Tuesday, January 6, 2015

တင်ဆက်သူ ပလတ်စတစ်ဆာဂျရီ မိုး - မျိုးသန့်

တင်ဆက်သူ ပလတ်စတစ်ဆာဂျရီ မိုး - မျိုးသန့်

တင်ဆက်သူများအကြောင်း - လူလန်း
ပလတ်စတစ်ဆာဂျရီ - မင်းနဒီခ
မိုး မိုး မိုးလားမောင်ရို့ - မောင်နိုင်လင်း(ကောလင်း)

၎-၁၂-၂၀၁၄ နေ့က မန္တလေးက ကဗျာဆရာ မင်းနဒီခ ပို့ပေးလိုက်တဲ့ ကဗျာစာအုပ် (၃) အုပ် ကျွန်တော့်ဆီ ရောက်လာပါတယ်။ ဒီမတိုင်ခင်က လူလန်းရဲ့ `တင်ဆက်သူများအကြောင်း´ ကဗျာစာအုပ်ကို နိုဝင်ဘာလတုန်းက ရန်ကုန်မှာ ရောက်နေတုန်း အခြားကဗျာစာအုပ်များနဲ့အတူ ၀ယ်ဖြစ်ခဲ့တော့ ဖတ်ပြီးပါပြီ။ ဒီခု မင်းနဒီခနဲ့ မောင်နိုင်လင်း (ကောလင်း)ရဲ့ စာအုပ်တို့ကို ဆက်ဖတ်ဖြစ်ပါတယ်။ ဖတ်ပြီးတော့ လတ်တလောရေးသားဖို့ စိတ်ကူးနေတဲ့ အကြောင်းအရာ တွေနဲ့ တိုက်ဆိုင်နေတာ တချို့ တွေ့ရတော့ ဒီကဗျာ(၃)အုပ်ကို ပေါင်းပြီး ရေးသားလိုက်ပါတယ်။

ခုနောက်ပိုင်း ၂၀၁၀ အလွန်နှစ်တွေမှာ ကဗျာစာအုပ်တွေဟာ လှိုင်လှိုင်ကြီးထွက်လာပါတယ်။ တချို့လတွေဆို ဖတ်လို့ မနိုင်ဆိုရလောက်တယ်။ ခေတ်ပေါ်၊ ခေတ်ပြိုင် စမ်းသပ်အစုံအလင်ပါပဲ။ တချို့စာအုပ်တွေဆို ပြေးပြေး လွှားလွှား ဖတ်ရ၊ လျှပ်တပြတ် ဖြတ်သန်းပြီး ဖတ်ရတာတွေ များလာတယ်။ တစိမ့်စိမ့်နဲ့ အရသာခံဖတ်ဖို့ ဆိုတာကတော့ အနောက်မှာ ကဗျာစာအုပ်တွေက တန်းစီစောင့်နေတယ်။
ဒါတောင် လုံးချင်းကဗျာစာအုပ်လေးတွေပဲ ရှိသေးတယ်။ မဂ္ဂဇင်းထဲက ကဗျာတွေ၊ Online ပေါ်က ကဗျာတွေ မပါသေးဘူး။ ကဗျာကောင်းတာ မကောင်းတာ အပထား၊ ကဗျာယဉ်ကျေးမှုဟာ အားရဖွယ် ထွန်းကားနေတယ် ဆိုရမယ်။ ကဗျာတွေကို လျှပ်တပြတ်သုံးသပ်ကြည့်လိုက်တော့ ခေတ်ပေါ်မော်ဒန်ရေစီးက အားကောင်းနေဆဲဖြစ်ပြီး ခေတ်ပြိုင်ကဗျာ တွေကလည်း မနည်းမနောပါပဲ။ တစ်ခုသိသာလာတာကတော့ အစွန်းရောက်တယ်လို့ ဆိုနိုင်တဲ့ ခေတ်ပြိုင်အရေးအသား တချို့ဟာ ခေတ်ပေါ်ထဲ ပြန်ဝင်လာပြီး ခေတ်ပေါ်+ခေတ်ပြိုင် ရေစီးကြောင်းကဗျာတစ်မျိုး ထွန်းကားလာတာကို တွေ့ရ တယ်။

ဒီလို ခေတ်ပေါ်+ခေတ်ပြိုင်ကဗျာရေစီးထဲမှာ သိသာတဲ့ အချက်(၂)ရပ်ကို တွေ့ရတယ်။ ဒီနေ့ခေတ်သစ် ကဗျာဝေဖန်ရေးမှာ အကြောင်းအရာနဲ့ ပုံသဏ္ဍာန်ကို ခွဲပြောတာမျိုးဟာ ခေတ်နောက်ကျသွားပြီလို့ က၀ိတချို့က ပြောနေ ကြပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိနိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခင်းအကျင်းတွေအရ ဒီလိုပဲ ခွဲပြောဖို့ လိုနေဦးမှာ ဖြစ်တယ်။

ခေတ်ပေါ်+ခေတ်ပြိုင် ပေါင်းစပ်ကဗျာမျိုးတွေကို လေ့လာကြည့်တဲ့အခါ ယေဘုယျအားဖြင့်-
(၁) အကြောင်းအရာပိုင်းမှာ မျက်မှောက်ခေတ် မြန်မာ့ယဉ်ကျေးမှုဝန်းကျင်ခေတ်ပြိုင်ဖြစ်ရပ်တွေကို သိသိသာသာ ကိုင်တွယ်ကြပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဆက်ဆံရေး ယဉ်ကျေးမှု စသည်. . .။ ဒါဟာလည်း ၂၀၁၂ နောက်ပိုင်း စာပေစိစစ်ရေး လွတ်လပ်လာမှုနဲ့ လှိုင်းတံပိုးထန်လာတဲ့ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေး လူမှုဘ၀ပြောင်းလဲမှုတွေကြောင့် ဖြစ်ပါတယ်။ တဖက်ကလည်း အီလက်ထရွှန်းနစ် ဆက်သွယ်ရေးတွေ ပိုမိုကျယ်ပြန့်အားကောင်းလာတာလည်း ပါတယ်။
(၂) ပုံသဏ္ဍာန် တင်ပြပုံပိုင်းမှာ LP စသည့် နည်းဗေဒသက်သက် အနှစ်မပါ၊ အပေါ်ယံဟန်ပြ စကားလုံး၊ အတတ်ပညာ ကစားမှုသက်သက်မျှသာ မဟုတ်တော့ဘဲ ပင်မရေစီးဖြစ်တဲ့ ခေတ်ပေါ်ထဲကို ခေတ်ပြိုင်နည်းဗေဒပေါင်းစုံ ၀င်ရောက် ပူးပေါင်းလာပြီး ပင်မခေတ်ပေါ်ရေစီးနဲပ ခေတ်ပြိုင်တို့ ပေါင်းစပ်ထားတဲ့ ဟိုက်ဘရစ်ကဗျာမျိုးတွေ အားကောင်းလာတာကို တွေ့ရတယ်။ သေချာပြောနိုင်တာ တစ်ခုကတော့ လျှို့ဝှက်နက်နဲ ဆန်းကြယ် ဂမ္ဘီရမျိုးလောက်နဲ့ ရပ်မနေဘဲ ခေတ်ပြိုင်လူမှုဘ၀ ပုံရိပ်ကားချပ်တွေကို သိပ်ပြီး အခက်အခဲမရှိဘဲ တင်ပြရေးဖွဲ့လာတာ ဖြစ်တယ်။

တနည်းအားဖြင့် မိုးဝေ၊ ခေတ်ပေါ် ပင်မရေစီးကဗျာလမ်းကြောင်းဟာ ခေတ်ပြိုင်ရေးဖွဲ့ပုံနည်းနာများ ကြွယ်ဝ ပေါင်းစည်းမှုအားဖြင့် ပိုမိုအားကောင်းလာခြင်းပဲဖြစ်တယ်။ ကဗျာဟာ ဖတ်သူ တနည်း ပြည်သူဆီကို ပြန်လာနေပြီလို့ ဆိုရမယ်။

ခု ကဗျာစာအုပ်(၃)အုပ်မှာ ဒီလို ခေတ်ပေါ်၊ ခေတ်ပြိုင်၊ ဟိုက်ဘရစ်ပေါင်းစပ်ကဗျာ အတော်များများတွေ့ရတယ်။ အကုန်လုံး မဆိုလိုပါဘူး။ ကဗျာရေးသူဟာ တခါတရံစိတ်ထွက်ပေါက်အဖြစ် စကားလုံးကစားတာ၊ ဖွဲ့ပုံ ကစားတာ၊ အတွေးကစားတာတွေလည်း ရေးရမှာပါပဲ။ ဒါဟာ ကဗျာဆရာရဲ့ အခွင့်အရေးဖြစ်တယ်။ ရေရှည်မှာ သူဘယ်လို ကဗျာတွေ အများဆုံးရေးဖွဲ့ခဲ့သလဲဆိုတာက ပြောသွားမှာ ဖြစ်ပါတယ်။
အကြောင်းအရာအနေနဲ့ ဒီကဗျာ(၃)အုပ်မှာ လက်ရှိမြန်မာနိုင်ငံကြီးမှာ ကြုံတွေ့နေတဲ့ ပြည်တွင်းစစ်၊ ဒီမိုကရေစီအခွင့်အရေး၊ တောင်သူလယ်သမားပြဿနာ၊ နိုင်ငံရေးအကျပ်အတည်း၊ စစ်ဘေးဒုက္ခသည်များ . . . စတဲ့ ပြည်သူအများစုခံစားကြုံတွေ့နေရတဲ့ ကိစ္စတွေကို ရေးဖွဲ့ထားကြပါတယ်။ ကောက်နုတ်ချက်တချို့ကို ကြည့်ပါ။

`အယိုင်တီးမှာ
ထိုင်ပြီးကချင်နေတဲ့ လွှတ်တော်အမတ်တွေနဲ့
ဝါးအပြေးမှာ
ကားလေးပေါ်က မဆင်းတော့တဲ့ အတိုက်အခံတချို့နဲ့
ရွှေဒိုးသံ သာသာယာယာ ပြည်မြန်မာ
လက်ခုပ်တီးတာ တို့ရိုးရာဆိုတဲ့ အစည်းအဝေးခန်းမကျယ်တွေထဲ
မောင်ရွှေရိုးကကွက်ပျောက်တာလည်း
ဘယ်သူ့မှာမှ တာဝန်မရှိဘူး ထားကြပါစို့´
( မောင်နိုင်လင်း(ကောလင်း)- မိုး မိုး မိုးလားမောင်ရို့ ကဗျာစာအုပ်မှ)

`အခု ငါတို့ဟာ ငါတို့နေရာမှာ ရှင်သန်ခွင့်မဲ့ရ
ငါတို့ဟာ ငါတို့လယ်ယာမှာ စိုက်ပျိုးခွင့်မဲ့ရ
ငါတို့ဟာ ငါတို့ဘေးတွေလို ဆင်းရဲမွဲတေကြရ
လမ်းမတွေပေါ်
ငါတို့အသံတွေဟာ ပြာလို့´ (စာမျက်နှာ-၂၅)
`ငါတို့ဟာ တောကပြိတ္တာ
ငါတို့ဟာ ဆွမ်းမျှ မတင်နိုင်
ငါတို့ဟာ ယာစကာမျိုး
ငါတို့ဟာ မျက်ရည်မိုးလည်း မစဲတော့မယ့် ရာသီ´ (စာမျက်နှာ-၂၇)

`. . .
အများညီ ဤကျွဲ မဖြစ်တော့တဲ့ ကာလမှာ
ပိန်ညင်းမြည်သံ ဘယ်လောက်သာသာ
မိုးမရွာဘူး
ရွာလည်း လယ်မရှိဘူး၊ ယာမရှိဘူး
လမ်းမရှိဘူး၊ ထန်း မရှိဘူး
ငဘထက် ဆတိုး ဆိုးတဲ့
ဘ၀တွေ´ (စာမျက်နှာ -၃၅)

သစ်တစ်ပင်ခုတ် ထောင်ဆယ်နှစ်ဆိုတော့လည်း
ကျွန်တော်တို့ ဘ၀တွေ မီးသွေးလို မည်းခဲ့ကြရပါတယ်
မြစ်ချောင်းအင်းအိုင် လေလံစနစ်ဆိုတော့လည်း
ကျွန်တော်တို့ဘ၀တွေ မြစ်လို ချောင်းလို ကောခဲ့ကြရပါတယ်
ခေတ်က လက်ညှိုးညွှန်ရာ ပုဒ်မ (၁၈) ဖြစ်တဲ့ ခေတ်
စနစ်က
ခြင်းကြားကြီးနဲ့ ရေကို သယ်တဲ့ စနစ်´(စာမျက်နှာ-၄၂)

`၂၀၀၈ ကို
ကျုပ်တို့ မချစ်လည်း ခင်ဗျားတို့ ချစ်တယ်
၂၀၁၅ မှာ
ကျုပ်တို့ မမှားလည်း ခင်ဗျားတို့ မှားခိုင်းမယ်
လှလှပပ´(စာမျက်နှာ-၄၉)
`. . . အခုကို
ကိုယ့်ရွာမှာ စာသင်ကျောင်း၊ ဆေးရုံရတော့မလို
အခုကို
လျှပ်စစ်ကြိုးတွေ သွယ်တော့မလိုလို
လိုပြီးရင်း လိုနေတဲ့ ဘ၀တွေဟာ ဘာမှ ထူးမလာခဲ့´ (စာ-၆၆)

မောင်နိုင်လင်း(ကောလင်း)ရဲ့ ` မိုး မိုး မိုးလားမောင်ရို့´ ကဗျာစာအုပ်မှာပါတဲ့ ကဗျာရှည် ၁၀ ပုဒ်ဟာ ဒီနေ့ ဒီမိုကရေစီဆိုတဲ့ ခေတ်ကြီးမှာ ဂျပန်ခေတ်လယ်သမား`ငဘ´တွေထက် ဆတိုးဆိုးတဲ့ တောင်သူလယ်သမား၊ ယာသမား တွေ၊ ရွာသားတွေရဲ့ ကြုံတွေ့နေရသော အဖြစ်ဆိုးစနစ်ဆိုးတွေကို ကြေကွဲဖွယ်၊ ခံပြင်းဖွယ်လေသံတွေ ညံနေအောင် စာနာဖွယ် ကြားနေရပါတယ်။ အရပ်သားဘာသာစကား၊ အရပ်သားဥပမာ နိမိတ်ပုံတွေနဲ့ ကြေကွဲစရာကောင်းတဲ့ ကဗျာတွေ ပါ။ ကြာရင် ဒီလိုပုံနဲ့ ဆရာစံခေတ်ကို မြင်ယောင်လာမိပါရဲ့။
လူလန်းရဲ့ `တင်ဆက်သူများအကြောင်း´ ကဗျာစာအုပ်ထဲက ကောက်နုတ်ချက်တချို့ကို ကြည့်ပါ။

`ရုပ်သေးများ ၉´
ဒီနေ့ပဲ စားရ၊ သုံးရတော့မလိုလို
ဟောသည် ဆေးရည်စိမ် တ၀င်းဝင်းကြီးကိုသာ
အတိတ်လို စောင့်ရှောက်လာကြ
တစ်ပတ်ပြီး တစ်ပတ်
ပရိသတ်တွေသာ အမှည့်လွန်
ပုပ်အံ့ရ´

ဒီကဗျာတွေထဲမှာ အပတ်စဉ်တိုင်း ရေဒီယိုက ကြားနေကျ ` မိဘပြည်သူများ ခင်ဗျား´ အသံနဲ့ ၀မ်းချနေတာက လွဲလို့ ဘာမှ မထူးခြားလာတဲ့ ကျောမွဲပြည်သူတွေ ဘ၀ကို ပြသွားပါတယ်။
` Prevention@Diseace: ရာဘာလည်ရှည်ဖိနပ်ကြီး စီးမိမှ
ခြေဖ၀ါးကို ပိုးထိခံလိုက်ရသလို မြွေပွေးက အထဲမှာ။
သံပြိုင် ။ ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း။(စာ-၂၃ မှ)
ပြည်တွင်း ငြိမ်းချမ်းရေးရဲ့ လက်ရှိအနေအထားပါ။

`မိဘပြည်သူ ၈´
ရေ မီး မင်း ခိုးသူ
ထို မချစ်မနှစ်သက်အပ်သော သူများလက်မှ
လွတ်မြောက်ရပါလို၏ အရှင်ဘုရား
မပြည့်မ၀ခြင်းမှ တပါး
အခြား အခွင့်ထူး မခံစားရသူများ´ (စာ -၃၅)

`တုံးအောက်က ဖားလို ဖောင်းတဲ့ ဖားက ဖောင်း၊ ပြားတဲ့ ဖားက ပြား၊ တုံးတဲ့ ဖားတွေက တုံးမြဲ တုံးပြီး၊ ရုန်းတဲ့ ဖားတွေက ရုန်းမြဲ ရုန်းကြ´ ( စာ-၄၂)

`ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ စီတန်းလမ်းလျှောက်သူများ တရာစွဲဆိုခံနေရ´ (စာ -၄၉)

` တင်ဆက်သူများ ၆
နောက်ကားတေါထက် ဆီစားနှုန်းသက်သာတယ်
အဆွဲအရုန်း ကောင်းတယ်
အော်ရီဂျင်နယ် မူလ. . .
မြင်ရဲ့လား
ရှေ့ကားတွေ ပိတ်ဆီးနေသမျှ
လိပ်ကြီးလို ရွေ့´ (စာ-၉၁)

လူလန်းရဲ့ ကဗျာတွေမှာ စမ်းသပ်ကဗျာ၊ ဘာသာစကားအားပြုကဗျာတွေ ပါဝင်သော်လည်း အမျာစုက အညာ သားလေသံ၊ အညာသားအရပ်သုံးစကား၊ ဥပမာအလင်္ကာတွေနဲ့ ခေတ်ပြိုင်ခံစားမှုပုံရိပ်တွေကို ဖော်ကျူးထားတာ များတာ တွေ့ရတယ်။

နောက်ဆုံးတစ်အုပ်က မင်းနဒီခရဲ့ ` ပလတ်စတစ် ဆာဂျရီ´

`လေးဘက်လေးတန် သံတိုင်ကြားက နေ့ရက်များ
ဆင်းရဲငတ်ပြတ် အမှောင်လမ်းက နေ့ရက်များ
ဦးညွှတ်စွာ ဂုဏ်ပြုအပ်ပါ၏´ (ငြိမ်းချမ်းရေးမိခင် )

`သေနတ်ချင်း ယှဉ်ပစ်တာ မသေပါဘူး၊ သားရေကွင်းနဲ့ပစ်မှာ အသက်ပျောက်သွားတာ
ဒီခေတ်ထဲ အိမ်က ထွက်လိုက်တာနဲ့ သတ်ကွင်း´
(အိမ်ကထွက်လိုက်တာနဲ့ သတ်ကွင်း)

`အခုတော့
ကလေးတွေက တင့်ကားအစစ် သေနတ်အစစ်တွေနဲ့ ကစားလို့
လေထဲ လွှတ်တဲ့စက္ကူစွန်က ကျည်ဆံချွန်ချွန်လေးတွေ ဖြစ်လို့
တစ်နေ့လုံး ယမ်းငွေ့ရှူပြီး အသက်ရှင်နေရတဲ့ဘ၀´
(မျှော်လင့်ခြင်းပန်းပွင့်များ)

`ငြိမ်းချမ်းရေးပေးပါ စစ်ပွဲတွေ ရပ်ပေးပါ
ဒီမိုကရေစီပေးပါ စားဝတ်နေရေး ပေးပါ
ဆန္ဒတွေနဲ့ ချိတ်ဆက်ထားတဲ့ စီတန်းလှည့်လည်မှုမှာ
သူတောင်းစားတွေ ဘယ်တုန်းကမှ ထမင်းမ၀ခဲ့တဲ့အကြောင်း´
(ပလတ်စတစ်ဆာဂျရီ)

`ကဗျာဆရာဆိုတာ စင်ပြိုင်အစိုးရတစ်ရပ်ဖြစ်တယ် ဆိုတဲ့
ကဗျာဆရာကြီး ယပ်ဖ်တူရှင်ကိုရဲ့ စကားနဲ့ ခေတ်ကိုဖြတ်သန်း
ဒီခေတ်ရဲ့ ဒီလမ်းမှာ ဒီမိုကရေစီပန်းတွေပွင့်ဖို့
ဒီကဗျာကို ကျွန်တော် ဆက်ရေးလိုက်ပါမယ် အဖေ´
(ဒီကဗျာကို ကျွန်တော် ဆက်ရေးမယ်)

ကဗျာ (၃)အုပ်ကို ခြုံကြည့်ရင် အကြောင်းအရာပိုင်းအနေနဲ့ ဒီနေ့ မျက်မှောက်ခေတ် မြန်မာနိုင်ငံသားတွေ ကြုံတွေ့နေတဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးကြီးအောက်က မလှမပ၊ အကျည်းတန်ကြေကွဲဖွယ် အဖြစ်တွေကို ထင်ဟပ် ထားတဲ့ ကဗျာတွေက အများစုဖြစ်တာကို တွေ့ရတယ်။
ပုံသဏ္ဍာန်တင်ပြပုံပိုင်းကို ကြည့်လျှင် ကဗျာဆရာ(၃)ယောက်စလုံးဟာ အထက်အညာ၊ မြေလတ်ဒေသကဆိုတော့ ရိုးရာမြန်မာ့လယ်ယာသုံး၊ ရပ်ရွာသုံးစကားတွေကို ကဗျာထဲ ပိပိရိရိထည့်သုံးတတ်ကြတာကို တွေ့ရတယ်။ ဒီနေ့ ခေတ်ပေါ်၊ ခေတ်ပြိုင်၊ ဟိုက်ဘရစ်ပေါင်းစပ်ကဗျာတွေမှာ အဓိကလက္ခဏာတစ်ရပ်လို တွေ့လာရတဲ့ ဘာသာစကားကဗျာ LP ရဲ့ အတတ်ပညာတွေကို ဒီကဗျာတွေမှာ တွေ့ရတယ်။
သို့သော် အစွန်းရောက်၊ အဓိပ္ပာယ်မဲ့ ၊ စကားလုံး စကားသက်သက်မျှသာမဟုတ်ဘဲ ရိုးရာစကားပုံ၊ ဥပမာ စကားတွေကို ဘာသာစကားအတတ်ပညာနဲ့ ပြန်ပြီးတင်ပြလာတာ အညာက ကဗျာဆရာတွေပဲ လုပ်နိုင်တာမျိုးပါ။ ဥပမာ-
`သောက်တော်ဘူးရယ်နဲ့ အိုမကွာ အိုမကွာ
အလှူဒါနဟာ တဖြည်းဖြည်းပါးလာ ရှားလာ´

´နတ်ပင့် ဒိုးတီးချက်လည်းမသွက်
အင်္ဂလိပ်အခက် ဗမာအချက်လည်း မဟုတ်တော့ဘဲ
ဗမာအခက် ဗမာအချက်မှာ
ဗျာ ကြက်တွေ ခွပ်လက်သွေးနေကြတယ်´ (မောင်နိုင်လင်း-ကောလင်း)

`စလယ်ဝင်အိုးတွေ ဖင်မမည်းခင်က
တပင်ကို လှဲလို့ တပင်ကို ထူ
ရေသာများ၍ ငါး မတွေ့သူများ´

`ချိုကျိုးဟာ နားရွက်ပဲ့နဲ့အတူ အသင်းအပင်း
အစင်းစင်း အကြောင်းကြောင်း
အဲလို အကြောင်းတွေကို ဆိတ်လို နွားလို
နိုင်နိုင်နင်းနင်း ကျောင်းလေလေ´(လူလန်း)

`ငတေအကြောင်းပြောဖို့ ငါတို့က စကားလုံးရှာနေတုန်း
ငတေ့ ပေါက်ချွန်းဟာ ငါတို့ရင်ဘတ်ပေါ် တဒုတ်ဒုတ် တူးဆွပစ်လိုက်ကြ´

`ကျွဲပါး စောင်းတီးတဲ့ တရားမှာ
ငါတို့သာ ကျွဲပြန်ကျခဲ့ပေါ့´ (မင်းနဒီခ)

ခေတ်ပြိုင်ဗေဒမျိုးစုံနဲ့ ကဗျာတွေကြားမှာ ခေတ်သစ်ကဗျာအတတ်ပညာတွေကို မြန်မာရိုးရာ စကား အသွားအလာတွေနဲ့ ပေါင်းစပ်ပြီး မြန်မာ/အညာဆန်တဲ့ ဒီလိုကဗျာလေးတွေ ဖတ်ရတာ အားရမိပါတယ်။

မျိုးသန့်
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊ ဇန်န၀ါရီ၊ ၂၀၁၅

No comments:

Post a Comment