်းကို ရေးရမည်ဆိုတော့ ဒီစာအုပ်လေး၏ နောက်ခံသမိုင်း ကြောင်းကို ပြန်စဉ်းစားမိသည်။ တကယ်တမ်းကျတော့ ဒီစာအုပ်လေး၏ နောက်ခံသမိုင်းကြောင်းသည် ကျွန်တော့်  ကဗျာ ဆရာ ဘဝနောက်ခံသမိုင်းကြောင်းဖြစ်သည်။ Any Way Café ဆိုသည့် နန်းတော်ရှေ့ဘောလုံးကွင်းမြောက်ဘက်က ထန်းရွက်မိုးတဲလေးများဖြင့် ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်လေးသည် ကျွန်တော့်ကဗျာဆရာဘဝ စတင်ရာ ဖြစ်သ လို Any Way ကဗျာဝိုင်း စတင်မြစ်ဖျားခံရာနေရာလေးလည်းဖြစ်သည်။
            မှတ်မှတ်ရရ ၂၀၀၅ ခုနှစ်ဆောင်းဦးကာလတွင် (ဦးလေး)ဦးဂျစ်တူး၏ မိတ်ဆက်ပေးမှုဖြင့် ဆရာမောင်ကြည်သာ (တောင်တွင်း)၊ မောင်စိုးသစ်(မန္တလေး)တို့နှင့် မိတ်ဖွဲ့ခွင့်ရခဲ့သည်။ ဆရာတို့ကို ကျွန်တော်ရေးထားသည့် ကဗျာလေးတွေ ပြကြည့်သည်။ ကဗျာဖြစ် မဖြစ် အစမ်းသပ်ခံခဲ့သည်။ မှတ် အတိုက်ခံခဲ့သည်။ ဆရာတို့၏ လမ်းညွှန်မှု၊ ပြင်ဆင်တည့်မတ် ပေးမှု၊ ထိန်းကြောင်းပဲ့ပြင်ပေးမှုတို့ဖြင့် ကျွန်တော့်ကဗျာဆရာဘဝကို မီးစာမြှင့်ခဲ့သည်။ ထိုစဉ်က ကျွန်တော်တို့ ထိုင်သည့် လက်ဖက်ဆိုင်က နန်းရှေ့ဈေးရုံကြီးလှေကားထစ်များအောက်မှာ ဖွင့်လှစ်ရောင်းချသည့် မိုးအလင်းဖွင့်သည့် လက်ဖက်ရည် ဆိုင်လေး။ ထိုဆိုင်လေးမှာ ထိုင်ရင်း နောက်ထပ်မိတ်ဖွဲ့ရသည်က မောင်သစ်ဦး(မြစ်ခြေ)နှင့် ရဲရင့်ပိုင်အောင်။ ကျွန်တော်တို့ လေးယောက်သား ညနေတိုင်း ထိုအလင်းဆိုင်လေးတွင် တစ်ဦးအလုပ်ပြန်ချိန် တစ်ဦးစောင့်ရင်း ကဗျာဝိုင်းဖွဲ့ခဲ့ကြသည်။ ကဗျာတွေ ဖတ်ခဲ့၊ ရေးခဲ့၊ ပြင်ခဲ့၊ မဂ္ဂဇင်းတိုက်များဆီ ပေးပို့ခဲ့ကြသည်။ ညနေ ၆ နာရီလောက်ကနေ ည ၁၁ နာရီလောက်ထိ ကဗျာနဲ့ ပတ်သက်သမျှ ကြုံခဲ့သမျှ၊ ကြားခဲ့ရသမျှတွေကို ဆရာများထံမှ ကျွန်တော်တို့ နာယူမှတ်သားခွင့်ရခဲ့သည်။ သည်လိုနှင့် ရက်တွေကြာလာသည့်အခါ ကဗျာဝိုင်းလေး သတ်သတ်မှတ်မှတ်လုပ်ချင်သည့် စိတ်ဖြင့် Any Way Café ဆိုင်လေးကို ကျွန်တော်တို့ ရွေးချယ်ခဲ့ကြသည်။ မှတ်မှတ်ရရ ၂၀၀၅ ဒီဇင်ဘာ တနင်္ဂနွေရက်များမှာ ဆရာ မောင်ကြည်သာ (တောင်တွင်း)၊ မောင်စိုးသစ်(မန္တလေး)၊ မောင်သစ်ဦး(မြစ်ခြေ)၊ ရဲရင့်ပိုင်အောင်နှင့် ကျွန်တော်တို့ ငါးဦးသား စတင်ခဲ့ ကြသည်။ နောက်တော့ တနင်္ဂနွေ ပရီးမီးယားလိဂ်နှင့် တိုက်ဆိုင်နေသဖြင့် ၂၀၀၆ နှစ်ဦးပိုင်းလောက်ကစပြီး အပတ်စဉ် သောကြာနေ့ကို ကျွန်တော်တို့ ပြောင်းပြီး ဝိုင်းဖွဲ့ခဲ့ကြသည့်အပြင် မန္တလေးမြို့ရှိ စာရေးဆရာကြီးများ၊ ကဗျာဆရာကြီးများကို သွားရောက်ဖိတ်ကြားကာ ကဗျာဝိုင်းလေးကို အရှိန်မြှင့်ခဲ့ကြသည်။ ထိုသို့ဖြင့် ကဗျာဝိုင်းလေးသို့ ဆရာ မင်းတင်ထွဏ်း၊ ဆရာ ကောင်းဇော်၊ ဆရာ စိုးနိုင်(မန္တလေးတက္ကသိုလ်)၊ ဆရာ အနီမောင်၊ ဆရာတော် တက္ကသိုလ်တေဇာလင်း စသည့်ဖြင့် မန္တလေးမြို့ခံ စာရေးဆရာကြီးများသည် ဒီနေ့ထက်ထိ ကဗျာဝိုင်းပင်တိုင်စာရေးဆရာကြီးမားအဖြစ် ဆက်လက်ပါဝင် စုစည်းမိခဲ့ကြသည်။  ကဗျာဝိုင်းစတင်သည့်အချိန်က ညနေ ၇ နာရီခန့်ကနေ ဆိုင်ပိတ်ချိန် ည ၁၁ နာရီဝန်းကျင် အထိ ဖြစ်သည်။ ကျွန်တော်တို့ ကဗျာဝိုင်းလေးသည် ဆရာကြီးများ၏ ထိန်းကွပ်မှုများဖြင့် တစ်ယောက်ကဗျာရွတ်ချိန်၊ စကား ပြောနေချိန်တွင် အာရုံစိုက်နားထောင်ပေးရသည်။ စကားကြားဖြတ်မပြောရ။ လေးလေးစားစားနားထောင် ပေးရသည့် အပြင် ကလောင်သက်နုသည်ဖြစ်စေ ရင့်သည်ဖြစ်စေ ကဗျာဝိုင်းသို့ တက်ရောက်လာသူတိုင်း တစ်ခုခုတော့ ပြောဆိုရ သည်။ ကဗျာဝိုင်းတွင် တစ်ပတ်တစ်ခါ ကွယ်လွန်ဆုံးပါးသွားပြီဖြစ်သည့် ရှေးစာဆိုကြီးများ၏ အတ္ထုပတ္တိနှင့် စာဆို၏ လက်ရာများကို အလှည့်ကျပြောခဲ့ကြသည့်အပြင် ဒီတစ်ပတ်ပြီး နောက်တစ်ပတ်အတွက် ကဗျာ တစ်ပုဒ် ခေါင်းစဉ်ပေးကာ အိမ်စာလုပ်လေ့ရှိသည်။ တနည်းအားဖြင့် ကဗျာရေး၊ စာရေးပျင်းလေ့ရှိသည့် စာရေးဆရာ၊ ကဗျာဆရာများအတွက် မဖြစ်မနေ စာရေးဖြစ်စေရန် လှုံ့ဆော်ပေးခြင်းလည်း ဖြစ်သည်။ ခေါင်းစဉ်တစ်ခုကိုတည်ပြီး လူအများဝိုင်းရေးကြသည် ဆိုသော်ငြား ကဗျာတစ်ပုဒ်တည်ဆောက်ပုံ၊ ကဗျာနောက်ခံအကြောင်းအရာ၊ ကဗျာပုံသဏ္ဍာန်စသည်တို့မှာ တစ်ဦးနှင့် တစ်ဦးမတူညီကြပေ။ ထို့ပြင် ခေါင်းစဉ်ပေးထားသည့်ကဗျာကို မရေးဖြစ်ဘဲ အခြားခေါင်းစဉ်နှင့် ကဗျာတစ်ပုဒ်ပုဒ် ရရှိသွား တတ်တာကြောင့် ခေါင်းစဉ်ပေးပြီး ကဗျာရေးခြင်းသည် ကဗျာနှိုးစက်တစ်ခုလည်း ဖြစ်သည်။ ထိုသို့ ကဗျာဝိုင်းက ရေးခိုင်း သည့်ခေါင်းစဉ်ကို စဉ်းစားရေးလာသည့် ကဗျာများအား လူစုံပြီဆိုတာနှင့် ရွတ်ကြ၊ ဖတ်ကြသည်။ ထိုကဗျာများကို စုစည်း ကာ လိုက်ဖက်သည့် မဂ္ဂဇင်းများသို့ ပို့ပေးသည့်တာဝန်ကို ဆရာ မောင်ကြည်သာ (တောင်တွင်း)၊ ဆရာ မောင်စိုးသစ် (မန္တလေး)တို့က တည်းဖြတ်ကာ ကျွန်တော်က စာတိုက်ကနေတဆင့် ပို့ပေးခဲ့သည်။ ထိုသို့ဖြင့် မဂ္ဂဇင်း စာမျက်နှာများ ထက်တွင် ပုံနှိပ်ဖော်ပြခြင်းမခံဖူးသေးသည့် မင်းနဒီခတို့၊ ရဲရင့်ပိုင်အောင်တို့သည် ကဗျာဆရာအဖြစ် လူလားမြောက်ခဲ့ရခြင်း ဖြစ်သည်။
            Any Way ကဗျာဝိုင်းလေးသည် တစ်ပတ်ထက် တစ်ပတ် ပိုမို အားကောင်းလာသည်။ တစ်ပတ်ထက် တစ်ပတ် ပိုမိုရင်းနှီး၊ ပိုမိုငြင်းခုန်၊ ပိုမိုချစ်ကြည်လာကြသည်။ မဂ္ဂဇင်းစာမျက်နှာများပေါ်တွင်လည်း Any Way ကဗျာဝိုင်းကပေးသည့် ခေါင်းစဉ်ကဗျာများကို ပိုမိုမြင်တွေ့လာရသည်။ အဆိုပါ မဂ္ဂဇင်းပါရှိသည့် Any Way ခေါင်းစဉ်ကဗျာများကို ဆယ်ပုဒ် ပြည့်တိုင်း စုစည်းပြီး ပန်းဖလက်ကလေးထုတ်ကာ အပတ်စဉ်ကဗျာဝိုင်းတွင် အမှတ်တရဝေငှဖြစ်ခဲ့သည်။ မြင်ကွင်း (၁၀)က နေ မြင်ကွင်း (၄၀) အထိ စုစည်းဖြစ်ခဲ့သည်။ ထိုသို့ဖြင့် Any Way ကဗျာဝိုင်းလေးသည် လူသိများ ထင်ရှားလာသည့် အလျောက် စောင့်ကြည့်လေ့လာသူများလည်း ရှိလာခဲ့သည်။ မိမိတို့ အနီးအနားစားပွဲဝိုင်းများသို့ လာထိုင်ကာ အသံ ဖမ်းယူခြင်း၊ ကဗျာဝိုင်းသို့လာရောက်သူများအား နာမည်စာရင်းမှတ်ထားခြင်း၊ စောင့်ကြည့် အကဲခတ်ခြင်းများကို မသိမသာ ရော၊ သိသိသာသာရောပါ လုပ်လာခဲ့ကြသည်။ Any Way ကဗျာဝိုင်းအနေဖြင့်လည်း ကိုယ့်စာပေ အလုပ် ကိုယ်လုပ်ခြင်း ဖြစ်သဖြင့် နည်းနည်းမှ မထိတ်လန့်ခဲ့၊ နောက်မဆုတ်ခဲ့။ သို့သော် ၂၀၀၇၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး စတင် သည့်အခါတွင်တော့ ကဗျာဝိုင်းကို ယာယီခေတ္တခဏ ရပ်နားပြီး တိုင်းပြည်အခြေအနေကို နားစွင့်ခဲ့သည်။
ထို့နောက် ၂၀၀၈ ခုနှစ်တွင် နန်းဦးလွင်ရပ်ရှိ မိသားစုကဖေးသို့ စာပေဝိုင်းလေးကို ပြောင်းရွှေ့ပြီး ပြန်လည် စတင်ခဲ့သည်။ မိသားစုကဖေးတွင်တော့ မိမိတို့စာပေဝိုင်းလေးသည် ညအချိန်မဟုတ်တော့။ ကဗျာဝိုင်းကို မနက်ဆယ်နာရီ ဝန်းကျင်လောက်ကနေစပြီး နေ့လည် တစ်နာရီလောက်ထိ ဝိုင်းဖွဲ့ဖြစ်ခဲ့သည်။ ယခင်နေရာနှင့် အလှမ်းနည်းနည်းဝေးသွား တာရော၊ အချိန်အပြောင်းအလဲကြောင့်ရော ဖြစ်မည်ထင်သည်။  တက်ရောက်သည့် လူအင်အားလည်း Any Way ကဗျာ ဝိုင်းလောက် လူမများတော့သော်လည်း ကဗျာလှုပ်ရှားမှု၊ ကဗျာဆိုင်ရာပြောဆိုဆွေးနွေးမှု၊ နိုင်ငံရေး၊ စီးပွားရေးအခင်း အကျင်းများ စသည်ဖြင့် မိသားစုကဖေးကဗျာဝိုင်းသည်လည်း စာပေအနုပညာအားထုတ်မှုအပိုင်းတွင် လျော့ပါးသွားမှု မရှိဘဲ ဆက်လက်အားကောင်းခဲ့ပါသည်။
            ၂၀၀၉ ခုနှစ်၊  မေလတွင် ဆရာအနီမောင်၏ ဦးဆောင်စီစဉ်မှုဖြင့် Any Way ကဗျာဝိုင်းတော်သားများအပါအဝင် မန္တလေးမြို့ရှိ ကဗျာဆရာများအား အတတ်နိုင်ဆုံးစုစည်းကာ ကဗျာဆရာ(၇၂)ဦး၏ ကဗျာ(၇၂)ပုဒ်ကို မန္တလေးမြို့တည် နန်းတည် အနှစ်(၁၅၀)ပြည့်အထိမ်းအမှတ် ကဗျာစာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။
            “ထန်းရွက်တဲနှင့် ဝါးရုံပင်ရိပ်” သည် Any Way ကဗျာဝိုင်းတော်သားများ၏ ဒုတိယမြောက်စုစည်းမှု၊ ဒါမှမဟုတ် (၅)နှစ်ပြည့်အမှတ်တရ ဟုပြောလျှင်လည်း ရနိုင်ပါသည်။ မန္တလေး အနှစ်(၁၅၀)ကဗျာစာအုပ်သည် မန္တလေးဖွဲ့ ကဗျာများ ကိုသာ သီးသန့် စုစည်း ထားသဖြင့် ကန့်သတ်မှုရှိခဲ့သည်။ “ထန်းရွက်တဲနှင့် ဝါးရုံပင်ရိပ်” တွင်တော့ ကဗျာအကြောင်းအရာ ကို ကန့်သတ်မထားသည့်အပြင် ကဗျာပုံသဏ္ဍာန်၊ ကဗျာရေးဟန်၊ ရတု၊ လေးချိုး၊ ခေတ်ပေါ်/ခေတ်ပြိုင် စသည်ဖြင့် မိမိ ကြိုက်နှစ်သက် သလို လွတ်လပ်စွာရေးဖွဲ့ထားသည့် ကဗျာများကို စိတ်ကြိုက်စုစည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် “ထန်းရွက်တဲနှင့် ဝါးရုံပင်ရိပ်” ကဗျာစာအုပ်၊ တနည်းအားဖြင့် Any Way Café နှင့် မိသားစုကဖေး ကဗျာဝိုင်းအဖွဲ့သား များ၏ ကဗျာလက်ရာများသည် နှီးဒေါင်းလန်းဖြင့် တည်ခင်းကျွေးမွေးသည့် ထမင်းဝိုင်းတစ်ဝိုင်းလို ကဗျာဖတ်သူကို အရသာစုံလင်စွာဖြင့် တစ်နေရာတည်းမှာ တည်ခင်းဧည့်ခံပေးသလို ဖြစ်သည်။ အရသာရှိခြင်း၊ ကြိုက်နှစ်သက်ခြင်းသည် စားသုံးသူ(ဝါ) ကဗျာဖတ်သူ၏ အပိုင်းဖြစ်သည်။ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ တည်ခင်းသူများ(ဝါ) ကဗျာဝိုင်းတော်သားများအနေဖြင့် အသေအချာအားထုတ်ထားသည်ကိုတော့ အာမခံနိုင်ကြောင်း ကျွန်တော်ပြောပြ လိုပါ သည်။

“ ဒီမှာ ငါတို့ရဲ့ အိပ်မက်တွေရှိတယ်။ ဒီမှာ ငါတို့ရဲ့ လင်းပွင့်မှုတွေရှိတယ်။ ဒီမှာ ငါတို့လက်တွေက စီးမျောတဲ့ ကဗျာတွေ ရှိတယ်။ ဒီမှာ ငါတို့ရဲ့ ရင်ခုန်သံများ ဖလှယ်လို့ ရတယ်။ ဒီမှာ ငါတို့ရဲ့ အနုပညာသားရဲတွင်းကို ခုန်ဆင်းဖို့ မီးညှိကြတယ်”
(မောင်ကြည်သာ (တောင်တွင်း)၏ အမှာစာမှ)

            “ထန်းရွက်တဲနှင့် ဝါးရုံပင်ရိပ်” ကဗျာစာအုပ်တွင် ဆရာမောင်သင်းပန်၊ ဆရာမောင်ကြည်သာ(တောင်တွင်း)၊ ဆရာ စိုးနိုင်(မန္တလေးတက္ကသိုလ်) တို၏ အမှာစာများနှင့်အတူ ကဗျာဆရာ(၃၂)ယောက်၏ ကဗျာ(၇၂) ပုဒ် ထည့်သွင်းဖော်ပြ ထားသည်။ ကဗျာအကြောင်းအရာများကို ပြန်သုံးသပ်ကြည့်ရလျှင် တကိုယ်ရေပုဂ္ဂလခံစားမှုဖွဲ့၊ မိသားစုဖွဲ့၊ ချစ်ခြင်းဖွဲ့၊ နိုင်ငံရေး၊  လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ ကဗျာဝိုင်းအကြောင်း၊ “အတောင်မဲ့သော”၊ “အနှစ်”၊ “ကျောကပ်နာရီ” တို့လို ခေါင်းစဉ်ပေးရေးသည့် ကဗျာများ စသည်ဖြင့် စုံလင်လှသလို လေးလုံးစပ်ကာရန်စနစ်ဖြင့် ရေးသော ကဗျာ၊ ခေတ်ပေါ် ကဗျာ၊ စမ်းသပ်ကဗျာ စသည်ဖြင့် ကဗျာပုံသဏ္ဍာန်လည်း စုံလင်လှသည့် ကဗျာစုစည်းမှုစာအုပ်လေးတစ်အုပ်လည်း ဖြစ်ခဲ့သည်။ ထို့ပြင် “ထန်းရွက်တဲနှင့် ဝါးရုံပင်ရိပ်” သည် လူကြီးမှ လူငယ်သို့ ကဗျာလက်ဆင့်ကမ်းခြင်း (သို့) ကလောင် သစ်လူငယ်များကို နေရာပေးခြင်းလည်း ဖြစ်သည်။ Any Way Café  ကဗျာဝိုင်း၏ မျိုးဆက်သစ်လူငယ်ကဗျာဆရာများကို ဝါရင့်ကဗျာဆရာကြီးများဖြင့် ဝန်းရံပွဲထုတ်ခြင်းလည်း ဖြစ်သည်။
            “ထန်းရွက်တဲနှင့် ဝါးရုံပင်ရိပ်” တွင် ဆရာမောင်ကြည်သာ(တောင်တွင်း)က သူ၏ ‘လက်ဆောင်(၂)’ ကဗျာကို ဤသို့ဖွဲ့ခဲ့သည်။ ကျွန်တော်တို့ရှေ့က အနုပညာကို ဖန်တီးခဲ့သူများ၊ အနုပညာလက်ရာတစ်ခုအဖြစ် ချန်ရစ်ထားနိုင်ခဲ့သူ များ၏ ဂုဏ်ကျေးဇူးကို မမေ့လျော့ဖို့၊ ရှေးရှေးစာဆိုတို့၏ အနုပညာလက်ရာတို့ကို ပြန်လည်ဖော်ကျူးအသိအမှတ်ပြုဖို့၊ လူငယ်မျိုးဆက်သစ်များကို လက်ဆင့်ကမ်းသယ်ဆောင်သွားဖို့ သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရှေ့က လူများ
သူတို့ရှိခဲ့ကြောင်း သက်သေပြနိုင်ခဲ့ရဲ့
ဒီမှာ ပန်းချီ
ဒီမှာ ပန်းပု
ဒီမှာ ကဗျာ
ဒီမှာ စာ
သူတို့ အသက်ရှင်မှုမှာ မြင့်မြတ်ခဲ့”

            ဆရာ မောင်သင်းပန်ကတော့ ကဗျာတစ်ပုဒ်တည်းဖြင့် သိင်္ဂါရ ရသ၊ ကရုဏာ ရသ၊ သန္တရသတို့ကို ပေါ်လွင် အောင် “စံပယ်တွေ မပွင့်မီဇာတ်လမ်း” ဖြင့် အော်ပရာခင်းပြလိုက်သည်။ အရာရာအားလုံးသည် ကြိုတင်မျှော်လင့်ထား သည့်အတိုင်း ဇာတ်တိုက်ထားသလို၊ ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရသလို ဒီအခန်းပြီး ဒီအခန်းလာမည်ဆိုသည်ကို ကြိုသိနေရသည်။ တခါတရံ တကယ့်လက်တွေ့ဘဝသည် စိတ်ကူးယဉ်ရုပ်ရှင်များထက် ပိုပြီး ဇာတ်ညွှန်းတိကျနေလွန်းခဲ့ သည်။ ကိုယ့်ဒဏ်ရာကိုယ် လျှာနှင့်သပ်ပြီး နာကျင်မှုကို ဖြေသိမ့်နေရသူချင်းအတူတူ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အားပေးနေရခြင်းသည်လည်း မင်္ဂလာတစ်ပါးပင်ဖြစ်သည်မဟုတ်ပါလား။ မည်သို့ပင်ဖြစ်စေ ကိုယ်တာဝန်ယူထား သည့် ကိုယ့်အခန်းကိုယ် လှအောင် ကနေရသူများမို့ သူ့လည်း နွံထဲက ဆွဲမထုတ်နိုင်၊ ကိုယ့်ခြေထောက် ကိုယ်လည်း နွံထဲချမဆင်းပေးနိုင်သည့် ဇာတ်လမ်း။ “စံပယ်တွေ မပွင့်မီ ဇာတ်လမ်း” သည် ဇာတ်လမ်းသက်သက်သာ ဖြစ်ပါသည်။

“မျှော်လင့်ထားတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ
မျှော်လင့်ထားတဲ့ ပုံမှန်ဆိမ့်ဆိမ့်တွေ ကိုယ်စီနဲ့
မျှော်လင့်ထားတဲ့ မီးခိုးဖြူဖြူ ပါးပါးလျလျတွေထဲမှာ
မျှော်လင့်ထားတဲ့ ပြပွဲလေးတွေ ကြည့်နေကြတယ်
မမျှော်လင့်ဘဲ ပန်းသုံးပွင့် ရောက် ရောက်လာပြီး
မမျှော်လင့်ဘဲ မျက်ဝန်းနက်လေး ထောင့်ကပ်ထားပြီး
မမျှော်လင့်ဘဲ စကားသံသဲ့သဲ့တွေ ကြားနေရတယ်
‘ဒီမှာရှင့်
ကျွန်မတို့ကသာ ရှင်တို့ကို အမြဲအားပေးနေရကြတာ
ကျွန်မတို့ကို ကျတော့’
ကျွန်တော်တို့ရဲ့ မျှော်လင့်ထားတဲ့ ပြပွဲလေးထဲမှာ
မျှော်လင့်ထားတဲ့ ပြဇာတ်တိုကလေးတွေ တိုးတိုးလာပါတယ်”
           
ဆရာမောင်သင်းပန်သည် သူ့ရှေ့ရောက်လာသည့် ပြည့်အလှပဂေး နှင်းဆီမလေးသုံးပွင့် ကြည့်ပြီး ကဗျာအဖြစ် ဖွဲ့လိုက်ခြင်းဖြစ်သည်။ တနည်းပြောရလျှင် သက်ရှိကဗျာ။ ဆရာ မိုသျှန်းကျတော့ သူ့ရှေ့တွင် ရှိသော ဓါတ်ဗူးတစ်လုံးကို ကဗျာဖွဲ့ပြသည်။ တနည်းပြောကြည့်ရလျှင် သက်မဲ့ကဗျာ။ ကဗျာခေါင်းစဉ်ကိုက ‘ဓါတ်ဗူး’။

“အပူနဲ့ဈေးဦးဖောက်ရင်
အပူရဲ့ သတ္တိကို
နာရီပေါင်းများစွာ သိမ်းဆည်းသိုလှောင်ပေးနိုင်တယ်

အအေးနဲ့ ဈေးဦးဖောက်ရင်
အအေးရဲ့ သတ္တိကို
နာရီပေါင်းများစွာ သိမ်းဆည်းသိုလှောင်ပေးနိုင်တယ်

အပူဖြစ်စေ အအေးဖြစ်စေ
ဈေးဦးဖောက်တာကိုပဲ သစ္စာခံမယ်”

          ဆရာမောင်သင်းပန်က သက်ရှိ ကြည့်ပြီး ကဗျာဖွဲ့လိုက်သလို ဆရာ မိုသျှန်းက သက်မဲ့ကို ကြည့်ပြီး ကဗျာဖွဲ့ ခဲ့သည်။ ဆရာ ထွဏ်းသွေးအိမ်ကျတော့ နည်းနည်းထူးဆန်းသည်။ မြင်နေရသည့် မြင်ကွင်းကို မျက်နှာလွဲပြီး ကဗျာဖွဲ့ လိုက်သည်။ ကဗျာခေါင်းစဉ်က ‘ဆူးလေစေတီတော်’။

“နောက်ကျိနေတဲ့ အာရုံကို စုစည်းပြီး
ရင်ပြင်တော်ပေါ်ကနေ လမ်းပေါ်ငေးကြည့်မိတော့
ကားနှစ်စင်းတိုက်မိမလို ဖြစ်သွားတယ်
အမှား အမှန်
တရားတာ မတရားတာ
အသံတွေ ထွက်ပေါ်လာတာ နားမထောင်တော့ဘဲ
ဘုရားကို ပြန်အာရုံပြု
သြော်
ဘဝမှာ
အားကိုးစရာဆိုလို့
ဆုတောင်းခြင်း တစ်မျိုးပဲ ရှိပါတော့တယ်။
“ထန်းရွက်တဲနှင့် ဝါးရုံပင်ရိပ်” သည် ၁၉၇၀ မိုးဝေကဗျာခေတ်မှ ဝါရင့်ကဗျာဆရာကြီးများ၊ ယနေ့ခေတ် ၁၉၉၅- ၂၀၀၀ ခုနှစ် မဂ္ဂဇင်းများပေါ်တွင် လစဉ်ပုံနှိပ်ဖြတ်သန်းနေသော လူငယ်ခေတ်ပေါ်ကဗျာဆရာများ၊ ၂၀၀၅ ခုနှစ်နောက်ပိုင်း အပျံသင်စအရွယ် ကောင်းကင်ထဲ လွှင့်တင်ပေးခံရသည့် ကလောင်သစ်လူငယ်များ၏ ကဗျာများကို စုစည်းထားခြင်း ဖြစ်သည်။ သူ့ခေတ်နှင့်သူ လူငယ်လည်း လူငယ်အလျောက် ဆန်းသစ်ချင်သည်။ ဖွဲ့နွဲ့ချင်သည်။ ဆရာမောင်ကြည်သာ (တောင်တွင်း)ကတော့ ကဗျာဝိုင်းမှ လူငယ်များကို မကြာခဏပြောလေ့ရှိသည့် စကားတစ်ခွန်းမှာ “ ဂန္ထဝင်ကို မသိလည်း ကဗျာရေးလို့ ရတယ်။ ဒါပေမယ့် သိရင် ပိုကောင်းတယ်၊ ဒါကြောင့် လေ့လာပါ၊ သင်ယူပါ၊ အားထုတ်ပါ၊ ”ဟု ဖြစ်သည်။ ဒီကနေ့လူငယ်တွေ ဘယ်လိုကဗျာတွေ ရေးကြမလဲ၊ ဒီကနေ့ခေတ် ကဗျာကို ဘယ်လိုတွေးကြမလဲ။ ကလောင်သစ် လူငယ် ကဗျာဆရာလေးများ၏ ကဗျာအာရုံခံစားမှုဟာ ဘယ်လိုအကြောင်းအရာတွေ အပေါ်မှာ တည်ရှိနေပါသလဲ။ ကဗျာသည် ခေတ်ကာလအပိုင်းအခြားတစ်ခုကို စကားလုံးအနုပညာဖြင့် မှတ်တမ်းတင်ထားအပ်သည့် သမိုင်းဖြစ်သည်။ ကြီးကြီး ကျယ်ကျယ်ပြောရလျှင် လူငယ်တွေ သမိုင်းကို ကဗျာနှင့် မည်သို့ မှတ်တမ်းတင်ခဲ့ပါသလဲ ဆိုသည်ကို သိခွင့်ရရှိနိုင်သည့် မှတ်တမ်းစာအုပ် တစ်အုပ်လည်း ဖြစ်နိုင်ပါသည်။ မြန်မာကဗျာသည် ပုဂံခေတ်မှနေ၍ ခေတ်စမ်း၊ စာပေသစ်၊ မိုးဝေကဗျာ၊ ခေတ်ပေါ်ကဗျာမှသည် ယနေ့ခေတ်ပြိုင်ကဗျာအထိ ကိုယ်ပိုင်ဟန်ဖြင့် စဉ်ဆက်မပြတ်ရွေ့လျားစီးဆင်းလာခဲ့သည်။ ဒီကနေ့ ခေတ်သည် လူငယ်များ၏ လက်ထဲတွင် ရှိသည်။ လူငယ်များသည် ခေတ်ကိုသာ ပြောင်းလဲနိုင်သည် မဟုတ်။ အနုပညာ လက်ရာများကိုလည်း ပြောင်းလဲနိုင်ရမည်။ သို့မှသာ အနုပညာသည် ရေသေ မဟုတ်ဘဲ တသွင်သွင်စီးဆင်းနေသည့် မြစ်တစ်စင်း ဖြစ်နေပေလိမ့်မည်။

ဂွာနာတာမို အကျဉ်းထောင်အကြောင်း ခင်ဗျားပြောတယ်
မြောက်ကိုရီးယားစားနပ်ရိက္ခာအကြောင်း ခင်ဗျားပြောတယ်
ချီလီငလျင်အကြောင်း ခင်ဗျားပြောတယ်
အီရန် နယူးကလီးယားပြဿနာအကြောင်း ခင်ဗျားပြောတယ်
အိန္ဒိယ ဇီးရိုးရူပီးအကြောင်း ခင်ဗျားပြောတယ်
ယိုးဒယားရှပ်နီအကြောင်း ခင်ဗျားပြောတယ်
ကိုအိဇုမိနဲ့ ယာကူဇူနီနိဗ္ဗာန်အကြောင်း ခင်ဗျားပြောတယ်
မော်စကို မြေအောက်ဘူတာရုံနဲ့ ချေချင်းညာသူပုန်အကြောင်း ခင်ဗျားပြောတယ်
(မောင်သစ်ဦး(မြစ်ခြေ) - ရွာကျော်ခဲပစ် ကဗျာမှ)

နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ပုံတူမျိုးပွား မိတ္တူများ
ကျွန်တော်များ ကုမ္ပဏီမှ အသစ်ထပ်မံထုတ်လုပ်ထားသော ဘာသာစကားကုန်ကြမ်းပစ္စည်းအမျိုးအစား
ဝေဖန်အကြံပြုစာတမ်းများ ဆက်ဆက်ရေးသားပေးပို့တိုက်ခိုက်ကြပါရန်
ကမ္ဘာ့ငွေကြေးအပြောင်းအလဲနှင့် ဈေးနှုန်းအတက်အကျ
သုံးစွဲရ အဆင်ပြေလျှင် စာဖတ်သူကို ပြောလိုက်ပါ
သုံးစွဲရအဆင်မပြေလျှင် အသုံးပြုသူ အယ်ဒီတာမင်းကို ပြောပါ
အဲဒီအတိုင်း ဆက်ဆက် တခဲနက်အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ်များ
ဝါကျွတ်ကာလ၊ ခရစ္စမတ်နှစ်သစ်ကူးနှင့် သင်္ကြန်အထူးလျော့ဈေးရောင်းပွဲတော်
အခုနောက်ဆုံးပေါ်အရေးအသားများကို အရောင်းပြခန်းများမှာ စတင်ချိတ်ဆွဲပြသလိုက်ပါပြီ
စားသုံးသူကိုယ်တိုင် ပါဝင်ထုတ်လုပ်ခံစားရရှိကြရမည့် အကျိုးအမြတ်အနာဂတ်
လာ ကိုယ့်တံဆိပ် ကိုယ်ကပ် ရှေ့ဆက်လက်တွဲသွားရအောင်။
            (မင်းနဒီခ - ဈေးကွက်လိုအပ်ချက်အရ ထုတ်လုပ်လိုက်သည့်ကုန်ပစ္စည်းအမျိုးအစား ကဗျာမှ)

ဘဝနဲ့ဆန္ဒ အံလွဲနေတာ ရယ်စရာ ပြက်လုံးလား
ရွာနေတဲ့ မိုးတွေကို ခေါင်းငုံခံထားရတယ်
ပြည့်ဖို့ မလွယ်တဲ့ အိုးတစ်လုံးဟာ ကျွန်တော်ပဲဖြစ်တယ်
နောက်ဆုံးတော့
အိုးလေးရဲ့ မျှော်လင့်ချက်တွေ တစစီကျကွဲ
ည ည အိပ်လို့လည်း မပျော်တော့ဘူး
            (ရဲရင့်ပိုင်အောင် - အသက်ရှူကျပ်နေတဲ့ မြစ် ကဗျာမှ)
           
            အောင်မြင်ခဲ့သည်ဖြစ်စေ၊ မအောင်မြင်ခဲ့သည်ဖြစ်စေ ၂၀၀၆ ခုနှစ်၊ ဇွန်လတွင် သတ်သတ်မှတ်မှတ် ကဗျာဝိုင်း စာဝိုင်းအဖြစ် စတင်နိုင်ခဲ့သော Any Way Café ကဗျာဝိုင်းလေးသည် ယခုနှစ် ဇွန်လတွင် ဆယ်နှစ်သက်တမ်းသို့ တိုင်ခဲ့ပြီ ဖြစ်သည်။ ထိုဆယ်နှစ်သက်တမ်းတွင်ပင် ကဗျာဝိုင်းလေးသည် နေရာသုံးလေးနေရာရွေ့ပြောင်း ပြုလုပ်ခဲ့ကြရသလို ထို ဆယ်နှစ်သက်တမ်းတွင်ပင် ကဗျာအရွေ့၊ နိုင်ငံရေးအရွေ့၊ အုပ်ချုပ်သူလူတန်းစားအရွေ့များ ဖြစ်ပေါ်လာခဲ့သည်။ ထို ဆယ်နှစ်သက်တမ်းအတွင်းတွင်ပင် ကျွန်တော်တို့သည် နိုင်ငံရေးအရှုပ်အထွေးများစွာ ကြုံတွေ့ခဲ့ရသည်။ ရွှေဝါရောင် တော်လှန်ရေးဖြင့် တဖန်လူထုအုံကြွခဲ့ကြသည်။ လယ်ယာမြေ သိမ်းဆည်းမှုပြဿနာများဖြင့် ခံပြင်းဒေါသ ထွက်ခဲ့ရသည်။ ကျောင်းသားသပိတ်ပညာရေးစစ်ကြောင်းကို ထောက်ခံ အားပေးခဲ့ကြသည်။ လျှပ်စစ်မီး ပြဿနာ၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများ၊ ၅၉(စ) ဖယ်ရှားရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေး စသည့် ပြဿနာများ။ မဲပေးပိုင်ခွင့် အရှုပ်အထွေးများနှင့် ကြိုတင်မဲ မပွင့်လင်းမမြင်သာမှုများ စသည်ဖြင့် နောက်ဆုံးတွင် လက်သန်းလေး တစ်ချောင်းဖြင့် ကိုယ်မလိုချင်သည့်အစိုးရအား တောက်ထုတ်ပြီး ကိုယ်လိုချင်သည့်အစိုးရအား ကိုယ်တိုင်မဲပေးရွေးချယ် နိုင်ခဲ့ကြပြီ ဖြစ်သည်။ နိုင်ငံရေးအခြေအနေအရ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သလို ကဗျာအနုပညာပိုင်းတွင်လည်း ခေတ်ပေါ်/ခေတ်ပြိုင် အသုံးအနှုံး၊ Contemporary Poetry ကဗျာအရွေ့၊ ကဗျာဆရာနှင့် ကဗျာစာအုပ်ဈေးကွက် စသည်ဖြင့် အပြောင်းအလဲများစွာကို ကျွန်တော်တို့ ကြုံတွေ့ဖြတ်သန်းခဲ့ကြရသည်။
            ကဗျာဝိုင်းလေးတစ်ဝိုင်း ဆယ်နှစ်သက်တမ်းတစ်ခုအထိ တောင့်ခံဖြတ်သန်းနိုင်ဖို့သည်မှာ တကယ်တမ်းတော့ ခက်ခဲလွန်းလှသည်။ ထိုကဗျာဝိုင်းတွင် ကျွန်တော်တို့ ငြင်းခုန်ခဲ့ကြသည်။ ထိုကဗျာဝိုင်းတွင် ကျွန်တော်တို့ စိတ်ဆိုးဒေါသ ဖြစ်ခဲ့ကြသည်။ ထိုကဗျာဝိုင်းတွင်ပင် ကျွန်တော်တို့ ပိုရင်းနှီးချစ်ခင်ခဲ့ကြသည်။ ထိုကဗျာဝိုင်းတွင်ပင် ကျွန်တော်တို့ တစ် ယောက်ကို တစ်ယောက် ဖေးမကူညီခဲ့ကြသည်။ ယခု ထိုကဗျာဝိုင်းလေး ဆယ်နှစ်ပြည့်ခဲ့ပြီ။ အတိတ်သည် နာကျင်စရာ များကိုပင် လွမ်းမောစေတတ်သည့် အစွမ်းရှိသည်။ ကြည်နူးဖွယ်အတိတ်များဆိုလျှင် ဘယ်ရွေ့ဘယ်မျှ ပိုပြီး လွမ်းဆွတ် တမ်းတစေမည်မသိ။ ထိုစဉ်က ကဗျာရူးသွပ်ဆိပ် ငယ်ထိပ်တက်နေသော ကဗျာဆရာဖြစ်ချင်ရှာသည့် လူငယ်လေး တစ်ယောက်ကို ကျွန်တော် ပြန်မြင်ယောင်နေမိသည်။ ထိုလူငယ်လေးသည် ညအလင်းဆိုင်လေး၏ စားပွဲတစ်နေရာတွင် ထိုင်ပြီး တစုံတယောက်ကို စောင့်မျှော်နေသည်။ ထိုတစုံတယောက်သည် သူ တန်ဖိုးထားလေးစားသော ကဗျာဆရာ တစ်ယောက်ဖြစ်နိုင်သလို ထိုလူငယ်လေးသည် ခင်ဗျားလည်း ဖြစ်နိုင်သည်။ ကျွန်တော်လည်း ဖြစ်နိုင်သည်။
            အရာရာဖြစ်နိုင်ချေရှိနေသော ဒီမိုကရေစီခေတ်ကြီးထဲတွင် ကျွန်တော်တစ်ခုပဲ ဆုတောင်းချင်ပါသည်။ “Any Way Café ကဗျာဝိုင်း သက်တော်ရာကျော် ရှည်ပါစေ၊ Any Way Café ကဗျာဝိုင်း သက်တော်ရာကျော် ရှည်ပါစေသတည်း” ဟု။

                                                                                                          မင်းနဒီခ
                                                                                                          ၃၁၊ ၃၊ ၂၀၁၄

No comments:

Post a Comment