အနုပညာ
အနုပညာရဲ့ အဓိပ္ပာယ်အတိမ်အနက်ဆိုလိုချက် ဖွင့်ဆိုချက်များဟာ အခုအချိန်အထိ တိကျတဲ့ သတ်မှတ်ချက် ဆိုတာ မရှိသေးပါဘူး။ အနုပည ဆိုတာ ပင်လယ်ကြီးဆိုရင် အဲဒီပင်လယ်ကို ဘေးကနေရပ်ကြည့်ရင် ပင်လယ် ကိုမြင်ရပြီ ဆိုနိုင်ပေမယ့် ပင်လယ်ရဲ့ အတိမ်အနက်၊ ပင်လယ်ထဲမှာ ရှိတဲ့ သက်ရှိသတ္တ၀ါ၊ ပင်လယ်ထဲမှာ ရှိတဲ့ အပင်တွေ ၊ သက်ရှိ ပိုးမွှားတွေရဲ့ သဘောသဘာဝဓလေ့စရိုက်တွေကို မသိရှိနိုင်သလို အနုပညာဆိုတာကိုလည်း မသိရှိနိုင်ပါဘူး။ ဆရာ ဦးအောင်သင်းကတော့ အနုပညာဆိုတာ အတုတဲ့။ ဆရာဦးရွှေအောင်ကတော့ ကြိုးကိုမြွေလို့ ထင်ယောင်ထင်မှား ဖြစ် အောင်ပြုလုပ်တဲ့ အလင်းအမှောင်တဲ့။ ဆရာခင်ဝမ်းကတော့ အနုပညာ ဆိုတာ သင်ကြားလို့မရတဲ့ စွမ်းရည်တဲ့။ လူ တစ်ယောက်ရဲ့လက်ရေးလိုပဲ တဲ့။ အနုပညာဟာ ပန်းချီသမားတစ်ယောက်ရဲ့ ပုဂ္ဂလိကဈာန်သဘောမျိုး ဖြစ်တယ် တဲ့။ ပန်းချီ သမားတစ်ယောက်ရဲ့ မွတ်သိပ်မှုကနေပြီး ပေါက်ဖွားလာတဲ့ စိတ္တဇ သဘောပဲ ဖြစ်တယ်တဲ့။
ဆရာသစ္စာနီကတော့ အနုပညာဆိုတာ အနုပညာရှုင်က ဒါအနုပညာ (Art Work) ပဲလို့ ပြောတဲ့ အရာဟာ အနုပညာလို့ လက်ခံချင်တယ် တဲ့။ ဥပမာ ဒူးရွှန့်က ပြောရင် ကြွေကမုတ်ဆီးခွက်ကြီးဟာ Fountain ဆိုတဲ့ အင်စတော် လေးရှင်း အနုပညာပေါ့တဲ့။ ဘာငြင်းစရာရှိသလဲတဲ့။ ဒီလိုပဲ ကင်းပတ်စပေါ်ကို ပီကာဆိုက တံတွေးထွေးပြီး ဒါပန်းချီကား ပဲလို့ ပြောရင်လည်း လက်ခံရမှာပဲတဲ့။ တစ်ခုတော့ရှိတယ်။ အဲဒီလူဟာ ဒူးရွှန့်လို ပီကာဆိုလို စစ်မှန်တဲ့ အနုပညာသမား ဖြစ်ဖို့တော့ လိုတာပေါ့ တဲ့။
အနုပညာမှာ ထင်မြင်ချက် ယူဆချက်တွေကလည်း အများကြီးပါ။ ဥပမာ-နားလည်ခြင်း နားမလည်ခြင်းပြဿနာ။ နားလည်မှ ခံစားနိုင်တာ လား ။ နားမလည်လည်း ခံစားနိုင်တာလား။ နားမလည်လည်း ခံစားနိုင်တာတွေ ရှိ ပါတယ်။ ဥပမာ-ငှက်ကလေးတွေရဲ့အသံ၊ စမ်းချောင်းကလေးရဲ့ စမ်းရေ စီးသံ။
ဆရာပေါ်ဦးသက်ဟာ ဆရာခင်ဝမ်းရဲ့ တောကျီးကန်းကလေး ပန်းချီကားကို ဝေဖန်ရာမှာ ၎င်းပန်းချီကားမျိုး ကြည့်ရှုခံစားရာတွင် အတန်မျှသော ဗဟုသုတရှိရတဲ့ အကြောင်း၊သဘာဝနဲ့ ပန်းချီပညာတို့ ကူလူးယှက်နွယ်ကြပုံကို ရိပ်စားမိရသည့်အကြောင်း၊ ဒီလိုမှသာ ဒီပန်းချီကားလို ညဏ်အမြင်ပန်းချီကားမျိုး၏ ရသကို ခံစားနိုင့်မည့်အကြောင်း ပြောပြ ထားပါတယ်။
ဆိုလိုတာက အနုပညာမှာလည်း ၀မ်းစာရှိဖို့ ပါပဲ။ Art for Art’s Sake အနုပညာဆိုတာ အနုပညာခံစားနိုင်သူ အတွက်ပါ} လို့ ဆရာ ထင်လင်း ပြောခဲ့ဖူးပါတယ်။ အနုပညာကို ဘာကြောင့်တန်ဖိုးထားနေကြပါသလဲ။ အနုပညာမှာ အနုပညာတန်ဖိုးကလွဲပြီး ဘာမှ မရှိပါဘူး။ အနုပညာ တန်ဖိုးမှာ အချက် တစ်ချက် က နှစ်သက်ကြည်နူးမှုပေးနိုင်ခြင်းပါပဲ။
ကဗျာအရွေ့
ခေတ်ပေါ်ကဗျာဟာ သူ့ခေတ်များရဲ့ နောက်ခံသမိုင်းကြောင်းများ အလိုက် ရွေ့လျားနေပါတယ်။ ဂန္တ၀င်ခေတ်၊ ခေတ်စမ်းစာပေခေတ်၊ မိုးဝေ ခေတ်၊ ယနေ့ကဗျာခေတ်ဆိုပြိးသတ်မှတ်နိုင်ပါတယ်။ ဆရာသစ္စာနီကတော့ `ခေတ်စမ်းဟာ ကမ္ဘာမှာ ရီနေဆန့်ခေတ်က မွေးထုတ်လိုက်တဲ့ ရိုမန်တစ်ဝါဒ စာပေ လှုပ်ရှားမှု ဖြစ်ပါတယ်။ စာပေသစ်ကတော့ စက်မှု အရေးတော်ပုံက မွေးထုတ်လိုက်တဲ့ လက်ဝဲ၀ါဒ နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပါတယ်။ မျက်မှောက် ခေတ် အနုပညာကတော့ အိုင်တီနည်းပညာနဲ့ ဂလိုဘယ်လိုက်ဇေးရှုင်း သဘောတရားက မွေးထုတ်လိုက်တဲ့ အနုပညာဖြစ်ဖို့ သေချာနေပါပြီ´လို့ ဆိုပါတယ်။
ကဗျာပုံသဏ္ဍာန်တွေဟာ ပြောင်းလဲလို့နေပါတယ်။ ဒွေးချိုး၊ လေးချိုးကနေ လေးလုံးစပ်ကဗျာ၊ လေးလုံးစပ် ကဗျာကနေ လေးလုံးစပ်ကို ချဲ့ထွင်ပြီး ရေးလာကြတယ်။ ခုနှစ်လုံးရှစ်လုံးထိ ချဲ့ထွင်လာရာကနေ အလုံးရေအကန့် အသတ် မရှိ ရေးလာကြတယ်။ ကာရန်ဆိုတာထက် ရစ်သမ်ကို အားပြုရေး လာကြတယ်။ ကဗျာရဲ့ စည်းကမ်းတွေထက် ခံစားမှုကို ရောက်တဲ့နည်းလမ်းတွေကိုသာ သုံးလာကြတယ်။ အဲဒီလို ဘာကြောင့်ဖြစ်လာသလဲဆိုတော့ ရှိနေတဲ့ ကဗျာတွေကို ငြီးငွေ့လာရတာလည်း အကြောင်းတစ်ကြောင်းလို့ ထင်ပါတယ်။ နောက်တစ်ကြောင်းက ကဗျာမှာ ခံစားမှုကို ဖော်ထုတ်ဖို့ အတွက် စကားလုံးကိုသာ အားကိုးစရာရှိနေလို့ပါပဲ။ နီယိုမော်ဒန်၊ ပို့စ်မော်ဒန် ဆိုပြီး ကဗျာနည်းနာတွေ ပေါ်ထွန်းဖြစ်ထွန်း စီးဆင်းနေပါတယ်။ အနုပညာဆိုတာ စီးဆင်းနေတဲ့အတွက် နောက်ထပ်နည်းပညာအသစ်တွေနဲ့ ကဗျာခံစားမှုတွေ ဟာ လည်း ဖြစ်ပေါ်နေဦးမှာပါပဲ။
ပိုးသားရောင်ပင်လယ်လမ်း
(က)တစ်ပိုင်းတစ်စမှတ်တမ်း
၂၀၀၅ ခုနှစ်မှာ မင်းနဒီခနဲ့ စတင်မိတ်ဆွေဖြစ်ခဲ့ပါတယ်။ ကျွန်တော့် အောက် နှစ်ပေါင်း ၃၀ လောက်ငယ်တဲ့ ကဗျာဆရာတစ်ယောက်နဲ့ မိတ်ဆွေ ဖြစ်ရခြင်းပါပဲ။ ကဗျာဆရာလို့ ပြောရခြင်းဟာ အဲဒီအချိန်မှာ သူ့ကဗျာ တွေအရ ကဗျာဆရာအဖြစ်ရှိနေတယ်ဆိုတာ သိရလို့ပါပဲ။ မဂ္ဂဇင်းပေါ်မှာ ပါတာ၊ ပုံနှိပ်ပြီး ဖြစ်တာမဖြစ်တာက တခြားပါ။ ကဗျာ ဆရာဟာ ကဗျာရေးဖြစ်နေရင်ပဲ သူ့အနုပညာအလုပ်ကို အကောင်းဆုံးလုပ်နေတယ်လို့ဆိုရမှာပါပဲ။ ကျွန်တော့် အောက် နှစ်ပေါင်း၃၀ လောက်ငယ်တယ်ဆိုတော့ ကျွန်တော်နဲ့ အတွေးအခေါ် အယူအဆ နေပုံထိုင်ပုံတို့ဟာ အထိုက်အ လျောက် ကွာခြားမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ခေတ်ကဗျာဆရာတွေကတော့ လွယ်အိတ် လွယ်တယ်။ သူကတော့ လူပုံ ချောချောနဲ့ ကုမ္ပဏီဝန်ထမ်းတွေ လွယ်တတ်တဲ့ အိတ်နဲ့။ ကျွန်တော်တို့ ဖြတ်သန်းခဲ့တာက မက်စ်၊ လီနင်၊ မော်စီတုန်း အတွေးအခေါ်၊ တော်လှန်စာပေ၊ မိုးဝေမဂ္ဂဇင်း၊ မြသန်းတင့်၊ ဗန်းမော်တင်အောင်၊ ကြည်အေး၊ တက္ကသိုလ်ဘုန်းနိုင်၊ မောင်သာရ၊ ရှုမ၀၊ ရုပ်ရှင်ပဒေသာ၊ ရုပ်ရှင်မျက်မှန် အစရှိသည်တို့။ သူဖတ်ရှုတဲ့ စာအုပ်တွေက တာရာမင်းဝေ၊ နီကိုရဲ၊ မင်းခိုက်စိုး စံ၊ မင်းလူ၊ နွမ်ဂျာ သိုင်း၊ နေနော်၊ ကိုငြိမ်း (မန္တလေး)၊ နေမျိုး အစရှိသည်တို့။ သူဖြတ်သန်းတဲ့ ခေတ်က ဂလိုဘယ်ခေတ်၊ အိုင်တီခေတ်။ သူဖြတ်သန်းနေတဲ့ မဂ္ဂဇင်းခေတ်က ယေဘုယျပြောရရင် ကွာလတီ မဂ္ဂဇင်းခေတ်။ ခေတ်အခြေအနေနဲ့ ရရှိပိုင်ဆိုင်တဲ့ဘ၀ ခြားနားနေရင် ကဗျာတွေလည်း ကွာခြား လာမှာပါပဲ။
(ခ) ကဗျာတွေက ပြောတဲ့ စိတ်ညွှတ်နူးမှု
ကဗျာဆိုတာ
လူ့စဉ်းစားဥာဏ်ရဲ့ ပဲ့တင်သံ
လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ
လူ့စိတ်ဓါတ်ရဲ့ မြည်ဟီးသံ
လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ
ကဗျာဆိုတာ
ကျွန်မတို့ရဲ့ ရုန်းကန်သံပါပဲ
( ကဗျာဆိုတာ)အောင်ဆန်းစုကြည်
ရနံ့သစ်မဂ္ဂဇင်း၊ အောက်တိုဘာ၊၂၀၁၁
မင်းနဒီခဟာ ဘာတွေကို စိတ်ညွှတ်နူးခဲ့သလဲ။ သူ့ခေတ်ရဲ့ ရရှိမှုကို သူဘယ်လိုတုံ့ပြန်ခဲ့သလဲ။ သူ ဘယ်လို ပဲ့တင် ထပ်ခဲ့သလဲ။ သူဘယ်လို ခုန် လှုပ် ခဲ့သလဲ။ သူဘယ်လို မြည်ဟီးခဲ့သလဲ။ သူဘယ်လိုရုန်းကန်ခဲ့သလဲ။
ကဗျာတစ်ပုဒ်ကို ဒီကဗျာဟာဖြင့် ခေတ်ကို ကိုယ်စားပြုတယ်။ ဒီကဗျာဟာဖြင့် ဘ၀ကို ကိုယ်စားပြုတယ်။ ဒီကဗျာ ဟာဖြင့် သူပြောချင်တဲ့ နိုင်ငံရေးအဓိပ္ပာယ်ကို ဆိုလိုတယ်လို့ ပုံသေပြောလို့မရပါဘူး။ လူတစ်ယောက် ရဲ့ ဘ၀ဟာ အဲဒီ အဓိပ္ပာယ်တွေ အားလုံးနဲ့ ရက်ယှယ်နေလို့ပါပဲ။ ဒါပေမဲ့ သူ့ကဗျာတွေအကြောင်းပြောရင်ဖြင့် ထင်သာမြင်သာရှိအောင် ထူးခြားချက်ကလေးများဖြင့် ပြောရမှာ ဖြစ်ပါတယ်။ ဥပမာ- ခေတ်ကိုထင်ဟပ်တဲ့ ကဗျာများ (မှန်ကူကွက်များ၊ ရေနည်းငါး၊ ရေလိုက်ငါးလိုက်)၊ နိုင်ငံရေးအဓိပ္ပာယ် ကဗျာများ (ဘဂ္ဂဒက်၊ B13၊ ငြိမ်းချမ်းရေး၊ စစ်)၊ ဘ၀ကဗျာများ (နာရီစားသူများ၊ မိမိကိုယ်ကိုယ်ပျော်ဝင်ခြင်း၊ ဧရာဝတီပေါ်မှ သမုဒ္ဒရာများ)၊ ကဗျာကို ကဗျာပြန်ဖွဲ့ထားတဲ့ ကဗျာများ (ပျက်ကျသွားတဲ့ ကဗျာ၊ ချောင်းဆိုးခြင်း၊ အသစ်တဖန်၊ ကဗျာကို ဘယ်လိုရေး)၊ မိသားစုကဗျာများ (သားသားလေးလား မီးမီး၊ ပိုးပိုး၊ မိသားစု ကဖေးရဲ့ လွတ်နေသော ထိုင်ခုံလေးအကြောင်း) အစရှိသည်တို့ဖြစ်ပါတယ်။
(ဂ) သူ့ရဲ့ အရေးအသား
ယေဘုယျအားဖြင့် အဲဒီလိုပိုင်းခြားထားပေမဲ့ သူ့ကဗျာကို သူဘယ် လိုဖွဲ့သလဲ။ အဲဒါဟာ သူ့အနုပညာ ဖြစ်ပါတယ်။ ကောက်ချက်တွေ များပြားနေမှာဖြစ်တဲ့အတွက် အချို့ကိုပဲ ကောက်နှုတ်ဖော်ပြပါမယ်။
ခေတ်ကိုက အတူတူမြင်ပေမဲ့
အမြင်တွေ မတူတော့တဲ့ ခေတ်
(မှန်ကူကွက်များ)
နေသားတကျချည်နှောင်မှုမှာ
ချည်နှောင်မှုဟာ နေသားတကျ
(မိမိကိုယ် ကိုယ်ပျော်ဝင်ခြင်း)
တငွေ့ငွေ့ ငွေ့ လောင်ကျွမ်း မီးခိုးအစ မီးခိုးအဆုံး
မီးခိုးများ ဟုန်းကနဲ တက်လာပြီးနောက်
သေတ္တာထဲက မိန်းကလေးပျောက်သွားပြီ။ ဟာသ
မျက်လှည့်လိုလို မလှည့်လိုက်သလိုလို
ပြီးခဲ့တဲ့ နှစ်သုံးဆယ် နောင်လာမယ့် နှစ်သုံးဆယ် ။ ခဏ
ပြာစများ လေထဲလွင့်ပါသွားသည်။ သို့မဟုတ်
ပြာစများ ရေထဲမျောပါသွားသည်။ တစစ
(မီးခိုးများ)
မောင်သာနိုးမီးညှိပေးတဲ့ မာရင်ဆောရက်စကူးရဲ့ ဆေးလိပ်လား
မောင်ယုပိုင်ရဲ့ ကလဲ့စားချေတတ်တဲ့ ဆေးလိပ်လား
ဥတ္တရာအောင်ရဲ့ လျှော့ရင်းလျှော့ရင်း ဖြတ်သွားရမယ့် ဆေးလိပ်လား
(ခင်ဗျားသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ)
ခေါင်းတခါခါ လည်တခါခါ တမျှော်တခေါ်စာဝေးဝေး
ငေးတယ် မြူခြေဆိုင်းဆိုင်း မှိုင်းမှိုင်းညှို့ ညှို့
ကဗျာဆရာ ကဲနက်စ်ကို့ခ်ရဲ့ လေသံအတိုင်းပြောရရင်
လမ်းတစ်လမ်းက နောက်လမ်းတစ်လမ်းကို ကွယ်ရင်ကွယ်နေလိမ့်မယ်
တောင်တစ်လုံးက နောက်ထပ်တောင်တစ်လုံးကို ကွယ်ရင် ကွယ်နေလိမ့်မယ်
မြို့တစ်မြို့က နောက်မြို့တစ်မြို့ကို ကွယ်ရင် ကွယ်နေလိမ့်မယ်
(သစ်ပင်များကြားမှ စောင့်ကြည့်ခြင်း)
မိုးကြိုးလျှပ်စီးတွေ တဖျတ်ဖျတ်
အသိုက်ပြောင်းငှက်တို့ရဲ့ အတောင်ပံခတ်သံတဖျတ်ဖျတ်
တဖျတ်ဖျတ်နဲ့ ဖျတ်ဖျတ်လူးနေတဲ့ အရာတွေ ဖျက်ကနဲ ပျောက်ကွယ်သွားတဲ့အခါ
ဘ၀ဆိုတာလဲ
ဖျတ်ကနဲ ဖျတ်ကနဲနဲ့ ဖျတ်ဖျတ်လူးပြီး ပျောက်ကွယ်သွားကြတာပဲလို့ ခံစားမိလိုက်ရ
(တံလျပ်များ)
အရွေ့ဟာ ဘေးတိုက်ရွေ့တယ်။ အထက်အောက်ရွေ့တယ်။ စက်ဝိုင်းတစ်ခုလို ရွေ့ တယ်။ လေးထောင့်စပ်စပ်ရွေ့တယ်။ သမရိုးကျရွေ့တယ်။ မရိုးမသားရွေ့တယ်။ ဆင်မယဉ်သာ ရွေ့တယ်။ ကဆုန်ပေါက်ရွေ့တယ်။ တိုးတိုးတိတ်တိတ် ရွေ့တယ်။
(အရွေ့)
ဇာတ်ပေါင်းသော် ဘုရားအလောင်းနဲ့/ ပါးစပ်/ဟောင်းလောင်း/ရာဇ၀င်/သူ့ကိုယ်ပင်လျှင် ဘာထင်လေမသိနဲ့/ အချက် သိတော့ သူခိုးသမက်ထင်/ မြင်မြင်လေရာ ငါ့ရွှေခွက်များ/တရားလား/မတရားလား/ဒီလိုနဲ့/ ပြီးခဲ့ / စက္ကန့်များ
(ငါ့သစ်ရွက်များ)
(ဃ) ပင်လယ်ကို ဘယ်လိုဖြတ်မလဲ
`အဲဒီအချိန်မှာ မော်ဒန်ကဗျာဟာ အရှိန်အဟုန်နဲ့ ပေါက်ကွဲနေတဲ့ ကာလ ဖြစ်တယ်။ မော်ဒန်ကဗျာ ဖြစ်ထွန်း လာတာ ဆယ်စုနှစ်တစ်ခု မရှိတရှိ ကာလပေါ့။ အဲဒီကတည်းက မော်ဒန်ကဗျာကို ကျွန်တော်ငြီးငွေ့စပြုနေပြီ။ တခါတရံ ကျွန်တော် တို့ ခံစားချက်တစ်ချို့ ကျွန်တော်တို့ အနုပညာယူဆချက်တစ်ချို့ကို တင်ပြဖို့ လက်ရှိအသုံးပြုနေတဲ့ မော်ဒန် ကဗျာရဲ့နည်းနိဿယတွေ အတတ်ပညာ တွေဟာ မလုံ လောက်တဲ့အကြောင်း အတွေ့အကြုံအရ သိရှိနေခဲ့ပြီ´
သစ္စာနီ( ကဗျာနိဂုံးချုပ်ပြီ)စာ-၂၀
မင်းနဒီခရဲ့ ကဗျာတွေကို ကြည့်ရင် သူ့ ကြိုးစားမှုကို အထင်းသား မြင်နိုင်တာကို တွေ့ရပါတယ်။ မော်ဒန်ကဗျာ အဖြစ်အမှတ်ထင်ထင် တွေ့မြင်ရတာကတော့ မိသားစုကဖေးရဲ့ လွတ်နေသော ထိုင်ခုံလေးတစ်လုံးအကြောင်း ကဗျာ ဖြစ်ပါတယ်။ အဲဒီမှာ ခေတ်အခြေအနေ၊ အကြောင်းအရာ၊ ပုံသဏ္ဍာန်၊ အနုပညာမြောက်အောင် သုံးသွားတဲ့ အသုံးအနှုန်း တွေဟာ အဆင်ပြေလှပပါတယ်။
ကဗျာတွေကို ရေးရင်း ၊ ကဗျာပေါင်းချုပ်စာအုပ်တွေ၊ ကဗျာဆိုင်ရာ ဆောင်းပါးပေါင်းချုပ်စာအုပ်တွေကို သူ ဖတ်ဖြစ်ပါတယ်။ အဲဒီလိုစာအုပ်တွေကလည်း အခုအချိန်မှာ တော်တော်များများ ထွက်ရှိနေပါတယ်။ အထူးသဖြင့် သူဖတ် ဖြစ်ခဲ့တဲ့စာအုပ်တွေထဲမှာ ဇေယျာလင်းရဲ့ ဂျွန်အက်ရှဘရီနိဒါန်း၊ ချားလ်ဘန်စတိုင်းနဲ့ အင်တာဗျူးအရေးအသားများ၊ ကဗျာဘ၀ရှာတော်ပုံ၊ သစ္စာနီရဲ့ ကဗျာနိဂုံးချုပ်ပြီ၊ ခင်အောင်အေးရဲ့ ကင်းရှင်းတဲ့စိတ်ရဲ့ နှုတ်တိုက်ချပေးမှု စာကြောင်းရေ ငါးဆယ့်လေး အစရှိသည်တို့ ပါ ပါတယ်။
စာအုပ်တွေဖတ်ရင်း ၊ ကဗျာရေးရင်းနဲ့ နေလာတဲ့ မင်းနဒီခရဲ့ ကဗျာတွေကို ဖတ်ရတာဟာ သူတစ်ခုခုတွေ့ရှိ ခဲ့ပြီလို့ပဲ ပြောနိုင်တော့တယ်လို့ပြောရမလား။ ဒါမှမဟုတ် တစုံတရာအဓိပ္ပာယ်ကို ဦးမတည်ပေမဲ့ တစုံတရာများဆီသို့ လို့ပဲ ပြောရ လေမ လား။ အဲဒီအဓိပ္ပာယ်နှစ်ခုလုံးကိုပဲ ပြောရလေမလား။ သူ့ ကြိုးစားမှုနဲ့ သူ ၊ သူ့အရေး အသား နဲ့ သူတော့ သူ့ကဗျာဟာ ဆန်းသစ်နေတယ်လို့ ထင်မိပါရဲ့။
မည်သို့ပင်ဖြစ်စေ ကဗျာဆရာတစ်ယောက်အဖို့ ကဗျာကို အဆက်မပြတ် ရေးနေခြင်း၊ ကဗျာကို အဆက်မပြတ် ဖတ်နေခြင်းသာလျှင် သူ့ရဲ့ ရှုင်သန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ကဗျာရေးခြင်း၊ ကဗျာဖတ်ခြင်းနည်းလမ်းကသာလျှင် ကဗျာ ဆိုင်ရာ အသစ်တွေ့ရှိနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။ ပိုးသားရောင်ပင်လယ်လမ်းဟာ နူးညံ့သလိုလိုရှိနေပေမဲ့ တစ်ခါတစ်ခါ ပင်လယ်ရဲ့ သဘာဝအရ မုန်တိုင်းထန် တတ်ပါတယ်။ ကဗျာရေးခြင်း၊ ကဗျာဖတ်ခြင်း တက်တွေ ရွက်တွေ အသုံးပြုပြီး မင်းနဒီခဟာ ပင်လယ်ကို ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
တစ်ခါတစ်ခါ လက်ပစ်ပဲ ကူးနေရတဲ့
မောင်ကြည်သာ(တောင်တွင်း)
No comments:
Post a Comment