မင်းနဒီခအတွက်အမှာစာ - နေမျိုး
မင်းနဒီခရဲ့ကဗျာတွေကို ဖတ်ရတဲ့အခါ ကျွန်တော်သတိပြုမိတာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ကဗျာဆရာ တစ် ယောက်ရဲ့ အခြေခံအကျဆုံး လိုအပ်ချက် တစ်ခုဖြစ်တဲ့ ရိုးဖြောင့်မှုကို သူ့ကဗျာတွေမှာ တွေ့ရတယ်ဆိုတာပါပဲ။ ရိုးဖြောင့်မှု လို့ ဆိုလိုက်တာနဲ့ ဘုရားသွားကျောင်းတက် ပုတီးစိပ် ငါးတွေလွှတ် ခိုတွေအစာကျွေး စတဲ့အပြုအမူတွေကို လှမ်းမြင် ကောင်းမြင်ကြပါလိမ့်မယ်။ ကျွန်တော်ဆိုလိုတဲ့ ရိုးဖြောင့်မှုဆိုတာ မိမိကိုယ်ကိုမိမိ အရှိအတိုင်း ထုတ်ဖော် တင်ပြခြင်းကို ရည်ညွှန်းလိုပါတယ်။ ဒါ့အပြင် အခြားသော အရည်အချင်းလို့ ဆိုနိုင်တဲ့ နာကျင်မှု၊ မေတ္တာတရားနဲ့ အကောင်းမြင် စိတ်တို့ ဟာလဲ သူ့ကဗျာတွေထဲမှာ ဖျပ်ကနဲဖျပ်ကနဲ တွေ့နေရတယ်။ ဒီကနေ့ခေတ် လူငယ်တစ်ယောက် ခံစားမိသမျှ၊ ဒီကနေ့ ခေတ် လူငယ်တစ်ယောက်တွေးကြည့်မိသမျှ (အကုန်နီးပါး) မင်းနဒီခကဗျာတွေထဲမှာ တွေ့ရပါတယ်။ အောင်မြင်ခြင်း သင်္ဘောမှာ ကဗျာရေးသူရဲ့ ကျယ်ပြန့်တဲ့ အကောင်းမြင်စိတ်ကို တခမ်းတနားတွေ့ရတယ်။ ရှုပါ -
အဲဒီကနေဆက်လက်ထွက်ခွာလာပြီးနောက်
လမ်းမှာ တွေ့သမျှ အကုန်ခေါ်တင်လာခဲ့တယ်
လူကခြေနှစ်ချောင်း၊ ကံကြမ္မာက ခြေလေးချောင်း
ဘာပဲဖြစ်ဖြစ် အကုန်ခေါ်တင်လာခဲ့တယ်
…………………………
…………………………
ဘာပဲဖြစ်ဖြစ်ဆက်လက်ထွက်ခွာလာခဲ့ပြီ
အောင်မြင်ခြင်းသင်္ဘောဟာ
သင်္ဘောပေါ်မှာ အောင်မြင်ခြင်းသက်သက်တွေကိုဆက်လက်သယ်ဆောင်ပြီး။
(အောင်မြင်ခြင်းသင်္ဘောမှ)
မင်းနဒီခဟာ သီကုံးဖွဲ့ဆိုမှုအတတ်ပညာကို နားလည်သဘောပေါက်သူ တစ်ယောက်ဖြစ်ကြောင်းလည်း တွေ့ရပါ တယ်။ အရွေ့၊ ကျွန်တော်ပြောချင်တဲ့ ပါးစပ်ကြီးအကြောင်း စတဲ့ ကဗျာတွေမှာ စကားလုံးတစ်လုံးကနေ ကဗျာတစ်ပုဒ် ဖြစ်လာအောင် ရေးဖွဲ့သွားတာတွေ့ရပါတယ်။ စကားလုံးတစ်လုံးကနေ ကဗျာတစ်ပုဒ်ဖြစ်လာတယ်ဆိုတဲ့ နေရာမှာ ကဗျာ ထဲမှာ အတွေးတစ်ခုနဲ့တစ်ခု လှပစွာ ချိတ်ဆက်ပြီး ကဗျာဆရာရဲ့ အတွေးကွန်ယက်ကြီးတစ်ခုကို တအံ့တသြ တွေ့ရ တာပါပဲ။ သူ့ရဲ့အတွေးကွန်ယက်ထဲကို တစ်ခေါက်လောက်ဝင်ရောက်ကြည့်စမ်းပါလို့ ပြောလိုပါတယ်။ လူတစ်ယောက် ဟာ ကိုယ့်ရဲ့သွင်ပြင် ပုံပန်းလက္ခဏာကို ပြန်တွေ့ဖို့ မှန်ကြည့်သလို ကဗျာဆရာတစ်ယောက်ဟာ မိမိကဗျာရဲ့ လက်ရှိ အနေအထားကို သိရှိဖို့ ဆန်းစစ်ဝေဖန်ကာ ဆင်ခြင်မှုပြုရပါတယ်။ ဟယ်လို ကဗျာဟာ မင်းနဒီခရဲ့ ကဗျာအကြောင်း ပြန်လည် ဆင်ခြင်မှုပြုထားတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ သူကြုံတွေ့နေရတဲ့ အကျပ်အတည်းနဲ့ သူ့ရဲ့ အားသာချက်တို့ကို အဲဒီ ကဗျာမှာ စတင်တွေ့ရပါတယ်။
သူဟာ ဒီလိုကဗျာတွေကို ထပ်မံရေးသားလာတာ ဒီစာအုပ်မှာ တွေ့ရပါတယ်။ ဆူးမှာ လဲဆူးနဲ့ ကဗျာဟာ ကဗျာ ဆရာရဲ့ ဘာသာစကားကို စမ်းသပ်ထားမှု တစ်ခုပါပဲ။ သူ့ရဲ့စမ်းသပ်မှုဟာ တစ်ဝက်အောင်မြင် နေပြီလို့ ဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကဗျာဟာ ဖတ်ရှုရာမှာ အခက်အခဲရှိပေမယ့် ကဗျာဖတ်သူကို အဓိပ္ပာယ်ရင်းနဲ့ နားလည်စေမှု ရရှိစေလို့ပါပဲ။ အခုပြောနေတာဘယ်သူ့ဘာသာစကားလဲ ကဗျာမှာတော့ အောင့်သက်သက်ဖြစ်နေတဲ့ လူငယ် တစ်ယောက်ရဲ့ ဂျစ်ကန်ကန်စရိုက်ကို ဖျပ်ကနဲ တွေ့ရပြန်တယ်။ ရှုပါ -
`မိတ်ဆွေနားလည်မှုရှိပါ´ ဆိုတဲ့ စာတန်းကိုပြပြပြီး
ခင်ဗျားရဲ့နား(နား)ကို လက်နဲ့လှည့်ပြီး (လည်)အောင်လုပ်လိုက်ရ ကောင်းမလား။
(အခုပြောနေတာဘယ်သူ့ဘာသာစကားလဲ မှ)
အသစ်ကိုထပ်ပြီး အသစ်ရှာဖွေတဲ့အခါ ကြုံရတဲ့ အနေအထားတစ်ခုပါပဲ။ (ဆရာ ဇော်ဇော်အောင်ကတော့ နားမလည်ရင် မဖတ်နဲ့လို့ ပြောခဲ့ဖူးတယ်။ အမုန်းခံပြောရမယ့် အချိန်မှာ ပြောခဲ့ခြင်းတစ်ခုပါ။) ပြန်ပို့ခံထားရသော မွေးနေ့ လက်ဆောင် ကဗျာမှာ ကျွန်တော် စိတ်ဝင်စားမိတဲ့ ၀ါကျတစ်ကြောင်းကို တွေ့လိုက်ရတယ်။ ပျော်ရဲ့လား တကယ်ရော ပျော်ရဲ့လား ဆိုတဲ့ ၀ါကျတိုကလေးပါပဲ။ ပျော်ရဲ့လား အဓိပ္ပာယ်ရင်းအောက်မှာ နောက်ထပ် အဓိပ္ပာယ်တစ်ခုရှိနေတယ်လို့ မြင်အောင် ရေးပြနိုင်ခဲ့တယ်။ ဒါဟာ မင်းနဒီခရဲ့ အနုပညာပါပဲ။
ခင်ဗျားသောက်တဲ့ ဆေးလိပ်ကဘာတံဆိပ်လဲ ကဗျာမှာတော့ မင်းနဒီခဟာ လူငယ်တစ်ယောက်နဲ့ မတူတော့ဘဲ ရင့်ကျက်မှုကို စတွေ့ရပါတယ်။ ရောင်းရန်မဟုတ်ပါ ကဗျာမှာတော့ အဆီအငေါ်မတည့်မှုထဲက သရော်ဟန်ငွေ့ငွေ့ကို တွေ့ရတယ်။ ဖတ်ကြည့်ပါ
အားပါးတရရယ်မောခြင်းစာအုပ်တစ်အုပ်ကိုဝယ်ဖတ်လိုက်
(နှမြောစရာက အဲဒီစာအုပ်ကို ဘယ်စာအုပ်တိုက်ကမှ မထုတ်ရသေးဘူး)
(ရောင်းရန်မဟုတ်ပါ မှ)
ဒီအရေးအသားဟာ မိမိကိုယ်ကိုသရော်လိုက်ခြင်းဖြစ်သလို အားလုံးကို သရော်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ မရယ်နိုင် ခဲ့တဲ့နေ့ရက်များကို ပြန်သတိရပြီး ညင်ညင်သာသာ ပုံးမိစေနိုင်ရဲ့လို့လည်း ဆိုလိုက်ချင်ပါတယ်။ ကျန်ရှိနေသော နောက်ဆက် တွဲစာမျက်နှာ ကဗျာကတော့ ပိုမိုရှုပ်ထွေးလာ ပိုမိုခက်ခဲလာသော ယနေ့ကဗျာအမျိုးအစားတစ်ခုပါပဲ။ ဒီလိုကဗျာမျိုးတွေဟာ အချိန်ယူ စောင့်ကြည့်ရမယ့် ကဗျာတွေပါပဲ။ ပြောနေကျအတိုင်းကဗျာ ကတော့ အစဉ်အလာဖြစ်မှုကို ခေါင်းစဉ်က ညွှန်းဆို ပြီး ကဗျာစာသားက ပြန်လည်ငြင်းဆန်ထားတာ တွေ့ရပါတယ်။ (မဆီမဆိုင်သွားသတိရလိုက်မိတာ မုန်းစရာကောင်း လိုက်တာ ဆိုတဲ့ အရပ်ထဲက ပြောစကားပါပဲ။ အဲဒီစကားရဲ့ အဓိပ္ပာယ်ထဲမှာ ချစ်နေတယ်ဆိုတာ ပါဝင်နေတယ် မဟုတ်လား) သစ်ပင်များကြားမှ စောင့်ကြည့်ခြင်း ကဗျာဟာလဲ ခက်ခဲတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ ကဗျာဆရာက ကဗျာဖတ်သူကို ဖုံးကွယ် ထားတဲ့ အဓိပ္ပာယ်ရှာဖွေဖို့ အလုပ်ပေးထားတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ သိသလိုလိုနဲ့ မသိပဲဖြစ်နေတာ။ မသိသလိုလိုနဲ့ သိနေတာတွေကို ရိုးတိုး ရိပ်တိတ်ခံစား လာစေရတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ ကဗျာဖတ်သူရဲ့ အားထုတ်မှုပါဝင်ဖို့ လိုအပ်တဲ့ ကဗျာအမျိုးအစားပါ။ တံလျပ်များ ကဗျာဟာ ကဗျာရဲ့ နယ်နိမိတ် အကန့်အသတ်မရှိ ဖြစ်လာပုံနဲ့ ရက်ယှယ် ဖောက်လုပ် ထားတဲ့ ကဗျာတစ်ပုဒ်ပါ။ ရှုပါ -
နည်းနည်းရှေ့ဆက်တိုးလိုက်ရင် မြင်ကွင်းကပျောက်ကွယ်သွားတော့မယ်
ဒီကဗျာကို ဘယ်နေရာမှာ အဆုံးသတ်လိုက်ရင်ကောင်းမလဲ
(တံလျပ်များ မှ)
မင်းနဒီခဟာ ကဗျာဆိုင်ရာဖြစ်ပေါ်ပြောင်းလဲမှုကို စိတ်ဝင်စားသူ၊ အပြောင်းအလဲကို လိုလားသူ၊ ကဗျာဖြစ်ပေါ် ပြောင်းလဲမှုထဲမှာ ကိုယ်တိုင်ပါဝင်သူ ကဗျာဆရာတစ် ယောက်ဖြစ်တယ်ဆိုတာ သူ့ကဗျာတွေဖတ်ရင်း သိလာရပါတယ်။ ဈေးကွက်လိုအပ်ချက်အရ ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းအမျိုးအစား ကဗျာဟာ ခေတ်ရဲ့မျက်နှာစာကို ရှေ့တည့်တည့် က ကြည့်ပြီးရေးသားထားတဲ့ ကဗျာတစ်ပုဒ်ဖြစ်သလို ဒီကနေ့ ကဗျာဖြစ်ပေါ်ပြောင်းလဲမှုကို ထင်ဟပ်တဲ့ ကဗျာတစ်ပုဒ်လဲ ဖြစ်ပါတယ်။ ကဗျာဟာ လေးတွဲ့ ပျစ်ခဲနေပေမယ့် ကဗျာဆရာရဲ့ ကိုယ်ပိုင်ယုံကြည်ချက်က ကဗျာထဲမှာ ပူနွေး စွာ စီးဆင်းနေတာကို မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်နှစ်သက်မိတဲ့ ကဗျာတစ်ပုဒ် ဖြစ်တဲ့ ချောင်းဆိုးခြင်း မှာ ရှောင်လွှဲလို့မရတဲ့ ခေတ်ရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင် ထဲက တစ်ခုကို သူရှုမြင်ထားပုံဟာ အကောင်းဘက်က ဖြစ်ဟန်တူ တယ်လို့ မှတ်ချက် ပေးမိပါတယ်။ ကြည့်ပါဦး သူရေးထားပုံတစ်ခု-
ခေတ်ရဲ့ပြောင်းလဲစီးဆင်းမှုမှာ
နောက်ပေါက်ကလေးတွေ အကုန်ကံကောင်းကြတယ်ဆိုတဲ့ စကားလိုမျိုး တဲ့လေ။(ချောင်းဆိုးခြင်း မှ)
တစ်လမ်းမောင်း ကဗျာကတော့ ကဗျာဖန်တီးမှုရဲ့ သိမှုဆိုင်ရာ ရှုပ်ထွေးမှု ကို လက်ခံထားရတဲ့ ကဗျာဆရာရဲ့ အနေအထားကို မြင်တွေ့နေရတဲ့ ကဗျာဖြစ်ပါ တယ်။ ရှုပါ -
ရေးပြီးသားကဗျာတစ်ပုဒ်ကို ဖတ်ပြီးချက်ခြင်းဖျောက်ဖျက်ပစ်လိုက်ဖို့နဲ့
ဘာသာစကား၊ အငြင်းဝါကျနဲ့ စာမျက်နှာပေါ် ဆက်လက်ငြင်းခုန်ခြင်း မပြုလိုက်မိစေဖို့
(တစ်လမ်းမောင်း မှ)
ကဗျာအကြောင်းမပြောရရင် ကဗျာဟာ ဒီကနေ့ကဗျာနဲ့ ကဗျာဆရာ တစ် ယောက်တွေ့ကြုံရတဲ့ ဖြစ်စဉ်ထဲက တစ်ခုပါ။ အလွန်စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ (ကျွန်တော်တော့ စိတ်ဝင်စားတယ်)။
အခြားစာမျက်နှာတစ်ဖတ်မှာ
လေထက်ပေါ့ပါးလွန်းလို့ လိုက်ဖမ်းနေရတဲ့ကဗျာ
အရသာဟာ ပေါ့နေတယ်၊ ပျက်နေတယ်၊ ပျောက်နေတယ်
နမိတ်ပုံကေ၀၀ါးနေတယ်၊ ထွေပြားနေတယ်၊ ရွေ့လျားနေတယ်
(ကဗျာအကြောင်းမပြောရရင် မှ)
နာရီစားသူများ ကဗျာမှာ မင်းနဒီခရဲ့ စကားလုံးသုံးစွဲတတ်မှုနဲ့ အဓိပ္ပာယ် စီးဆင်းမှု ကစားထားပုံတို့ကို တွေ့ရပါတယ်။ ။ ရှုပါ -
စနေနေ့ ညကိုးနာရီ။ လူမနေသည့် အိမ်ပျက်ကြီးထဲမှ ဆယ်နှစ်နာရီမထိုးခင် သုံးမိနစ်။
သက်ကြီးခေါင်းချ။ သူငယ်အိပ်ချိန်။ အဲဒီနာရီက အရိုးနည်းနည်းများတယ်။ ခင်ဗျားဆာနေပြီလား သုံးမိနစ်စောင့်။
(နာရီစားသူများ မှ)
တစ် နေရာမှ တစ်နေရာ ကဗျာထဲမှာ လူငယ်တစ်ယောက်ရဲ့ ဂျစ်ကန်ကန် နိုင်မှု နဲ့ တစ်စုံတစ်ခုကို မခံချင်စိတ် ဖြစ်နေပုံကို တွေ့ရပါတယ်။
ကုန်ကုန်ပြောမယ် လူစုံရင် ခင်ဗျားလှမ်းကြည့်တဲ့ မျက်လုံးက
ဝါကျတစ်ကြောင်းကို အကဲခတ်နေတာလား အမဲဖျက်နေတာလား
(တစ် နေရာမှ တစ်နေရာ မှ)
ကဗျာအကြောင်းပြောရရင် တစ်ထောင့်တစ်ည ကုန်နိုင်ဖွယ်မရှိလို့ ထင်မိပါတယ်။ ဒီကဗျာအရ သေချာမှု တစ်ခု ကတော့ ကဗျာဆရာဟာ ဒီကနေ့ကဗျာကို ပိုကောင်းစေချင်တဲ့သူ စ်ယောက်ဖြစ်တယ် ဆိုတာပါပဲ။ မွေးနေ့ ကဗျာက တော့ ချစ်စဖွယ်ကောင်းပြီး လှပတဲ့သင်္ကေတတစ်ခုကို တွေ့ရတယ်။ ကဗျာဖတ်သူကိုယ်တိုင် ကဗျာထဲ ၀င်ရောက်သွားစေ နိုင်အောင် မင်းနဒီခက ဖန်တီးထားပါတယ်။
တနလာင်္ရဲ့ မွေးခန်းထဲက ထွက်ပေါ်လာတဲ့ အရာ
အဖြူရောင်ပိတ်စနဲ့ သပ်ရပ်စွာ ထုပ်ပိုးထားတဲ့ အော်သံဟာ
ခင်ဗျားလား ကျွန်တော်လား (မွေးနေ့ မှ)
ဒီအတိုင်းသာဆို တို့တွေအားလုံး နဲ့ မီးခိုးများ ကဗျာနှစ်ပုဒ်ကတော့ ကိုယ့် ကိုယ်ကို ဘာလဲဆိုတာ သိအောင် ပြန်ကြိုးစားနေရတဲ့ ဒီကနေ့ ခေတ်လူသား တစ် ယောက်ရဲ့ ဘ၀ဖြစ်ထွေကို ခင်းကျင်းပြသထားတာ တွေ့ရရဲ့။
ဘယ်အရာဟာ ဘာအရသာလဲဆိုတာကိုတောင်မေ့လို့
အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေချိန်
ငါတို့တွေဟာ စိတ်အနည်ထိုင်ချိန်ကိုစောင့်စား
ကဗျာလဲ မရေးဖြစ် ကဗျာအကြောင်းလဲ မစဉ်းစားဖြစ်
(ဒီအတိုင်းသာဆို တို့တွေအားလုံး မှ)
တစ်နေ့တစ်နေ့ လူပီသရဲ့လား ဆိုတဲ့ မေးခွန်းမှာ ငါ့ကိုယ်ငါပြန်မရ
ငါတူးထားတဲ့ တွင်းနက်နက်ထဲ ငါ့ဘာသာ ငါပြန်ပြုတ်ကျ
(မီးခိုးများ မှ)
တစ်ယောက်တစ်လမ်း ကဗျာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းချက်၊ ကိုယ်ပိုင်သဘော သဘောဝတစ်ခုနဲ့ ရှင်သန်ရတဲ့ လူ့အဖြစ်ကို၊ ကဗျာဆရာအဖြစ်ကို သိမ်မွေ့စွာ ဖော်ကျူး ထားပါတယ်။ မင်းနဒီခရဲ့ ကဗျာစာအုပ် ဒီ ပိုးသားရောင် ပင်လယ် လမ်းမှာ အကြိုက်ဆုံး အရေးအသားအဖြစ်ထုတ်နှုတ်ပြလိုပါတယ်။ ဖတ်ကြည့်ပါ။
သင်ရေးတဲ့ ကဗျာအားလုံးက
သင့်အား ခွင့်လွှတ်ကြောင်း သတင်းစာကြော်ငြာ
(တစ်ယောက်တစ်လမ်း မှ)
ပိုးသားရောင် ပင်လယ်လမ်းကဗျာစာအုပ်မှာ ဘာကြောင့် ဒီအရေးအသား ကို အကြိုက်ဆုံးလို့ ပြောရသလဲ ဆိုရင် ကဗျာဟာ လူသားကို နာကျင်စေတတ်ပြီး အဲဒီ နာကျင်မှုကိုပဲ နှစ်သက်နေစေမိတာကြောင့်လို့ အဖြေပေးရမှာ ဖြစ်ပါတယ်။ ရောက်တတ်ရာရာဘာလဲတစ်ခုခု ကဗျာမှာတော့ နေ့စဉ်ဘ၀တစ်ခုရဲ့ အဆီငေါ်မတည့်မှုကို သရော်တော်တော် တင်ပြ ထားပြီး အဲဒီတင်ပြထားမှု အတွင်းသားထဲမှာပဲ ထူးဆန်းတဲ့ ပျော်ရွှင်မှုကလေးတစ်မျိုးရှိနေသလို ထင်မှတ်ရစေပါတယ်။
မေးဖျားတွေ တဆတ်ဆတ်နဲ့ နေလို့မကောင်း ထိုင်လို့မကောင်း
လမ်းထလျှောက်တော့ ခြေထောက်ညောင်းတယ်
ထိုင်နေတော့ ခါးညောင်းတယ်
စာအုပ်အဟောင်းတွေ ပြန်ဖတ်တော့ ခဏ ခဏ နောက်ကျောတတ်
(ရောက်တတ်ရာရာဘာလဲ တစ်ခုခု မှ)
တို့နှစ်ယောက်မပါတဲ့ ဇာတ်လမ်းဟာ ခေတ်ပေါ်ကဗျာဟန် ကဗျာတစ်ပုဒ် ဖြစ်တယ်။ ဖတ်ရှုသူတွေကို အထူး တလည် ဆွဲဆောင်ဖို့ ကြိုးစားတဲ့ ကဗျာဆရာရဲ့ အားထုတ်မှုကို ထင်ထင်ရှားရှား မြင်တွေ့ရပြီး စကားလုံးသုံးစွဲပုံနဲ့ အကြောင်းအရာ အံဝင်ခွင်ကျ ဖြစ်အောင် ဖန်တီးမှုဟာ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ကဗျာဖတ်သူရဲ့ အမှတ်သညာကို နှိုးပေးပြီး တစ်ခုနဲ့တစ်ခု ဆက်စပ်ပေးကာ ပိုကောင်းတဲ့ သိမှုကို ဖြစ်ပေါ်စေတဲ့ ခေတ်ပေါ်ကဗျာရဲ့ သဘောသဘာဝကို အပြည့်အ၀မြင်တွေ့ရတဲ့ ကဗျာတစ်ပုဒ်ပါ။ B13 ကဗျာကတော့ အသင့်ရှိပြီး Art Work တစ်ခုကို ကဗျာဖြစ်အောင် ပြောင်းလဲဖန်တီး ပြလိုက်တဲ့ မင်းနဒီခရဲ့ကဗျာမှုကို ကောင်းကောင်းထိတွေ့ခွင့်ရလိုက်တဲ့ ကဗျာတစ်ပုဒ်ပါ။ ကဗျာ ဆရာ တွေဟာ မေတ္တာတရားကြီးသူတွေလို့ ဆိုကြပါတယ်။ ကြားဖူးတာတစ်ခုကို တဆင့်ပြန်ပြောပြရရင် ဘင်္ဂါလီကဗျာဆရာကြီး ရာဘင်ဒြာနာ့သ်တဂိုးဟာ မေတ္တာ တရား ကြီးမားသူတစ်ယောက်ဖြစ်တာကြောင့် သူထိုင်နေစဉ် ငြိမ်သက်နေစဉ်မှာ ပျံသန်း နေတဲ့ ငှက်ကလေးတွေ သူ့ကိုယ်ပေါ်မှာ လာနားကြတယ်တဲ့။ မင်းနဒီခရဲ့ ငြိမ်သက် တစ်မိနစ် ကဗျာမှာ ကဗျာဆရာ တစ်ယောက်ရဲ့ မေတ္တာတရားကို မြင်တွေ့ရရဲ့။ ပုံရိပ်တွေ မြင်လာအောင် အသံတွေကြားလာအောင် ရေးဖွဲ့ထားပုံဟာ နှစ်သက်စဖွယ် ကောင်းလှတယ်။ ကဗျာဆရာကောင်းတစ်ယောက်မှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ ဘာသာစကားကို ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးပြုတတ်မှုရှိပုံကိုလည်း တွေ့ရတယ်။
ငါလဲ ဘာတတ်နိုင်မလဲ
အားလုံးတစ်မိနစ်ငြိမ်ဆိုလို့သာ ငြိမ်ပေးလိုက်ရ
အဆောက်အဦး အပျက်အစီးတွေကြားက မိန်းမလှလေးတစ်ယောက်ရဲ့ ငိုသံ
(ငြိမ်သက်တစ်မိနစ် မှ)
ငါ့သစ်ရွက်များ၊ ဘယ်လိုဖြည့်ဖြည့် မပြည့်ဘူးလား ကိုပြည့်၊ အခြား အခြားသောအကြောင်းအရာများ နှင့် အခြား၊ ဟိုလိုလို ဒီလိုလို သူလိုလို ကိုယ်လိုလို ပြီးတော့လဲ ခင်ဗျား စတဲ့ ကဗျာတွေဟာ မင်းနဒီခရဲ့ စမ်းသပ်မှုတွေပါပဲ။ မအောင်မြင်ရင် အမှားအယွင်းတစ်ခုဖြစ်သွားပြီး အောင်မြင်ရင် နည်းလမ်းတစ်ခု ဖြစ်သွားနိုင်တဲ့ ကဗျာအမျိုး အစားတွေပါ။ မင်းနဒီခဟာ ဘာသာစကားကိုတန်ဖိုးထားသူ ကဗျာဆရာတစ်ယောက်ဖြစ်ပြီး ဘာသာစကားကို အသုံးပြုကာ ကဗျာအသစ် ဖြစ်ထွန်းမှုအတွက် စမ်းသပ်မှုတွေ ပြုလုပ်နေတဲ့ ကဗျာဆရာ လည်း ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ သူ့မှာ မေတ္တာတရား ရှိ တယ်။ သူ့မှာ ရိုးဖြောင့်မှုရှိတယ်။ သူ့မှာ နာကျင်မှု ရှိတယ်။ သူ့မှာ အကောင်းမြင်စိတ် ရှိတယ်။ သူ့မှာ အသစ်ဖန်တီးလိုစိတ် ရှိတယ်။ မင်းနဒီခတစ်ယောက် ပိုးသားရောင် ပင်လယ်လမ်းကနေ ဘယ်ဝယ်ဆီအထိ ဆက်လက်ထွက်ခွာသွားမလဲလို့၊ ရောက်ရှိသွားလေမလဲလို့
နေမျိုး
၂၀၁၁.၁၀.၈
(ညနေ ၆း၂၅ နာရီ)
....... ။

No comments:
Post a Comment