Monday, January 12, 2015

ကျွန်တော်နဲ့ "ဝ ဝလေး ဝိုင်းအောင်ရေး သမီးလေး မြရွှေသွေး" - ကိုစိုင်းစိုင်းဝင်းထက်

ကျွန်တော်နဲ့ "ဝ ဝလေး ဝိုင်းအောင်ရေး သမီးလေး မြရွှေသွေး" - ကိုစိုင်းစိုင်းဝင်းထက်

    ကျွန်တော့် ညီလေး မင်းနဒီခက အသစ်ထွက်တဲ့ သူ့ရဲ့ ကဗျာစာအုပ်လေး တစ်အုပ် လက်ဆောင်လာပေးပါတယ်၊ အစည်းအဝေး လုပ်ခါနီး ဖြစ်နေလို့ တစ်ချက်လောက် လှန်ကြည့်မိလိုက်တယ်၊ "ဝ ဝလေး ဝိုင်းအောင်ရေး သမီးလေး မြရွှေသွေး" တဲ့၊ ကျွန်တော်ကလည်း သမီးလေး မွေးထားတာဆိုတော့ စိတ်ဝင်စားသွားတယ်၊ ဒါနဲ့ ဆက်ဖတ်ကြည့် လိုက်တယ်၊

"ဖေဖေ ဟိုဘက်နည်းနည်းတိုး
မေမေ ဟိုဘက်နည်းနည်းတိုး
နှစ်ယောက်အိပ်ကုတင်လေးရဲ့ အလယ်မှာ
သူနေရာယူထားပုံက
တဖြည်းဖြည်း ကျယ်လာတယ်။

မေမေက မလိမ္မာဘူး ဆူလိုက်ဦး ဖေဖေ
ဒီနေ့ သမီးကို မုန့်ဖိုးမပေးသွားဘူးတဲ့
ဖေဖေက မလိမ္မာဘူး ဆူလိုက်ဦး မေမေ
အပြင်သွားတာ ခြံတခါးပိတ်မသွားလို့တဲ့
အဖေနဲ့အမေခမျာ သူ့ရှေ့မှာ မျက်လွှာချလို့
သူပြောသမျှ ခေါင်းငုံ့ခံရ
သူကတော့ လက်ခုပ်ကို အကျယ်ဆုံးတီး
တဟီးဟီးနဲ့ သဘောကျလို့။"

    ကဗျာစာသားလေးတွေက ကျွန်တော်ကို လှလှပပကြီး ဆွဲခေါ်သွားပါတော့တယ်၊ ဒီအချိန်လေးမှာ ဒီကဗျာလေးကို ပြီးအောင် ဆက်ဖတ်ဖို့ကိုပဲ အားသန်နေမိတော့တယ်၊

"သူရေးထားတဲ့ ဝလုံးတွေအောက်မှာ
ကျွန်တော်ရေးထားတဲ့ ကဗျာလေးရှိတာ သူမသိဘူး
သူဆုတ်ဖြဲလိုက်တဲ့ မဂ္ဂဇင်းစာမျက်နှာမှာ
ကျွန်တော်ပို့ထားတဲ့ ကဗျာလေးပါတာ သူမသိဘူး
သူသိတာက အဖေစိတ်ဆိုးရင် သူအသံမထွက်ဘဲ ငိုမယ်
အဖေပြန်ချော့ရင် အဖေပါးကို လာနမ်းမယ်
ဒီအဖေနဲ့သမီးကြား ငါဘယ်နားနေရမလဲလို့ သူ့အမေမေးလာတိုင်း
အဖေနဲ့သမီး တဟားဟားရယ်ရင်း ပွေ့ဖက်ပစ်လိုက်ကြ"

    ကျွန်တော့် မိသားစုလေး တစုရဲ့ ကြည်နူးစရာ မြင်ကွင်းလေးကို မျက်စိထဲမှာ လာ မြင်ယောင်မိတယ်၊ ကဗျာလေးဟာ နူးညံ့ ကြည်နူးစွာနဲ့ပဲ ကျွန်တော့်ကို သာသာယာယာလေး ဆက်လက်ဆွဲခေါ်သွားတယ်။

"သူ အားပါးတရရယ်လိုက်ရင်
မျက်လုံးလေးက မှေးစင်းလို့
သူ ဝမ်းသာအားရပြုံးလိုက်ရင် ပါးနှစ်ဖက်က မို့အစ်လို့
အဖေနဲ့မတူလို့ ချောတာ အပြောခံရတိုင်း
ကျွန်တော် ကျိတ်ပြီး ကျေနပ်မိတာ သူသိပါစ
အတိဇာတဆိုတဲ့ စာလေးလုံးကို
သူ့နာမည်ရှေ့မှာ ဖြည့်ခေါ်ချင်တာ သူသိပါစ။"

    ကျွန်တော် ဖတ်ရင်းနဲ့ပဲ ဖခင်တစ်ယောက်ရဲ့ သမီးအပေါ် ထားတဲ့ ရင်တွင်းစိတ်ရင်းလေးကို နားလည်သဘောပေါက်ရင်း ကျေနပ်နေမိခဲ့တယ်။

"အတောက်ပဆုံး ကြယ်လေးကို
သူ့နာမည်ပေးချင်တာ
အမွေးဆုံးပန်းကိုမှ
သူ့ခေါင်းမှာ ပန်စေချင်တာ
အမြင်ဆုံးဆုလာဘ်ကို
သူ့လက်နဲ့ ခူးဆွတ်စေချင်တာ
ဆန္ဒတွေကို ဘယ်လိုပဲ ချရေးရေး
သူရေတဲ့ ဝလုံးကို သူကိုယ်တိုင်ပဲ ဝိုင်းရမှာ။"

    ကျွန်တော် အကြိုက်ဆုံး၊ ခံစားချက်ကို အမြင်ဆုံးထိ ဆွဲခေါ်သွားတဲ့ အပိုဒ်လေးပါပဲး။ သမီးကို ချစ်ကြတဲ့ ဖခင် တိုင်းရဲ့ မျော်လင်ချက်တွေကို ချပြသွားသလို ဘယ်လောက်ပဲ ဖြစ်စေချင်လို့ မျှော်လင့်ထားထား နောက်ဆုံးတော့ သူကိုယ်တိုင် လုပ်မှ သူရမှာပဲ ဆိုတာကို လှပစွာနဲ့ ဖွဲ့နွဲ့သွားလိုက်တာပါ။

"ဟတ်ပီးဘတ်ဒေး
ဟတ်ပီးဘတ်ဒေးပါ သမီးရေ
ဝလုံးလေးတွေ မတိမ်းစောင်းဖို့
လေးကြောင်းမျဉ်းစာအုပ်လေးကို ထုပ်ပိုးရင်း
အိမ်မက်လှဖို့ထက်
လိပ်ပြာလှဖို ဆုတောင်းပေးလိုက်တယ်
သမီးလေး ထာဝစဉ်ပျော်ရွှင်ချမ်းမြေ့ပါစေ
သမီးလေး ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေသတည်း။"

    ကဗျာလေးပြီးဆုံးသွားပါပြီ၊ ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာ မပြီးဆုံးသေးတဲ့ ဖခင် မေတ္တာတွေကို ဆက်လက် မျော်ကြည့်ရင်း ခံစားနေရတုန်းပါပဲ၊ ကဗျာတစ်ပုဒ်ကို ကျေနပ်စွာနဲ့ ပီတိခံစားရင်း လုပ်စရာရှိတဲ့ အစည်းအဝေးကို ဆက်လက် လုပ်နေမိပါတော့တယ်၊ ကျွန်တော် သေချာပါတယ်၊ ကဗျာကောင်းလေးတွေ ၅၉ ပုဒ်ပါဝင်တဲ့ ကဗျာဆရာ မင်းနဒီခ ရဲ့ "ပလပ်စတစ် ဆာဂျရီ" ဆိုတဲ့ ကဗျာစာအုပ်လေးကို ဒီနေ့ညမှာ မလွတ်တမ်း မြည်းယှက်ခံစားရင်း ကျေနပ်မှုတွေနဲ့ တညတာ ကုန်ဆုံးတော့မယ်ဆိုတာ တွေးရင်နဲ့တောင် ပီတီဖြစ်ရပါတယ်ဗျာ။

ကိုစိုင်းစိုင်းဝင်းထက်
28.11.2014

No comments:

Post a Comment