Thursday, December 11, 2014

ဒါကဗျာလား ဒါလား ကဗျာ နဲ့ ခင်ဗျားလည်း ဖြေဆိုရန် မေးခွန်း

ဒါကဗျာလား ဒါလား ကဗျာ နဲ့ ခင်ဗျားလည်း ဖြေဆိုရန် မေးခွန်း

စာအုပ်အမည်                        ဒါကဗျာလား ဒါလား ကဗျာ
ရေးသူ                                လင်းသစ်ဝေ၊ ဇေသော်(စကားဝါမြေ၊ မောင်ခန့်မြေ(ထီလာ)၊ မောင်သစ်ဦး(မြစ်ခြေ)၊  
ဟိန်းထက်လွင်၊  မင်းလုဇော်၊ ရဲရင့်ပိုင်အောင်၊ အာကာမိုးမြင့်၊ ရတုသစ်၊ထွန်းလင်းသစ် (ကန့်ဘလူ)
ထုတ်ဝေသည့်ကာလ                အောက်တိုဘာ၊ ၂၀၁၄
ထုတ်ဝေသည့်တိုက်                 အလင်္ကာ စာပေ


                    ၂၀၁၄ ကတော့ ကဗျာဖြတ်သန်းမှု သမိုင်းဖြတ်သန်းမှုတစ်လျှောက်လုံး ကဗျာစာအုပ်အများဆုံးထွက်ရှိတဲ့  နှစ်တစ်နှစ်လို့ပဲ ပြောရမယ် ထင်ပါတယ်။ ၂၁၀၄ နှစ်စကနေ အခု အောက်တိုဘာလအထိ ထွက်ရှိထားတဲ့ ကဗျာ စာအုပ်ပေါင်း လက်လှမ်းမှီသလောက် ရေတွက်ရရင် တစ်ရာနီးပါးရှိနေပြီ ဖြစ်ပါတယ်။ ထွက်ရှိတဲ့ ကဗျာစာအုပ်တွေကလည်း တစ်ကိုယ်တော်၊ နှစ်ယောက်တွဲ၊ သုံးယောက်တွဲကနေ စုပေါင်းကဗျာစာအုပ်တွေအထိ ကလောင်သစ်၊ ကလောင်ဟောင်း ကဗျာရေးသူစုံလင်သလို ကဗျာအမျိုးအစားပေါင်းများစွာလည်း စုံလင်လွန်းလှပါတယ်။ ဒါဟာ မြန်မာကဗျာဖြစ်ပေါ်တိုးတက် မှုရဲ့ ပြယုဂ်တစ်ခုလို့ ပြောရမလား။ ကဗျာကောင်းခြင်း မကောင်းခြင်း၊ တင်ကျန်ရစ်ခြင်း မကျန်ရစ်ခြင်းထက် ကဗျာစာအုပ် တွေ ထွက်ရှိနေတာ၊ မြန်မာကဗျာလောကကြီး ရှင်သန်ဖြစ်ထွန်းနေတာကပဲ ကျေနပ်စရာကောင်းလှတယ်။ ဆရာကြီး အာရင်ဘတ် က` မင့် ကဗျာ တွေ ကောင်းတာ မကောင်းတာ အရေးမကြီးပါဘူး။ မင်း ကဗျာတွေ ရေးနေတာ ကဗျာဆရာ ဖြစ်ချင်တာကိုက ကောင်းလှပါပြီကွာ´ လို့ ပြောသလို ဆရာ ခရမ်းပြာထက်လူ ကလည်း ` ကမ္ဘာမြေပေါ် ကဗျာစာအုပ် တစ်အုပ် ရောက်လာတာဟာ ကမ္ဘာမြေပေါ်ကို အာဏာရှင်တစ်ယောက် ရောက်လာတာထက်စာရင် ပိုကောင်းပါတယ်´လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အာဏာရှင်တစ်ယောက်ယောက် ကဗျာရေးလာပြီ ဆိုရင်တော့ ဒါဟာ ကြောက်စရာကောင်းဖို့ လို၊ မလို ကို ကျွန်တော်တို့  ပြန်စဉ်းစားသုံးသပ်ကြည့်သင့်သေးတယ် မဟုတ်ပါလား။
            သေချာတာတစ်ခုကတော့ ` ဒါကဗျာလား ဒါလားကဗျာ´ စာအုပ်ထဲက ကဗျာရေးသူတွေဟာ အာဏာရှင်တွေ မဟုတ်ကြပါဘူး။ တကယ့်ကို ရူးရူးမိုက်မိုက် ကဗျာအပေါ် ဖက်တွယ်၊ ကဗျာနဲ့ ရှင်သန်ပြီး ကဗျာနဲ့ သေဆုံးကြမယ့် ကဗျာ ဆရာစစ်စစ်တွေဆိုတာတော့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီကဗျာစာအုပ်မှာ ကဗျာရေးသူဆယ်ယောက်ရဲ့ ကဗျာ ဆယ်ပုဒ် ကျစီ ပုံနှိပ်ဖော်ပြထားပြီး ထူးထူးခြားခြား နှစ်ယောက်ပေါင်း၊ သုံးယောက်ပေါင်းကနေ ခုနှစ်ယောက်၊ ရှစ်ယောက်၊ ဆယ် ယောက်အထိ စုပေါင်းရေးသားထားတဲ့ ကဗျာဆယ့်တစ်ပုဒ်ကိုလည်း ပုံနှိပ်ဖော်ပြထားပါသေးတယ်။ ဒီကဗျာစာအုပ်ကို ဆရာ စိုးနိုင်(မန္တလေးတက္ကသိုလ်)၊ ဆရာမောင်ကြည်သာ(တောင်တွင်း)နဲ့ ဆရာနေမျိုး တို့က အမှာစာရေးပေးထားပြီး ဆရာ မောင်ကြည်သာ(တောင်တွင်း)ရဲ့ အမှာစာကိုယ်တိုင်ကိုက ခေတ်ပြိုင်အမှာစာလို့ ပြောရလောက်အောင် အခြားကဗျာစာအုပ် အမှာစာတွေနဲ့ မတူကွဲပြားခြားနားစွာ Collage ဆန်ဆန်မုဒိတာပွားထားကိုလည်း သတိထားမိလိုက်ပါတယ်။ ဒီစာအုပ်မှာ ဖော်ပြထားတဲ့ ကဗျာတွေရဲ့ ကဗျာဟန်နဲ့ ပုံသဏ္ဍာန် တည်ဆောက်မှုမှာလည်း ခေတ်ပေါ်ဟန်နဲ့ ခေတ်ပြိုင်ဟန် နှစ်မျိုးစလုံး ပါဝင်လာတာကို တွေ့ရပြီး အကြောင်းအရာပိုင်းလည်း စုံလင်လှတာကို တွေ့ရပါတယ်။ ကျေနပ်စရာကောင်းတာ တစ်ခုက တော့ ကဗျာဆရာ ဆယ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် တင်ပြဟန်မတူ၊ တွေးဟန်မတူဘဲ အကြောင်းအရာတူ တစ်ခုတည်းကို ချဉ်းကပ်တဲ့နေရာမှာတောင် ရှုထောင့် မတူညီစွာ ရေးဖွဲ့ထားတာတွေကို တွေ့ရပြီး ခေတ်ပြိုင် မန္တလေး ကဗျာ ရေးဟန်တစ်ခု ကိုပါ ဖော်ထုတ်သွားကြနိုင်မလားအထိ ကျွန်တော် ကိုယ့်ငါးချဉ် ကိုယ်ချဉ် မိပါတယ်။ ပြောရရင် ဒီကဗျာ စာအုပ်ထဲက ကဗျာရေးသူ ဆယ်ဦးစလုံးဟာ အွန်လိုင်းပေါ်မှာရော၊ ပြင်ပလူမှုဘ၀မှာ နေ့စဉ်ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံမှု ကောင်းမွန်တဲ့သူတွေဖြစ်ပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက် အတွင်းသိအဆင်းသိဖြစ်နေတဲ့အပြင် တစ်ယောက် ကဗျာ တစ်ယောက်ဖတ်၊ တစ်ယောက်စာအုပ် တစ်ယောက်ငှားဖတ်ပြီး ကဗျာနဲ့ နေထိုင်နေသူတွေ ဖြစ်တာကြောင့် သူတို့ စုပေါင်းရေးထားတဲ့ ကဗျာတွေကလည်း ဘယ်စာကြောင်းဟာ ဘယ်သူရေးသူ၊ ဘယ်အပိုဒ်က ဘယ်သူ့လက်ပဲ ဆိုတဲ့ စကားမျိုး မပြောနိုင်လောက်အောင် အထိ ကဗျာတစ်ပုဒ်ရဲ့ ပြေပြစ်စီးမျောမှုကို ဖတ်ရှုခံစားနိုင်မှာလည်း ဖြစ်ပါတယ်။
            ဒီကဗျာစာအုပ်မှာ ပထမဆုံးထိတွေ့ရမှာကတော့ လင်းသစ်ဝေရဲ့ ကဗျာတွေပါပဲ။ လင်းသစ်ဝေဟာ လူငယ်ပီပီ စိတ်ဆတ်ပုံရတယ်။ သူ့ကဗျာတွေမှာ ဒေါသသံတွေ၊ သရော်သံတွေပါတယ်။ သူက သူကြုံတွေ့ရင်ဆိုင်နေရတဲ့ ခေတ်ကာလ ကို အာရုံခံစားမှုအများဆုံးပြုတယ်။ လက်ရှိနိုင်ငံရေးအခင်းအကျင်း၊ တောသူတောင်သားတွေရဲ့ ပစ္စက္ခအခြေအနေ၊ အခြေခံ လူတန်းစားက ပေါက်ဖွားလာတဲ့ ကလေးတစ်ယောက် ရရှိလာမယ့် ပညာရေး၊ လယ်ယာမြေသိမ်းဆည်းမှု၊ လက် တစ်ဆုပ်စာ ခရိုနီတွေရဲ့ စီးပွားရေးလက်ဝါးကြီးအုပ်မှု စတာတွေဟာ လင်းသစ်ဝေရဲ့ မျက်စိမှာ လာလာစူးနေတဲ့ စပါးမွှေးတွေပါပဲ။ လင်းသစ်ဝေဟာ ဒါကို ကဗျာအ၀တ်စနဲ့ ပွတ်ထုတ်တယ်။ မရဘူး။ `ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့´။ မရဘူး။`မိုးလား လေ လား တလားလားနဲ့ လားပေါ် ခွထိုင်နေရသလို မိုမိုလည်း မိုးမျှော်နေရော့မယ်´။ မရဘူး။ နောက်ဆုံး တစ်ခွန်းပဲ သူပြောလိုက် တယ်။  ` ဒီ အရေးအသားကို ခေါင်းစဉ်မတပ်လိုက်ပါနဲ့´ တဲ့။

မျက်ရည်ယိုဗုံးကို မျက်ဝါးထင်ထင်တွေ့ရပေမယ့် မျက်စိရှေ့တင် ပျောက်ပျောက်ကွယ်ကွယ်။ ဒါဒို့မြေ ဒါဒို့မြေ ဒို့နဲ့ မဆိုင်ပေ ဆိုတဲ့ ပြက်လုံးက နှလုံးသားကို ဆွဲနှုတ်ထားသလို ခံရခက်ပေမယ့် အမေလည်း မကယ်နိုင် အဖေလည်း မကယ်နိုင် ဂနိုင်လည်း ပျောက်ပျောက်ပျောက်ပျက်ပျက် မဖြစ်ရအောင်ကူညီကာ ၀ိုင်းလို့ မှိုင်းမတော်မူပါနဲ့ ကူညီငွေ ထောက်ပံ့ငွေ ချေးငွေ ရငွေ ယူငွေ အသုံးလား အဖြုန်းလား ငွေ။ ရေတွက်လို့ မရအောင် ချမ်းသာနေလား လူပြောသူပြောများလို့ ရေးပါ တယ် ခရုနီ။ အထင်လား အမြင်လား အထင်သေးခံရပါတယ်။ နောက်ဆုံးကျမ်းကျိန်ပြောပါမယ်။ ဒီကဗျာမှာ ပျောက်ဆိုတဲ့ စကားလုံးကို အကြိမ် ၂၀ တိတိ သုံးထားပါကြောင်း အကြောင်းကြားအပ်ပါတယ်။
(လင်းသစ်ဝေ/ ခင်ဗျားပေးထားတဲ့ ခေါင်းစဉ်မှာ မပျော်ဝင်လို့ ဒီကဗျာကို ပျော်ပျော်ရွှင်ရွှင် ရေးသားလိုက်ပါတယ် မိတ်ဆွေ)

ဒုတိယထိတွေ့ရတဲ့ ဇေသော်(စကားဝါမြေ)ရဲ့ ကဗျာတွေမှာတော့ အေးဆေးမှုနဲ့ တည်ငြိမ်မှုကို အများဆုံး တွေ့ရပါ တယ်။ သူ့ကဗျာတွေဟာ သူကြုံတွေ့နေရတဲ့ အခြေအနေတွေကို တစ်ယောက်ယောက်ကို တိုင်တည်နေသလို ကဗျာ ဖွဲ့တယ်။ ပြောရရင် သူကဗျာအများစုဟာ အပြောဆန်ဆန်ရေးဖွဲ့ထားတဲ့ အပြ ကဗျာတွေပဲ ဖြစ်တယ်။ အဲဒီအပြ တွေဟာ သာမန်ရိုးရိုးအပြမဟုတ်။ တရားသဘောပြတဲ့ အပြတွေ ဖြစ်တယ်။ `လွန်းဇက်ကို သတိရတယ် မောင်နေမြတ်´၊ `သရုပ်ပြခြင်းတွေနဲ့ ကွဲလွဲခဲ့သော မှန်ချပ်များ´၊ `ပုဂံ´။ ယူတတ်ရင် ကဗျာတစ်ပုဒ်ဟာ တရားတစ်ပုဒ် ဖြစ်သွားလောက် အောင်ထိ သူပြတယ်။  သူရေးတဲ့ အကြောင်းအရာတွေဟာ သူ့အတွေ့အကြုံတွေပါပဲ။ ဒါပေမယ့် သူဟာ တည်ငြိမ်တယ်။ လှလှပပ ဖွဲ့တယ်။ အေးအေးဆေးဆေးပြောပြတယ်။

မျက်နှာချင်းဆိုင်မျိုးစေ့ချဖို့ မျက်နှာစိမ်းစိမ်းများလာ
အကုသိုလ်ကို ကာရံဖို့ အကူကြိယာများလာ
အထင်အရှားထေ့ငေါ့ပြဖို့ အထိုင်ကျနေတဲ့ အမည်နာမများလာ
ဂိုးပေါက်ကို ဂိုးသွင်းဖို့ ဂိုးတိုင်စောင့်တဲ့ ဂိုးသမား များလာ
အဲဒါ ခင်ဗျားအတွက် ဂုဏ်ပြုလွှာ
သူက မလျှောက်ရသေးတဲ့ ခြေလှမ်းတွေနဲ့သာ
တံခါးတွေကို ဖွင့်ဖို့ သော့ခတ်ထားခဲ့မှာ။
(ဇေသော်- စကားဝါမြေ / လှေကားထစ်များ ကဗျာမှ)

            တတိယထိတွေ့ရတဲ့ ကဗျာဆရာကတော့ မောင်ခန့်မြေ(ထီလာ) ဖြစ်ပါတယ်။ အနေအထိုင် အေးတယ်။ စကား ပြောရင် ဖြည်းဖြည်းအေးအေးနဲ့ တိုးတိုးသက်သက်ပြောတတ်တယ်။ ဒါပေမယ့် သူ့ကဗျာကတော့ လှုပ်ရှားနေတယ်။ ဘယ်လောက်ထိတောင် လှုပ်ရှားနေသလဲဆိုရင် သူ့ကဗျာတွေဟာ ရက္ခပူရ၊ လက်ပံတောင်းတောင်၊ မနောမြေ၊ ဆားရီးယား၊ အာဖရိက၊ ပြည့်တန်ဆာတစ်ယောက်ကနေ မိဘမဲ့ကလေးတွေအထိ၊ ဆောခရတ္တိ၊ ဒိုင်ယာနာ၊ မာသာထရီဆာ၊ ဒိုင်အိုး ဂျီးနီးနဲ့ ကမ္ဘာကြီးရဲ့ ဇီဝဖြစ်စဉ်အပြောင်းအလဲ။ မြောက်ကိုရီးယားအာဏာရှင် ကင်ဂျုံဝိုင်၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနဲ့ တရုတ်ပြည်တင်ပို့မှု၊ ILO၊ UWCA၊ UNA စတဲ့ ကိုယ့်ဒေသပတ်ဝန်းကနေ ကမ္ဘာတ၀ှမ်းအထိ စဉ်ဆက်မပြတ်လွန်းထိုးလှုပ်ရှား နေတယ်။ မြန်မာ့အရေးကနေ ကမ္ဘာ့အရေးအထိ သူရဲ့ပူပန်မှုဟာ သူ့ရဲ့ ကဗျာတွေကို ရိုက်ခတ်လာတယ်။ သူ့ကဗျာတွေကို ဖတ်ရင်း ကျွန်တော် သူ့ကို စိုးရိမ်လာတယ်။ သူ့ရဲ့သွေးအေးရင့်ကျက်တည်ငြိမ်မှုဟာ သူ့အပေါ်ထိခတ်လာတဲ့ အပူမီးတွေ ကြောင့်လား။ သူ့အခြေအနေဟာ အချိန်မရွေးထပေါက်ကွဲသွားနိုင်တဲ့ ပြင်းအားတစ်ခုခု ကို အသင့်စောင့်ဆိုင်းနေသလိုပါပဲ။ ` ကဗျာတစ်ပုဒ်ကို ကမ္ဘာကြီးထဲထည့်ပြီး ကိုင်ပေါက်လိုက်တော့ အိုင်ဖုန်းဟာ ပြားသွား´၊ `ကွန်နက်ရှင်ကြိုးတန်းပေါ် လမ်း လျှောက်နေတဲ့ ညီမလေး´၊ `မရေးချင်တဲ့အကြောင်းတွေ ချရေးထားတဲ့ကဗျာ ငါ မရေးချင် ဘူး´၊`ခေတ်ကို ခုတုံးလုပ်ပြီး ပုထုဇဉ်စကားလုံးနဲ့ ကာနေတဲ့သူအားလုံးဟာ ပကတိရုပ်နာမ်´ စတဲ့ ကဗျာတွေဟာ သူ မီးမစွဲခင် အခြေအနေများပါပဲ။

`ကျွန်တော်တို့ဟာ
ဘုရားသခင်ကို ဖန်ဆင်းခဲ့တဲ့ လူသားတွေပါ
အယူဝါဒတွေ ကွဲလွဲပြီး
နျူးကလီးယားလက်နက်တွေ ထုတ်လုပ်လို့
စစ်ပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်
ကျွန်တော်တို့ဟာ
အားနွဲ့ပြီး အသိဥာဏ်ထက်မြက်တဲ့လူသားတွေပါ
မိုးလေ၀သကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပြီး
မပြည့်နိုင်တဲ့ အလိုဆန္ဒတွေနဲ့
စိတ်မရှိတဲ့ ကမ္ဘာကြီးကု
အသက်မဲ့တဲ့ အိုင်ဖုန်းတစ်လုံးထဲ ထိုးထည့်ခဲ့ကြပါတယ်´
(မောင်ခန့်မြေ(ထီလာ)/ ကဗျာတစ်ပုဒ်ကို ကမ္ဘာကြီးထဲထည့်ပြီး ကိုင်ပေါက်လိုက်တော့ အိုင်ဖုန်းဟာ ပြားသွား ကဗျာမှ)

            စတုတ္ထမြောက်ထိတွေ့ရတဲ့ ကဗျာဆရာကတော့ မောင်သစ်ဦး(မြစ်ခြေ) ဖြစ်ပါတယ်။ သူ့ကဗျာတွေမှာ အများဆုံးတွေ့ရတာက ဇာတ်လမ်းအသွားပါတဲ့ ကဗျာတွေပဲ ဖြစ်တယ်။ သူ့ကဗျာတစ်ပုဒ်ဟာ အစကနေ အဆုံးထိ ဖြစ်စဉ်တစ်ခုကို အနားထိုင်ပြောပြနေသလိုခံစားရတယ်။ `မိုးမိုးကပဲ ကလို့လား လွှတ်လှ´မှာ အရွယ်ရောက်လာတဲ့ အပျိုစင်ကောင်မလေး မိုးမိုးအကြောင်းကို ဖွဲ့ဖွဲ့ပြရင်း နောက်ဆုံးမှာ သူ့ရဲ့ချစ်ခြင်းမေတ္တာကို ထုတ်ပြသွားတယ်။`ပွဲတော်ကို နွှဲပျော်ဖို့ လည်လည် သွားကြမလား လယ်လယ်´မှာ ပွဲတော်တစ်ခုထဲ သူရောက်နေတယ်။ အဲဒီပွဲတော်မှာ ခင်းကျင်းထားတဲ့ အရုပ်ဆိုင်၊ သစ် သီးဆိုင်၊ ကုန်မာဆိုင်တွေ သူလျှောက်ငေးတယ်။ ရပ်ကြည့် တယ်။ ငေးရင်းနဲ့ သူတွေးတယ်။ နောက် ဘုရားပုရ၀ုဏ်ထဲ သူ ရောက်သွားတယ်။ ပြီးတော့ သူ ပြန်တယ်။ ရိုးရိုးပြန်တာ မဟုတ်ဘူး။ ခါးကြားထိုးထားတဲ့ ဆင်ခြောက်ကောင်ဖိနပ်လေးကို စီးပြီး အမြန်လစ်ထွက်သွားရတာ။ ဘုရားပွဲတော်မှာ ဖိနပ်ကိုတောင် စိတ်ချလက်ချ ပစ်မထားနိုင်ဘဲ ခါးကြားထိုးထားရတဲ့ အဖြစ်။ နောက်တစ်ပုဒ်က ကင်မရွန်နိုင်ငံသား နာမည်ကျော် ဘောလုံးသမား`အီတိုး´၊ ပြီးတော့`ငါတို့က နေ၀င်ချိန်မှာ ရောက်လာခဲ့တာ´`ဟူဂိုချားဗက်´`စစ်သား တစ် ယောက်ရဲ့ ကိုယ်ပေါ်မှာ ရန်သူရဲ့ နာမည်ကို တက်တူးထိုးထားတယ်´ စတဲ့ ကဗျာတွေမှာ မောင်သစ်ဦး(မြစ်ခြေ)ဟာ အစီအစဉ်တကျ စနစ်တကျ အကွက်ရွေ့တယ်။ ရုပ်ရှင်ဇာတ်ကား တစ်ကား ရိုက်မယ်ဆိုရင်တောင် အဆင်သင့်ဖြစ်နိုင်လောက်တဲ့ ဇာတ်ညွှန်းမျိုးနဲ့။ သူ့ကဗျာတွေဟာ လှုပ်ရှားမှုတိုင်းမှာ ဇာတ်အိမ် အခိုင် အမာနဲ့ ကြွတက်နေပါတယ်။

မိုးမိုးဟာ မာသာထရီဆာလည်း မဟုတ်ဘူး လေဒီဒိုင်ယာနာလည်းမဟုတ်ဘူး
မာလာလာလည်း မဟုတ်ဘူး
တစ်နေ့ ထမင်းသုံးနပ်ပုံမှန်စားပြီး တစ်ညကို ရှစ်နာရီလောက် အိပ်တယ်
အိပ်မက်ကို ပျော်အောင်ပဲ မက်တယ်
အဲဒီ မိုးမိုးဟာ အခု အသက်ဆယ့်ရှစ်နှစ်ကျော်ခဲ့ပြီ
အိမ်ထောင်လေးဘာလေးပြုလို့ လင်ယူသားမွေးလုပ်မယ်ဆိုလည်း လုပ်လို့ရပြီ
ဒါပေမယ့် အင်္ဂုလိမာလ လက်ချောင်းတစ်ထောင်ပြည့်ဖို့ တစ်ချောင်းပဲလိုနေသလို
ရည်းစားတစ်ထောင်ပြည့်ဖို့ ကျွန်တော်တစ်ယောက်ပဲ လိုနေလေသလား
ကျွန်တော့် လက်ညှိုးတစ်ချောင်းကို လွယ်လွယ်ပဲ ဖြတ်ပေးလိုက်ပါတယ်
ကျွန်တော်က ဗန်ဂိုးတော့ မဟုတ်ဘူးပေါ့
(မောင်သစ်ဦး(မြစ်ခြေ)/ မိုးမိုးကပဲ ကလို့လား လွှတ်လှ ကဗျာမှ)

            ပဉ္စမမြောက် ထိတွေ့ရတဲ့ ကဗျာတွေကတော့ ဟိန်းထက်လွင်ရဲ့ ကဗျာတွေပဲ ဖြစ်ပါတယ်။ ဟိန်းထက်လွင်ဟာ သူရေးတဲ့ ကဗျာရဲ့ ရစ်သမ်ကို သူမိအောင် ရေးနိုင်လွန်းတယ်။ သူ့ကဗျာတွေဟာ အသံထွက်ရွတ်ကြည့်ရင် ပိုကောင်းတယ်။ သူချိတ်ဆက်ထားတဲ့ အသံယူပုံတွေဟာ အကြားအာရုံနဲ့မှ ပိုရုန်းကြွလာသလို ခံစားရတယ်။ နောက်တစ်ချက် သူဟာ သူ့ရဲ့ နာကျင်မှုတွေကို ကဗျာထဲမှာ ထည့်ဖွက်ထားတယ်။ သူရေးတဲ့ ကဗျာတစ်ပုဒ်ကို အပေါ်ယံဖတ်ကြည့်မယ်ဆိုရင် ပျော်ရွှင် စရာလို့ ထင်မှတ်ကောင်း မှတ်နိုင်မှာပေါ့။ ဒါပေမယ့် သူဟာ သူ့ဘ၀ရဲ့ အစိတ်အပိုင်းတစ်ချို့ကို ကဗျာထဲမှာ ဖွက်ဖွက် ရေးတယ်။ တစ်ခါတလေ သူဟာ ကဗျာထဲကနေပြီး ကမ္ဘာကြီးသရော်တယ်။ `တဟီးဟီးတဟားဟားနဲ့ အဲဒီဇာတ်ကားဟာ ရုံပြည့်လူလျှံ အောင်ပွဲခံ´ ကဗျာထဲမှာဆိုရင် ငိုကြွေးတဲ့ ဇာတ်ဝင်ခန်းမှာ အားပါးတရ ရယ်မောသံတွေ ထည့်ပစ်တယ်။ ဒါဟာ သူ့အတွက် အစစ်အမှန်လား။ သူလက်ခံလိုက်တဲ့ ငိုခန်းကြီးဆိုတာကရော သူဟာ ဖန်တီးမှုအနုပညာရဲ့ အရသာကို မေးခွန်း ပြန်ထုတ်တယ်။ သူလိုချင်တာ ဘာများဖြစ်နိုင်မလဲ။ ` ဟေ့ ဟေ့ ကောင်လေး မြင်ရဲ့လား၊ ငါတို့ရဲ့ ဟိုးဝေးဝေးမှာ နေကြာ ပန်းခင်းကြီး၊ နေကြာ ပန်း ခင်း ကြီး´ တဲ့။  သူ့မျှော်လင့်နေတဲ့အရာကိုတော့ `နေခြည်´ကဗျာမှာ ကောင်းကောင်း တွေ့နိုင်ခဲ့ ပါတယ်။

အစစ်လည်း မသိ၊ အတုလည်း မသိ၊ သူ့လည်း မသိ၊ ကိုယ့်လည်း မသိနဲ့။ အမှောင်နဲ့ မသိခြင်းဟာ အထပ်ထပ်အခါခါ မိတ်လိုက် မျိုးပွား။ ဟေ့ လျှောက် လျှောက် အော်မနေနဲ့ကွ။ ခေတ်ကိုက မျက်နှာကို အိုးမည်းသုတ် ဆီဂျီးလူးထားတဲ့ ခေတ်ကြီး။ ကြည့်လိုက်ဦး နေကြာစေ့ခွံတွေ စားသုံးပြီး မုန့်အိတ်တွေနဲ့။ နံရံမှာ ကပ်ထားတာက တားမြစ်စာတွေလား သတိပေးချက်တွေလား။ တော်ပါ တန်ပါ။ မရယ်ချင်ဘဲနဲ့ ရယ်မနေပါနဲ့။ ဟန်လုပ်ပြီး မရယ်ပါနဲ့ ။ ကလိထိုးပြီး မရယ်ပါနဲ့။ ဗိုက်ကြီးကုန်းကုန်းပြီး ညှစ်ညှစ် မရယ်ကြပါနဲ့။ ဟား ဟား ဟီး ဟီး ဟဲ ဟဲ ဟွန်း ဟွန်း ။ ဘာလဲဗျာ ။ အဲဒီလိုချည်း မရယ်ပါနဲ့ဆို။ အဲဒါ ငိုခန်းကြီးဗျ။ သိလား။
(ဟိန်းထက်လွင်/ တဟီးဟီးတဟားဟားနဲ့ အဲဒီဇာတ်ကားဟာ ရုံပြည့်လူလျှံ အောင်ပွဲခံ ကဗျာမှ)

            ဆဋ္ဌမမြောက်ဖတ်ရမယ့် ကဗျာတွေကတော့ မင်းလုဇော်ရဲ့ကဗျာတွေပဲ ဖြစ်တယ်။ မင်းလုဇော် ကလည်း မောင်ခန် မြေ(ထီလာ) ထက်ကို အနေအေးပြီး စကားနည်းတဲ့ ကဗျာဆရာတစ်ယောက်ပါ။ သူဟာ သူပြောချင်တဲ့ စကားတွေကို ကဗျာ ထဲမှာပဲ ထည့်ထည့်ပြောမယ်။ ပြီးရင် ကွမ်းယာလေး အသာဝါးပြီး တိတ်ဆိတ်နေမယ်။ ဒါပေမယ့် သူကလည်း ပြည်သူ့ ကြားက မဲတစ်ပြားနဲ့ ဖြစ်ခွင့် ရရင် `ကျွန်တော်သမ္မတကြီး ဖြစ်ချင်တယ်´ လို့  ရေးထားသူမို့ ခေသူတော့ မဟုတ်။ သူ့ကဗျာ တွေကို ဖတ်ကြည့်တော့ အများဆုံး တွေ့ရ တာက အလိုမပြည့်မှုတွေပဲ ဖြစ်တယ်။ သူဟာ လက်ရှိသမ္မတနဲ့ အလို မပြည့်ဘူး။ သူဟာ ညီမလေးနဲ့ အလိုမပြည့်ဘူး။ သူဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကို အလိုမပြည့်ဘူး။ လက်ရှိ သွားနေတဲ့ လမ်းတွေကို အလိုမပြည့်ဘူး။ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ လှည့်ကွက်တွေကို အလိုမပြည့်ဘူး။ ဘယ်လောက်ထိ အလိုမပြည့်နေသလဲဆိုရင် ကိုယ့်ကိုယ်ကိုယ်တောင် ဒီမနက် ဒင်း ဘာတတ်နိုင်သေးလဲ ဆိုပြီး `ဖိနပ်တစ်ဖက်ပျောက်သွားတဲ့ မနက်စောစော´ မှာ အလို မပြည့်ဖြစ်နေလိုက်ပုံ။

အပေါ်ယံပြောင်းပေးလိုက်ရင်ပဲ ကျေနပ်နိုင်တယ်ထင်ပြီး
ပြောင်းနေရတာလည်း ရှိတော့
ပြောင်းကို ပြောင်းမှ ဖြစ်မယ်ဆိုတာကို သဘောတော့ ပေါက်နေတယ်
ပြောင်းတယ် အထင်နဲ့ မူလနေရာဆီ ပြန်ပြောင်းနေတာလည်း ပြောင်းတာပဲ
ဘယ်လိုပြောင်းပြောင်း ပြောင်းနေရရင်ပဲ စားဝင်အိပ်ပျော်
ပြောင်းလဲမှ ဖြစ်မယ် ကြွေးကြော်ပြီး
တလွဲတချော်ပြောင်းနေတာလည်း ပြောင်းခြင်းတစ်မျိုးပဲ မဟုတ်လား
(မင်းလုဇော်/ ပြောင်းပြောင်း မပြောင်းပြောင်း ပြောင်းသာပြောင်း အပြောင်းဖြစ်လိမ့်မည် ကဗျာမှ)

            သတ္တမမြောက် ထိတွေ့ရမယ့် ကဗျာဆရာကတော့ ရဲရင့်ပိုင်အောင်ပဲ ဖြစ်တယ်။ ရဲရင့်ပိုင်အောင်ရဲ့ ကဗျာတွေကို ဖတ်ရတော့ ကျွန်တော်ရင်းနှီးထိတွေ့ခဲ့ဖူးတဲ့ ရဲရင့်ပိုင်အောင်မှ ဟုတ်ပါရဲ့လားဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးတဲ့ မေးခွန်းနဲ့ တအံ့တသြဖြစ်ရပါတယ်။ တကယ်ဆို ရဲရင့်ပိုင်အောင်က ၂၀၀၆ ခုနှစ်လောက်ကတည်းက ပုံနှိပ်စာမျက်နှာပေါ် ဖြတ်သန်းခဲ့ ဖူးတဲ့ ကဗျာဆရာတစ်ယောက်ပါ။ ကဗျာအရေးကျဲတယ်ဆိုတာထက် ကဗျာအရေးပျင်းတယ် ပြောရမလား။ ရေးဖြစ် သလောက်လည်း မဂ္ဂဇင်းတွေဆီ သူမပို့။ သူရေးဖြစ်တဲ့ ကဗျာတွေဟာလည်း လက်ဖက်ရည်ဆိုင်များပဲ ဂိတ်ဆုံးသွား တတ် တာ များတယ်။ အခုအွန်လိုင်းခေတ်ရောက်လာတော့ သူလည်း ကဗျာတွေ ပြောင်းလာတယ်။ ရေးပုံ၊ တွေးပုံ၊ တည်ဆောက် ပုံကအစ ကဗျာကို လှလှပပ အဆုံးသတ်ဖို့အထိ သူပြင်ဆင်ထားတတ်တာကိုပါ တွေ့ရပါတယ်။ ရဲရင့်ပိုင်အောင်ဟာ အောင်ချိမ့် မဟုတ်ဘူး။ ဒါပေမယ့် သူဟာ ပုံပြောသူတစ်ယောက်ပါပဲ။ သူဟာ သန်းတစ်ရာ ညအလင်းဆိုင်လေးကနေ၊ ဒါမှမဟုတ် ရွှေစွန်မင်းကဖေးကနေ ကမ္ဘာကြီးကို ထိုင်ကြည့်နေတယ်။ သူမြင်တဲ့အရာတွေကို ကဗျာနဲ့ ပြန်တည်ဆောက်ပြီး ပြောပြလေ့ရှိတယ်။ `ကဗျာ သင် ဘယ်ကိုင်းနားမလဲ´မှာ ကဗျာလောကကြီးကို သူကြည့်ပြီး မေးခွန်းထုတ်တယ်။ `လက်ရှိ အခြေအနေကို ဖတ်ရန် ကတ်တလောက်အညွှန်း´မှာ သူဟာ ရေထဲမျောလာတဲ့ သပွတ်အူအတွက် ယတြာချေပေးဖို့ ပြော တယ်။ `ငါတို့ရွာ´မှာ သူမြင်တဲ့ မြင်ကွင်းတွေက သူကြုံတွေ့ခဲ့ရဖူးတဲ့ ရွာလေးထဲက ပျော်ရွှင်ခြင်းတွေ မရှိတော့။ စိတ်ပျက် စရာမြင်ကွင်းတွေကို ကြည့်ငေးရင်း သူအာခေါင်တွေ ခြောက်သွေ့လာပုံ။ ပြောစရာ စကားလုံး ရှာမတွေ့ တော့ပုံ။`ပုဂံ´၊ `ကမ္ဘာကြီးဆူညံနေပုံ´`စစ်ပွဲ´ စတဲ့ ကဗျာတွေမှာလည်း အဲဒီအတိုင်း သူဟာ သူမြင်တွေ့နေရတဲ့အတိုင်း တစ်ခုချင်း ချပြ သွားတာပါပဲ။ သူ့ကဗျာတွေတိုင်းမှာ သူဟာ ပြောချင်တဲ့စကားတွေကို နောက်ဆုံးပိတ်အိတ်နဲ့လွယ်တဲ့အတိုင်း ကဗျာ အဆုံးသတ်တွေမှာ ကဗျာဖတ်သူကို ကျေနပ်အားရသွားစေပါတယ်။

ပျော်ရွှင်မှုကို လူသူအဖတ်နည်းတဲ့ စာမျက်နှာမှာ ၀ှက်ထားရတယ်
ကောင်းကင်မှာ ကြယ်တွေ စုံနေတဲ့အထိ
စကားက အသစ်အသစ်ရှိနေသေးတယ်
ရုပ်သံက လာတဲ့ ဇာတ်ဝင်ခန်းမှာ
ဒီတောက လွတ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ထိတ်လန့်သံတွေ ကြားနေရတယ်
မိတ်ဆွေဆီက ဖုန်းလာတယ် အဆင်ပြေလား တဲ့
ဒီလိုပါပဲလို့ ပြန်ဖြေလိုက်တယ် (အများနည်းတူ)
ကိုယ့်နာမည်ကိုယ် ချရေးတော့
လုံးကြီးတင်ခံလိုက်ရတာတွေက အများကြီး
(ရဲရင့်ပိုင်အောင်- လက်ရှိအခြေအနေကို ဖတ်ရန် ကတ်တလောက်အညွှန်း ကဗျာမှ)

            အဋ္ဌမမြောက်ထိတွေ့ရမယ့် ကဗျာတွေကတော့ အာကာမိုးမြင့်ရဲ့ ကဗျာများပါပဲ။ ရဲရင့်ပိုင်အောင်နည်းတူ အာကာ မိုးမြင့်လည်း ကဗျာအရေးကျဲသူတစ်ယောက်ပါပဲ။ အာကာမိုးမြင့်မှာ အားသာချက်ကတော့ ဘယ်နေရာကဖြစ်ဖြစ် ကဗျာ ရယူနိုင်စွမ်းရှိနေတာပါပဲ။ ဘောလုံးပွဲကြည့်ရင်း၊ သတင်းနားထောင်ရင်း၊ ဇာတ်ကားတစ်ကားကြည့်နေရင်း၊ ဂီမ်းတစ်ခုခုကို ဆော့နေရင်းကပဲ ဖြစ်ဖြစ် သူရယူ တည်ဆောက်ထားတဲ့ ကဗျာတွေဟာ နယ်ပယ်စုံလင်တာကို တွေ့ရပါတယ်။

တောက် . . . ခေါက်သံတွေ များလာတယ် ဆီလီကွန်ထိုးလိုက်သလို ကျိတ်ခဲနေတဲံ အကျိတ်အခဲတွေ ဖွေးပွလာ ထိုးသားတွေ အလျော်ပေးခဲ့ရတဲ့ တစ်လျှောက်လုံး ရွာထိပ်လည်း မီးလောင်တယ် ရွာနောက်လည်း မီးလောင်တယ် စီစီတီဗီ တပ်ထားတယ် အလကားပဲ ခြင်္သေ့လည်ဆံမွှေးကနေ ဆင်နှာမောင်းသာ ပြောင်းသွားတယ် ခေါက်ရိုးရာက ခေါက်ရိုး ရာပဲ ဖျူ့စ်ခဏခဏ ပြတ်တဲ့ ဘ၀က သုံးတန်းနဲ့ ဘေးစိတ်နဲ့ ဥပုသ်စောင့်တဲ့နေ့များဆို ၀မ်းတူးကုလားကုလားပဲ အဘ ပါးစပ်က အပိုင်ဂဏာန်းပြောတိုင်း မျိုးကြီးသီချင်းသာ အော်ဆိုပစ်လိုက်ချင်တယ် (မျှော်လင့်ချက်မဲ့ပြီဟေးးး) အစား မကြမ်း တဲ့နေရာ ဒိုင်ပြောင်းထိုင်ရင်း Miss Called သာပို့လိုက် နွယ်မြက်သစ်ပင်တွေဟာ တကယ်ပဲ ဆေးဖက်ဝင် မလား။
(အာကာမိုးမြင့်/ စောင်ကြားက ၀ှက်ဖဲက စပိတ်တစ်လား ကဗျာမှ)

            န၀မမြောက်ဖတ်ရှုရမယ့် ကဗျာဆရာကတော့ ရတုသစ် ဖြစ်တယ်။ ရတုသစ်ကတော့ လေးချိုး၊ ဒွေးချိုး၊ ရတုပိုဒ်စုံ ကနေ ခေတ်ပေါ် ခေတ်ပြိုင်ကဗျာများအထိ ကဗျာစုံရေးသားနိုင်စွမ်းရှိသူတစ်ယောက်ပါပဲ။ အခု ဒီကဗျာစာအုပ်ထဲမှာတော့ ခေတ်ပြိုင်ဟန်ကဲတဲ့ ကဗျာအများစုကို ထည့်သွင်းပုံနှိပ်ထားပါတယ်။ သူ့ကဗျာအများစုကတော့ Expressionsim ဆန်ဆန် ရေးသားထားတာကို တွေ့ရပြီး များသောအားဖြင့် လိုင်းကူးချိတ်ဆက်ပုံဟာ တသားတည်းဖြစ်နေတာကိုလည်း တွေ့ရပါ တယ်။`(၃၁)ဘုံထဲ ပါဝင်ပြီး သုံးမရတဲ့ အသံကို ကလန်ကဆန် လုပ် မရတဲ့အတိုင်း ခေတ္တဆိုင်းငံ့ထားလိုက်တယ်´၊ `ခေါင်းစဉ်ရှိပြီး ခေါင်းစဉ်အောက်မနေချင်သူတွေကို ခေါင်းဖြတ်ပြီး ခေါင်းထဲထည့်ထား´စတဲ့ ကဗျာတွေမှာဆိုရင် လိုင်း တစ်လိုင်းနဲ့ တစ်လိုင်းဟာ ကာရန်တွေ အသေအချာ ချိတ်ဆက်ပြီး ဆွဲခေါ်သွားတာကို တွေ့ရတယ်။ `စက္ကူ ရေ သုံးပါ´ ` တစ်က ပြန်စလို့ တစ်နေတဲ့ အချိန်ဇယားကို မျဉ်းကြောင်းတစ်ကြောင်းထဲဆွဲဖို့ တစ်ခုခုကို  ဆုံးဖြတ်ကြရင်ကောင်းမလား´ စတဲ့ ကဗျာတွေမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ကဗျာကို တည်ဆောက်မှု ပြုလုပ်ထားပြီး` ဖျတ်ဖျတ်လူး ဆတ်ဆတ်ခါ ဝေ့ကာဝဲကာ စိတ်အလျဉ်´ ကဗျာမှာတော့ တမင်တကာ အချိုးဖျက်ထားတဲ့ လိုင်းစီပိုင်းဖြတ်ပုံနဲ့ ကဗျာဖတ်သူကို ဖမ်းစားပစ်လိုက် ပြန်တယ်။ `ကိုယ့်အဖြစ်ကိုယ် ဝေခွဲမရလို့ ဘ-အက္ခရာအစ ၀-အက္ခရာအဆုံး လက်မှတ်တစ်စောင်ကို အကြွေးဝယ်ပြီး ကံစမ်းဖြစ်ခဲ့တယ်´နဲ့ တရွေ့ရွေ့ဆွဲခေါ်၊ ပြန်လွှတ်ချ၊ နားနားနေနေ အနီးကပ်ပြောကြားချက်၊ လွတ်ထွက်သွားတာ ဦးနှောက်တွေ´ စတဲ့ကဗျာတွေမှာလည်း  ရတုသစ်ဟာ ဘာသာစကားနဲ့ ကဗျာတည်ဆောက်မှုမှာလည်း ကျွမ်းကျင်ပိုင်နိုင် ပြန်ပါသေးတယ်။

ရေအိမ်သုံးမလား ဒုတ်မသုံးရ စက္ကူ ရေ သုံးပါ
သန့်ရှင်းမှုဖြင့် ကူညီမလား ဒုတ်မသုံးရ စက္ကူ ရေ သုံးပါ
ညစ်ညမ်းမှုပပျောက်ရေးလား ဒုတ်မသုံးရ စက္ကူ ရေ သုံးပါ
ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးလား ဒုတ်မသုံးရ စက္ကူ ရေ သုံးပါ
ရေထုညစ်ထေးမှုလား ဒုတ်မသုံးရ စက္ကူ ရေ သုံးပါ
. . . . . . . . . .  . . . . . .  ..
စက္ကူ ရေ သုံးပါ ရေ စက္ကူ သုံးပါ သုံးတတ်သလို သုံးကြပါ
အသုံးပြုသူသာ အမြဲတမ်း မှန်/ မမှန် စဉ်းစားရင်း စက္ကူ ရေ သုံးပါ။
(ရတုသစ်/ စက္ကူ ရေ သုံးပါ ကဗျာမှ)

            နောက်ဆုံးတစ်ယောက်ကတော့ ကဗျာဆရာ ထွန်းလင်းသစ်(ကန့်ဘလူ)ပဲ ဖြစ်ပါတယ်။ ထွန်းလင်းသစ် (ကန့်ဘ လူ) ကတော့ မန္တလေးလူငယ်ကဗျာဆရာတွေထဲမှာ ခြေလှမ်းသွက်သွက်၊ အရေးသွက်သွက်နဲ့ မဂ္ဂဇင်းစာမျက်နှာ များထက် အချိန်တိုတိုအတွင်း နေရာရနေတဲ့သူလို့ ကျွန်တော်ရေးခဲ့ဖူးပါတယ်။ အခုထိလည်း သူဟာ ရေးအားကောင်းကောင်းနဲ့ မဂ္ဂဇင်းစာမျက်နှာတွေထက်မှာ တွေ့နေရတုန်းပါပဲ။ သူ့ရဲ့ကဗျာတည်ဆောက်ပုံကတော့ ဘာသာစကားကိုအားပြုပြီး ဘာသာ စကားရဲ့ရွေ့လျားဆွဲခေါ်ရာနောက်ကို ထပ်ကြပ်မကွာလိုက်ရေးတဲ့ ပုံစံပါပဲ။ တစ်ချို့အပုဒ်တွေမှာ ကဗျာတစ်ပုဒ်လုံးရဲ့ ပြေပြစ်စီးမျောမှုတွေကို တွေ့ရမှာမှန်ပေမယ့် `အက္ခရာစာလုံးတွေကို အားနာလို့ ဘာမျှကို မရေးချင်တော့ဘူး´၊ `ကပ်´ စတဲ့ ကဗျာမျိုးတွေမှာတော့ ကဗျာဖတ်သူဟာ ပြေပြစ်မှုကို လိုက်ရှာနေရင်မောပါလိမ့်မယ်။ ဒီလိုကဗျာတွေဟာ ထွန်းလင်းသစ် (ကန့်ဘလူ)ရဲ့ ပြုလုပ်တည်ဆောက်ထားတဲ့ ကဗျာတွေ ဖြစ်နေလို့ပါပဲ။ `နာရင်တော့ အော်မှာပဲ တော်ရေ´၊ `မှန်တဲ့လူ ထိစေ´၊ ` ငြိမ်းချမ်းရေးကဗျာ(၁)´၊ `ငြိမ်းချမ်းရေးကဗျာ(၂)´ စတဲ့ ကဗျာတွေမှာ ထွန်းလင်းသစ်(ကန့်ဘလူ)ရဲ့ ဘာသာ စကားအခြေပြုသရော်ဟန်ကဗျာတွေကို တွေ့ရပါတယ်။ ဒီနေ့ခေတ်နိုင်ငံရေးအခင်းအကျင်းမှာ တိုက်ရိုက်ရေးဖွဲ့ တိုက်ရိုက် ကန့်ကွက်နေတဲ့ကဗျာတွေ ကြားထဲမှာ သူ့ရဲ့ သရော်ဟန်ကဗျာတွေ ဖတ်ရတာဟာ ပျော်ရွှင်ကြည်နူးစရာကောင်းလှပါတယ်။ ဒါဟာ ထွန်းလင်းသစ်ပါပဲ။

ဘယ်သူကနေရာပေးထားလို့ ၀င်ထိုင်နေကြတာလဲ
မပေး ပေးပေး ပေး ပေးပေး ရအောင် ယူဖို့ ၀န်မလေး (မေဆွိ)
လုတယ် ယက်တယ်  ခိုးတယ် ၀ှက်တယ် သတ်တယ် ဖြတ်တယ်
လိမ်တယ် ညာတယ် လူညာကြီးတို့ရယ်
ဒါရိုက်တာမိုက်တီးရဲ့ ရိုက်ချက် မိုက်ချက်ကတော့ ကမ်းကုန်တယ်
ညီအစ်ကိုတတွေ ဆိုးလိုက်ကြတာ သူ့အဖေ သူ့အဖိုးအတိုင်းပဲ
ရုပ်ရှင်ဇာတ်ကားကြီးပြန်ရိုက်တော့ မိုက်တီးလေးများ
တစ်ရွာလုံး အော့ကြောကို လန်ရော ဝေါ့ ဝေါ့ ဝေါ့ ထွီ
ဒင်းက အခုမှ စိုးရိမ်သလေး ဘာလေးနဲ့ ရွံစရာကောင်းလိုက်တာ ထွမ်
(ထွန်းလင်းသစ်(ကန့်ဘလူ)/ မှန်တဲ့သူ ထိစေ ကဗျာမှ)

            အချုပ်အားဖြင့်ပြောရရင် ကဗျာဖတ်သူဟာ သူကိုင် ထားတဲ့ စာအုပ်ထဲက အရေးအသားတစ်ခုခုကို ဖတ်ပြီးတိုင်း `ဒါကဗျာလား ဒါလား ကဗျာ´ ဆိုတဲ့ ကဗျာစာအုပ်ရဲ့နာမည်ဆီ ပြန်ပြန်ရောက်နေမလားလို့ ကျွန်တော် တွေးမိ ပါတယ်။`ဒါကဗျာလား ဒါလားကဗျာ´ ကဗျာစာအုပ်ဟာ မန္တလေးလူငယ်ကဗျာ (၁၀)ဦး ရဲ့ Experimental အရေး အသားတွေပါပဲ။ ဒါကြောင့် တစ်ချို့ကဗျာတွေကို ဖတ်ရတဲ့အခါ တစ်ခုခုလိုနေသလို ခံစားရပြီး တစ်ချို့ကဗျာဟာလည်း မလိုအပ်ဘဲ ရှည်လျားလွန်းနေတာတွေ တွေ့ရပါတယ်။ သေသေချာချာဖတ်ကြည့်ရင် ကျွန်တော် ပြောချင်တဲ့ တစ်ချို့ ကဗျာတွေဟာ ပုံသဏ္ဍာန်တည်ဆောက်မှုထဲ အတင်းထိုးထည့်ထားတဲ့ စာသားအစုအဝေးတွေလို ဖြစ်နေတာမျိုးတွေ၊ စုပေါင်းကဗျာတစ်ပုဒ်တလေမှာ အသံစီးဆင်းမှုပြတ်တောက်သွားတာ၊ ရစ်သမ်ပြတ်ကျသွားတာမျိုးတွေလည်း တွေ့ရပါ တယ်။ ကဗျာမှာ လိုင်းစီပိုင်းဖြတ်ပုံဟာ အရေးကြီးပါတယ်။ အပြားလိုက်စီရေးတဲ့ ကဗျာတွေမှာ အသံစုစည်းမှုရမ်သမ် (သို့) အကြောင်းအရာစုစည်းမှုရစ်သမ် ရှိပါတယ်။ ခေတ်ပေါ်ကဗျာစီသလို ဒေါင်လိုက်ရေးပြီး လိုင်းဖြတ်ရမယ့် စာသားတွေကို အပြားပုံသဏ္ဍာန်ထဲ ထည့်လိုက်တဲ့အခါ ရမ်သမ်ဟာ တောက်လျောက်စီးမသွားဘဲ ထောက်နေသလိုပါပဲ။ တနည်းပြောရရင် `ဒါကဗျာလား ဒါလားကဗျာ´ ကဗျာစာအုပ်ဟာ ကဗျာဖတ်သူကို ပြန်လည်ဖြေဆို လက်ခံငြင်းဆန်ပေးဖို့ မေးခွန်းထုတ်ကြည့် တာပါပဲ။ Contemporary ဖြစ်ခြင်း၊ မဖြစ်ခြင်းဟာ သူတို့ရည်ရွယ်မဟုတ်သလို Contemporary Poetry ဖြစ်အောင်ဆိုပြီး တမင်ရည်ရွယ်ရေးသားထားတာ မဟုတ်ဘူးလို့လည်း ကျွန်တော် အခိုင်အမာ ပြောရဲပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ ပင်မရေစီးခေတ်ပေါ်ကဗျာကနေ ကွဲထွက်လာမယ့် ကဗျာလမ်းကြောင်း တစ်ခုခုအတွက် စမ်းသပ်ရေးသား နေသူတွေမို့ပါပဲ။ `ဒါကဗျာလား ဒါလားကဗျာ´ ဆိုတဲ့ မေးခွန်းတွေအတွက် ကဗျာရေးသူအားလုံးနဲ့ ကဗျာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်မိပါတယ်။
မင်းနဒီခ
(၁၃၊ ၁၁၊ ၂၀၁၄)

No comments:

Post a Comment