Saturday, January 17, 2015

မဲဇာတောင်ကျော်အလွမ်း



မဲဇာတောင်ကျော်အလွမ်း

အနက်ရောင် လမ်းမတွေဟာ
ဝေးကွာခြင်းကို ကိုယ်စားပြုတယ်လို့
တစ်နေရာရာမှာ ကိုယ်ရေးဖူးခဲ့သလား။


အခု ကိုယ့်ခြေထောက်အောက်မှာ
ဘယ်နေရာဆုံးမယ် ကြိုမသိနိုင်တဲ့
အဖြူရောင်လမ်းမတွေ။


နေရောင်မလာခင်အချိန်လေး
မနက်ခင်းနှင်းတွေနဲ့
စိမ်းစိုလန်းဆန်းရတဲ့ ရှုခင်းတွေအကြောင်းတွေးရင်း
အလွမ်းတွေနဲ့ လေးလံလာတဲ့ ခရီးဆောင်အိတ်ထဲက
မိသားစုဓာတ်ပုံလေးကို ပြန် ပြန်ထုတ်ကြည့်လို့
သက်ပြင်းအထပ်ထပ်ရှိုက်မိတယ်
ခေါင်းကို ညွှတ်မိတယ်။


တောပန်းလေးတွေ ပွင့်နေတဲ့အကြောင်း
သစ်တောကြီးက သိပါလေစ
စမ်းချောင်းလေးတွေ စီးနေတဲ့အကြောင်း
တောင်တန်းကြီးက သိပါလေစ။


ဆောင်းရာသီဟာ သူ့ဖြစ်တည်မှုကို လှုပ်ခါမချခင်လေး
ကိုယ့်ကို အနွေးဓာတ်နည်းနည်းပေးပါ
ဆုတောင်းခန်းတွေဟာ
ဒီအချိန် နောက်ကျတတ်လွန်းရဲ့။


မင်းနဒီခ
၁၉၊ ၁၂၊ ၂၀၁၄

No comments:

Post a Comment