Monday, April 18, 2016

ကျွန်တော်နှင့် ခေတ်ပြိုင်ကဗျာခံစားမှု



ကျွန်တော်နှင့် ခေတ်ပြိုင်ကဗျာခံစားမှု
       
        ခေတ်ပြိုင်ကဗျာအကြောင်းမပြောခင် ခေတ်ပေါ်အကြောင်း နည်းနည်းပါးပါးတော့ ပြောရပါမယ်။ ခေတ်ပေါ်ကဗျာကတော့ ရှင်းပါတယ်။ ၁၉၇၀ မိုးဝေကဗျာခေတ်ကနေ စတင်ခဲ့ပြီး ၁၉၉၀ ၀န်းကျင်တ၀ိုက်မှာ အားအကောင်းဆုံးဖြစ်ခဲ့တဲ့ ကဗျာအများစုကို ဆိုလိုတာပါပဲ။ ဒီနေ့ခေတ်အထိလည်း အားကောင်းမောင်းသန် ရေးနေ၊ ဖော်ပြနေတုန်းပါပဲ။ ခေတ်ပေါ်ကဗျာ တနည်းပြောရရင် ပင်မရေစီး ကဗျာပေါ့။ ပင်မရေစီးဟန်ဆိုတဲ့ နေရာမှာလည်း အကြောင်းအရာ ၊ ပုံသဏ္ဍာန်တင်ပြပုံ၊ ဘာသာ စကားအဖွဲ့အနွဲ့ စတာတွေအပြင် ဆရာ မြဇင် တင်ပြခဲ့တဲ့ မော်ဒန်ကဗျာ ယေဘုယျလက္ခဏာ တွေလည်း ပါဝင်ပါတယ်။
           ခေတ်ပေါ်ကဗျာတည်ဆောက်မှုမှာ ကဗျာရေးသူဟာ မိမိရဲ့အတွင်းစိတ်ခံစားမှု(၀ါ) ငါ ဗဟိုပြုအရေးအသား၊ ပြင်ပကနေ ရိုက်ခတ် ထိတွေ့လာတဲ့ အသိတရား၊ ခေတ်စနစ်နဲ့ မြို့ပြအာရုံခံစားမှု စတာတွေပေါ်မှာ မူတည်ပြီး ကဗျာတစ်ပုဒ်ကို တည်ဆောက် ပါတယ်။ စကားလုံးသုံးစွဲခြင်းနဲ့ တည်ဆောက်ပုံမှာ ကဗျာဆရာရဲ့ ပါရမီအခံရှိမှုအပေါ်မူတည်ပြီး လှပပြေပြစ်မှုရှိခဲ့သလောက် ဘာသာစကားကို ကြားခံမီဒီယာအဆင့်ထက်ပိုမိုပြီး မသုံးစွဲခဲ့တာကို တွေ့ရပါတယ်။ ခေတ်ပေါ်ကဗျာဟာ တစ်ပုဒ်လုံး ပြေပြစ် ညီညွှတ်တဲ့ စီးဆင်းမှုရှိတယ်။ ကဗျာဓါတ်ကို ဆုပ်ကိုင်ထားတယ်။
           ခေတ်ပေါ်ကဗျာနဲ့အတူ ဒီဘက်နှစ်များမှာ အပြိုင်အားကောင်းဖြစ်ထွန်းလာတဲ့ ကဗျာတွေကိုလည်း သတိထားမိပါတယ်။ အများစုတွေ့ရှိရတဲ့ ခေတ်ပြိင်ကဗျာတွေကတော့ Expremental, Hybrid, Collage, Lauguage, Conceptual, Prose Poetry နဲ့ အတွေ့ရနည်းတဲ့ ခေတ်ပြိုင် ကဗျာတွေကတော့ Flart, Digital, Performent, Installation Poetry စတာ တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ခေတ်ပြိုင်ကဗျာ (Comtemporary Poetry) ဆိုတာ ပင်မရေစီး ခေတ်ပေါ်ကဗျာ အလွန် ၂၀၀၀ ၀န်းကျင်နောက်ပိုင်းများ အများဆုံး ရေးဖွဲ့လာကြတဲ့ ကဗျာအများစုကို ဆိုလိုတာပါ။ ခေတ်ပြိုင် ဆိုတဲ့ စကားလုံးကို သုံးရတာ ပြဿနာတစ်ခုပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ်ပြိုင်ဆိုတာ အချိန်ကာလကို ပြောတာလား။ ကဗျာဆိုင်နာ နည်းနာတက္ကနိတွေကို ပြောတာလား။ လက်ရှိအချိန်မှာ အသက်အရွယ်နဲ့ မဆိုင်ဘဲ အတူတကွဖြတ်သန်းနေတဲ့သူတွေကို ပြောတာလား စသဖြင့် မေးခွန်းတွေ ထုတ်စရာရှိနိုင်တဲ့အပြင် ပုံသဏ္ဍာန်၊ အကြောင်းအရာ၊ တင်ပြပုံ၊ ဘာသာစကား သုံးစွဲမှုပေါ်မှာလည်း မေးခွန်းတွေ များစွာရှိပါတယ်။ သြစတြေးလျကဗျာဆရာ လူးဝစ္စအာမန်ကတော့  Contemporary Poetry ဆိုတာ အချိန်ကာလတစ်ခုခု၊ ခေတ်ကာလ တစ်ခုခုအပေါ်မှာ မူတည်တာမဟုတ်ဘဲ အရေးအသား/ ပြုလုပ်မှုအနေအထားပေါ်မှာ အမှီပြုခေါ်ဆိုတယ်လို့ ဆိုပါတယ်။ ကျွန်တော် တစ်ယောက်တည်းအနေနဲ့ ပြောရရင်တော့ ပင်မရေစီးဟန်နဲ့ ကင်းလွတ်လာတဲ့ ကဗျာအများစုကို ခေတ်ပြိုင်ကဗျာ စာရင်းထဲမှာ ထည့်ချင်ပါတယ်။ ဒါဟာ အကြမ်းထည် ဆန်ကောင်းဆန်နိုင်ပေမယ့် အချိန် ကာလကြာမြင့်လာတာနဲ့အမျှ ကွဲပြားခြားနားပိရိသေသပ်တဲ့ ခေတ်ပြိုင်ကဗျာတွေကို တွေ့လာနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။
           ခေတ်ပြိုင်ကဗျာမှာတော့ ကဗျာရေးသူဟာ ကဗျာတစ်ပုဒ်လုံးမှာ ခေတ်ပေါ်ကဗျာဟန်ရဲ့ ဖွဲ့စည်းပုံနည်းစနစ်တွေကို အများစု ဆန့်ကျင် လာတာကို တွေ့ရပါတယ်။ ကဗျာထဲမှာ ငါ ဗဟိုပြုအရေးအသားကို ရှောင်ကြဉ်တယ်။ အကယ်၍ ကဗျာထဲမှာ ငါ ဆိုတာ ပါလာရင်လည်း အဲဒီ ငါဟာ ကဗျာရေးသူငါကို ရည်ညွှန်းတာမျိုး မဟုတ်ဘဲ ကဗျာထဲက ငါ ကိုသာ ဆိုလိုရင်းဖြစ်တယ်။ နောက်ပြီး ကဗျာတစ်ပုဒ်ထဲမှာ ငါ များစွာကို ထည့်သွင်း ရေးဖွဲ့ပြီး အပြိုင်အဖွဲ့တွေကို ရောနှောတင်ပြတာမျိုးအထိ တွေ့ရပါတယ်။ အဲဒါကြောင့် ခေတ်ပြိုင် ကဗျာတွေမှာ single Voice ထက် Multivoice တွေကို ပိုမိုတွေ့ရှိရပါတယ်။  ဆရာမောင်ပြည့်မင်း ရဲ့ `ယခုမှစ တစ်ဝက်ဆီ´ ကဗျာထဲမှာဆိုရင် ကဗျာဆရာဟာ ဘယ်နေရာ ဘယ်ရှုထောင့်ကနေ ပါဝင်ပတ်သတ်နေတယ်ဆိုတာကအစ စဉ်းစားစရာပါပဲ။ ဒါ့အပြင် ကွင်းစကွင်းပိတ်ထဲက (ခင်ဗျား) ဆိုတဲ့သူဟာ ကဗျာ ဖတ်သူလား။ အခြားတစ်စုံတစ်ယောက်လား။

ယခုမှစ တစ်ဝက်စီ

ခင်ဗျားဗျာ ကျွန်တော့်နေရာက စဉ်းစားကြည့်ပါ
ပျော်ရွှင်နေဆဲ ဆဲဆိုခံလိုက်ရသလို
အစ်ကို ညီလေးနေရာက ခံစားကြည့်ပါအစ်ကိုရာ
မဖြစ်နိုင်တဲ့ ဘ၀နှစ်ခု သူမ ဘာလို့ ပေါင်းစပ်ချင်ရတာလဲ
(ဒီနေရာမှာ ခင်ဗျားဝင်ရပြီ)
ပြန်လည်ချေပခြင်းကြားကြီးနဲ့ ရေကိုယူ
အိုးကို မတုနဲ့ မောင်တို့ရာ
ဖြစ်တတ်တာတွေလည်း ဖြစ်ကို ဖြစ်တတ်လွန်း
မဖြစ်နိုင်တာတွေကလည်း ဖြစ်ကို ဖြစ်မလာနိုင်ပါ
( ခင်ဗျား ၀င်ပါရပြန်ပါပြီ)
ပစ်ချလိုက်ရမလား၊ ပစ်ချလိုက်ရမလား ဆိုတဲ့အသံ
ဘယ်သူတုန့်ပြန်ခဲ့ဖူးပါသလဲ
ကိုယ်က ပစ်သာ ချလိုက်စမ်းပါဗျာ၊ ပစ်သာ ချလိုက်စမ်းပါဗျာ
အဲဒီလို တုန့်ပြန်ဖူးပါရဲ့၊ ရွှေထုပ်ကြီးလိုချင်လို့ပါ
(ခင်ဗျား ၀င်ပတ်သက်ရဦးတော့မယ်)
သစ်ခုတ်သမားဟာ ဘ၀တစ်သက်တာ ဗီလိန်ပါ
လမ်းဘားဂျက်ဟာ လူကြမ်းသရုပ်ဆောင်ပါ
သားကို ဆိုင်ကယ်ကယ်ရီမလုပ်စေချင်ဘူး
သမီးကို အဲဒီဆိုင်မှာ သီချင်းမဆိုစေချင်ဘူး
ခဏလေးပါ ခဏလေးပါ
နေပွင့်လာရင် ပျော်စရာပါ
ခဏလေးစောင့်ပါ ၀င်သူများအားလုံးပျော်ရမှာ။

                                      မောင်ပြည့်မင်း

          ထပ်ပြောရရင် ခေတ်ပြိုင်ကဗျာတွေဟာ ကဗျာဆိုင်ရာ နည်းနာအမျိုးမျိုးကို ထည့်သွင်းရောစပ် ပြုလုပ်လာတာကိုလည်း တွေ့ရှိ ရပါတယ်။ အများစု သုံးနှုန်းကြတာတော့ Laugage, Concept, Collage စတာတွေကို အများဆုံး ရောစပ်အသုံးပြုပြီး ထူးခြားတဲ့ Hybrid, Expremental Poetry တွေကို ပြုလုပ်လာပါတယ်။ ခေတ်ပြိုင်ကဗျာရေးသူအများစုဟာ Making ကို လက်ခံယုံကြည်ကြသူတွေပါပဲ။ ကဗျာဆိုတာ ပြုလုပ်ခြင်းပဲ ဖြစ်တယ်ဆိုတာကို မကြာခဏပြောပါတယ်။ လက်တွေ့ဖန်တီးပြပါတယ်။ ကဗျာဆရာ လင်းရမ္မာ ရဲ့` ကားသင်္ဘော´ ဆိုတဲ့ ကဗျာထဲမှာဆိုရင် ကဗျာဆရာဟာ Facebook ဆိုတဲ့ လူမှုကွန်ယက်မီဒီယာကနေ ရရှိလာတဲ့ သတင်းအချက်အလက်တစ်ခုနဲ့ ကဗျာကို အစပြုတည်ဆောက်လိုက်ပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက Facebook ဆိုတဲ့ လူမှုကွန်ယက်မီဒီယာကရရှိတဲ့ သတင်းဆိုတာ ယုံကြည်လို့ ရနိုင်မလား။ သေချာရဲ့လား။ နောက်တစ်ခုက ဝေလကား တဲ့။ ကျွန်တော်တို့ပုံမှန်ကြားဖူးနေကျစကားလုံးက ရေကျချိန် ကုန်းပေါ်မှာ တင်ကျန် နေရစ်ခဲ့တဲ့ ဝေလငါး။ အခု ကဗျာဆရာ သုံးထားတာက ဝေလကား ဆိုတော့ Wales ပြည်နယ်က တင်ပို့လာတဲ့ကားများ ဖြစ်နေမလားပေါ့။ ဘာသာစကားတည်ဆောက်မှုအရ မှန်ကန်သလိုရှိနေတဲ့အပြင် ဖြစ်နိုင်ချေအမျိုးမျိုးနဲ့ ကဗျာဆရာဟာ ကဗျာဖတ်သူကို ပထမဆုံး စာကြောင်း မှာတင် အလုပ်လုပ်စေပါတော့တယ်။ နောက်ထပ်တွေ့ရမှာက ခေတ်ပြိုင်လူမှုအဖွဲ့အစည်းအတွင်းက ပြဿနာတွေ၊ ထိတ်လန့်အံ့သြစရာ တွေကို အဆက်အစပ်မဲ့ ချိတ်တွဲယှက်ဖောက်ထားတဲ့ စကားတွေပါပဲ။ ကျွန်တော်တို့ နေ့စဉ်ကြားနေ မြင်နေရတဲ့ စာသားတွေ စကားလုံး တွေကိုပဲ ကဗျာဆရာက ဆက်စပ်တည်ဆောက်ပြီး ကဗျာတစ်ပုဒ်ပြုလုပ်သွားခြင်းပါပဲ။

ကားသင်္ဘော

ဆိပ်ကမ်းမှာ သောင်တင်နေတဲ့ ဝေလကားတွေကို ယမန်နေ့ နံနက် ၉း၂၈ က အပြီးသတ် ပင်လယ်ဆီ ပြန်ပို့
Source: Facebook.com

အာခေါင်ခြစ်ပြီး ဒိုးနတ်ပေါ် ဖြူးပေးလိုက်တယ်
ရလာတဲ့ လိုအပ်ချက် အသေးစားတွေဟာ ခြေမှာ တွဲနေတဲ့ အကြီးစားဗုံးသီး
ထူးဆန်းအံ့ဖွယ် ၀က်ဘ်သတင်းတွေဟာ Google Reader ပေါ်ဆက်တိုက် ခုန်တက်နေဆဲ
အာရုံကြောအားနည်းလာတဲ့ ရင်ခုန်ဖွယ်အချိန်လေးတွေ
တစ်မိနစ်စာ မျက်စိမှိတ်လို့ အားပြန်ယူတိုင်း
သေဆုံးသွားတဲ့ ဆဲ ကုဋေကုဋာ
လက်မည်းကြီးဟာ ကြောက်စရာပါ
အိမ်သာတက်လည်း ငါပဲ
ရွှံ့တွေကိုင်လည်း ငါပဲ
ထမင်းစားတော့လည်း ငါပဲ
အမယ်လေး လက်မည်းကြီး လက်မည်းကြီး
မည်းနက်ပြောင်မှောင် မဟူရာ ပိတုန်းရောင် ကေသာထနေတဲ့ သူ့ဆံသားလေးတွေ
အာရုံကြောအားနည်းလာတဲ့ ရင်ခုန်ဖွယ်အချိန်လေးတွေ
ဇာတ်လမ်းသွား ဂိမ်းထဲက အတွဲလိုက်ထွက်လာတဲ့ ကျည်ဆံတွေ
ကိုသြဒိနိတ်ပွိုင့်တွေ အသေအချာချိန်ပြီး ခေါင်းနဲ့ပစ်တိုက်လိုက်
ခြေနဲ့ ကန်ကျောက်လိုက်
ဆိပ်ကမ်းမှာတင် သောင် နေသေးတဲ့ ဝေလကားတွေ
အ၀လွန်လာတဲ့ ကမ္ဘာကြီးမှာ သေစရာ သေရာတွေ အများကြီး
ဒီနေ့ မင်းကို ငါ သတ်ရလိမ့်မယ်
ကျော်ပစ်လည်း အလွတ်ရနေတဲ့ ဇာတ်လမ်း။

                                                          လင်းရမ္မာ

           နောက်တစ်ခုက ခေတ်ပြိုင်ကဗျာရေးသူတွေဟာ ဘာသာစကားရဲ့ ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်တွေကို အကျိုးရှိရှိ အသုံးပြုပြီး ကဗျာ ဖတ်သူကို လမ်းပြပါတယ်။ ကဗျာဖတ်သူဟာ ကဗျာရဲ့အနက်အဓိပ္ပာယ်ကို စုပ်ယူလိုရင်းကနေ ကဗျာဆရာရဲ့ ဘာသာစကားသုံးစွဲမှု၊ စကားလုံးဆော့ကစားမှု၊ ထင်ယောင်ထင်မှား ဖြစ်စေမှုတွေနောက်ကိုလိုက်ရင်း ကဗျာရဲ့အပြင်ဘက်ကို ရောက်မှန်းမသိ ရောက်သွားတာမျိုး တွေ တွေ့ရပါတယ်။ ဒါဟာ ကဗျာဖတ်သူကို အလုပ်ပေးခြင်း (၀ါ) ကဗျာရဲ့ အပြင်ဘက်က သိမှုဆီကို အရောက်သွားစေလိုခြင်း လည်း ဖြစ်တယ် လို့ ထင်မိပါတယ်။ နောက်ထပ်မြင်မိတာက ခေတ်ပြိုင်ကဗျာတွေမှာ သုံးစွဲလေ့ရှိတဲ့ ပိုင်းစစိတ်မွှာခြင်း ( Fragmentation)  နဲ့  တွဲစပ်ချိတ်ယူခြင်း (Juxtaposition) တွေပါပဲ။ ခေတ်ပြိုင်ကဗျာတွေဟာ Collage ပြုလုပ် ခြင်းကို စိတ်ဝင်စားတယ်။ မတူကွဲပြားခြားနားတဲ့ အကြောင်းအရာတွေ၊ မြင်ကွင်းတွေ၊ သတင်းအချက်အလက်တွေကို စုစည်းပြီး အဲဒီအရာတွေနဲ့မသက်ဆိုင်တဲ့ အကြောင်းအရာနယ်ပယ် တစ်ခုဆီကို အရောက် ပို့ချင်တာမျိုးကို တွေ့ရပါတယ်။


နစ်မြှပ်ခြင်း

အရင်ဦးဆုံး ရေပူစီဖောင်းလေးတွေ မျက်စိထဲမြင်ယောင်မိတယ်
နောက် the Piano စန္ဒယားကြီးနဲ့ အတူ ဖောက်ပြန်တဲ့ မယားဖြစ်သူကို ရေထဲ နစ်မြှပ်စေတဲ့ ပြကွက်
သံတန်ချိန်ပေါင်းမြောက်များစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ Titanic
သင်္ဘောကြီး  တအိအိရေထဲ နစ်သွားပုံ မြင်ကွင်းတွေဟာ သရုပ်ပေါ်လွန်းပြီး
မမြင်ရတဲ့ အဖြစ်အပျက်တွေရဲ့ နစ်မြှပ်ခြင်းခေါင်းစဉ်အောက် သွင်းယူနိုင်ဖွယ်ရာ
ကျုပ်က အ တယ်၊ န တယ်၊ ထူ တယ်၊ ထိုင်း တယ်
အဲဒီမှာ စကားပုံတွေ ကားထွက်လာတယ်
ဗူးတောင်းနစ်၍ ဇောင်းခြမ်းပေါ်တယ်တဲ့ ပတ္တမြားမှန်ရင် နွံမှာ ဘယ်နစ်မလဲ
ဝါးနဲ့သာ ကူထိုးလိုက်တော့ ရေနစ်နေသူကို အသာကလေး မယူသွားကာ
ထူးချွန်အောင်မြင်သူရဲ့ ဘ၀ဇာတ်လမ်း
ဟေ့ ဒီမှာ ရာသီဥတုအခြေအနေတွေနဲ့ စပ်လျဉ်းလာရင် ငှက်တွေကိုသာ ရွေးလိုက်ပါ
၁၀ ရက်လောက် စမ်းသုံးကြည့်ပါ နှစ်မျိုးလုံး ရှိနေတာကို နှစ်သက်ပါ
ဂျွန်ဟင်နရီဖာ့သည် ပိုးကောင်များကို ကျောက်ပန်းတောင်းနယ် ဆားတုံးရွာ ဒေါ်ဗုံတုတ် ပုရပိုက်အမှတ် ၂ အရ ကိုလှရွှေတို့က ကျွန်တော့်ကို ခင်မင်သည်ဟု ယူဆပါတယ်ဟု ယူဆပါတယ်ဟု ယူဆပါတယ် တဖြည်းဖြည်းနစ်ဆင်းသွားလိုက်တာ ပြဿနာစုံလုံးကို သိမ်းကျုံးပြီး ဆွဲနစ်လိုက်မတတ် ရေပူပေါင်းလေးတွေ ပလုံစီလိုက်ကာ လူထုနဲ့ အတော်ကို ကင်းကွာနေတဲ့အပြင် ခြေသလုံးအိမ်တိုင် တစ်ပူပေါ်နှစ်ပူ ဆင့်သတဲ့ သိပြီ လောကကြီးဟာ လုံးဝစိတ်ဝင်စားစရာ မကောင်းတဲ့အပြင် တော်တော်ပျင်းစရာကောင်းပေတာပဲ တဲ့

                                                                                                ခင်အောင်အေး

           ခေတ်ပြိုင်ကဗျာဟာ ကဗျာဖတ်သူကို အမြဲတမ်းမေးခွန်းတွေ ထုတ်တယ်။ ကဗျာရေးသူဟာ အရာရာ တစ်ထစ်ချ အမှန်တရားလို့ မယူဆဘဲ အရာရာကို သံသယအမြင်နဲ့ပဲ ကြည့်ပါတယ်။ ကဗျာဆရာဟာ သူရေးလိုက် တဲ့ အချက်အလက်တွေကို အမှန်လို့ မယူဆစေချင်ဘူး။ ကဗျာဖတ်သူ ကိုယ်တိုင် သိမှုတည်ဆောက်စေတယ်။ ပုံသဏ္ဍာန်အနေနဲ့ ပြောရရင်လည်း ခေတ်ပြိုင်ကဗျာဟာ ယနေ့လက်ရှိ အများဆုံး တွေ့နေရတဲ့ အလျားလိုက် စာမျက်နှာ အပြည့်စီတဲ့ ပုံသဏ္ဍာန်ကို အများဆုံးတွေ့ရှိရပြီး အဲဒီပုံသဏ္ဍာန်ဟာ Prose Poem ကနေ မြစ်ဖျားခံတယ် လို့လည်း ယူဆမိပါတယ်။ ဒါပေမယ့် အဲဒီလို အလျားလိုက် အပြည့်စီလိုက်တာနဲ့ ခေတ်ပြိုင်ကဗျာ ဖြစ်သလားဆိုတဲ့ မေးခွန်းပါ။ မဆိုင်ပါဘူး။ အထက်မှာ ကျွန်တော်လက်လှမ်းမီသလောက် ချပြပေးခဲ့တဲ့ ကဗျာတွေဟာ ခေတ်ပြိုင်ကဗျာတွေပါပဲ။ ခေတ်ပေါ်ကဗျာမှာ သူ့ရဲ့ အလှဓါတ် ရှိသလိုပဲ ခေတ်ပြိုင်ကဗျာဟာလည်း သူ့ရဲ့ ခေတ်ပြိုင်ဖြစ်မှု သီးခြား အလှဓါတ်တွေ ရှိနေပါတယ်။ ဒါကြောင့် တစ်ချို့ကဗျာဆရာတွေ လက်ရှိ ရေးသားနေတဲ့ ခေတ်ပြိုင် ကဗျာတွေမှာ ပုံသဏ္ဍာန်အရပဲ ပြောင်းလဲမှုရှိတဲ့ ခေတ်ပေါ်ကဗျာတွေအဖြစ်လည်း ရောနှောပါဝင်နေတာကို တွေ့ရပါတယ်။ ခေတ်ပေါ်ကဗျာနဲ့ ခေတ်ပြိုင်ကဗျာရဲ့ သိသာခြားနားတဲ့ အလှဓါတ်ကတော့ ဘာသာစကားအပေါ် လက်ခံသုံးစွဲခြင်းပါပဲ။ ဥပမာ-ဇေယျာလင်း၊ လူဆန်း၊ လူလန်းတို့ရဲ့ ကဗျာတွေကို ဖတ်ကြည့်ရင် ဘာသာစကားဆန်းပြားစွာ သုံးစွဲထားတာတွေ၊ ဘာသာစကား လက်တစ် လုံး ခြား လုပ်တာတွေ၊ ဘာသာစကားအပေါ် မေးခွန်းထုတ်ထားတာတွေအများကြီးကို ဖတ်မိမှာပါ။ အခု ကျွန်တော် တင်ပြထားတာတွေ အားလုံး က ကျွန်တော်လေ့လာမိသလောက် ကျွန်တော်ပြန်တည်ဆောက်ထားတဲ့ သိမှုသက်သက်ပါပဲ။ ခေတ်ပြိုင်ကဗျာဆိုတာ ဒီထက် ပိုမိုကျယ်ပြန့် နက်ရှိုင်းပါတယ်။ ခေတ်ပေါ်ကဗျာ စတင်တည်ဆောက်စကာလမှာ ခက်ခဲပင်ပန်းခဲ့သလိုပဲ ခေတ်ပြိုင်ကဗျာလမ်းကြောင်းဟာ လွယ်ကူချောမွေ့ လိမ့်မယ်လို့တော့ မထင်ပါဘူး။ အထက်က ဖော်ပြခဲ့တဲ့ ကဗျာတွေနဲ့ စာသားတွေက ကျွန်တော့်သိမှုအနည်းငယ်ရှိသလောက်နဲ့ ချဉ်းကပ်ကြည့် မိခြင်းသက်သက်ပါပဲ။  လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ခေတ်ပြိုင်ကဗျာကို ဘယ်လိုချဉ်းကပ်မလဲ။ ဘယ်လို နားလည်မှု တည်ဆောက်မလဲ။ ဘယ်အချိန် ကာလအထိ ခေတ်ပြိုင်ကဗျာရဲ့ လွှမ်းမိုးဖမ်းစားမှုကို ခံနေရဦးမလဲဆိုတာ ဒီဘက်နှစ်များမှာ ကိုယ့်ကိုယ်ကို မေးမိတဲ့ မေးခွန်းများပါပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မင်းနဒီခ

(ကိုးကား။           ။ ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာအလားအလာ- ဇေယျာလင်း)

ရေဦးမဂ္ဂဇင်း၊ အမှတ် ၄၊ ၂၀၁၅


No comments:

Post a Comment