Showing posts with label အမှာစာ. Show all posts
Showing posts with label အမှာစာ. Show all posts

Friday, June 9, 2017

ဖေဖော်ဝါရီ ၁၄ ကောင်းကင်

ဖေဖော်ဝါရီ ၁၄ ကောင်းကင်

ချစ်သူရေ
သံသယတိမ်တိုက်တွေကို နားလည်မှုနဲ့ ဖယ်ရှား
ဝမ်းနည်းမိုးသားတွေကို ဖြေသိမ့်ခြင်းလေပြေနဲ့ တွန်းထုတ်
လောကဓံတရားကို ရဲရဲရင်ဆိုင်လက်တွဲထား
အပြာရောင်နောက်ခံချစ်ခြင်းတရားမှာ
ရိုးသားဖြူစင်တဲ့ တိမ်တိုက်တွေသာရှိပါစေ

ချစ်သူရေ
ချစ်ခြင်းတရားဟာ အဆုံးမဲ့ကောင်းကင်
မြတ်နိုးမှုဟာ ရေတွက်မကုန်နိုင်တဲ့ ကြယ်စင်များ
ကမ္ဘာတည်မဲ့ သစ္စာတရားဟာ
တို့နှစ်ယောက်ကြားမှာ နေရောင်လို ထွန်းလင်းစေ
လရောင်လို အေးမြစေ

ချစ်သူရေ
ဤမှန်သော သစ္စာစကားနဲ့
ဆုတောင်းတိုင်းလည်း  ပြည့်ပါရစေ
ကြယ်တွေကို ကြိုးနဲ့သီ
ကောင်းကင်ကို ဖြန့်ခင်း
ပျော်ရွှင်ခြင်းတေးတစ်ပုဒ်နဲ့
မင်းခြေတော်ရင်းမှာ ခစား
ဘ၀ဆက်တိုင်း မင်းအပါးတော်မြဲဖြစ်ပါရစေ

မင်းနဒီခ



Wednesday, May 6, 2015

`ငွေခရု ဇေယျတု ကောင်းတဲ့ အမှုတွေနဲ့´ - စံညိမ်းဦး

`ငွေခရု ဇေယျတု ကောင်းတဲ့ အမှုတွေနဲ့´



၁။
 မြန်မာနိုင်ငံ စာပေသမိုင်းခေတ်တွေကို ကြည့်ပါက အင်မတန်စိတ်ဝင်စားစရာတွေ ရှိပါတယ်။ ဂန္ထ၀င်ခေတ်များလို့ ဆိုတဲ့ ထီးနန်းကြငှာန်းနဲ့ ဘုန်းတော်ဘွဲ့များအထူးပြုရာစု နောက်ပိုင်း မန္တလေးခေတ် ၁၈၈၅ ပါတော်မူချိန်က စလို့ ခေတ် တစ်ခုကို စတင်ခဲ့ပါတယ်။ သမိုင်းခေတ်များနဲ့ ဖြတ်သန်းအနုပညာရှင်များကြားက ပေါ်ထွက်လာတဲ့ စာပေဟာ မိုးပေါ်က ကျလာတာ မျိုးမဟုတ်ပါဘူး။ ခေတ်ကာလရဲ့ ရိုက်ခတ်မှုတစုံတရာနဲ့ အမြဲဆက်စပ်နေတာဟာ ဓမ္မတာပါပဲ။ ဗမာကဗျာရဲ့ လာရာဟာလည်း ထီးရိပ်နန်းရိပ်အောက်က ထွက်လာရာကနေ ကိုလိုနီခေတ်မှာ အတွေးအခေါ်စတင်ချဲ့ထွင်လာတယ်လို့ ယူဆကြပါတယ်။ အစဉ်အလာပုံသဏ္ဌာန်နဲ့ အစဉ်အလာတွေးခေါ်မှုများကနေ ရွေ့လျားလာခဲ့တာလည်း ဖြစ်ပါတယ်။ အစဉ်အလာပုံသဏ္ဌာန်ကို စွဲကိုင်ပေမယ့် ချဲ့ထွင်ခဲ့သလို အတွေးအခေါ်ဘက်မှာလည်း `လူထု´ အခြေပြုရကောင်းမှန်း သိလာခဲ့တာ ဖြစ်ပါတယ်။ မည်သည့်နိုင်ငံမဆို `အသစ်´ ဖန်တီးတာဟာ`လူငယ်´တွေဖြစ်ပါတယ်။ ဗမာကဗျာရဲ့ တိုး တက်မှုဟာလည်း အဲဒီခေတ် ဗမာလူငယ်တို့ရဲ့ ဆန်းသစ်မှု ကျေးဇူးပါပဲ။ ၀ံသာနုခေတ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ခေတ်စမ်းခေတ်မှာ မင်းသုဝဏ်၊ ဇော်ဂျီ၊ စာပေသစ်ခေတ်/ တာရာခေတ်မှာ ဒဂုန်တာရာ၊ မိုးဝေခေတ်မှာ မောင်လေးအောင်၊ မောင်သင်းခိုင် စသဖြင့်၊ ခေတ်ပေါ်ကဗျာ ၉၀ ခုနှစ်များမှာ မောင်ချောနွယ်၊ အောင်ချိမ့် စသဖြင့်၊ အဲဒီကနေမှ ယနေ့ကာလ ကဗျာခေတ်များကို တွေ့ကြရမယ် ထင်ပါတယ်။ ပိုင်းခြား ကြည့်မယ်ဆိုရင် ဗမာလူငယ်တွေဟာ အရေးတော်ပုံကြီးတွေကို ဖြတ်သန်းခဲ့ကြရပြီး အဲဒီခေတ် အရေးတော်ပုံကြီးတစ်ခုပြီးတိုင်း အတွေးအခေါ်ဆိုင်ရာများ ဖြစ်ထွန်း ကျယ်ပြန့်လာတတ်ကာ ဖန်တီးတဲ့ စာပေ/ ကဗျာအပေါ်မှာ ရိုက်ခတ်တယ်လို့ ယူဆချင်ပါတယ်။ ဘယ်လို အရေးတော်ပုံကြီးတွေကို ကြုံခဲ့ ဖြတ်သန်းခဲ့ ကြရပါသလဲဆိုတာဟာလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။

၂။
 ၁၈၈၅ ပါတော်မူနှောင်းပိုင်း ၀ံသာနုခေတ်ကို ဖြတ်သန်းရင်း တစ်စတစ်စရုန်းကန်ရင်း (က) (၁၉၃၈-၃၉ အထွေထွေ သပိတ်ကြီး) ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ (ခ) ၁၉၄၅ ဖက်ဆစ်တော်လှန်ရေး ဆိုတဲ့ ဖက်ဆစ်အရေးတော်ပုံကြီး နှစ်ရပ် ဟာဖြင့် လူငယ်များကြားမှာ အမျိုးသားရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဆိုရှယ်လစ်ရေး ဆိုတဲ့ ခံစားချက်တွေကို နှိုးဆွခဲ့သလို ဖန်တီးတဲ့ စာပေကဗျာများဟာလည်း အဲဒီ ရိုက်ခတ်ချက်များနဲ့အတိ ဖြစ်ပါတယ်။ အဲဒီနောက် (ဂ) ၁၉၄၈ လွတ်လပ်ရေး ခေတ်နဲ့ နှောင်းပိုင်း တိုင်းပြည်တည်ဆောက်ရေးနဲ့အတူ ပြည်တွင်းစစ်ဟာ အာဏာရ လူတစ်စုရဲ့ စနက်နဲ့ စတင်ခဲ့ပါတယ်။ ဖူးပွင့်စ ဒီမိုကရေစီနဲ့အတူ အမျိုးသားနိုင်ငံတော်များ ပြန်လည်တည်တဲ့ ခေတ်ကာလထဲ ပဋိပက္ခများစွာဟာ စတင်ခဲ့ပါတယ်။ အဲဒီကာလရဲ့ စာပေကဗျာသမားများကို လူးလွန့်စေတဲ့ ခံစားချက်ကတော့ ပြည်တွင်း စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေးတွေပါပဲ။ ဖဆ ဆိုရှယ်အုပ်စုနဲ့ စစ်အုပ်စုတို့ရဲ့ လက်ဝါး ရိုက်အစမ်းအာဏာသိမ်းမှုကတော့ဖြင့် ဗမာပြည်ရဲ့ ကြမ္မာကို အမှောင်ထဲမှာ လုံးလုံးဆုံးပါးစေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ (ဃ) ၁၉၆၂ နောင်ပြည်တွင်းပြည်ဆိုရှယ်လစ်မျက်နှာဖုံးနဲ့ အယောင်ဆောင် စစ်အုပ်စုရဲ့ အာဏာသိမ်းခြင်းဖြစ်စဉ် ရိုက်ခတ်ချက် ကတော့ မဆိုစလောက် စာပေလွတ်လပ်ခွင့်ဟာ သရောကြီးခိုင်းခဲ့၊ သေဆုံးခဲ့ရတော့တာပါပဲ။ ကဗျာဆရာများဟာ ဘာတွေ ခံစား၊ ဘာတွေရေးဖွဲ့ကြတယ်ဆိုတာကိုတော့ အထူးမပြောလိုတော့ပါဘူး။ ၁၉၆၂ ဇူလိုင် ၇ မှာကိုပဲ ပွဲဦးထွက် လူသတ်ပွဲကို ကျူးလွန်လို့ စစ်အာဏာရှင်ရဲ့ ဘီလူးဆိုင်းဆင့်သံဟာ မင်းသားမျက်နှာဖုံးကွာကျခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလိုနဲ့ ၇၄၊ ၇၅၊ ၇၆ စစ်အာဏာရှင်ဆန့်ကျင်တိုက်ပွဲဝင်နှစ်တွေကို ကဗျာဆရာတွေလည်း ဖြတ်သန်းရင်ဆိုင်ကြရပါတယ်။ အရေးအကြီး၁၃၀၀ ပြည့်အရေးတော်ပုံကြီးရဲ့အဆက်လို့ ဆိုနိုင်တဲ့ (င) ၁၃၅၀ ပြည့် ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာလည်း ကဗျာ မျိုးဆက် တစ်ဆက်ကို ပေါ်ပေါက်စေခဲ့ပါတယ်။ ရှစ်လေးလုံးမျိုးဆက်တွေဟာ ၉၀ ခုနှစ်တွေမှာ ပိုမိုသည်းထန်စွာ ဖူးပွင့်ခဲ့ကြ ပါတယ်။ စာပေကင်ပေတိုင်တွေ မျက်စိအောက်မှာ ပိုမိုကျယ်ပြန့်လာတဲ့ ပုံသဏ္ဌာန်တွေ၊ ပိုမိုသိပ်သည်းလျှို့ဝှက်တဲ့ နိမိတ်ပုံ၊ စကားလုံးတွေနဲ့ ရှောင်တိမ်းရင်း ကိုယ့်ခံစားချက်ကို ဖော်ထုတ်ပြောဆိုခဲ့ကြရပါတယ်။ အတွေးအခေါ်အားဖြင့် စစ်အာဏာရှင် စနစ် ဆန့်ကျင်ခြင်းနဲ့အတူ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးများ ဖြစ်သလို တဖက်မှာလည်း တဆင့်ခံ ရိုက်ခတ် ချက်ဖြစ်တဲ့ ပုဂ္ဂလိကမွန်းကြပ်မှုများနဲ့ ထွက်ပေါက်မဲ့ဝေဒနာလို့ ယူဆမိပါတယ်။ လူငယ်ထုကို ၆၂ အာဏာသိမ်းအစိုးရက ဘိန်းကင်းကဇော်နဲ့ လမ်းသူရဲ ခေါင်းစဉ်တပ် ဖျက်ဆီးဖို့ စီစဉ်ခဲ့သလို ၈၈ အာဏာလွှဲသိမ်းစစ်အုပ်စုဟာလည်း စုံလင်လှစွာ သော နည်းလမ်းပေါင်းစုံနဲ့ သတ်တာပါပဲ။ အဓိကအားဖြင့်တော့ ‘ အစိုးရဆန့်ကျင်ရေးကင်းစင်ရေး´ ပါပဲ။ လူငယ်ထု အတွေးအခေါ်ကိုေ၀၀ါးအောင်၊ သမိုင်းသိစိတ် မျိုးဆက်ပျက်သုန်းအောင် မည်မျှဆောင်ရွက်စေခဲ့ကြပေမူ သတ်၍မသေ ခဲ့တာဟာ သမိုင်းသက်သေတွေ ဖြစ်ခဲ့ပါတယ်။ ကဗျာအုပ်စုများကိုလည်း ထိုနည်းအတိုင်း ပုံသွင်းဖို့ ကြိုးစားခဲ့ပေမယ့် အမှန်တရားမြတ်နိုးမှု၊ မတရားမှုကို ဆန့်ကျင်ခြင်း ကဗျာ့ပင်မစိတ်ဓာတ်ဟာ ပွင့်ခဲ့တာပါပဲ။ အစိုးရအကြိုက် ကဗျာအုပ်စုတွေ၊ ပြည်သူကျောခိုင်း ကဗျာအုပ်စုတွေ များပြားစွာ ပေါ်ထွန်းတည်ရှိခဲ့ပေမယ့် ခေတ်ကာလများဟာ သမိုင်းအမှိုက်တွေကို ချန်ထားခဲ့တာဟာလည်း သတိပြုစရာ ဖြစ်ပါတယ်။ ပြန်ချုပ်ရရင် ခေတ်ကာလနဲ့ ကင်းကွာပြီး၊ သမိုင်းခေတ်နဲ့ ကင်းလွတ်ပြီး ကဗျာဟာ မနေထိုင်ခဲ့တာဟာဖြင့် ဗမာပြည်ရဲ့ သီးခြားဝိသေသနဲ့ ထူးခြားမှုဆိုတာပါပဲ။ ရှင်းရှင်းပြောရရင် ကမ္ဘာမှာ ခေတ်မမီတော့ဆုံး စစ်အာဏာရှင်အစိုးရလက်အောက်တိုင်းပြည်အနည်းစုထဲမှာ ဗမာပြည်ဟာ ကံဆိုးစွာနဲ့ နှစ်ပေါင်းများစွာ ရှိနေခဲ့ရသလို အဲဒီအစိုးရမျိုးအောက်က ကဗျာ၊ ကဗျာဆရာနဲ့ အတွေးအခေါ်ဟာလည်း စစ်အာဏာရှင် အစိုးရ လက်အောက်က လွတ်မြောက်ရေးကလွဲလို့ ကျန်တဲ့ ကွန့်မြူးမှုမှန်သမျှဟာလည်း အရှည်သဖြင့် ဆုပ်ကိုင်လို့ မဖြစ်ခဲ့ပါဘူး။ သမိုင်းပေးအခြေအနေအရကိုပဲ လူ့အဖွဲ့အစည်း အကြပ်အတည်းနဲ့ ဝေဒနာနဲ့ မတရားမှုဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ရေး ဆိုတာတွေဟာ ဖြစ်တည်ခဲ့ရပါတယ်။

၃။
 ကဗျာဆရာဟာ အကြမ်းအားဖြင့် နှစ်မျိုး ဖြစ်ပေါ်လာခဲ့ပါတယ်။ ` သမိုင်းသိစိတ်´ ရှိတဲ့ ကဗျာဆရာနဲ့ `သမိုင်း သိစိတ်´ မဲ့တဲ့ ကဗျာဆရာပါပဲ။

၎။
 ပုံသဏ္ဌာန်နဲ့ အကြောင်းအရာ အငြင်းပွားခဲ့မှုတွေ၊ အကြောင်းအရာနဲ့ ပုံသဏ္ဌာန် အချင်းများခဲ့မှုတွေရဲ့ အခြေခံဟာ သမိုင်းခေတ် အချင်းအရာတွေရဲ့ ခံယူမှုအဆက်တွေလို့ စဉ်းစားမိသလို ကျောရိုးတွေလို့ ယူဆချင်မိပါတယ်။

၅။
 စာပေကို နိုင်ငံရေးရဲ့ ရိုက်ခတ်ချက်၊ ခေတ်ရဲ့ ရိုက်ခတ်ချက်လို့ သဘောမျှရင် ကျွန်တော်တို့ အမြင့်ပျံ အဝေးမြင် မယ်လို့လည်း နားလည်မိပါတယ်။ အငြင်းပွားလိုမယ့် `နိုင်ငံရေးနဲ့ အနုပညာ´ကိုတော့ဖြင့် `ယင်အန်း´မှာပဲ ပြန်လေ့လာဖို့ ဆိုချင်ပါတယ်။ ဒီနေရာမှာ ဆရာ ဒဂုန်တာရာ ပြောတဲ့ `ဒီကနေ့ တိုင်းပြည်အဆိုးအကောင်းသမိုင်းဟာ တို့ဗမာသခင်များရဲ့ ဆိုးကောင်းသမိုင်းပါပဲ´ ဆိုတာကို စာပေနဲ့ ဆက်စပ်ချင်ပါတယ်။ `မှိုင်း၊ ဆန်း၊ ဟိန်း´ တို့ဗမာနဲ့ ` ဗစိန်၊ ထွန်းအုပ်´ တို့ဗမာရဲ့ အဆက်ဟာ ဒီကနေ့ ဒီမိုကရေစီ လိုလာသူများနဲ့ စစ်အုပ်စုများကို စီးဆင်းခဲ့တယ်လို့ ယူပါတယ်။ ရှင်းအောင်ဆိုရရင် လက်ဝဲဂိုဏ်းနဲ့ လက်ယာဂိုဏ်း၊ ထိုမှ လက်ဝဲဂိုဏ်းနဲ့ လက်ယာ +စစ်အုပ်စုဂိုဏ်း၊ ထိုမှ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ စစ်အုပ်စု(ဗိုလ်နေ၀င်းမှသည် ဗိုလ်သိန်းစိန်) စသဖြင့် ခြေရာအကြမ်းဖျဉ်း ကောက်ကြည့်စရာ ဖြစ်ပါတယ်။ စာပေ အတွေး အခေါ်မှာလည်း တပြိုင်တည်း အယူအဆတွေ ပေါ်ခဲ့ပါတယ်။ `ပြည်သူ့အတွက်´၊ `အနုပညာအတွက်´၊ ` ဘာအတွက်မှ မဟုတ်´ ဆိုတာတွေ ဖြစ်ပါတယ်။ ဗမာ့သမိုင်းရေးအခြေအနေအရ `အနုပညာအတွက်´နဲ့ ` ဘာအတွက်မှ မဟုတ်´ အယူအဆများဟာ အလိုအလျောက်ကိုပဲ စစ်အုပ်စုဖိနှိပ်သူအကြိုက်များ ဖြစ်ခဲ့ရပါတယ်။ `ဗမာ့သမိုင်း အခြေအနေအရ´ ဆိုတာကို ကျွန်တော် ထပ်မံပြောပါမယ်။ ဒီတော့ကာ ကိုယ်ဟာ ဘယ်လို ကဗျာရေးသူလဲ၊ ဘာကဗျာရေးသူလဲဆိုတာ ပြဿနာဖြစ်လာပါတယ်။ ရယ်ရွှင်ဖွယ်ပြောရရင် လိပ်ပြာအတောင်ပံတစ်ချက်ဟာ တစ်ဖက်မှာ မုန်တိုင်းကျနိုင်တယ် ဆိုတာမျိုး သင့်ဝေဒနာ တစ်စုံတရာတိုင်းဟာ ခေတ်ကြီးနဲ့ သက်ဆိုင်ပါတယ်။ ရယ်ရွှင်ဖွယ် ထပ်ပြောရရင် ` ဘယ်သူ့ အတွက်မှ မဟုတ်´ဘူးဆိုရင် ကိုယ့်ဖာသာ ကိုယ်ပဲ သိမ်းထားပါ။ ဖတ်ပါ။ ` ဘယ်သူ့အတွက်မှ မဟုတ်´ သူအချင်းချင်း ပေးဖတ်ပါ။ ကြောင်းကျိုးဆက်စပ်မှုကို ယုံကြည်ရင် ကိုယ်စီးတဲ့ မြင်းကို အရည်လည်မယ် ထင်ပါတယ်။ အဓိက ကတော့ ကဗျာ`မြစ်´ကြီး ရပ်တန့်မနေဘဲ စီးဆင်းခြင်းသည်ပင် အလှလို့ တွေးချင်ပါတယ်။ တွေးရမှာ ဖြစ်ပါတယ်။

၆။
 ကဗျာဆရာရှိတော့ ကဗျာတွေ ရှိလာပါတယ်။ ကဗျာရွှေခေတ်လို့ ပြောရမလိုပဲ ကဗျာတွေ အထူးပွင့်တဲ့ ယနေ့ကာလမှာ ကဗျာဆရာထောင့်ကပြောရရင်အင်မတန်ပျော်စရာ၊ ကြည်နူးစရာဖြစ်ပါတယ်။ ဒီဘ၀၊ ဒီလောကကို လျှောက်လာတဲ့သူ များစွာကိုလည်း အင်မတန်လေးစားစရာဖြစ်ပါတယ်။ IQ,EQ ရေချိန်အနိမ့်အမြင့်၊ သမိုင်းသိစိတ် နိုင်ငံရေးအမြင် အထူအပါး၊ ရေးဖွဲ့မှုပုံသဏ္ဌာန်၊ စကားလုံးအားထုတ်သုံးစွဲမှု၊ အသွင်အပြင်ခြားနားချက် တူကြမှာ မဟုတ်သလို အရေးကြီးတဲ့ `စေတနာ´ အရာလည်း ညီကြမှာ မဟုတ်လို့ ယူဆမိပါတယ်။ ဒါကလည်း သဘာဝကျတဲ့ လက္ခဏာလို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဗမာကဗျာရဲ့ ကဗျာဘဏ္ဍာသိုက်ဆီကို ဖြည့်ဆည်းကြတာလို့ ယုံကြည်ရင်း လေးစားဖွယ် ဖြစ်ရပါတယ်။

၇။
 ကဗျာ၊ ကဗျာဆရာ၊ ကဗျာစာအုပ်နဲ့ လူ့အဖွဲ့အစည်း(ကဗျာပရိသတ်)ဆိုတာ ရှိလာတဲ့အခါ ဒါမှမဟုတ် ကဗျာဆရာဟာ ကဗျာကို အများဆီ ချပြပြီဆိုတဲ့အခါ ရေးသူနဲ့ ဖတ်သူကြားမှာ လိုအပ်ချက်တွေ ရှိလာခဲ့ပါတယ်။ (ထင်ပါတယ်)။ နားလည်တယ် နားမလည်ဘူး၊ ဘာတွေမှန်းလည်း မသိဘူး၊ ကောင်းတော့ ကောင်းရဲ့ ဘာဆိုလိုမှန်းမသိဘူး စတဲ့ အကြပ်အတည်းများအပြင် ပြည်တောင်းထဲက ပတ္တမြားတွေထဲ `ဒါကတော့ အရည်မှီတဲ့ ပတ္တမြား ဟဲ့´ ဆိုသလို ကောက်ပြပေးမယ့် ပညာရှင်ရဲ့ အခန်းကဏ္ဍဟာ ရှိခဲ့ပါတယ်။ ဒါဟာ စေတနာအလုပ်ဖြစ်ပါတယ်။ မှန်ကန်တဲ့ ဝေဖန်ရေး၊ မှန်ကန်တဲ့ ရည်ညွှန်းမှုများဟာ စာပေအကျိုး၊ လူ့အဖွဲ့အစည်း အကျိုးအတွက် လိုအပ်ခဲ့ပါတယ်။ ဒါ့အပြင် မှန်ကန်တဲ့ ခံစားတင်ပြမှုများဟာလည်း ကဗျာယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ရပ်လို့ ထင်မိ ပါတယ်။ ဒါကို ရှေးကနေ ယနေ့တိုင် ပြုလုပ်အားစိုက်ပေးခဲ့ကြတာဟာ အထင်အရှားဖြစ်ပါတယ်။ ဥပမာ-ဒဂုန်တာရာ၊ မင်းသုဝဏ်၊ တိုက်စိုး၊ ဇော်ဂျီ၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ တင်မိုး၊ တက္ကသိုလ်ဝင်းမွန်၊ မြဇင်၊ အောင်ဝေး၊ တက္ကသိုလ်ဘုန်းနိုင်၊ ဇော်ဇော်အောင်၊ မောင်သင်းခိုင်၊ မောင်စိမ်းနီ၊ သစ္စာနီ၊ မျိုးသန့်၊ မျိုးသန့်၊ ဖြိုးထိန်၊ မောင်သာချို၊ အောင်ဘညို၊ မင်းခက်ရဲ၊ အောင်ခင်မြင့်၊ စိုင်းဝင်းမြင့် စသဖြင့် ဆရာများက ဝေဖန်ခြင်း၊ ရည်ညွှန်းခြင်း၊ ခံစားတင်ပြခြင်း တို့ကို မိမိအယူအဆအလိုက် ၊ တစ်ပိုဒ်ချင်း၊ တစ်အုပ်ချင်း တင်ပြခဲ့ဖူးတာကို အမှတ်ရမိပါတယ်။ သဘောတူသည် မတူသည်ထက် `စေတနာ´ တန်ဖိုးကို အထူးရည်မှတ် ကျေးဇူး တင်ဖို့ ဖြစ်ပါ တယ်။ ဒါဟာ ဇေယျတု ငွေခရုနဲ့ ကောင်းတဲ့ အမှုကို ဆောင်ရွက်ခြင်းလို့ ယူဆမိပါတယ်။

၈။
 မင်းနဒီခ ဟာ ကဗျာဆရာတစ်ဦးဖြစ်သလို ကဗျာဖတ်သူ၊ ကဗျာဆိုင်ရာများကို အထူးစိတ်ဝင်စားသူမို့ အစားကောင်းတွေ့ရင် မိတ်ဆွေတွေကို လက်တို့ချင်တဲ့ စေတနာဟာ ဒီစာအုပ်ကို ဖြစ်ပေါ်စေခဲ့တယ်လို့ ထင်မိပါတယ်။ `နံရံကပ်စက္ကူအောက်က သိပ်သည်းသော ထူထဲဆ အလွှာ´ မှာ သူ့အားထုတ်မှု၊ သူ့စေတနာနဲ့ သူ့အရေးအသားကို ခံစားမိကြမယ်လို့ ယူဆပါတယ်။ ကဗျာရေးသူ အချင်းချင်း သူပြုလုပ်တဲ့ စာအုပ်မှာ အမှာလိုလိုရေးပေးရတာဟာဖြင့် စိတ် မသက်သာသော်ငြား သူ့အလုပ်ကို လေးစားခြင်းဖြင့် ကဗျာဆိုင်ရာ ကျွန်တော့်ဖီလင်များကို စပ်ယှက်တင်ပြခွင့် ရတဲ့အတွက် ကဗျာဆိုင်ရာသူ့စာအုပ်ကို အထူးအလေးအနက်ထားမိပါတယ်။ သူ့ရဲ့ မလွယ်ကူတဲ့ ဒီစာအုပ်ဖြစ်ပေါ်မှုထဲ၊ သူ့အရေး အသား တစ်ပုဒ်ချင်း ဖြစ်ပေါ်မှုထဲ သူ့လေ့လာမှုကိုပါ ဂုဏ်ပြုမိပါတယ်။ နိဂုံးချုပ် ဆိုရသော်
- သူဟာ လူ့အဖွဲ့အစည်းနဲ့ ကဗျာကြားက ယဉ်ကျေးမှုပေါင်းကူးတံတားတစ်စင်းလည်း ဖြစ်ပါတယ်။
- ကဗျာနဲ့ ကဗျာဆရာကို ကဗျာဖတ်သူထံ မေတ္တာနဲ့ အခမဲ့ ကမ်းကူးပေးသူ မြစ်ပြင်က လှေထိုးသား၊ ကူးတို့လှေသမား တစ်ဦး လည်း ဖြစ်ပါတယ်။
ယဉ်ကျေးမှု ပေါင်းကူးတံတားတစ်စင်းရဲ့ အလုပ်ကို ထမ်းသူ၊ မေတ္တာအရင်းခံ ကူးတို့ လှေသမားအလုပ်ကို လုပ်ပေးသူ
`မင်းနဒီခ´
ထိုထိုသော ကောင်းတဲ့ အမှုကုသိုလ်များ ဆက်လက်လုပ်နိုင်ဖို့ အထူးတိုက်တွန်းချင်မိပါတယ်။

          လေးစားစွာ
           စံညိမ်းဦး
           ၆၊မေ၊ ၂၀၁၅

Saturday, January 17, 2015

မင်းနဒီခအတွက်အမှာစာ - နေမျိုး

မင်းနဒီခအတွက်အမှာစာ - နေမျိုး


   
                        မင်းနဒီခရဲ့ကဗျာတွေကို ဖတ်ရတဲ့အခါ ကျွန်တော်သတိပြုမိတာတစ်ခု ရှိပါတယ်။  အဲဒါကတော့ ကဗျာဆရာ တစ် ယောက်ရဲ့ အခြေခံအကျဆုံး လိုအပ်ချက် တစ်ခုဖြစ်တဲ့ ရိုးဖြောင့်မှုကို သူ့ကဗျာတွေမှာ တွေ့ရတယ်ဆိုတာပါပဲ။  ရိုးဖြောင့်မှု လို့ ဆိုလိုက်တာနဲ့ ဘုရားသွားကျောင်းတက် ပုတီးစိပ် ငါးတွေလွှတ် ခိုတွေအစာကျွေး စတဲ့အပြုအမူတွေကို လှမ်းမြင် ကောင်းမြင်ကြပါလိမ့်မယ်။  ကျွန်တော်ဆိုလိုတဲ့ ရိုးဖြောင့်မှုဆိုတာ မိမိကိုယ်ကိုမိမိ အရှိအတိုင်း ထုတ်ဖော် တင်ပြခြင်းကို ရည်ညွှန်းလိုပါတယ်။  ဒါ့အပြင် အခြားသော အရည်အချင်းလို့ ဆိုနိုင်တဲ့ နာကျင်မှု၊ မေတ္တာတရားနဲ့  အကောင်းမြင် စိတ်တို့ ဟာလဲ သူ့ကဗျာတွေထဲမှာ ဖျပ်ကနဲဖျပ်ကနဲ တွေ့နေရတယ်။  ဒီကနေ့ခေတ် လူငယ်တစ်ယောက် ခံစားမိသမျှ၊ ဒီကနေ့ ခေတ် လူငယ်တစ်ယောက်တွေးကြည့်မိသမျှ (အကုန်နီးပါး) မင်းနဒီခကဗျာတွေထဲမှာ တွေ့ရပါတယ်။  အောင်မြင်ခြင်း သင်္ဘောမှာ ကဗျာရေးသူရဲ့ ကျယ်ပြန့်တဲ့ အကောင်းမြင်စိတ်ကို တခမ်းတနားတွေ့ရတယ်။ ရှုပါ -

အဲဒီကနေဆက်လက်ထွက်ခွာလာပြီးနောက်
လမ်းမှာ တွေ့သမျှ အကုန်ခေါ်တင်လာခဲ့တယ်
လူကခြေနှစ်ချောင်း၊ ကံကြမ္မာက ခြေလေးချောင်း
ဘာပဲဖြစ်ဖြစ် အကုန်ခေါ်တင်လာခဲ့တယ်
…………………………
…………………………
ဘာပဲဖြစ်ဖြစ်ဆက်လက်ထွက်ခွာလာခဲ့ပြီ
အောင်မြင်ခြင်းသင်္ဘောဟာ
သင်္ဘောပေါ်မှာ အောင်မြင်ခြင်းသက်သက်တွေကိုဆက်လက်သယ်ဆောင်ပြီး။
(အောင်မြင်ခြင်းသင်္ဘောမှ)

    မင်းနဒီခဟာ သီကုံးဖွဲ့ဆိုမှုအတတ်ပညာကို နားလည်သဘောပေါက်သူ တစ်ယောက်ဖြစ်ကြောင်းလည်း တွေ့ရပါ တယ်။ အရွေ့၊ ကျွန်တော်ပြောချင်တဲ့ ပါးစပ်ကြီးအကြောင်း စတဲ့ ကဗျာတွေမှာ စကားလုံးတစ်လုံးကနေ ကဗျာတစ်ပုဒ် ဖြစ်လာအောင် ရေးဖွဲ့သွားတာတွေ့ရပါတယ်။ စကားလုံးတစ်လုံးကနေ ကဗျာတစ်ပုဒ်ဖြစ်လာတယ်ဆိုတဲ့ နေရာမှာ ကဗျာ ထဲမှာ အတွေးတစ်ခုနဲ့တစ်ခု လှပစွာ ချိတ်ဆက်ပြီး ကဗျာဆရာရဲ့ အတွေးကွန်ယက်ကြီးတစ်ခုကို တအံ့တသြ တွေ့ရ တာပါပဲ။ သူ့ရဲ့အတွေးကွန်ယက်ထဲကို တစ်ခေါက်လောက်ဝင်ရောက်ကြည့်စမ်းပါလို့ ပြောလိုပါတယ်။  လူတစ်ယောက် ဟာ ကိုယ့်ရဲ့သွင်ပြင် ပုံပန်းလက္ခဏာကို ပြန်တွေ့ဖို့ မှန်ကြည့်သလို ကဗျာဆရာတစ်ယောက်ဟာ မိမိကဗျာရဲ့ လက်ရှိ အနေအထားကို သိရှိဖို့ ဆန်းစစ်ဝေဖန်ကာ ဆင်ခြင်မှုပြုရပါတယ်။  ဟယ်လို ကဗျာဟာ မင်းနဒီခရဲ့ ကဗျာအကြောင်း ပြန်လည် ဆင်ခြင်မှုပြုထားတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ သူကြုံတွေ့နေရတဲ့ အကျပ်အတည်းနဲ့ သူ့ရဲ့ အားသာချက်တို့ကို အဲဒီ ကဗျာမှာ စတင်တွေ့ရပါတယ်။
သူဟာ ဒီလိုကဗျာတွေကို ထပ်မံရေးသားလာတာ ဒီစာအုပ်မှာ တွေ့ရပါတယ်။ ဆူးမှာ လဲဆူးနဲ့  ကဗျာဟာ ကဗျာ ဆရာရဲ့ ဘာသာစကားကို စမ်းသပ်ထားမှု တစ်ခုပါပဲ။ သူ့ရဲ့စမ်းသပ်မှုဟာ တစ်ဝက်အောင်မြင် နေပြီလို့ ဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကဗျာဟာ ဖတ်ရှုရာမှာ အခက်အခဲရှိပေမယ့် ကဗျာဖတ်သူကို အဓိပ္ပာယ်ရင်းနဲ့ နားလည်စေမှု ရရှိစေလို့ပါပဲ။ အခုပြောနေတာဘယ်သူ့ဘာသာစကားလဲ ကဗျာမှာတော့ အောင့်သက်သက်ဖြစ်နေတဲ့ လူငယ် တစ်ယောက်ရဲ့ ဂျစ်ကန်ကန်စရိုက်ကို ဖျပ်ကနဲ တွေ့ရပြန်တယ်။ ရှုပါ -

`မိတ်ဆွေနားလည်မှုရှိပါ´ ဆိုတဲ့ စာတန်းကိုပြပြပြီး
ခင်ဗျားရဲ့နား(နား)ကို လက်နဲ့လှည့်ပြီး (လည်)အောင်လုပ်လိုက်ရ ကောင်းမလား။
(အခုပြောနေတာဘယ်သူ့ဘာသာစကားလဲ မှ)

အသစ်ကိုထပ်ပြီး အသစ်ရှာဖွေတဲ့အခါ ကြုံရတဲ့ အနေအထားတစ်ခုပါပဲ။ (ဆရာ ဇော်ဇော်အောင်ကတော့ နားမလည်ရင် မဖတ်နဲ့လို့ ပြောခဲ့ဖူးတယ်။ အမုန်းခံပြောရမယ့် အချိန်မှာ ပြောခဲ့ခြင်းတစ်ခုပါ။) ပြန်ပို့ခံထားရသော မွေးနေ့ လက်ဆောင် ကဗျာမှာ  ကျွန်တော် စိတ်ဝင်စားမိတဲ့ ၀ါကျတစ်ကြောင်းကို တွေ့လိုက်ရတယ်။ ပျော်ရဲ့လား တကယ်ရော ပျော်ရဲ့လား ဆိုတဲ့ ၀ါကျတိုကလေးပါပဲ။ ပျော်ရဲ့လား အဓိပ္ပာယ်ရင်းအောက်မှာ နောက်ထပ် အဓိပ္ပာယ်တစ်ခုရှိနေတယ်လို့ မြင်အောင် ရေးပြနိုင်ခဲ့တယ်။ ဒါဟာ မင်းနဒီခရဲ့ အနုပညာပါပဲ။
ခင်ဗျားသောက်တဲ့ ဆေးလိပ်ကဘာတံဆိပ်လဲ ကဗျာမှာတော့ မင်းနဒီခဟာ လူငယ်တစ်ယောက်နဲ့ မတူတော့ဘဲ ရင့်ကျက်မှုကို စတွေ့ရပါတယ်။ ရောင်းရန်မဟုတ်ပါ ကဗျာမှာတော့ အဆီအငေါ်မတည့်မှုထဲက သရော်ဟန်ငွေ့ငွေ့ကို တွေ့ရတယ်။ ဖတ်ကြည့်ပါ

အားပါးတရရယ်မောခြင်းစာအုပ်တစ်အုပ်ကိုဝယ်ဖတ်လိုက်
(နှမြောစရာက အဲဒီစာအုပ်ကို ဘယ်စာအုပ်တိုက်ကမှ မထုတ်ရသေးဘူး)
(ရောင်းရန်မဟုတ်ပါ မှ)

    ဒီအရေးအသားဟာ မိမိကိုယ်ကိုသရော်လိုက်ခြင်းဖြစ်သလို အားလုံးကို သရော်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ မရယ်နိုင် ခဲ့တဲ့နေ့ရက်များကို ပြန်သတိရပြီး ညင်ညင်သာသာ ပုံးမိစေနိုင်ရဲ့လို့လည်း ဆိုလိုက်ချင်ပါတယ်။ ကျန်ရှိနေသော နောက်ဆက် တွဲစာမျက်နှာ ကဗျာကတော့ ပိုမိုရှုပ်ထွေးလာ ပိုမိုခက်ခဲလာသော ယနေ့ကဗျာအမျိုးအစားတစ်ခုပါပဲ။ ဒီလိုကဗျာမျိုးတွေဟာ အချိန်ယူ စောင့်ကြည့်ရမယ့် ကဗျာတွေပါပဲ။ ပြောနေကျအတိုင်းကဗျာ ကတော့ အစဉ်အလာဖြစ်မှုကို ခေါင်းစဉ်က ညွှန်းဆို ပြီး ကဗျာစာသားက ပြန်လည်ငြင်းဆန်ထားတာ တွေ့ရပါတယ်။ (မဆီမဆိုင်သွားသတိရလိုက်မိတာ မုန်းစရာကောင်း လိုက်တာ ဆိုတဲ့ အရပ်ထဲက ပြောစကားပါပဲ။ အဲဒီစကားရဲ့ အဓိပ္ပာယ်ထဲမှာ ချစ်နေတယ်ဆိုတာ ပါဝင်နေတယ် မဟုတ်လား) သစ်ပင်များကြားမှ စောင့်ကြည့်ခြင်း ကဗျာဟာလဲ ခက်ခဲတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ ကဗျာဆရာက ကဗျာဖတ်သူကို ဖုံးကွယ် ထားတဲ့ အဓိပ္ပာယ်ရှာဖွေဖို့ အလုပ်ပေးထားတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ သိသလိုလိုနဲ့ မသိပဲဖြစ်နေတာ။ မသိသလိုလိုနဲ့ သိနေတာတွေကို ရိုးတိုး ရိပ်တိတ်ခံစား လာစေရတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ ကဗျာဖတ်သူရဲ့ အားထုတ်မှုပါဝင်ဖို့ လိုအပ်တဲ့ ကဗျာအမျိုးအစားပါ။ တံလျပ်များ ကဗျာဟာ ကဗျာရဲ့ နယ်နိမိတ် အကန့်အသတ်မရှိ ဖြစ်လာပုံနဲ့ ရက်ယှယ် ဖောက်လုပ် ထားတဲ့ ကဗျာတစ်ပုဒ်ပါ။ ရှုပါ -

နည်းနည်းရှေ့ဆက်တိုးလိုက်ရင် မြင်ကွင်းကပျောက်ကွယ်သွားတော့မယ်
ဒီကဗျာကို ဘယ်နေရာမှာ အဆုံးသတ်လိုက်ရင်ကောင်းမလဲ
(တံလျပ်များ မှ)

    မင်းနဒီခဟာ ကဗျာဆိုင်ရာဖြစ်ပေါ်ပြောင်းလဲမှုကို စိတ်ဝင်စားသူ၊ အပြောင်းအလဲကို လိုလားသူ၊ ကဗျာဖြစ်ပေါ် ပြောင်းလဲမှုထဲမှာ ကိုယ်တိုင်ပါဝင်သူ ကဗျာဆရာတစ် ယောက်ဖြစ်တယ်ဆိုတာ သူ့ကဗျာတွေဖတ်ရင်း သိလာရပါတယ်။ ဈေးကွက်လိုအပ်ချက်အရ ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းအမျိုးအစား ကဗျာဟာ ခေတ်ရဲ့မျက်နှာစာကို ရှေ့တည့်တည့် က ကြည့်ပြီးရေးသားထားတဲ့ ကဗျာတစ်ပုဒ်ဖြစ်သလို ဒီကနေ့ ကဗျာဖြစ်ပေါ်ပြောင်းလဲမှုကို ထင်ဟပ်တဲ့ ကဗျာတစ်ပုဒ်လဲ ဖြစ်ပါတယ်။ ကဗျာဟာ လေးတွဲ့ ပျစ်ခဲနေပေမယ့် ကဗျာဆရာရဲ့ ကိုယ်ပိုင်ယုံကြည်ချက်က ကဗျာထဲမှာ ပူနွေး စွာ စီးဆင်းနေတာကို မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်နှစ်သက်မိတဲ့ ကဗျာတစ်ပုဒ် ဖြစ်တဲ့ ချောင်းဆိုးခြင်း မှာ ရှောင်လွှဲလို့မရတဲ့ ခေတ်ရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင် ထဲက တစ်ခုကို သူရှုမြင်ထားပုံဟာ အကောင်းဘက်က ဖြစ်ဟန်တူ တယ်လို့ မှတ်ချက် ပေးမိပါတယ်။ ကြည့်ပါဦး သူရေးထားပုံတစ်ခု-

ခေတ်ရဲ့ပြောင်းလဲစီးဆင်းမှုမှာ
နောက်ပေါက်ကလေးတွေ အကုန်ကံကောင်းကြတယ်ဆိုတဲ့ စကားလိုမျိုး   တဲ့လေ။(ချောင်းဆိုးခြင်း မှ)

    တစ်လမ်းမောင်း ကဗျာကတော့  ကဗျာဖန်တီးမှုရဲ့ သိမှုဆိုင်ရာ ရှုပ်ထွေးမှု ကို လက်ခံထားရတဲ့ ကဗျာဆရာရဲ့ အနေအထားကို မြင်တွေ့နေရတဲ့ ကဗျာဖြစ်ပါ တယ်။ ရှုပါ -

ရေးပြီးသားကဗျာတစ်ပုဒ်ကို ဖတ်ပြီးချက်ခြင်းဖျောက်ဖျက်ပစ်လိုက်ဖို့နဲ့
ဘာသာစကား၊ အငြင်းဝါကျနဲ့ စာမျက်နှာပေါ် ဆက်လက်ငြင်းခုန်ခြင်း မပြုလိုက်မိစေဖို့
(တစ်လမ်းမောင်း မှ)

    ကဗျာအကြောင်းမပြောရရင် ကဗျာဟာ ဒီကနေ့ကဗျာနဲ့ ကဗျာဆရာ တစ် ယောက်တွေ့ကြုံရတဲ့ ဖြစ်စဉ်ထဲက တစ်ခုပါ။ အလွန်စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ (ကျွန်တော်တော့ စိတ်ဝင်စားတယ်)။

အခြားစာမျက်နှာတစ်ဖတ်မှာ
လေထက်ပေါ့ပါးလွန်းလို့ လိုက်ဖမ်းနေရတဲ့ကဗျာ
အရသာဟာ ပေါ့နေတယ်၊ ပျက်နေတယ်၊ ပျောက်နေတယ်
နမိတ်ပုံကေ၀၀ါးနေတယ်၊ ထွေပြားနေတယ်၊ ရွေ့လျားနေတယ်
(ကဗျာအကြောင်းမပြောရရင် မှ)

    နာရီစားသူများ ကဗျာမှာ မင်းနဒီခရဲ့ စကားလုံးသုံးစွဲတတ်မှုနဲ့ အဓိပ္ပာယ် စီးဆင်းမှု ကစားထားပုံတို့ကို တွေ့ရပါတယ်။ ။ ရှုပါ -

စနေနေ့ ညကိုးနာရီ။ လူမနေသည့် အိမ်ပျက်ကြီးထဲမှ ဆယ်နှစ်နာရီမထိုးခင် သုံးမိနစ်။
သက်ကြီးခေါင်းချ။ သူငယ်အိပ်ချိန်။ အဲဒီနာရီက အရိုးနည်းနည်းများတယ်။ ခင်ဗျားဆာနေပြီလား သုံးမိနစ်စောင့်။
(နာရီစားသူများ မှ)

    တစ် နေရာမှ တစ်နေရာ ကဗျာထဲမှာ လူငယ်တစ်ယောက်ရဲ့ ဂျစ်ကန်ကန် နိုင်မှု နဲ့  တစ်စုံတစ်ခုကို မခံချင်စိတ် ဖြစ်နေပုံကို တွေ့ရပါတယ်။

ကုန်ကုန်ပြောမယ် လူစုံရင် ခင်ဗျားလှမ်းကြည့်တဲ့ မျက်လုံးက
ဝါကျတစ်ကြောင်းကို အကဲခတ်နေတာလား အမဲဖျက်နေတာလား
(တစ် နေရာမှ တစ်နေရာ မှ)

    ကဗျာအကြောင်းပြောရရင် တစ်ထောင့်တစ်ည ကုန်နိုင်ဖွယ်မရှိလို့ ထင်မိပါတယ်။ ဒီကဗျာအရ သေချာမှု တစ်ခု ကတော့ ကဗျာဆရာဟာ ဒီကနေ့ကဗျာကို ပိုကောင်းစေချင်တဲ့သူ စ်ယောက်ဖြစ်တယ် ဆိုတာပါပဲ။ မွေးနေ့ ကဗျာက တော့ ချစ်စဖွယ်ကောင်းပြီး လှပတဲ့သင်္ကေတတစ်ခုကို တွေ့ရတယ်။ ကဗျာဖတ်သူကိုယ်တိုင် ကဗျာထဲ ၀င်ရောက်သွားစေ နိုင်အောင် မင်းနဒီခက ဖန်တီးထားပါတယ်။

တနလာင်္ရဲ့ မွေးခန်းထဲက ထွက်ပေါ်လာတဲ့ အရာ
အဖြူရောင်ပိတ်စနဲ့ သပ်ရပ်စွာ ထုပ်ပိုးထားတဲ့ အော်သံဟာ
ခင်ဗျားလား ကျွန်တော်လား (မွေးနေ့ မှ)

    ဒီအတိုင်းသာဆို တို့တွေအားလုံး နဲ့ မီးခိုးများ ကဗျာနှစ်ပုဒ်ကတော့ ကိုယ့် ကိုယ်ကို ဘာလဲဆိုတာ သိအောင် ပြန်ကြိုးစားနေရတဲ့ ဒီကနေ့ ခေတ်လူသား တစ် ယောက်ရဲ့  ဘ၀ဖြစ်ထွေကို ခင်းကျင်းပြသထားတာ တွေ့ရရဲ့။

ဘယ်အရာဟာ ဘာအရသာလဲဆိုတာကိုတောင်မေ့လို့
အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေချိန်
ငါတို့တွေဟာ စိတ်အနည်ထိုင်ချိန်ကိုစောင့်စား
ကဗျာလဲ မရေးဖြစ် ကဗျာအကြောင်းလဲ မစဉ်းစားဖြစ်
(ဒီအတိုင်းသာဆို တို့တွေအားလုံး မှ)

တစ်နေ့တစ်နေ့ လူပီသရဲ့လား ဆိုတဲ့ မေးခွန်းမှာ ငါ့ကိုယ်ငါပြန်မရ
ငါတူးထားတဲ့ တွင်းနက်နက်ထဲ ငါ့ဘာသာ ငါပြန်ပြုတ်ကျ
(မီးခိုးများ မှ)

    တစ်ယောက်တစ်လမ်း ကဗျာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းချက်၊ ကိုယ်ပိုင်သဘော သဘောဝတစ်ခုနဲ့ ရှင်သန်ရတဲ့ လူ့အဖြစ်ကို၊ ကဗျာဆရာအဖြစ်ကို သိမ်မွေ့စွာ ဖော်ကျူး ထားပါတယ်။ မင်းနဒီခရဲ့ ကဗျာစာအုပ် ဒီ ပိုးသားရောင် ပင်လယ် လမ်းမှာ အကြိုက်ဆုံး အရေးအသားအဖြစ်ထုတ်နှုတ်ပြလိုပါတယ်။ ဖတ်ကြည့်ပါ။

သင်ရေးတဲ့ ကဗျာအားလုံးက
သင့်အား ခွင့်လွှတ်ကြောင်း သတင်းစာကြော်ငြာ
(တစ်ယောက်တစ်လမ်း မှ)

    ပိုးသားရောင် ပင်လယ်လမ်းကဗျာစာအုပ်မှာ ဘာကြောင့် ဒီအရေးအသား ကို အကြိုက်ဆုံးလို့ ပြောရသလဲ ဆိုရင် ကဗျာဟာ လူသားကို နာကျင်စေတတ်ပြီး အဲဒီ နာကျင်မှုကိုပဲ နှစ်သက်နေစေမိတာကြောင့်လို့ အဖြေပေးရမှာ ဖြစ်ပါတယ်။ ရောက်တတ်ရာရာဘာလဲတစ်ခုခု ကဗျာမှာတော့ နေ့စဉ်ဘ၀တစ်ခုရဲ့ အဆီငေါ်မတည့်မှုကို သရော်တော်တော် တင်ပြ ထားပြီး အဲဒီတင်ပြထားမှု အတွင်းသားထဲမှာပဲ ထူးဆန်းတဲ့ ပျော်ရွှင်မှုကလေးတစ်မျိုးရှိနေသလို ထင်မှတ်ရစေပါတယ်။

မေးဖျားတွေ တဆတ်ဆတ်နဲ့ နေလို့မကောင်း ထိုင်လို့မကောင်း
လမ်းထလျှောက်တော့ ခြေထောက်ညောင်းတယ်
ထိုင်နေတော့ ခါးညောင်းတယ်
စာအုပ်အဟောင်းတွေ ပြန်ဖတ်တော့ ခဏ ခဏ နောက်ကျောတတ်
(ရောက်တတ်ရာရာဘာလဲ တစ်ခုခု မှ)

    တို့နှစ်ယောက်မပါတဲ့ ဇာတ်လမ်းဟာ ခေတ်ပေါ်ကဗျာဟန် ကဗျာတစ်ပုဒ် ဖြစ်တယ်။ ဖတ်ရှုသူတွေကို အထူး တလည် ဆွဲဆောင်ဖို့ ကြိုးစားတဲ့ ကဗျာဆရာရဲ့ အားထုတ်မှုကို ထင်ထင်ရှားရှား မြင်တွေ့ရပြီး စကားလုံးသုံးစွဲပုံနဲ့ အကြောင်းအရာ အံဝင်ခွင်ကျ ဖြစ်အောင် ဖန်တီးမှုဟာ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ကဗျာဖတ်သူရဲ့ အမှတ်သညာကို နှိုးပေးပြီး တစ်ခုနဲ့တစ်ခု ဆက်စပ်ပေးကာ ပိုကောင်းတဲ့ သိမှုကို ဖြစ်ပေါ်စေတဲ့ ခေတ်ပေါ်ကဗျာရဲ့ သဘောသဘာဝကို အပြည့်အ၀မြင်တွေ့ရတဲ့ ကဗျာတစ်ပုဒ်ပါ။ B13 ကဗျာကတော့ အသင့်ရှိပြီး Art Work တစ်ခုကို ကဗျာဖြစ်အောင် ပြောင်းလဲဖန်တီး ပြလိုက်တဲ့ မင်းနဒီခရဲ့ကဗျာမှုကို ကောင်းကောင်းထိတွေ့ခွင့်ရလိုက်တဲ့ ကဗျာတစ်ပုဒ်ပါ။ ကဗျာ ဆရာ တွေဟာ မေတ္တာတရားကြီးသူတွေလို့ ဆိုကြပါတယ်။ ကြားဖူးတာတစ်ခုကို တဆင့်ပြန်ပြောပြရရင် ဘင်္ဂါလီကဗျာဆရာကြီး ရာဘင်ဒြာနာ့သ်တဂိုးဟာ မေတ္တာ တရား ကြီးမားသူတစ်ယောက်ဖြစ်တာကြောင့် သူထိုင်နေစဉ် ငြိမ်သက်နေစဉ်မှာ ပျံသန်း နေတဲ့ ငှက်ကလေးတွေ သူ့ကိုယ်ပေါ်မှာ လာနားကြတယ်တဲ့။ မင်းနဒီခရဲ့ ငြိမ်သက် တစ်မိနစ် ကဗျာမှာ ကဗျာဆရာ တစ်ယောက်ရဲ့ မေတ္တာတရားကို မြင်တွေ့ရရဲ့။ ပုံရိပ်တွေ မြင်လာအောင် အသံတွေကြားလာအောင် ရေးဖွဲ့ထားပုံဟာ နှစ်သက်စဖွယ် ကောင်းလှတယ်။ ကဗျာဆရာကောင်းတစ်ယောက်မှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ ဘာသာစကားကို ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးပြုတတ်မှုရှိပုံကိုလည်း တွေ့ရတယ်။

ငါလဲ ဘာတတ်နိုင်မလဲ
အားလုံးတစ်မိနစ်ငြိမ်ဆိုလို့သာ ငြိမ်ပေးလိုက်ရ
အဆောက်အဦး အပျက်အစီးတွေကြားက မိန်းမလှလေးတစ်ယောက်ရဲ့ ငိုသံ
(ငြိမ်သက်တစ်မိနစ် မှ)

    ငါ့သစ်ရွက်များ၊ ဘယ်လိုဖြည့်ဖြည့် မပြည့်ဘူးလား ကိုပြည့်၊ အခြား အခြားသောအကြောင်းအရာများ နှင့် အခြား၊ ဟိုလိုလို ဒီလိုလို သူလိုလို ကိုယ်လိုလို ပြီးတော့လဲ ခင်ဗျား စတဲ့ ကဗျာတွေဟာ မင်းနဒီခရဲ့ စမ်းသပ်မှုတွေပါပဲ။ မအောင်မြင်ရင် အမှားအယွင်းတစ်ခုဖြစ်သွားပြီး အောင်မြင်ရင် နည်းလမ်းတစ်ခု ဖြစ်သွားနိုင်တဲ့ ကဗျာအမျိုး အစားတွေပါ။ မင်းနဒီခဟာ ဘာသာစကားကိုတန်ဖိုးထားသူ ကဗျာဆရာတစ်ယောက်ဖြစ်ပြီး ဘာသာစကားကို အသုံးပြုကာ ကဗျာအသစ် ဖြစ်ထွန်းမှုအတွက် စမ်းသပ်မှုတွေ ပြုလုပ်နေတဲ့ ကဗျာဆရာ လည်း ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ သူ့မှာ မေတ္တာတရား ရှိ တယ်။ သူ့မှာ ရိုးဖြောင့်မှုရှိတယ်။ သူ့မှာ နာကျင်မှု ရှိတယ်။ သူ့မှာ အကောင်းမြင်စိတ် ရှိတယ်။ သူ့မှာ အသစ်ဖန်တီးလိုစိတ် ရှိတယ်။ မင်းနဒီခတစ်ယောက် ပိုးသားရောင် ပင်လယ်လမ်းကနေ ဘယ်ဝယ်ဆီအထိ ဆက်လက်ထွက်ခွာသွားမလဲလို့၊ ရောက်ရှိသွားလေမလဲလို့

နေမျိုး
၂၀၁၁.၁၀.၈
(ညနေ ၆း၂၅ နာရီ)

  .......   ။

Monday, January 12, 2015

အနုပညာ၊ ကဗျာအရွေ့နဲ့ ပိုးသားရောင်ပင်လယ်လမ်း - မောင်ကြည်သာ(တောင်တွင်း)




အနုပညာ
    အနုပညာရဲ့ အဓိပ္ပာယ်အတိမ်အနက်ဆိုလိုချက် ဖွင့်ဆိုချက်များဟာ အခုအချိန်အထိ တိကျတဲ့ သတ်မှတ်ချက် ဆိုတာ မရှိသေးပါဘူး။ အနုပည ဆိုတာ ပင်လယ်ကြီးဆိုရင်  အဲဒီပင်လယ်ကို ဘေးကနေရပ်ကြည့်ရင် ပင်လယ် ကိုမြင်ရပြီ ဆိုနိုင်ပေမယ့် ပင်လယ်ရဲ့ အတိမ်အနက်၊ ပင်လယ်ထဲမှာ ရှိတဲ့ သက်ရှိသတ္တ၀ါ၊ ပင်လယ်ထဲမှာ ရှိတဲ့ အပင်တွေ ၊ သက်ရှိ ပိုးမွှားတွေရဲ့ သဘောသဘာဝဓလေ့စရိုက်တွေကို မသိရှိနိုင်သလို အနုပညာဆိုတာကိုလည်း မသိရှိနိုင်ပါဘူး။ ဆရာ ဦးအောင်သင်းကတော့ အနုပညာဆိုတာ အတုတဲ့။ ဆရာဦးရွှေအောင်ကတော့  ကြိုးကိုမြွေလို့ ထင်ယောင်ထင်မှား ဖြစ် အောင်ပြုလုပ်တဲ့ အလင်းအမှောင်တဲ့။ ဆရာခင်ဝမ်းကတော့ အနုပညာ ဆိုတာ သင်ကြားလို့မရတဲ့ စွမ်းရည်တဲ့။ လူ တစ်ယောက်ရဲ့လက်ရေးလိုပဲ တဲ့။  အနုပညာဟာ ပန်းချီသမားတစ်ယောက်ရဲ့ ပုဂ္ဂလိကဈာန်သဘောမျိုး ဖြစ်တယ် တဲ့။  ပန်းချီ သမားတစ်ယောက်ရဲ့ မွတ်သိပ်မှုကနေပြီး ပေါက်ဖွားလာတဲ့ စိတ္တဇ သဘောပဲ ဖြစ်တယ်တဲ့။
    ဆရာသစ္စာနီကတော့ အနုပညာဆိုတာ အနုပညာရှုင်က ဒါအနုပညာ (Art Work) ပဲလို့ ပြောတဲ့ အရာဟာ အနုပညာလို့ လက်ခံချင်တယ် တဲ့။ ဥပမာ ဒူးရွှန့်က ပြောရင် ကြွေကမုတ်ဆီးခွက်ကြီးဟာ Fountain ဆိုတဲ့ အင်စတော် လေးရှင်း အနုပညာပေါ့တဲ့။ ဘာငြင်းစရာရှိသလဲတဲ့။ ဒီလိုပဲ ကင်းပတ်စပေါ်ကို ပီကာဆိုက တံတွေးထွေးပြီး ဒါပန်းချီကား ပဲလို့ ပြောရင်လည်း လက်ခံရမှာပဲတဲ့။ တစ်ခုတော့ရှိတယ်။ အဲဒီလူဟာ ဒူးရွှန့်လို ပီကာဆိုလို စစ်မှန်တဲ့ အနုပညာသမား ဖြစ်ဖို့တော့ လိုတာပေါ့ တဲ့။
    အနုပညာမှာ ထင်မြင်ချက် ယူဆချက်တွေကလည်း အများကြီးပါ။ ဥပမာ-နားလည်ခြင်း နားမလည်ခြင်းပြဿနာ။ နားလည်မှ ခံစားနိုင်တာ လား ။ နားမလည်လည်း ခံစားနိုင်တာလား။ နားမလည်လည်း ခံစားနိုင်တာတွေ ရှိ ပါတယ်။ ဥပမာ-ငှက်ကလေးတွေရဲ့အသံ၊ စမ်းချောင်းကလေးရဲ့ စမ်းရေ စီးသံ။
    ဆရာပေါ်ဦးသက်ဟာ ဆရာခင်ဝမ်းရဲ့ တောကျီးကန်းကလေး ပန်းချီကားကို  ဝေဖန်ရာမှာ ၎င်းပန်းချီကားမျိုး ကြည့်ရှုခံစားရာတွင် အတန်မျှသော  ဗဟုသုတရှိရတဲ့ အကြောင်း၊သဘာဝနဲ့ ပန်းချီပညာတို့ ကူလူးယှက်နွယ်ကြပုံကို ရိပ်စားမိရသည့်အကြောင်း၊ ဒီလိုမှသာ ဒီပန်းချီကားလို ညဏ်အမြင်ပန်းချီကားမျိုး၏ ရသကို ခံစားနိုင့်မည့်အကြောင်း ပြောပြ ထားပါတယ်။
    ဆိုလိုတာက အနုပညာမှာလည်း ၀မ်းစာရှိဖို့ ပါပဲ။ Art for Art’s Sake အနုပညာဆိုတာ အနုပညာခံစားနိုင်သူ အတွက်ပါ} လို့ ဆရာ ထင်လင်း ပြောခဲ့ဖူးပါတယ်။     အနုပညာကို ဘာကြောင့်တန်ဖိုးထားနေကြပါသလဲ။ အနုပညာမှာ အနုပညာတန်ဖိုးကလွဲပြီး ဘာမှ မရှိပါဘူး။ အနုပညာ တန်ဖိုးမှာ အချက် တစ်ချက် က နှစ်သက်ကြည်နူးမှုပေးနိုင်ခြင်းပါပဲ။

ကဗျာအရွေ့
    ခေတ်ပေါ်ကဗျာဟာ သူ့ခေတ်များရဲ့ နောက်ခံသမိုင်းကြောင်းများ အလိုက် ရွေ့လျားနေပါတယ်။ ဂန္တ၀င်ခေတ်၊ ခေတ်စမ်းစာပေခေတ်၊ မိုးဝေ ခေတ်၊ ယနေ့ကဗျာခေတ်ဆိုပြိးသတ်မှတ်နိုင်ပါတယ်။ ဆရာသစ္စာနီကတော့  `ခေတ်စမ်းဟာ ကမ္ဘာမှာ ရီနေဆန့်ခေတ်က မွေးထုတ်လိုက်တဲ့ ရိုမန်တစ်ဝါဒ စာပေ လှုပ်ရှားမှု ဖြစ်ပါတယ်။ စာပေသစ်ကတော့ စက်မှု အရေးတော်ပုံက မွေးထုတ်လိုက်တဲ့ လက်ဝဲ၀ါဒ နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပါတယ်။ မျက်မှောက် ခေတ် အနုပညာကတော့ အိုင်တီနည်းပညာနဲ့ ဂလိုဘယ်လိုက်ဇေးရှုင်း သဘောတရားက မွေးထုတ်လိုက်တဲ့ အနုပညာဖြစ်ဖို့ သေချာနေပါပြီ´လို့ ဆိုပါတယ်။
    ကဗျာပုံသဏ္ဍာန်တွေဟာ ပြောင်းလဲလို့နေပါတယ်။ ဒွေးချိုး၊ လေးချိုးကနေ လေးလုံးစပ်ကဗျာ၊ လေးလုံးစပ် ကဗျာကနေ လေးလုံးစပ်ကို ချဲ့ထွင်ပြီး ရေးလာကြတယ်။ ခုနှစ်လုံးရှစ်လုံးထိ ချဲ့ထွင်လာရာကနေ  အလုံးရေအကန့် အသတ် မရှိ ရေးလာကြတယ်။ ကာရန်ဆိုတာထက် ရစ်သမ်ကို အားပြုရေး လာကြတယ်။ ကဗျာရဲ့ စည်းကမ်းတွေထက် ခံစားမှုကို ရောက်တဲ့နည်းလမ်းတွေကိုသာ သုံးလာကြတယ်။ အဲဒီလို ဘာကြောင့်ဖြစ်လာသလဲဆိုတော့ ရှိနေတဲ့ ကဗျာတွေကို ငြီးငွေ့လာရတာလည်း အကြောင်းတစ်ကြောင်းလို့ ထင်ပါတယ်။ နောက်တစ်ကြောင်းက ကဗျာမှာ ခံစားမှုကို ဖော်ထုတ်ဖို့ အတွက် စကားလုံးကိုသာ အားကိုးစရာရှိနေလို့ပါပဲ။ နီယိုမော်ဒန်၊ ပို့စ်မော်ဒန် ဆိုပြီး ကဗျာနည်းနာတွေ ပေါ်ထွန်းဖြစ်ထွန်း စီးဆင်းနေပါတယ်။ အနုပညာဆိုတာ စီးဆင်းနေတဲ့အတွက် နောက်ထပ်နည်းပညာအသစ်တွေနဲ့ ကဗျာခံစားမှုတွေ ဟာ လည်း ဖြစ်ပေါ်နေဦးမှာပါပဲ။
   
ပိုးသားရောင်ပင်လယ်လမ်း

(က)တစ်ပိုင်းတစ်စမှတ်တမ်း
၂၀၀၅ ခုနှစ်မှာ  မင်းနဒီခနဲ့ စတင်မိတ်ဆွေဖြစ်ခဲ့ပါတယ်။ ကျွန်တော့် အောက် နှစ်ပေါင်း ၃၀ လောက်ငယ်တဲ့ ကဗျာဆရာတစ်ယောက်နဲ့ မိတ်ဆွေ ဖြစ်ရခြင်းပါပဲ။ ကဗျာဆရာလို့ ပြောရခြင်းဟာ အဲဒီအချိန်မှာ သူ့ကဗျာ တွေအရ ကဗျာဆရာအဖြစ်ရှိနေတယ်ဆိုတာ သိရလို့ပါပဲ။ မဂ္ဂဇင်းပေါ်မှာ ပါတာ၊ ပုံနှိပ်ပြီး ဖြစ်တာမဖြစ်တာက တခြားပါ။ ကဗျာ ဆရာဟာ ကဗျာရေးဖြစ်နေရင်ပဲ သူ့အနုပညာအလုပ်ကို အကောင်းဆုံးလုပ်နေတယ်လို့ဆိုရမှာပါပဲ။ ကျွန်တော့် အောက် နှစ်ပေါင်း၃၀ လောက်ငယ်တယ်ဆိုတော့ ကျွန်တော်နဲ့ အတွေးအခေါ် အယူအဆ နေပုံထိုင်ပုံတို့ဟာ အထိုက်အ လျောက် ကွာခြားမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ခေတ်ကဗျာဆရာတွေကတော့ လွယ်အိတ် လွယ်တယ်။  သူကတော့ လူပုံ ချောချောနဲ့ ကုမ္ပဏီဝန်ထမ်းတွေ လွယ်တတ်တဲ့ အိတ်နဲ့။ ကျွန်တော်တို့ ဖြတ်သန်းခဲ့တာက မက်စ်၊ လီနင်၊  မော်စီတုန်း အတွေးအခေါ်၊ တော်လှန်စာပေ၊ မိုးဝေမဂ္ဂဇင်း၊ မြသန်းတင့်၊ ဗန်းမော်တင်အောင်၊ ကြည်အေး၊ တက္ကသိုလ်ဘုန်းနိုင်၊ မောင်သာရ၊ ရှုမ၀၊ ရုပ်ရှင်ပဒေသာ၊ ရုပ်ရှင်မျက်မှန် အစရှိသည်တို့။ သူဖတ်ရှုတဲ့ စာအုပ်တွေက တာရာမင်းဝေ၊ နီကိုရဲ၊ မင်းခိုက်စိုး စံ၊ မင်းလူ၊ နွမ်ဂျာ သိုင်း၊ နေနော်၊ ကိုငြိမ်း (မန္တလေး)၊ နေမျိုး  အစရှိသည်တို့။ သူဖြတ်သန်းတဲ့ ခေတ်က ဂလိုဘယ်ခေတ်၊ အိုင်တီခေတ်။ သူဖြတ်သန်းနေတဲ့ မဂ္ဂဇင်းခေတ်က ယေဘုယျပြောရရင် ကွာလတီ မဂ္ဂဇင်းခေတ်။ ခေတ်အခြေအနေနဲ့ ရရှိပိုင်ဆိုင်တဲ့ဘ၀ ခြားနားနေရင် ကဗျာတွေလည်း ကွာခြား လာမှာပါပဲ။

(ခ) ကဗျာတွေက ပြောတဲ့ စိတ်ညွှတ်နူးမှု
    ကဗျာဆိုတာ
    လူ့စဉ်းစားဥာဏ်ရဲ့ ပဲ့တင်သံ
    လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ
    လူ့စိတ်ဓါတ်ရဲ့  မြည်ဟီးသံ
    လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ
    ကဗျာဆိုတာ
    ကျွန်မတို့ရဲ့ ရုန်းကန်သံပါပဲ
            ( ကဗျာဆိုတာ)အောင်ဆန်းစုကြည်
            ရနံ့သစ်မဂ္ဂဇင်း၊ အောက်တိုဘာ၊၂၀၁၁

    မင်းနဒီခဟာ ဘာတွေကို စိတ်ညွှတ်နူးခဲ့သလဲ။ သူ့ခေတ်ရဲ့ ရရှိမှုကို သူဘယ်လိုတုံ့ပြန်ခဲ့သလဲ။ သူ ဘယ်လို ပဲ့တင် ထပ်ခဲ့သလဲ။  သူဘယ်လို ခုန် လှုပ် ခဲ့သလဲ။ သူဘယ်လို မြည်ဟီးခဲ့သလဲ။ သူဘယ်လိုရုန်းကန်ခဲ့သလဲ။
    ကဗျာတစ်ပုဒ်ကို ဒီကဗျာဟာဖြင့် ခေတ်ကို ကိုယ်စားပြုတယ်။ ဒီကဗျာဟာဖြင့် ဘ၀ကို ကိုယ်စားပြုတယ်။ ဒီကဗျာ ဟာဖြင့် သူပြောချင်တဲ့ နိုင်ငံရေးအဓိပ္ပာယ်ကို ဆိုလိုတယ်လို့ ပုံသေပြောလို့မရပါဘူး။ လူတစ်ယောက် ရဲ့ ဘ၀ဟာ  အဲဒီ အဓိပ္ပာယ်တွေ အားလုံးနဲ့ ရက်ယှယ်နေလို့ပါပဲ။ ဒါပေမဲ့ သူ့ကဗျာတွေအကြောင်းပြောရင်ဖြင့် ထင်သာမြင်သာရှိအောင် ထူးခြားချက်ကလေးများဖြင့် ပြောရမှာ ဖြစ်ပါတယ်။ ဥပမာ- ခေတ်ကိုထင်ဟပ်တဲ့ ကဗျာများ (မှန်ကူကွက်များ၊ ရေနည်းငါး၊ ရေလိုက်ငါးလိုက်)၊ နိုင်ငံရေးအဓိပ္ပာယ် ကဗျာများ (ဘဂ္ဂဒက်၊ B13၊ ငြိမ်းချမ်းရေး၊ စစ်)၊ ဘ၀ကဗျာများ (နာရီစားသူများ၊ မိမိကိုယ်ကိုယ်ပျော်ဝင်ခြင်း၊ ဧရာဝတီပေါ်မှ သမုဒ္ဒရာများ)၊ ကဗျာကို ကဗျာပြန်ဖွဲ့ထားတဲ့ ကဗျာများ (ပျက်ကျသွားတဲ့ ကဗျာ၊ ချောင်းဆိုးခြင်း၊ အသစ်တဖန်၊ ကဗျာကို ဘယ်လိုရေး)၊ မိသားစုကဗျာများ (သားသားလေးလား မီးမီး၊ ပိုးပိုး၊ မိသားစု ကဖေးရဲ့ လွတ်နေသော ထိုင်ခုံလေးအကြောင်း) အစရှိသည်တို့ဖြစ်ပါတယ်။
(ဂ) သူ့ရဲ့ အရေးအသား
    ယေဘုယျအားဖြင့် အဲဒီလိုပိုင်းခြားထားပေမဲ့ သူ့ကဗျာကို သူဘယ် လိုဖွဲ့သလဲ။ အဲဒါဟာ  သူ့အနုပညာ ဖြစ်ပါတယ်။ ကောက်ချက်တွေ များပြားနေမှာဖြစ်တဲ့အတွက် အချို့ကိုပဲ ကောက်နှုတ်ဖော်ပြပါမယ်။

ခေတ်ကိုက အတူတူမြင်ပေမဲ့
အမြင်တွေ မတူတော့တဲ့ ခေတ်
            (မှန်ကူကွက်များ)

နေသားတကျချည်နှောင်မှုမှာ
ချည်နှောင်မှုဟာ နေသားတကျ
            (မိမိကိုယ် ကိုယ်ပျော်ဝင်ခြင်း)

တငွေ့ငွေ့ ငွေ့ လောင်ကျွမ်း  မီးခိုးအစ မီးခိုးအဆုံး
မီးခိုးများ ဟုန်းကနဲ တက်လာပြီးနောက်
သေတ္တာထဲက မိန်းကလေးပျောက်သွားပြီ။ ဟာသ
မျက်လှည့်လိုလို မလှည့်လိုက်သလိုလို
ပြီးခဲ့တဲ့ နှစ်သုံးဆယ် နောင်လာမယ့် နှစ်သုံးဆယ် ။ ခဏ
ပြာစများ လေထဲလွင့်ပါသွားသည်။ သို့မဟုတ်
ပြာစများ ရေထဲမျောပါသွားသည်။ တစစ
                (မီးခိုးများ)

မောင်သာနိုးမီးညှိပေးတဲ့ မာရင်ဆောရက်စကူးရဲ့ ဆေးလိပ်လား
မောင်ယုပိုင်ရဲ့ ကလဲ့စားချေတတ်တဲ့ ဆေးလိပ်လား
ဥတ္တရာအောင်ရဲ့ လျှော့ရင်းလျှော့ရင်း ဖြတ်သွားရမယ့် ဆေးလိပ်လား           
(ခင်ဗျားသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ)

ခေါင်းတခါခါ လည်တခါခါ တမျှော်တခေါ်စာဝေးဝေး
ငေးတယ် မြူခြေဆိုင်းဆိုင်း မှိုင်းမှိုင်းညှို့ ညှို့
ကဗျာဆရာ ကဲနက်စ်ကို့ခ်ရဲ့ လေသံအတိုင်းပြောရရင်
လမ်းတစ်လမ်းက နောက်လမ်းတစ်လမ်းကို ကွယ်ရင်ကွယ်နေလိမ့်မယ်
တောင်တစ်လုံးက နောက်ထပ်တောင်တစ်လုံးကို ကွယ်ရင် ကွယ်နေလိမ့်မယ်
မြို့တစ်မြို့က နောက်မြို့တစ်မြို့ကို ကွယ်ရင် ကွယ်နေလိမ့်မယ်
                                                              (သစ်ပင်များကြားမှ စောင့်ကြည့်ခြင်း)
မိုးကြိုးလျှပ်စီးတွေ တဖျတ်ဖျတ်
အသိုက်ပြောင်းငှက်တို့ရဲ့ အတောင်ပံခတ်သံတဖျတ်ဖျတ်
တဖျတ်ဖျတ်နဲ့ ဖျတ်ဖျတ်လူးနေတဲ့ အရာတွေ ဖျက်ကနဲ ပျောက်ကွယ်သွားတဲ့အခါ
ဘ၀ဆိုတာလဲ
ဖျတ်ကနဲ ဖျတ်ကနဲနဲ့ ဖျတ်ဖျတ်လူးပြီး ပျောက်ကွယ်သွားကြတာပဲလို့ ခံစားမိလိုက်ရ
                                        (တံလျပ်များ)
အရွေ့ဟာ ဘေးတိုက်ရွေ့တယ်။ အထက်အောက်ရွေ့တယ်။ စက်ဝိုင်းတစ်ခုလို ရွေ့ တယ်။ လေးထောင့်စပ်စပ်ရွေ့တယ်။ သမရိုးကျရွေ့တယ်။ မရိုးမသားရွေ့တယ်။ ဆင်မယဉ်သာ ရွေ့တယ်။ ကဆုန်ပေါက်ရွေ့တယ်။ တိုးတိုးတိတ်တိတ် ရွေ့တယ်။
 (အရွေ့)

ဇာတ်ပေါင်းသော် ဘုရားအလောင်းနဲ့/ ပါးစပ်/ဟောင်းလောင်း/ရာဇ၀င်/သူ့ကိုယ်ပင်လျှင် ဘာထင်လေမသိနဲ့/ အချက် သိတော့ သူခိုးသမက်ထင်/ မြင်မြင်လေရာ ငါ့ရွှေခွက်များ/တရားလား/မတရားလား/ဒီလိုနဲ့/ ပြီးခဲ့ / စက္ကန့်များ
                                (ငါ့သစ်ရွက်များ)


(ဃ) ပင်လယ်ကို ဘယ်လိုဖြတ်မလဲ
    `အဲဒီအချိန်မှာ မော်ဒန်ကဗျာဟာ အရှိန်အဟုန်နဲ့ ပေါက်ကွဲနေတဲ့ ကာလ ဖြစ်တယ်။ မော်ဒန်ကဗျာ ဖြစ်ထွန်း လာတာ ဆယ်စုနှစ်တစ်ခု မရှိတရှိ ကာလပေါ့။ အဲဒီကတည်းက မော်ဒန်ကဗျာကို ကျွန်တော်ငြီးငွေ့စပြုနေပြီ။ တခါတရံ ကျွန်တော် တို့ ခံစားချက်တစ်ချို့ ကျွန်တော်တို့ အနုပညာယူဆချက်တစ်ချို့ကို တင်ပြဖို့ လက်ရှိအသုံးပြုနေတဲ့ မော်ဒန် ကဗျာရဲ့နည်းနိဿယတွေ အတတ်ပညာ တွေဟာ မလုံ လောက်တဲ့အကြောင်း အတွေ့အကြုံအရ သိရှိနေခဲ့ပြီ´
                               သစ္စာနီ( ကဗျာနိဂုံးချုပ်ပြီ)စာ-၂၀
    မင်းနဒီခရဲ့ ကဗျာတွေကို ကြည့်ရင် သူ့ ကြိုးစားမှုကို အထင်းသား မြင်နိုင်တာကို တွေ့ရပါတယ်။ မော်ဒန်ကဗျာ အဖြစ်အမှတ်ထင်ထင် တွေ့မြင်ရတာကတော့ မိသားစုကဖေးရဲ့ လွတ်နေသော ထိုင်ခုံလေးတစ်လုံးအကြောင်း ကဗျာ ဖြစ်ပါတယ်။ အဲဒီမှာ ခေတ်အခြေအနေ၊ အကြောင်းအရာ၊ ပုံသဏ္ဍာန်၊ အနုပညာမြောက်အောင် သုံးသွားတဲ့  အသုံးအနှုန်း တွေဟာ အဆင်ပြေလှပပါတယ်။
    ကဗျာတွေကို ရေးရင်း ၊ ကဗျာပေါင်းချုပ်စာအုပ်တွေ၊ ကဗျာဆိုင်ရာ ဆောင်းပါးပေါင်းချုပ်စာအုပ်တွေကို သူ ဖတ်ဖြစ်ပါတယ်။ အဲဒီလိုစာအုပ်တွေကလည်း အခုအချိန်မှာ တော်တော်များများ ထွက်ရှိနေပါတယ်။ အထူးသဖြင့် သူဖတ် ဖြစ်ခဲ့တဲ့စာအုပ်တွေထဲမှာ  ဇေယျာလင်းရဲ့ ဂျွန်အက်ရှဘရီနိဒါန်း၊ ချားလ်ဘန်စတိုင်းနဲ့ အင်တာဗျူးအရေးအသားများ၊ ကဗျာဘ၀ရှာတော်ပုံ၊ သစ္စာနီရဲ့ ကဗျာနိဂုံးချုပ်ပြီ၊ ခင်အောင်အေးရဲ့ ကင်းရှင်းတဲ့စိတ်ရဲ့ နှုတ်တိုက်ချပေးမှု စာကြောင်းရေ ငါးဆယ့်လေး အစရှိသည်တို့ ပါ ပါတယ်။   
စာအုပ်တွေဖတ်ရင်း ၊ ကဗျာရေးရင်းနဲ့ နေလာတဲ့ မင်းနဒီခရဲ့ ကဗျာတွေကို ဖတ်ရတာဟာ  သူတစ်ခုခုတွေ့ရှိ ခဲ့ပြီလို့ပဲ ပြောနိုင်တော့တယ်လို့ပြောရမလား။ ဒါမှမဟုတ် တစုံတရာအဓိပ္ပာယ်ကို ဦးမတည်ပေမဲ့  တစုံတရာများဆီသို့ လို့ပဲ ပြောရ လေမ လား။ အဲဒီအဓိပ္ပာယ်နှစ်ခုလုံးကိုပဲ ပြောရလေမလား။ သူ့ ကြိုးစားမှုနဲ့ သူ ၊ သူ့အရေး အသား နဲ့ သူတော့  သူ့ကဗျာဟာ ဆန်းသစ်နေတယ်လို့ ထင်မိပါရဲ့။
    မည်သို့ပင်ဖြစ်စေ ကဗျာဆရာတစ်ယောက်အဖို့ ကဗျာကို အဆက်မပြတ် ရေးနေခြင်း၊ ကဗျာကို အဆက်မပြတ် ဖတ်နေခြင်းသာလျှင် သူ့ရဲ့ ရှုင်သန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ကဗျာရေးခြင်း၊ ကဗျာဖတ်ခြင်းနည်းလမ်းကသာလျှင် ကဗျာ ဆိုင်ရာ အသစ်တွေ့ရှိနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။ ပိုးသားရောင်ပင်လယ်လမ်းဟာ  နူးညံ့သလိုလိုရှိနေပေမဲ့ တစ်ခါတစ်ခါ ပင်လယ်ရဲ့ သဘာဝအရ မုန်တိုင်းထန် တတ်ပါတယ်။ ကဗျာရေးခြင်း၊ ကဗျာဖတ်ခြင်း တက်တွေ ရွက်တွေ အသုံးပြုပြီး မင်းနဒီခဟာ  ပင်လယ်ကို ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

                        တစ်ခါတစ်ခါ လက်ပစ်ပဲ ကူးနေရတဲ့
                        မောင်ကြည်သာ(တောင်တွင်း)