Thursday, June 9, 2016

အပန်းဖြေဖို့ ကျွန်တော်ရောက်သွားတဲ့ ပန်းခြံ



အပန်းဖြေဖို့ ကျွန်တော်ရောက်သွားတဲ့ ပန်းခြံ

စာအုပ်အမည်                       - ပန်းခြံ အပန်းဖြေခြင်း
ရေးသူ                              - စံညိမ်းဦး
ထုတ်ဝေသည့်ကာလ               - မတ်လ၊ ၂၀၁၆
ထုတ်ဝေသည့်တိုက်                 - နှစ်ကာလများ



           

            ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမတိုင်ခင်အထိ မန္တလေးကဗျာဆရာတွေထဲက ကဗျာစာအုပ်အထုတ်စေချင်ဆုံးလူ (၂)ဦး ရှိပါတယ်။ တစ်ယောက်က ကိုကျောက်လို့ ကျွန်တော်တို့ ချစ်စိတ်နဲ့ ခေါ်ကြတဲ့  ခင်ဇော်မြင့်၊ နောက်တစ်ယောက်က (ကို) စံညိမ်းဦး။ ကျောက်လုံးနဲ့ ကျောက်တိုင်။ သလင်းဦးနဲ့ အိမ်အိုညီ။ ၉၀ ခုနှစ် နောက်ပိုင်းမှာ ကဗျာလောကထဲ အတွဲညီညီ၊ အကဲညီညီနဲ့ လမ်းဖောက်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ဦး။ ၉၀ မော်ဒန်ကဗျာအကြောင်းပြောရင် ဘယ်လိုမှ ချပ်လှပ်ထားလို့ မရတဲ့ ကဗျာဆရာနှစ်ဦး။ ခင်ဇော်မြင့်အကြောင်းပြောရင် စံညိမ်းဦးပါလာသလိုပဲ။ စံညိမ်းဦးအကြောင်းပြောမယ်ဆိုရင် ခင်ဇော်မြင့်ဆီ ရောက်သွားနိုင်တာပါပဲ။ အဲဒီလောက်ထိ တွဲခဲ့ကြသလို ၁၉၉၃ ခုနှစ်မှာ သလင်းဦး၊ အိမ်အိုညီ ကလောင် တွေနဲ့ “အင်ကြင်းရောင် ပင်လယ်သေကမ်းခြေ” ဖယောင်းလက်ရေးစာအုပ်လည်း တွဲထုတ်ခဲ့ဖူးတာပါ။
            ၂၀၁၀ စာပေစီစစ်ရေးဖြေလျော့ပြီးနောက်ပိုင်း ကဗျာစာအုပ်တွေ အုံနဲ့ကျင်းနဲ့ တစ်နှစ်ကို အုပ်တစ်ရာကျော် ထွက်ခဲ့ကြပေမယ့်  ထူးထူးခြားခြား သူတို့နှစ်ဦးစလုံးက ကဗျာစာအုပ်ထုတ်ဖို့ လုံးဝစိတ်မဝင်စားကြ။ ကဗျာစာအုပ် ထုတ်ဖို့ ပြောရင်လည်း ဘုကလန့်တွေ ပြန်ကြားရတာသာ အဖတ်တင်မယ်။ သူတို့က တုတ်တုတ်မျှ မလှုပ်ကြ။ ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် ခင်ဇော်မြင့်၊ စံညိမ်းဦးတို့၏ ကဗျာတွေ ကောင်းခဲ့၊ နာမည်ကြီးခဲ့တာ မှန်ပေမယ့် ဒီနေ့ခေတ် လူငယ်တွေနဲ့ အဆက်ပြတ်နေတာ ကြာပြီ။ မဂ္ဂဇင်းစာမျက်နှာများပေါ်တွေမှာ ပုံနှိပ်ဖြတ်သန်းခဲ့တဲ့ သူတို့ရဲ့ ကဗျာတွေက ဒီနေ့မှာ ပြန်ရှာ ဖတ်ဖို့ ခက်ခဲနေပြီ။ အသိမ်းအဆည်းကောင်းသူ၊ တန်ဖိုးထားသူတစ်ချို့တွေဆီမှာပဲ ရှိနိုင်တော့တဲ့ အခြေအနေမျိုး။ သူတို့ နှစ်ဦး၏ ကဗျာတွေကို စုစုစည်းစည်းပြန်လည်သိမ်းဆည်းမှတ်တမ်းထားရှိဖို့က ကဗျာစာအုပ်အဖြစ်နဲ့သာ ပြန်လည် ထွက်ရှိ လာဖို့က အကောင်းဆုံး။ ဒါကြောင့်လည်း ဆုံဖြစ်တိုင်း ကဗျာစာအုပ်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ၂၀၁၅၊ ဇူလိုင်မှာ (ကို) ခင်ဇော်မြင့်ရဲ့ ကဗျာစာအုပ် “ ကဗျာ ၂၁ ပုဒ်” ထွက်လာပြီး ၂၀၁၆၊ မတ်လမှာ (ကို)စံညိမ်းဦးရဲ့ “ပန်းခြံ အပန်းဖြေခြင်း” တို့ဆက်တိုက်ထွက်ရှိလာပါတယ်။  
            “ပန်းခြံ အပန်းဖြေခြင်း” မှာ ပိတောက်မြေ မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၅ မှာ ဖော်ပြခဲ့တဲ့ ဆရာဇော်ဇော်အောင်ရဲ့ အက်ဆေးကိုပါ ပြန်လည်ထည့်သွင်း ဖော်ပြပေးထားတဲ့အပြင် မောင်သင်းခိုင်၊ မောင်မှိုင်းလွင်(အင်းဝ)၊ ညိုမင်းထက်၊ ထက်တည်မြင့်၊ ဟိန်းမြတ်ဇော်၊ ခင်ဇော်မြင့်၊ မောင်ရှင်စော၊ ဝေးခေါင်၊ အိုအောင်၊ နိုင်းနိုင်၊ ဇော်ဝေ တို့ရဲ့ အမှတ်တရ အရေးအသားတွေကိုပါ တခုတ်တရနေရာပေးဖော်ပြထားလို့ ပိုကျေနပ်ရပါတယ်။ ဒီလိုအမှတ်တရ အရေးအသား တွေဟာ ကဗျာရေးဖော်အချင်းချင်း၊ သူငယ်ချင်းမိတ်ဆွေညီအစ်ကို အချင်းချင်းရဲ့ စံညိမ်းဦးအပေါ်ထားတဲ့အမြင်၊ ချစ်ခင်စိတ်တွေကို ပေါ်လွင်စေတဲ့အပြင်  စံညိမ်းဦးပုံရိပ်ကို စလိုက်မီးထိုးပေးထားသလိုပါပဲ။ ဒီနေရာမှာ နှစ်သက်လို့ (ကို)ခင်ဇော်မြင့်ရဲ့ အရေး အသားအနည်းငယ်ကို ပြန်ဖော်ပြလိုက်ပါရစေ။

လေယာဉ်ပျက်ကို ရှာနေတာ မဟုတ်ဘူး
ကျန်ရစ်သူတွေကို ရှာနေတာ။

မြေစာပုံကို ရှာနေတာ မဟုတ်ဘူး
ကျန်ရစ်သူတွေကို ရှာနေတာ

သံယောဇဉ်တွေကို ရှာနေတာ မဟုတ်ဘူး
ကျန်ရစ်သူ အချစ်တွေကို ရှာနေတာ။

ကံကော်ပန်းတွေကို ရှာနေတာ မဟုတ်ဘူး
ကျန်ရစ်သူ ဝတ်ဆံတွေကို ရှာနေတာ။

သူ့ကဗျာတွေက
အဲ့လို ကဗျာတွေ။
           
            (ခင်ဇော်မြင့်)


             ဒီကဗျာစာအုပ်မှာ စံညိမ်းဦးလို့ ဆိုလိုက်တာနဲ့ တွဲပါလာတတ်တဲ့ ကဗျာတွေဖြစ်တဲ့ နတ်စိမ်း၊ တမိုးသားလုံး အေးပြည့်ပြည့်၊ တောကြောင် စတဲ့ ကဗျာတွေအပါအဝင် ကဗျာ ပုဒ်ရေ(၈၀)နဲ့ ကဗျာဆရာရဲ့ ကိုယ်ရေးအကျဉ်းကိုပါ ဖော်ပြထားတဲ့အတွက် ပန်းခြံဟာ ကဗျာဖတ်သူအတွက် စံညိမ်းဦး ဘာလဲ၊ စံညိမ်းဦးဘယ်လဲဆိုတာ အနီးစပ်ဆုံး ခန့်မှန်းနိုင်မယ့်အပြင် ခေတ်ပေါ်ကဗျာ အရွေ့နဲ့ ခေတ်ပေါ်ကဗျာရဲ့အလှဓာတ် ကိုပါ ခံစားသိရှိနိုင်မှာဖြစ်ပါတယ်။ “ပန်းခြံ အပန်းဖြေခြင်း” ဟာ စံညိမ်းဦးရဲ့ ဘဝဖြတ်သန်းမှု၊ စံညိမ်းဦးရဲ့ ချစ်ခြင်းတရားနဲ့ နာကျင်မှု၊ စံညိမ်းဦးရဲ့ နိုင်ငံရေးခံယူချက်နဲ့ သမိုင်းဖြတ်သန်းမှု စတာတွေကိုပါ စုစည်းဖော်ပြထားတဲ့ အတ္ထုပတ္တိ ကဗျာစာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။
            ပန်းခြံထဲက ကဗျာတွေကို အသေအချာဖတ်ကြည့်တဲ့အခါ ကဗျာရဲ့ နောက်ခံအခင်းအကျင်းတွေဟာ စုံလင် လှတာကို တွေ့ရပါတယ်။ ‘ဖီးနစ်မြို့’၊ ‘ကြပ်ပြင်’၊ ‘ရန်ကုန်’၊ ‘လှည်းတန်းမှာ ၈/၁၀’၊ ‘သတိရခြင်းများစွာဖြင့်(၂)’၊ ‘ကြယ်ဝင်စား’၊ ‘မှန်ထဲက ရွှေငါးလေး’၊ ‘ညိုမင်းထက်’၊ ‘ကမီးကလော်ဒဲလ်အတွက် တေး’၊ ‘ရေနံချောင်းကန်တော့ချိုး’၊ ‘ကျောက်ဆည်ည’၊ ‘လှန့်ချင်း’၊ ‘ငါ့အတွက် မျက်ရည်မကျပါနဲ့ ဗမာပြည်’ စတဲ့  တစ်ဦးတစ်ယောက်၊ မြို့တစ်မြို့၊ နေရာတစ်ခုခု၊ အဖြစ်အပျက်တစ်ခု စတဲ့ တစ်ခုခုကို ဦးတည်ပြီး ရေးထားတဲ့ ကဗျာတွေ။  ‘ညီမလေးနဲ့ တမြို့စီ တနယ်စီ’၊ ‘တမိုးသားလုံး အေးပြည့်ပြည’့်၊ ‘မီးဖိုချောင်’၊ ‘ဝိုင်အမ်ဘီသခင်တင်ပြောခဲ့တဲ့ အချစ်အကြောင်း’၊ ‘မင်းမရှိတဲ့ မီးပုံပွဲ’၊ ‘အမြိုက်ကလေး’  စတဲ့ ချစ်ခြင်းဖွဲ့ ကဗျာတွေ။ ‘နတ်စိမ်း ၂၅’၊ ‘နေ့ခင်းဆွေးဆွေး’၊ ‘ကဖေးဆိုင်နေ့ရက်များ’၊ ‘ချည်တိုင်’ တို့လို ပုဂ္ဂလ ခံစားမှုဗဟိုပြုကဗျာတွေနဲ့ ‘ကွမ်းရွက် လေးတွေလို စိမ်းစိမ်းစိုမနေတဲ့ ကွမ်းယာဆိုင်’၊ ‘အဆင်မပြေမှု’၊ ‘စာခြောက်ရုပ်’၊ ‘ဂွာရာနီကား’၊ ‘ဝင်္ကပါ’ တို့လို လူ့အဖွဲ့ အစည်း ဗဟိုပြုကဗျာတွေ။ အဲဒီလို စုံလင်လှတဲ့ ကဗျာနောက်ခံ အကြောင်း အရာတွေဟာ ပန်းခြံထဲမှာ တစ်နေရာပြီး တစ်နေရာ လျှောက်ကြည့်နေရသလို ကဗျာတစ်ပုဒ်ချင်းစီဟာ ရသတစ်မျိုးစီနဲ့ လာရောက်အပန်းဖြေနေသူကို ဖမ်းစားထားမှာပါ။
            ကဗျာတွေအကုန်လုံးကို အသေအချာဖတ်ကြည့်ပြီးတဲ့အခါ ကျွန်တော့်ကို ဖမ်းစားနိုင်ဆုံးနဲ့ စိတ်ညွှတ်နူးမှုကို အပေးနိုင်ဆုံးဟာ ကဗျာတစ်ပုဒ်ချင်းစီရဲ့ အဆုံးသတ်တွေမှာ အသုံးပြုလေ့ရှိတဲ့ စကားလုံးချိတ်တွဲမှုနဲ့ နိမိတ်ပုံ သင်္ကေတ တွေဟာ တသသဖြစ်အောင် စွဲမက်စေပါတယ်။ ဥပမာ-

နှုတ်ဆက်ပါတယ်
ပြီးတော့လည်း ပြန်လာခဲ့တယ် (ချည်တိုင်)

ကြားပါစ
ဘယ်လိုအနုပညာမျိုးမှ မလိုအပ်တော့တဲ့ နေ့တစ်နေ့
တစ်နေ့
ကမ္ဘာမြေပေါ် အရောက်လာခဲ့ဦးတော့မယ် (ဟောကိန်း)

နှစ်တွေက
ငါ့ကို ချွန်မြစေခဲ့ပြီ (နတ်စိမ်း ၃)

လျှာက ကန်းခဲ့မို့လို့
လူ့ဘုံအနှမ်းဟာ အရသာကွယ်ခဲ့ပေါ့ (အလွမ်းပျံရာသီ)

အခုတော့
လေ ကလည်း
အလံကို မလွင့်စေတော့ဘူးလေ (ငါ့အတွက် မျက်ရည်မကျပါနဲ့ ဗမာပြည်)

            နောက်ထပ်သတိထားမိတာ တစ်ခုက (ကို)စံညိမ်းဦးဟာ ကဗျာနောက်ခံအခင်းအကျင်းအလိုက် ကဗျာရဲ့ (Tone) ကို အနိမ့်သံ၊ အမြင့်သံ ပေါ်လွင်အောင် ဖန်တီးတည်ဆောက်ထားတတ်လေ့ရှိပါတယ်။ ထပ်ပြောကြည့်ရရင် နိုင်ငံရေး နောက်ခံကဗျာတွေမှာ တိုက်ရိုက်အဓိပ္ပာယ်ပေါ်လွင်အောင်ရေးဖွဲ့တတ်ပြီး ပုဂ္ဂလခံစားမှုနဲ့ လူ့အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ကဗျာတွေမှာ ဆိုရင်တော့ ကဗျာရဲ့ အလှဓာတ်၊ နိမိတ်ပုံ၊ သင်္ကေတတွေကို အားကောင်းအောင် ဖန်တီးရေးဖွဲ့တတ်လေ့ ရှိတာပါပဲ။ ဖတ်ကြည့်ပါ။

အခု
အဲဒီ ငါတို့ မြေပုံ၊ ငါတို့သယံဇာတ
အဲဒီ ငါတို့မြစ်၊ ငါတို့တော
ပြီးတော့
ခင်ဗျားတို့
သိပ် မုဒိန်းကျင့်ချင်နေတဲ့ ‘တောင်’။

သရဲကြီးတော့ သဘက်
‘တောင်’ ကိုစားဖို့ သွားရည်တမြားမြား
သူခိုးကြီးတော့ ဓားပြ
‘တောင်’ကို မျိုဖို့ အလံတလူလူ။

အို . . . ထလော့ ငါတို့ . . .
ထကြ ထကြ
ခါးတောင်းကို မြှောင်အောင် ကျိုက်ကြ
ကြွက်သားကို လေပေါင်ဖြည့်ကြ။
            (လှန့်ချင်း ကဗျာမှ)


တလက်လက်အပြုံးတွေဟာ
နုံးနေတဲ့ နှလုံးအိမ်တွေကို
နှိုးခဲ့။

စစ်အာဏာရှင်တွေကို ထိုးဖို့ အစွယ်လည်းရှိ
စစ်ပလ္လင်ကို နုတ်ဖြိုဖို့ နှာမောင်းတွေလည်းရှိ
မတရားမှုမှန်သမျှကို နင်းခြေပစ်မယ့်
သူရဲကောင်း ဆင်တွေနဲ့မြို့ပါပဲ။

သြော်
မင်းဆိုးမင်းညစ်ကို
ဝမ်းရေးအစပ်ခံ ထုတ်ပေးခဲ့ဖူးတာဟာ
မတော်တဆ ဒဏ္ဍာရီသာ။
            (ကျောက်ဆည်ည ကဗျာမှ)

အခုတော့
ဘာမှ မရေးတော့တာသာ အနုပညာ။

ဟင်းလင်းပြင်ထဲ
ဂြိုဟ်တုဟာ မီးလောင်လို့။

ပင်လယ်ထဲ
မျှော်စင်ဟာ ကျီးပေါင်းတက်လို့

ကိန်းအောင်းသမျှ
အလွမ်းသာ ထီးနန်းစိုက်ခဲ့တဲ့ တစ်ကိုယ်စာ ဧရိယာ
ငွေလို
မျှော်လင့်ခြင်းလို သက်တံ့က
အနံ့ခုနှစ်မျိုးနဲ့ ကမ်းကုန်တယ်။
            (နတ်စိမ်း ၂၅ ကဗျာမှ)

အိမ်တိုင်းစေ့
မီးကွင်းဂမုန်းပင်လေးတွေ စိုက်ကြသလို
နာကျင်မှုအပေါင်းမှ
ကင်းလွတ်စေမယ့် ဂမုန်းပင်လေးများ
နှလုံးသားတိုင်းအပေါ် စိုက်ချင်မိ။

နာရီရဲ့ နှလုံးခုန်သံဟာ တရွှီရွှီနဲ့ နှာမှုတ်သံများဖြစ်ခဲ့
မိုးစက်တွေက မီးပွားနီနီဖြစ်ခဲ့
ကြယ်တွေက ညရဲ့ မြားအစင်းစင်းဖြစ်ခဲ့
ကဖေးဆိုင်က ဆေးရုံဖြစ်ခဲ့။
            (လူနာ ကဗျာမှ)

            စံညိမ်းဦးဟာ သူ့ခေတ်နဲ့ သူ လူငယ်ပါပဲ။ လူငယ်ဆိုတာတောင်မှ လမ်းသူရဲဆန်ချင်တဲ့၊ မိုက်ရူးရဲဆန်ချင်တဲ့ လူငယ်တစ်ယောက်အဖြစ် သူ့ကဗျာတွေက သက်သေပြနေတယ်။ စံညိမ်းဦးဟာ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလကြီး တစ်ခုရဲ့ အဆင်မပြေမှုတွေ ကြားထဲ အဆင်ပြေတယ်လို့ ထ ထအော်နေတဲ့ လမ်းမကို အုတ်နီခဲနဲ့ ထုဖို့ ဝန်မလေးခဲ့တဲ့သူ။ အလိုမကျမှုတွေနဲ့ နေသားတကျဖြစ်နေတဲ့ လောကကြီးကို ငြီးငွေ့လို့ အရသာရှိတဲ့ အစာတွေကို အရသာခံမရတော့တဲ့ လျှာကို ဖြတ်ပစ်ဖို့ အားထုတ်ခဲ့တဲ့သူ။ ဘာမှကို မတတ်နိုင်တော့ပါဘူးကွာ ဆိုပြီး သေနတ်နဲ့ ကိုယ့်ကိုယ်ကို သတ်သေ သွားတဲ့ ပန်းခြံထဲက ကဗျာဆရာတစ်ယောက်အဖြစ် စိတ်ကူးခဲ့ဖူးသူ။ သူဟာ အဲဒီလို လူငယ်၊ အဲဒီလို ကဗျာဆရာ တစ်ယောက်။ သူ မိုက်ခဲ့တယ်။ သူ ရူးခဲ့တယ်။ သူ ရဲ ခဲ့ပါတယ်။ သူဖြတ်သန်းခဲ့တဲ့ သက္ကရာဇ်တွေမှာ သူရွေးချယ်ခဲ့တာ ကဗျာဆရာဘဝနဲ့ နိုင်ငံရေးလှုပ်ရှားသူ။ ၁၉၉၁ ရှစ်လေးလုံးသုံးနှစ်ပြည့် ကျောင်းသားလှုပ်ရှားမှုတွေကနေ ၂၀၁၅ ပညာရေး သပိတ်မှောက် ကျောင်းသားစစ်ကြောင်းနဲ့အတူ လက်ပံတန်းအထိ လိုက်ပါဝန်းရံပေးခဲ့တဲ့အထိ တတ်နိုင်တဲ့နေရာကနေ ပါဝင်ထမ်းပိုးခဲ့တဲ့ ကဗျာဆရာတစ်ယောက်။ ဒီကဗျာစာအုပ်ထဲမှာ မပါပေမယ့် “ပိတောက်ပွင့်သစ်မဂ္ဂဇင်း”ကပေးတဲ့ ‘ပြည်သူချစ်လျှင် ကမ္ဗည်းတင်မည်” ကဗျာဆုနဲ့ “ကျောက်ဆည်ဧရာဝတီကဗျာဝိုင်း”က ပေးတဲ့ ကဗျာဆု ကို ရရှိစေခဲ့တဲ့ “ကံ့ကော်ဝမ်းနည်းမှတ်တမ်း” ကဗျာရှည်ဟာ ကဗျာဖတ်သူ(သို့) ပြည်သူတစ်ဦးတစ်ယောက်က ဖတ်မိတဲ့အခါတိုင်း သွေး ပြန်နွေးစေတဲ့၊ ဆဲဗင်းဂျူလိုင်ကို ဘယ်တော့မှ မမေ့စေနိုင်တဲ့ ကဗျာရှည်ကောင်းတစ်ပုဒ်အဖြစ် ဖန်တီး အသက်ဝင်စေခဲ့ တာပါ။ ကဗျာစာအုပ်ထဲ မပါပေမယ့် အနည်းငယ်တော့ ဖော်ပြချင်မိပါတယ်။

တကယ်တော့
၇ ဇူလိုင် ၆၂ ဆိုတာ
ခွပ်ဒေါင်းတောင်ပံခတ်သံတဖျပ်ဖျပ်
ဘယ်ဖိနှိပ်ချုပ်ချယ်မှုမျိုးကိုမှ လက်မခံတဲ့ရပ်တည်ချက်နဲ့
ခွပ်ဒေါင်းသတ္တိလက်ဆင့်ကမ်းအရေးတော်ပုံ
ယုံကြည်ချက်အတွက်တွန်ကျူးသံမှာ
ဒီမှာ အကျဉ်းစခန်း
ဒီမှာ ငရဲခန်း
ဒီမှာ ဘဝ
ဒီမှာ အသက်
အို
ခွပ်ဒေါင်းအပေါင်းတို့ငဲ့
သင်တို့ရဲ့တောင်ပံများ
ရွှေရောင်တောက်ပ
တတောင်ကျိုးတတောင်ဆက်လို့
အတောင်ပံအဆက်ဆက်နဲ့လမ်းဖြစ်လို့။
အခု
သေနတ်သံမှာ
မိုင်းခွဲသံမှာ
နားပင်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
သွေးစွန်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
အခု
ဘဝဖြိုအမုန်းမှာ
မျက်ရည်ယိုဗုံးမှာ
အတုံးအရုန်းကျဆုံးသွား အဓိပတိလမ်းကို အမျှဝေရမယ်။
ဒီမိုကရေစီနဲ့အတူ ကြေပြုန်းသွား
တကသ အဆောက်အအုံနံရံများကို အမျှဝေရမယ်။
(ကံကော်ဝမ်းနည်းမှတ်တမ်း ကဗျာရှည်မှ)

            အဆုံးသတ်အနေနဲ့ ပြောရရင် “ပန်းခြံ အပန်းဖြေခြင်း”မှာ ကျွန်တော်တို့ဟာ ခေတ်ပေါ်ကဗျာရဲ့ အလှဓာတ်၊ နိုင်ငံရေးသိမှု၊ ကဗျာနောက်ခံအခင်းအကျင်းနဲ့ ကဗျာတည်ဆောက်မှု အတတ်ပညာ၊ စကားလုံးအချိတ်အဆက်နဲ့ စကားလုံး ရွေးချယ်မှု၊ နိမိတ်ပုံ၊ သင်္ကေတ အားကောင်းမှုတွေကြားထဲမှာ ကဗျာဆရာဖြတ်သန်းခဲ့ရတဲ့ ဖိနှိပ်ခံပြည်သူတွေရဲ့ အခြေ အနေ၊ ကျောင်းသားနဲ့ ပြည်သူကို အခြေမခံပဲ ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေအောက်က ယနေ့ခေတ် ပညာရေး၊ လက်ပံတောင်းတောင်၊ ဧရာဝတီ စတဲ့ သဘာဝသယံဇာတ ပျက်စီးဆုံးရှုံးမှုတွေအပေါ် ကဗျာဆရာရဲ့ ရပ်တည်မှု၊ လက် တစ်ဆုပ်စာအာဏာရှင်နဲ့ ရုန်းကြွလာတဲ့ လူထုသဘောထားအစစ်အမှန်၊ နှစ်လေးဆယ်ကျော် မငြိမ်းနိုင်သေးတဲ့ ပြည်တွင်း စစ်နဲ့ မရနိုင်သေးတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး။ ဒါတွေ အားလုံးကို ကဗျာဆရာဟာ သူဖြတ်သန်းမှု၊ သူ့အတွေ့ အကြုံ၊ သူ့ ကြားနာမှုတွေကတဆင့် သူ့ ကဗျာအတတ်ပညာနဲ့ ပေါင်းစပ်ဖန်တီးပြီး ပန်းခြံတစ်ခုအဖြစ် တည်ဆောက် ထားခြင်းပဲ ဖြစ်ပါတယ်။ ‘ကဗျာဆရာဆိုတာ နှစ်မျိုးပဲ ရှိတယ်။ သမိုင်းသိစိတ် ရှိတဲ့ ကဗျာဆရာနဲ့ သမိုင်းသိစိတ်မဲ့တဲ့ ကဗျာဆရာ ´ လို့ ပြောဖူးခဲ့တဲ့ (ကို) စံညိမ်းဦးဟာ သူ့စကားအတိုင်းပဲ သမိုင်းသိစိတ်နဲ့ ရပ်တည်နေတဲ့ ကဗျာဆရာ တစ်ယောက်ဖြစ်ပါတယ်။
            အနုပညာဟာ ပြည်သူ့အတွက်ပဲ ဖြစ်ဖြစ်၊ အနုပညာအတွက်ပဲ ဖြစ်ဖြစ်၊ ဘာအတွက်မှ မဟုတ်ဘူးပဲ ဖြစ်ဖြစ် သမိုင်းသိစိတ်ဆိုတဲ့ အချက်ကတော့ အနုပညာသမားတိုင်းအတွက် အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ပတ်သက်နေဦးမှာပဲ။ ပန်းခြံဟာ ကျွန်တော့်အတွက်တော့ အပန်းဖြေနားနေစရာအတွက်သာမဟုတ် အတုယူလေ့လာ ရမယ့် ပြတိုက်တစ်ခုအဖြစ်ပါ အသက်ဝင်ခဲ့ပါတယ်။ အစားကောင်းစားရရင် မိတ်ဆွေကောင်းကို ချက်ချင်းသတိရမိသလို ပါပဲ။ နားခိုလေ့လာစရာနေရာကောင်းတစ်ခုကို တွေ့လို့ အခု ဒီစာကို ကျွန်တော်ရေးမိလိုက်ပါတယ်။ အပန်းဖြေဖို့ ကျွန်တော် ရောက်သွားတဲ့ ပန်းခြံမှာ ခင်ဗျားကိုလည်း အတူရှိနေစေချင်တာ တစ်ခုတည်းပါပဲ။ (ကို)စံညိမ်းဦးကိုလည်း အပန်းဖြေစရာ ပန်းခြံတွေ အထပ်ထည်တည်ဆောက်ရင်း တမိုးသားလုံး အေးပြည့်ပြည့်ပါစေလို့ ဆုတောင်းပေးပါတယ်။

မင်းနဒီခ
၉၊ ၆၊ ၂၀၁၆


No comments:

Post a Comment