Thursday, December 11, 2014

သမိုင်းတစ်ခေတ် စီးနေဦးမည် မဟာဧရာဝတီ



သမိုင်းတစ်ခေတ် စီးနေဦးမည် မဟာဧရာဝတီ

စာအုပ်အမည်                              မဟာဧရာဝတီ
ရေးသူ                                       မောင်နိုင်လင်း(ကောလင်း)
ထုတ်ဝေသည့်ကာလ                     ဇန်န၀ါရီ၊ ၂၀၁၄
ထုတ်ဝေသည့်တိုက်                      အလင်္ကာ


           မဟာဧရာဝတီ ကဗျာရှည်တဲ့။ ဟုတ်ပါတယ်။ ဒီကဗျာကို ကိုနိုင်လင်း စရေးတဲ့ အချိန်ကစပြီး ကဗျာရှည် ပြီးဆုံးသွားတဲ့အထိ တစ်နှစ်ကျော်ကာလအတွင်းမှာ ကိုနိုင်လင်းရဲ့ အနီးဆုံးနေရာနဲ့ အချိန်တော်တော် များများ မှာ ကျွန်တော် သူနဲ့အတူတူရှိနေခဲ့ပါတယ်။ သူ့ရေးမယ့် မဟာဧရာဝတီ ကဗျာရှည်နဲ့ပတ်သက်ပြီး စကားတွေ ပြောဖြစ်ကြတယ်။ တိုင်ပင်ခဲ့ကြတယ်။ ဘယ်လိုပုံစံနဲ့ ရေးမယ်။ တည်ဆောက်မယ်။ သမိုင်းအချက် အလက်တွေ ဘယ်လိုရှာမယ် စသဖြင့် မန္တလေးညချမ်းတွေမှာ သူနဲ့ ကျွန်တော် စကားတွေ ပြောဖြစ်ခဲ့တယ်။ ဧရာဝတီအတွက် သူတစ်ခုခုလုပ်ပေးချင်နေတယ်။ ဧရာဝတီအပေါ်မှာထားတဲ့ သူ့သဘောထားက သေးသေး နုပ်နုပ်မဟုတ်ဘူး။ ကြီးမြတ်ခမ်းနားလွန်းနေတယ်။ ဒီကဗျာရှည် ဟာ ဧရာဝတီရဲ့ သမိုင်းပဲ။ ဒီကဗျာရှည်ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းပဲ။ အဲဒီလောက်ထိ ခမ်းနားစွာ သူ့ဖွဲ့ချင်တယ်။ တကယ်တမ်း အခု မဟာဧရာဝတီ ကဗျာရှည် စာအုပ်ထွက်လာတဲ့ အခါ ကိုနိုင်လင်းဟာ သူ့ရည်ရွယ်ချက်ကို အောင်မြင် အောင် အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ မဟာဧရာဝတီ တဲ့။ မြန်မာကဗျာသမိုင်းမှာ မြစ်တစ်စင်းအကြောင်းကို အရှည်လျားဆုံးနဲ့ အပြည့်စုံဆုံး ဖွဲ့စပ်နိုင်ခဲ့ပြီး ဖတ်ပြီးတာနဲ့ ကြက်သီးဖြန်းဖြန်းထလောက်အောင် ဖြစ်ရတဲ့ ကဗျာရှည် စာအုပ်တစ်အုပ်ပါပဲ။ ဒါဟာ သမိုင်းတစ်ခုပါပဲ။
            မဟာဧရာဝတီကဗျာရှည် စာအုပ်ကို ဆရာ မောင်စိမ်းနီ၊ ဆရာ စိုးနိုင်(မန္တလေးတက္ကသိုလ်)၊ ဆရာ ကိုငြိမ်း (မန္တလေး)၊ ဆရာ မောင်ကြည်သာ(တောင်တွင်း)၊ ဆရာ မောင်သင်းပန်၊ ဆရာ နေ၀င်းမြင့်၊ ဆရာ ညိုထွန်းလူ၊ ဆရာ စိုးဘားဒိုင်၊ ဆရာ ကိုထက်(ရေဦး)၊ ဆရာ ထွန်းလွင်သွယ်(ဆူးဖြူရိပ်)၊ ဆရာ မောင်စိုးသစ် (မန္တလေး)၊ ဆရာ မောင်သစ်ဦး (မြစ်ခြေ)နဲ့ ကျွန်တော် မင်းနဒီခ အပါအ၀င် လူငယ်ကဗျာဆရာ၊ စာရေးဆရာကြီးများရဲ့ အမှာကဗျာ၊ အမှာစာ၊ ခံစားသုံးသပ်ချက်များနဲ့ ထူးထူးခြားခြား ရေးသားဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ ဆရာကြီးများရဲ့ အမှာစကား သုံးသပ်ချက်များကလည်း မဟာဧရာဝတီကဗျာရှည်ရဲ့ စွဲဆောင်နိုင်စွမ်းကို ပိုမိုမြင့်တက်စေပြီး ကဗျာဖတ်သူကို အကောင်းဆုံးနိုးဆွ လှုံ့ဆော်ပေးနိုင်တာကိုလည်း တွေ့ရပါတယ်။

မဟာဧရာဝတီ ကဗျာရှည်ကြီးသည် အဖိနှိပ်ခံ ပြည်သူတို့နှင့် ထပ်တူ ဒြပ်ထုကို ထုဆစ်ထားသည့် အမှန်တရားဟု ဆိုပါရစေ (မောင်စိမ်းနီ)

ကျွန်တော်လည်း မောင်နိုင်လင်းရွေ့တဲ့ အတိုင်း လိုက်ရွေ့နေခဲ့ပါတယ်။ သူနဲ့ အတူ ယဉ်ကျေးမှုဆီ ရွေ့သွား လိုက်၊ သမိုင်းဆီ ရွေ့သွားလိုက်နဲ့။ မောင်နိုင်လင်းလည်း အတော်ခရီးပေါက်ခဲ့ပြီဖြစ်ကြောင်း ကျွန်တော် သိပြီ။ စာ အလွန်ဖတ်တဲ့ ကဗျာဆရာဖြစ်ကြောင်းလည်း ကျွန်တော်သိရပြီ။ မောင်နိုင်လင်းရဲ့ မဟာဧရာဝတီကို ဖတ်ကြည့် ပြီးရင် သူ့အနုပညာအား ၊ လေ့လာမှုအားတွေကို တွေ့ရမှာ အမှန်။  ( ကိုငြိမ်း- မန္တလေး)
                                                                                               
မောင်နိုင်လင်း (ကောလင်း) ၏ ကဗျာရှည်ကတော့ မော်ကွန်းကဗျာ (Epic) ကဗျာဟု ပြောချင်မိသည်။ ကဗျာ ထဲမှာ ရာဇ၀ံသ၊ သမိုင်းဗေဒ၊ ယဉ်ကျေးမှု၊ လူမှုရေး၊ နိုင်ငံရေး၊ ပြည်ထဲရေး၊ ဘာသာရေး၊ တိုင်းဂုဏ်ပြည်ဂုဏ်၊ သဘာဝတောတောင်ရေမြေ၊ သိင်္ဂါရနှင့် အလွမ်းခုနှစ်ထွေကို ဝေနေအောင် ဖွဲ့သည်။ ကဗျာဆရာ၏ ရှိုက်သံကို ကြားရသည်။ ကဗျာဆရာ၏ အော်ဟစ်သံကို ကြားရသည်။ ကဗျာဆရာ၏ မြည်တမ်းသံကို ကြားရသည်။ ကဗျာဆရာ၏ ချိုးဖဲ့သံကို ကြားရသည်။ (နေ၀င်းမြင့်)

မဟာဧရာဝတီကဗျာရှည်ကို ဖျောက်ဖျက်လို့ မရနိုင်တော့ပါဘူး။ ဧရာဝတီအတွက်၊ အမိမြန်မာပြည်အတွက် မောင်နိုင်လင်း (ကောလင်း) တာဝန်ကျေခဲ့ပါပြီလို့ အလေးအနက်ကျွန်တော်ပြောခဲ့ပါမယ်။ ဒီစကား သမိုင်း အဆက်ဆက် တည်ပါစေသား။ ( ကိုထက်-ရေဦး)

          အထက်ပါ ကောက်နှုတ်ချက်များဟာ မဟာဧရာဝတီကဗျာရှည်အတွက် အမှာစာများထဲက မဖြစ်မနေ ထုတ်နှုတ် ဖော်ပြရမယ့် စကားလုံးများပါပဲ။ အဲဒီထဲကမှ ဆရာနေ၀င်းမြင့်အမှာစာထဲက မော်ကွန်း(Epic) ကဗျာဟု ပြောချင်မိသည်ကို သဘောကျမိပါတယ်။ မြန်မာနိုင်ငံမှာ ပုဂံခေတ်ကနေ ယနေ့ခေတ်အထိ မော်ကွန်ကဗျာပေါင်း (၇၂) ပုဒ် ရှိခဲ့တယ်လို့လည်း ကျွန်တော်မှတ်သားဖူးပါတယ်။ ဒီထဲကမှ နှစ်ပုဒ်ကတော့ ရှာမတွေ့သေးဘူးလို့လည်း သိရပါတယ်။ မြန်မာစာပေသမိုင်းကနေ မော်ကွန်းကဗျာနဲ့ပတ်သက်ပြီး စာသားအနည်းငယ်ကိုလည်း ကောက် နှုတ် ပြချင်မိပါတယ်။

မော်ကွန်းဟူသော စကားသည် ပုဂံခေတ်ကပင် ရှိသည်။ ပုဂံမြို့ လေးထောင့်ကန်အရပ်၊ တက်နွှဲ အရပ်၊ စစ်ကိုင်းမြို့များတွင် တူးဖော်တွေ့ရှိရသော ရှေးဟောင်း ကျောက်စာများတွင် အမူကွန်းတင်သော အကြောင်း အရာများကို ရေးထိုးထားသည်။ ပုဂံမြို့ လေးထောင့်ကန်အရပ် မင်းဝိုင်းကျောက်စာ အရှေ့ မျက်နှာ တွင် မိဖုရားဖွားစောသည် ကျောင်း၊ ဥယျာဉ်၊ နွား၊ ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ များကို လှူသော အလှူစာရင်းကို အမူကွန်း တင်ထားကြောင်း ပြဆိုသည်။ ပြဆိုသော အကြောင်း အရာများကို ထောက်၍ အလှူပြုသော သက်ရှိသက်မဲ့ စာရင်းများကို ခိုင်ခံ့ထင်ရှားအောင် ရေးမှတ်ထားခြင်းကို အမူကွန်းတင်သည်ဟုပင် ခေါ်ကြောင်း ထင်ရှားသည်။ အမူကွန်းဟူသော စကားမှာ ရွှေ့လျှော ပြောင်းလဲ၍ အဝခေတ်တွင် မော်ကွန်း ဝေါဟာရ ဖြစ်ပေါ်လာသည်ဟူ၍ ယူဆဖွယ်ဖြစ်သည်။ ဤကဲ့သို့ နောင်အစဉ်အလာ တည်တံ့ခိုင်မြဲစွာ မှတ်သားနာယူနိုင်ကြစေရန် ရေးမှတ်ထားသော စာရင်းအင်းမျိုးကို စကားပြေဖြင့်သာ မဟုတ်ဘဲ ကဗျာလင်္ကာဖြင့်လည်း ဆင်တော်အကြောင်း၊ နန်းတော်အကြောင်း၊ လှေတော်အကြောင်း၊ စစ်ပွဲအကြောင်း၊ ကန်တော်အကြောင်း၊ ဘုရားစေတီ အကြောင်း စသည်ကို နောက်အစဉ်အလာ ဥဒါန်းတွင်ရစ်အောင် ရေးသားစီကုံး ဖွဲ့နွဲ့ထားသည့် ကဗျာလင်္ကာများ ကို လည်း မော်ကွန်းကဗျာဟူ၍ပင် ခေါ်ကြလေသည်။
         
            ကျွန်တော့်အနေနဲ့ဆိုရင်လည်း မောင်နိုင်လင်း(ကောလင်း)ရဲ့ မဟာဧရာဝတီဟာ မော်ကွန်းကဗျာရှည် တစ်ပုဒ်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မဟာဧရာဝတီဟာ သဘာဝပတ် ၀န်းကျင်အကြောင်း ပြောတယ်။ သူ့ကျွန်မခံ တော်လှန်ခဲ့တဲ့ နယ်ချဲ့ကျူးကျော်စစ်အကြောင်း ပြောတယ်။ အိမ်ကြက်ချင်း အိုးမဲမသုတ်ဘဲ ခွပ်တဲ့  ပြည်တွင်းစစ် အကြောင်းပြောတယ်။ ဧရာဝတီဖြတ်သန်း ဆိုက်ရောက်ရာ ဒေသတွေရဲ့ စားဝတ်နေရေး၊ ဘ၀အခြေအနေနဲ့ ဓလေ့ရိုးရာတွေ အကြောင်း ပြောတယ်။ အမျိုးဘာသာ သာသနာနဲ့ ရှေးဘုရှင် ခေတ်အဆက်ဆက်ကနေ ဒီကနေ့ ခေတ်ရဲ့နိုင်ငံရေးအခြေအနေကို ပြောတယ်။ ကျွန်တော်တို့ဟာ မဟာဧရာဝတီကို ဖတ်နေရင်းက မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်အတ္ထုပတ္တိသမိုင်းကြီးကို မျက်စိနဲ့ တပ်အပ်မြင်နေရသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် မဟာဧရာဝတီဟာ နောင်အစဉ်အလာ သမိုင်းတွင်ရစ်စေမယ့် မော်ကွန်းကဗျာရှည်တစ်ပုဒ်လို့ သတ်မှတ်လိုက်ပါရစေ။
မောင်နိုင်လင်း(ကောလင်း)ဟာ မြန်မာကဗျာကို ကျရာနေရာကနေ ပခုံးထမ်းတာဝန်ယူချင်သူ။ မျိုးချစ် စိတ်၊ နိုင်ငံချစ်စိတ်ရှိသူ။ သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းချင်သူ။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်နဲ့ သယံဇာတ တွေကို မပျက်စီး၊ မပျောက်ပျက်စေချင်သူ။ အမှန်တရားဘက် ရပ်တည်သူ။ မဟုတ်မခံစိတ်နဲ့ ရိုးသားမှု အပြည့်ရှိသူတစ်ဦးဆိုတာ ပြောပြစရာမလိုလောက်အောင်ကို မဟာဧရာဝတီ ကဗျာရှည်က သက်သေပြနေ ပါ တယ်။ ဒီထက်သေချာတာကတော့ ကဗျာဖတ်သူအတွက် မောင်နိုင်လင်း (ကောလင်း) ရဲ့အားထုတ်မှုဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်ဆိုတာထက် အများကြီး ပိုပါတယ်။ ဒါဟာ ကဗျာရေးသူအရောက်သွားချင်တဲ့ ပန်းတိုင်လား။ တစ်ခုတော့ ရှိပါတယ်။ ကဗျာရှည်တွေရဲ့ အားနည်းချက် က တစ်ချို့ကဗျာဖတ်သူကို အဆုံးထိ ဆွဲခေါ် မသွားနိုင်ဘဲ လမ်းတစ်ဝက်လောက်မှာ ပျင်းရိငြီး ငွေ့သွားစေတတ်ပါတယ်။ မောင်နိုင်လင်း(ကောလင်း)ဟာ ဒီအချက်ကို သမိုင်းနဲ့ အကာအကွယ်ယူတယ်။ ကဗျာရှည်တစ်ပုဒ်လုံးရဲ့ အတက်အကျကို ဧရာဝတီမြစ်ကြီး ဆိုက်ရောက်ရာဒေသရဲ့ သမိုင်းအချက်အလက်နဲ့ ဖမ်းစားတယ်။ ကဗျာဖတ်သူဟာ ငြီးငွေ့မယ် ကြံလိုက်တာနဲ့ သူ့သိမထားသေးတဲ့ အကြောင်းအရာ(သို့) ရင်းနှီးကျွမ်းဝင်ပြီးသား အကြောင်းအရာတစ်ခုက သူ့အာရုံ လမ်းလွှဲမှုကို ပြန်တည့်မတ်ပေးစေနိုင်ခဲ့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မောင်နိုင်လင်း(ကောလင်း)ရဲ့ အားထုတ်မှုဟာ မြန်မာကဗျာလောကအတွက် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုဂုဏ်ပြုသင့်တာအမှန်ပါပဲ။
ပထမဆုံးပြောချင်တာက မောင်နိုင်လင်း(ကောလင်း)ဟာ မဟာဧရာဝတီကဗျာရှည်ကို သမိုင်းအချက် အလက်နဲ့ စနစ်တကျတည်ဆောက်ထားတယ်ဆိုတာပါပဲ။ ကဗျာဟာ ယက်ကန်းသည်မ လက်ထဲက လွန်းပျံ လေးလို ကဗျာဖြစ်မှုနဲ့ သမိုင်းအချက်အလက်ဆီ ဟိုဘက်ထိုးလိုက် ဒီဘက်ထိုးလိုက်နဲ့ ကဗျာဖတ်သူကို လွန်းထိုး ဆွဲခေါ်သွားနိုင်ခဲ့တယ်။ တစ်ချို့ကဗျာပိုဒ်တွေက သမိုင်းအချက်အလက်ကို ဦးစားပေးရတဲ့အတွက် ကဗျာ စကားလုံးတွေ မထည့်လိုက်နိုင်တဲ့အခါ ကဗျာဟာ သမိုင်းဖြစ်ရပ်ရှည်ကြီး တစ်ခုကို ရုပ်ရှင်ဇာတ်ကား တစ်ကားလို ကြည့်နေရတယ်။ တစ်ချို့ကဗျာပုဒ်တွေကျတော့ ကဗျာဖြစ်မှုအားကောင်းပြီး ကဗျာဖတ်သူဟာ ဧရာဝတီရဲ့ နာကျင်မှု၊ ပင်ပန်းမှု၊ မောပန်းမှုနဲ့ ဒုက္ခဆင်းရဲတွေကို ကိုယ်တိုင်ခံစားနေရသလို ခံစားသွားရနိုင်တယ်။ အဓိက အရေးအကြီးဆုံးက ကဗျာဖတ်သူကို ဘယ်လောက်အဆုံးထိ တစ်ထိုင်တည်း ဖမ်းစားဆွဲခေါ် သွားနိုင်မလဲ ဆိုတာ ပါပဲ။ မောင်နိုင်လင်း(ကောလင်း)ဟာ မဟာဧရာဝတီကို ဒီလို စဖွင့်လိုက်ပါတယ်။


လေဟုန်စီးပြီး
တဟုန်ထိုးဆင်းလာတဲ့ သိမ်းငှက်လို
မနက်ခင်းမှာ
ဖြာကျလာတဲ့ အရုဏ်ဦးနေခြည်လို
မိုးရွာပြီးစမှာ
အလှဆုံးပွင့်အာလာတဲ့ ပန်းပွင့်လို
တိုက်ပွဲအစ တံပိုးခရာသံမှာ
ကြွားဝံ့စွာ ချီတက်လာတဲ့ စစ်သူကြီးတစ်ယောက်လို
ကောင်းကင်ပြာပြာမှာ
လေစုန်လေဆန်မခွဲခြားဘဲ
အားမာန်အပြည့်ပျံဝဲလာတဲ့ ငြိမ်းချမ်းရေး ချိုးဖြူငှက်လို
………………………………….
ကမ္ဘာမြေထုနဲ့အမျှ
ထာဝရတည်ရှိနေမယ့် အလှတရားတစ်ခုလို
သင်လာခဲ့တယ်။

            ကဗျာဆရာဟာ မေခနဲ့မလိခ မြစ်နှစ်သွယ်ပေါင်းစုံဖွဲ့စည်းရာက ဖြစ်ပေါ်လာတဲ့ မဟာဧရာဝတီရဲ့အလှကို ကဗျာဖွဲ့လိုက်တယ်။ ဒါ့အပြင် ကဗျာဆရာဟာ ဧရာဝတီကို ခွန်အားအဖြစ်၊ ငြိမ်းချမ်းရေးပြယုဂ်အဖြစ်၊ အမှန် တရားရပ်တည်မှုအဖြစ် တင်စားလိုက်တယ်။ မျှော်လင့်လိုက်တယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၆၅)သန်းခန့်က စတင်ခဲ့တဲ့ ဧရာဝတီ။ အေဒီ ၁၄၃၀ မိုးညင်းမင်းတရားကျောက်စာနဲ့ အစောဆုံးရေးထိုးမှတ်တမ်းတင်ထားခံရတဲ့ ဧရာဝတီ။ ဟိန္ဒီ၊ သင်္သကရိုက်၊ ပါဠိ စတဲ့ ဘယ်ဘာသာစကားအမျိုးမျိုးက ဆင်းသက်လာတာပဲ ဖြစ်ဖြစ် ကဗျာတစ်ပုဒ်လို စတင်စီးဆင်းခဲ့တဲ့ ဧရာဝတီ။ ကဗျာဆရာဟာ မဟာဧရာဝတီကို ဘယ်လို ဆက်လက်စီးဆင်း စေခဲ့ပါသလဲ။
            ကဗျာဆရာဟာ မဟာဧရာဝတီကို ဧရာဝတီမြစ်ကြီးဆိုက်ရောက်ရာ ဒေသများရဲ့ သဘာဝပတ်ဝန်းကျင်၊ ဓလေ့ထုံးစံလူနေမှုစရိုက်၊ မြို့ရဲ့ ထင်ရှားတဲ့ အမှတ်အသား၊ စေတီပုထိုး၊ လူပုဂ္ဂိုလ် စတာတွေအပြင် မြန်မာနိုင်ငံ သမိုင်းတလျှောက်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကျပ်အတည်းတွေနဲ့ပါ ဧရာဝတီကို ချိန်ထိုးဖွဲ့ဆိုသွားတာကို တွေ့ရပါတယ်။ ဥပမာပြောရရင် ဧရာဝတီမြစ်ကြီးရဲ့ မူလစတင်ရာ မြစ်ဆုံအဖွဲ့မှာ ကချင်တိုင်းရင်းသား မျိုးနွယ်စု တွေ၊ မြစ်ဆုံတခွင်ဝန်းရံထားတဲ့ စိမ်းစိုလတ်ဆတ်ဆဲ သစ်တောကြီးတွေ၊ သစ်ပင်ပန်းမံမျိုးစိတ်တွေ၊ ဒေသထွက် သစ်သီးဝလံတွေ၊ တွင်းထွက်သယံဇာတတွေ၊ သာယာမိန်းမောဖွယ် သဘာဝရှုခင်းအလှအပတွေနဲ့  မြစ်ဆုံကို အချစ်ပုံလောက်အောင် ဖွဲ့ဆိုသွားတာကို တွေ့ရတယ်။ ဒါဟာ မောင်နိုင်လင်း(ကောလင်း)ရဲ့ ကဗျာအလှဓါတ်နဲ့ တည်ဆောက်မှုအနုပညာပါပဲ။ ဒီလိုနဲ့နောက်ထပ် ကဗျာဆရာဟာ ဧရာဝတီရဲ့အစအမွန်ကို လစ်ဟရင်း ပဒေ သရာဇ်စနစ်နဲ့ ပဒေသရာဇ်ခေတ်ရဲ့ စစ်ပွဲတွေအကြောင်း ဧရာဝတီနဲ့ စာလုံးပေါင်းတယ်။ အနော်ရထာနဲ့ စုက္က တေး၊ အင်းဝ-ဟံသာဝတီအနှစ်လေးဆယ်စစ်၊ ကုန်းဘောင်နဲ့ဟံသာဝတီ စတဲ့ ဧရာဝတီမြစ်ပေါ်က ရေကြောင်း တိုက်ပွဲတွေကို ဆက်ဖွဲ့တယ်။ ဧရာဝတီဟာ ပဒေသရာဇ်ခေတ်ကတည်း စစ်ပွဲရဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ရ တယ်။ ဧရာဝတီဟာ တရားသောစစ်၊ မတရားသောစစ် ဘယ်စစ်ဖြစ်ဖြစ် မချစ်သော်လည်း အောင့်ကာနမ်းရင်း ကိုယ့်တာဝန် ကိုယ်ကြေ၊ ကိုယ့်ဝန်ကိုယ်ထမ်းခဲ့ရတာတွေကို ကဗျာဆရာက ထုတ်ဖော်ပြလိုက်တယ်။ ဒါဟာ ဒဏ္ဍာရီမဟုတ် တဲ့။  ဘာပဲဖြစ်ဖြစ် ဧရာဝတီဟာ ဆက်လက်စီးဆင်းခဲ့တယ်။

မြစ်ကျဉ်းတဲ့
ချစ်ခြင်းတို့ ပိတ်ဆို့ခံနေရာ
လွတ်လပ်ခြင်းတို့ ပိတ်ဆို့ခံရတဲ့ နေရာ
သဘာဝအခွင့်အရေးတို့ ပိတ်ဆို့ခံရတဲ့ နေရာ
မြစ်မှာ
လူမှာ
တိုင်းပြည်မှာ
ကမ္ဘာမှာ။

          ဒီနေရာမှာ ကဗျာဆရာရဲ့ ကဗျာတည်ဆောက်မှုအတတ်ပညာကို စတွေ့လိုက်ရတာပါပဲ။ ကဗျာဆရာ ဟာ ပထမမြစ်ကျဉ်းကို ဖွဲ့ရင်းနဲ့ လက်ရှိလူနေမှုဘ၀တွေကို ရက်ယှယ်ရေးဖွဲ့ပြလိုက်တယ်။ ကျဉ်းမြောင်းတဲ့ အယူအဆအတွေးအခေါ်တွေ၊ ကိုယ့်အတွက်သာကြည့်ပြီး အများအတွက် ပိတ်ဆို့ထားတဲ့သူတွေ၊ ပိတ်ဆို့ ခံထားရတဲ့ လူ့အခွင့်အရေးတွေ စတဲ့ အကြောင်းအရာတွေကို ဧရာဝတီလို ထိုးဖောက်ထွက်ရဲဖို့ ချပြပေးနိုင်ခဲ့ တယ်။ အားပေးလှုံ့ဆော်ပေးနိုင်ခဲ့တယ်။ ဆက်ပြီးတော့ ဒုတိယမြစ်ကျဉ်း၊ တတိယမြစ်ကျဉ်း၊ စတုတ္ထ မြစ်ကျဉ်း စတာတွေမှာလည်း ထို့အတူပဲ ကဗျာဆရာဟာ မြစ်ကျဉ်းတွေနဲ့ ခုနှစ်သက္ကရာဇ်၊ ခေတ်စနစ်တွေကို ယှဉ်တွဲ ရေးဖွဲ့သွားတာကို အံ့သြဘနန်းတွေ့လိုက်ရပါတယ်။ ဒုတိယမြစ်ကျဉ်းအဖွဲ့မှာ ၁၉၃၆၊ ၁၉၃၈ ကျောင်းသားသပိတ်၊ ဗိုလ်အောင်ကျော် အရေးအခင်း၊ ၁၉၆၂ ဇူလိုင် ၇ စတာတွေနဲ့ ယှဉ်တွဲရေးဖွဲ့ပြလိုက်ပြီး တတိယမြစ်ကျဉ်းအဖွဲ့မှာ ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇၄ ဒီဇင်ဘာ ဦးသန့် ဈာပန အရေးအခင်း၊ ၁၉၇၈ ဇွန် ကျောင်းသားသပိတ်၊ ၁၉၇၆ မတ် မှိုင်းရာပြည့်အရေးအခင်း၊ အလုပ်သမားအရေးအခင်း၊ ၁၉၈၇ ငွေစက္ကူ အရေးအခင်း၊ ၁၉၈၈ ဖုန်းမော်၊ စိုးနိုင် တံတားနီ အရေးအခင်း၊ ရှစ်လေးလုံးလူထုတော်လှန်ရေး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး စတာတွေနဲ့ ယှဉ်တွဲ ရေးဖွဲ့ထားတာကို တွေ့ရပါတယ်။ ဆယ်မိုင်နီးပါးသာရှည်တဲ့စတုတ္ထမြစ်ကျဉ်းမှာတော့ ကဗျာဆရာဟာ ပြည်တွင်း စစ်၊ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ပွဲ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ဒီမိုကရေစီအရေး စတာတွေနဲ့ လှလှပပ တွဲစပ်ပြလိုက်တယ်။ ဒါဟာ ဒီနေ့ခေတ်ရဲ့ အကျပ်အတည်းကာလ မရှည်လျားတော့ဘူးဆိုတဲ့ ကဗျာဆရာရဲ့ အိပ်မက်တစ်ခုလား။ ရွေးကောက်ပွဲကျင်းပနိုင်တာ၊ နိုင်ငံတကာပိတ်ဆို့မှုတွေ လျော့သွားတာ၊ ကမ္ဘာ့နိုင်ငံရေး မီးရောင်အောက် ပြန်ရောက်ခဲ့တာ၊ ပါတီစုံလွတ်တော် တက်ရောက်ခွင့်ရတာ စတာတွေဟာ ကဗျာဆရာရဲ့ မျှော်လင့်ချက်လား။ ဘယ်လိုဖြစ်ဖြစ် ကဗျာဆရာဟာ ဧရာဝတီ မြစ်ကြီးရဲ့ အကျဉ်းအကျပ် အချိုးအကွေ့တွေကို မြန်မာ့နိုင်ငံရေးအကျပ်အတည်းအရေးအခင်းတွေနဲ့ ကိုယ်စားပြုဖွဲ့ပြလိုက်ပြီး ဧရာဝတီဟာ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့အထိ မြင်ယောင်လာမိစေခဲ့ပါတယ်။ ပြည်သူ့အကျပ်အတည်းဟာ ဧရာဝတီရဲ့ အကျပ်အတည်း။ ဧရာဝတီနဲ့ ပြည်သူဟာ တစ်သားတည်းဖြစ်လောက်စေတဲ့အထိ ကဗျာဆရာဟာ ဆွဲယူ သိမ်းသွင်း ဖွဲ့စပ်ပြ လိုက်ပါတယ်။ ကဗျာဆရာရဲ့ အနုပညာဖန်တီးမှုရောစပ်နိုင်အားကို မြင်တွေ့စေရတဲ့ အရေးအဖွဲ့များပါပဲ။
            နောက်ထပ်တွဲစပ်မှုကတော့ ကဗျာဆရာရဲ့ စာပေချစ်စိတ်၊ ဂီတချစ်စိတ်ကို မြင်တွေ့စေရတဲ့ အရေးအဖွဲ့ ပါ။ ကဗျာဆရာဟာ မဟာဧရာဝတီနဲ့ စာပေဂီတကို တွဲစပ်ဖို့ မမေ့လျော့ခဲ့ဘူး။ ခေတ်အဆက်ဆက် စာပေဂီတ အနုပညာရှင် တွေဟာ ဧရာဝတီကို ချစ်ခဲ့ကြောင်းသက်သေကို ပြန်တူးဖော်လိုက်တယ်လို့လည်း ထင်မိတယ်။

`ရွှေမင်းဝံခြေရင်းက
မြစ်မင်းယဉ်ဧရာ
ဝိုင်းခွေလို့လာ
မင်းဝံကပြာ၊ ဧရာက ဖွေး
လှေလောင်းညို ရေဂယက်မှာ
လင်းရွက်နဲ့လေး´
(ပဲ့နင်း- ဇော်ဂျီ)

`ဧရာရစ်ဝိုင်း၊ တောင်စစ်ကိုင်း၌
ချောင်တိုင်းစေ့မျှ၊ ရေကြည်ရ၍
ချမ်းမြပျော်ရွှင်၊ သူတော်စင်တို့
ပူပင်မနှော၊ မမိန်းမောသည်´
(ရေစင်တစ်ပေါက် သောကပျောက်- မင်းသုဝဏ်)

`စိမ်းကြည်ပြာလဲ့၊ စီးဖွဲ့ဝန်းခွေ
ရေယဉ်လမ်းစ၊ မလိခနှင့်
မေခဆုံရာ၊ မှုန်ပျတောင်ခြေ
ရေခဲနှင်းပွင့်၊ ဖြူဖြူတင့်ကြ´
(သံသယနှစ်ကာလများ- ဒဂုန်တာရာ)

`မေခနဲ့ မလိခ
မြနဒီနှစ် ထိုနှစ်သွယ်တို့
တောင်လယ်မှာ မောင်မယ်တွေ့သည်သို့
ကြည်မွေ့စွာ အတူဆုံကြ
ပူပုံတွေ အကုန်မေ့ပါပေါ့
မမောဖွယ် တောစွယ်အကွေ့မှာ
မှောင်ပြာပြာ သောင်သာယာရှေ့မှာ
ချစ်ငွေ့ဝေဖြာ´
( ဧရာဝတီမြစ်ဆုံသို့- တင်မိုး)

            ကဗျာဆရာက အဲဒီလိုကဗျာကောင်းတွေကို အလိုက်သင့် ဆွဲယူပေါင်းစပ်လိုက်ပြီး မဟာဧရာဝတီကို ပိုတင့်တယ် စေခဲ့တယ်။ နောက်ထပ်မဟာဧရာဝတီကို ဂီတနဲ့အတူ သံပြိုင်စီးဆင်းစေ လိုက်ပြန် သေးတယ်။ ဆရာ ရွှေပြည်အေးရဲ့ စစ်ကိုင်းဧရာဝတီ၊ ဆရာ မြို့မငြိမ်းရဲ့ စစ်ကိုင်းတောင်၊ အေ၀မ်းဆရာညှာရဲ့ ရွှေအင်းဝ၊ ရေနံမြေနန်းသစ်ရဲ့ ဧရာဝတီ၊ ကိုလေးလွင်ရဲ့ ညီလေးတို့ရွာ၊ ရေနံ့သာဝင်းမောင်ရဲ့ ပုဂံဘုရားဖူးနဲ့ နောက်ဆုံး ထူးအိမ်သင်ရဲ့ ရာဇ၀င်များရဲ့ သတို့သမီး စတဲ့ သီချင်းတွေနဲ့ မဟာဧရာဝတီကို တွဲစပ်ပုံဖော်ပြ လိုက်တယ်။ ကဗျာဖတ်သူဟာ အပိတ်အဆို့ အကျဉ်းအတည်း အဖွဲ့အနွဲ့တွေကြားက လွန်မြောက်လာတဲ့အခါ ကဗျာဆရာရဲ့ စေတနာနဲ့ တွဲစပ်ရေးဖွဲ့လိုက်တဲ့ စာပေဂီတသံပြိုင် စီးဆင်းမှု တွေကြားမှာ ဧရာဝတီကို တဖန်ပြန် သက်ဝင် လှုပ်ရှားစီးဆင်းစေခဲ့ပါတယ်။ ကဗျာဆရာဟာ မဟာဧရာဝတီကို နူးညံ့စွာ စီးဆင်းစေလိုက်၊ ကြမ်းတမ်းစွာ စီးဆင်းစေလိုက်နဲ့ ကဗျာဖတ်သူရဲ့ အာရုံခံစားမှု အနိမ့်အမြင့်အတက်အကျကို စီးဆင်းခံစား ခိုင်းပါတယ်။ ကဗျာဆရာဟာ သူ့အတတ်ပညာနဲ့ ကဗျာရှည်တစ်ပုဒ်ရဲ့ သမားရိုးကျငြီးငွေ့လွယ်မှုကို ပပျောက်အောင် ကြိုးစားတဲ့ သဘောပါပဲ။ မဟာဧရာဝတီကဗျာရှည်ထဲမှာ နောက်ထပ် တွေ့ရတာကတော့ မြို့တွေပါပဲ။ ကဗျာဆရာဟာ ဧရာဝတီဆိုက်ရောက်စီးဆင်းသွားရာ မြို့တွေကို သမိုင်းအချက်အလက် အကိုးအကားနဲ့ ထည့်သွင်းလိုက်တယ်။ ကဗျာ ဖတ်သူဟာ ကဗျာတစ်ပုဒ်လို ရသခံစားနေရာကနေ သူမသိသေးတဲ့ သို့မဟုတ် သူသိပြီးသား အကြောင်းခြင်းရာ တစ်ရပ် ဆီကို ပို့ဆောင်ပေးတာ ခံလိုက်ရပါတယ်။ ကဗျာဖတ်သူဟာ ခံစားမှုရသကနေ သိလိုစိတ်၊ စူးစမ်းလိုစိတ်၊ မှတ်သားလိုစိတ် တွေနဲ့ ကဗျာဆရာတွန်းပို့ပေးတဲ့ သုတခံစားမှုဘက်ကို ရောက်သွားတယ်။ တနည်းပြောရရင် ကဗျာဆရာရဲ့ သိမ်းသွင်းမှု အတတ်ပညာထဲကို စီးဝင်သွားစေပါတယ်။

ဗန်းမော်
သို့မဟုတ် ရှမ်းအခေါ် မံမော်
အိုးလုပ်သော ဒေသ အဓိပ္ပာယ်ရ ဘာသာစကား
မြစ်ဘေးနားကမြို့
ဧရာဝတီကို ပခုံးစောင်းထမ်းထားတဲ့မြို့။ (ဗန်းမော်)

ရွှေလီမြစ် အရှေ့ဘက်မှ တရစ်ရစ်စီးဆင်း
အင်းရွာအနီး မဟာဧရာဝတီခြေရင်းသို့
ကတ်ဆာ သို့မဟုတ် ကသာမြို့။ (ကသာ)

မင်းဆက် တစ်ဆယ့်တစ်ဆက်နဲ့ မန္တလေး
သဘင်၊ ဂီတ၊ အနုသုခုမနဲ့ မန္တလေး
ရွှေခြေကျင်း၊ သနပ်ခါး၊ အိမ်တော်ရာထီးနဲ့ မန္တလေး
ကမ္ဘာ့အကြီးဆုံးစာအုပ်၊ မြွှေကြီးနှစ်ကောင်၊ အောင်ပင်လယ်နဲ့ မန္တလေး
နန်းတော်၊ ကျုံး၊ အနီရောင် တိုင်းခြားစာလုံးများနဲ့ မန္တလေး
မစိုးရိမ်၊ ဘဒ္ဒန္တသူရိယာဘိဝံသ၊ ဘဒ္ဒန္တရာဇဓမ္မာဘိဝံသနဲ့ မန္တလေး
မဟာဂန္ဓာရုံ ဘဒ္ဒန္တဇနကာဘိဝံသနဲ့ မန္တလေး
ငါတို့မြေရဲ့ ယဉ်ကျေးမှုနဲ့ သာသနာ
အထင်ကရ ထွန်းတောက်ခဲ့ပါသော အချက်အခြာ။ (မန္တလေး)

            အဲဒီလိုနဲ့ ကဗျာဆရာဟာ မဟာဧရာဝတီစတင်လင်းပွင့်ရာ မြစ်ဆုံကနေပြီး ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ တကောင်း၊ မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ မြင်းမူ၊ မြင်းခြံ၊ ပခုက္ကူ၊ ပုဂံ၊ ချောက်၊ မကွေး၊ မင်းဘူး၊ မင်းလှ၊ ပြည်၊ ကြံခင်း၊ မြန်အောင်၊ ဓနုဖြူ စတဲ့မြို့တွေအလိုက် ကဗျာဆရာဟာ သမိုင်းနဲ့ ယဉ်ကျေးမှုနဲ့ အမွေအနှစ်နဲ့ လှလှပပ စပ်ဆိုပြီးတဲ့နောက်။

မုတ္တမပင်လယ်ထဲ
တိုးဝင်ခွဲခွာတော့မယ် ဧရာဝတီ
တာပိန်၊ ရွှေလီ၊ ဒုဋ္ဌ၀တီ၊ မူး၊ ချင်းတွင်းမြစ်တို့နဲ့ ဧရာဝတီ
ပုသိမ်၊ ရွေး၊ ဖျာပုံ၊ ပန်းလှိုင်မြစ်တို့နဲ့ ဧရာဝတီ
ချောင်းမကြီး၊ စလင်း၊ မုန်း၊ မန်း၊ မင်းတုန်း၊ ပင်း၊ ယင်း၊ ဒေါင်းသေ
ချောင်းပေါင်းစုံတို့နဲ့ ဧရာဝတီ
ရန်ကုန်၊ ဒလ၊ တွံတေး၊ သန်လျင်၊ ညောင်တုန်း၊ မအူပင်မြို့တို့နဲ့ ဧရာဝတီ။

ဒီနေရာမှာ ကဗျာဆရာဟာ မြို့အလိုက်ဧရာဝတီစီးဆင်းမှုကို အဆုံးသတ်လိုက်တယ်။ ကဗျာဖတ်သူဟာ ကဗျာ ရှည်ကို အဆုံးသတ်မှာ စိုးရိမ်စပြုလာပြီ။ ကဗျာဆရာဟာ ဧရာဝတီကို ဘယ်လိုအဆုံးသတ်မလဲဆိုတာ ကဗျာဖတ်သူရဲ့ စိတ်ကို အလုပ်ပေးနေပြီ။ ဘယ်လောက်ပဲ ကဗျာဟာ ရှည်ရှည် တစ်နေရာမှာတော့ အဆုံးသတ် ရတော့မယ်ဆိုတာ ကဗျာဖတ်သူက သိနေပြီ။ ဒီတော့ ကဗျာဆရာဟာ သူ့ကျွမ်းကျင်မှုနဲ့ ကဗျာဖတ်သူရဲ့ မဟာဧရာဝတီအပေါ် ချစ်စိတ်၊ တန်ဖိုးထားစိတ်၊ အမြတ်တနိုးထိန်းသိမ်းလိုစိတ်တွေကို အစွမ်းကို မြှင့်တင်လိုက် တယ်။

အသိဥာဏ်နည်းခြင်းပြဿနာ
ဆင်းရဲမွဲတေခြင်း ပြဿနာ
အာဏာရှင်စိုးမိုးခြင်း ပြဿနာ
ခရိုနီပေါများခြင်းပြဿနာ
နည်းပညာချို့တဲ့ခြင်းပြဿနာ
ပြဿနာအမျိုးမျိုးနဲ့
ငါတို့သဘာဝတွေ ဖျက်ချိုးခံခဲ့ရတယ်
ဘိုးဘွားပိုင် သယံဇာတတွေ အခိုးခံခဲ့ရတယ်
အမျိုးသားပိုင်
ငါတို့ မြေနေရာတွေ အစီးခံခဲ့ရတယ်
အခု
ပြည်သူ့အသည်းကျော်
ပြည်သူ့လက်ရုံးပေါ်က ဧရာဝတီရေထု
ဘယ်သူ လာလုနေသလဲ
ကိုယ့်မြေပေါ်မှာ စတင်
ကိုယ့်မြေပေါ်မှာ ခရီးဆုံး
ဒါ
ငါတို့ တစ်ဦးတည်းပိုင် မြစ်
ဘယ်သူမှ လာချစ်ချင်ယောင် မဆောင်ကြနဲ့။

          ကဗျာဆရာမောင်နိုင်လင်း(ကောလင်း)ဟာ သူ့ကဗျာရှည်ဖွဲ့ဆိုတည်ဆောက်ရာတစ်လျောက်လုံး မျိုသိပ် လာသမျှ ကို နောက်ဆုံးစာမျက်နှာများဆီရောက်မှ ကဗျာဖတ်သူကို ချပြလိုက်ပါတယ်။ ဒါဟာ ကဗျာဖတ်သူ မျှော်လင့်နေတဲ့ မေးခွန်း ပါပဲ။ ကဗျာဖတ်သူဟာ ကိုယ်မေးချင်တဲ့မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးရမှာပဲ ဖြစ် တယ်။ မဟာဧရာဝတီကို ဘယ်လို အဆုံးသတ်မလဲ။ ကျွန်တော်တို့ရဲ့ မိခင်၊ ကျွန်တော်တို့ရဲ့ တန်ဖိုးထားအပ်ရာ၊ ကျွန်တော်တို့ရဲ့ သဘာဝသယံဇာတ ရင်းမြစ်ကို ဘယ်သူအနိုင်ကျင့်စော်ကားနေသလဲ။ ဘယ်သူလာ ဖျက်ဆီးနေ သလဲ။ ဘယ်သူတွေက ကိုယ့်ကျိုးကြည့်ပြီး ပြည်သူနဲ့ တူတဲ့ ဧရာဝတီကို ရောင်းစားနေသလဲဆိုတာ ကဗျာဆရာ မပြောလည်း ကျွန်တော်တို့ သိနှင့်ပြီးဖြစ်ပါတယ်။ ဧရာဝတီရဲ့ နာကျင်မှုဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ နာကျင် မှုဖြစ်တယ်။ ဧရာဝတီရဲ့ ပျက်စီးဆုံးရှုံးမှုဟာ ပြည်သူတွေရဲ့ ပျက်စီးဆုံးရှုံးမှုပဲ ဖြစ်တယ်။ သမိုင်းတစ်ခေတ်လုံး ပြည်သူနဲ့ တသားတည်းရပ်တည်စီးဆင်းခဲ့တဲ့ မဟာဧရာဝတီကို ကျွန်တော်တို့ ပြည်သူတွေ ဘယ်လိုပြန် ကယ်တင်မလဲ။ ကဗျာဆရာမောင်နိုင်လင်း(ကောလင်း)ကတော့ ကဗျာနဲ့ သူ့တာဝန်ကို ကျေပွန်ခဲ့ပြီ။ သမိုင်း တာဝန်ကို ကျေပွန်ခဲ့ပြီ။ ကဗျာဆရာကတော့ အောက်ပါအတိုင်း မဟာဧရာဝတီကို အဆုံးသတ် ပေးခဲ့ပါတယ်။ မဟာဧရာဝတီကို ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့ မေးခွန်းအဖြေကတော့ ကျွန်တော်တို့ နှလုံးသား ထဲမှာပဲ ရှိနေပါတယ်။ ကဗျာရှည်ရဲ့ အဆုံးသတ်ကို အရင်ဖတ်လိုက်ပါ။ ပြီးတော့ ခင်ဗျားအဖြေကို အားပါးတရ အော်လိုက် ပါ။ ကမ္ဘာတုန်ဟီးမြည်ကြွေးပါစေသတည်း။

ကြည်မြပါ
ပီသပါ
ငါတို့ နိုင်ငံလွတ်လပ်ရေး အဓွန့်ရှည်နေသမျှ
ငါတို့ လူမျိုးဖြစ်တည်မှု ခိုင်မြဲနေသမျှ
ကမ္ဘာ့မြစ်များထဲမှ ပန်းကောင်းတစ်ပွင့်
မြန်မာပြည်သူတို့ သွေးနှင့် ရေးထိုးအပ်သော ကျောက်စာ
သင်သည်သာ
သူရဲကောင်းအပေါင်းတို့ရဲ့ မာတာ
မဟာဧရာဝတီ
မဟာဧရာဝတီ
မဟာဧရာဝတီ။

                                                                                                              မင်းနဒီခ
                                                                                                              ၂၄၊ ၁၊ ၂၀၁၄

1 comment: