Wednesday, January 21, 2015

ကျဆုံးလေပြီးသော နိုင်ငံတော်ကို ဦးညွှတ်ခြင်း





စာအုပ်အမည်            - ကျဆုံးလေပြီးသော နိုင်ငံတော်
ရေးသူ                      - ဇော်လူစိမ်း
ထုတ်ဝေသည့်ကာလ   - ဇန်န၀ါရီ၊ ၂၀၁၅
ထုတ်ဝေသည့်တိုက်     - နွယ်နီ စာအုပ်တိုက်

 ကျဆုံးလေပြီးသော နိုင်ငံတော် တဲ့။ကဗျာစာအုပ်နာမည်ကိုက ကဗျာဖတ်သူကို ကြေကွဲစွာ ဆွဲဆောင်နေသလိုပါပဲ။ ကဗျာစုစုပေါင်း ၂၅ ပုဒ်၊ အင်္ဂလိပ်ဘာသာပြန် ၂၅ ပုဒ်။ ဘာသာပြန်သူက ဆရာ ကဲဆုသာ။ ကျဆုံးလေ ပြီးသော နိုင်ငံတော် ထဲမှာ ကဗျာအပြင် ဘာသာပြန်သူရဲ့ မှတ်ချက်(သို့) နငယ်ကို အမြီးတပ်ခြင်း နဲ့၊ ခေတ်ရနံ့မဂ္ဂဇင်းနဲ့ အင်တာဗျူး ဇော်လူစိမ်းနဲ့ စကားစမြည် ဆိုပြီး နှစ်ပုဒ်ပါဝင်ပါသေးတယ်။ ဆရာကဲဆုသာရဲ့ ဘာသာပြန်သူရဲ့ မှတ်ချက်ဟာ ဘာသာစကားဆိုင်ရာ ရှင်းလင်းမှုထက် ကဗျာဆိုင်ရာ သုံးသပ်ချက်တစ်ခုလိုအထိ ခံစားနှစ်သက်စရာကောင်းပါတယ်။ ဆရာဇော်လူစိမ်းနဲ့ ခေတ်ရနံ့ မဂ္ဂဇင်းအမေးအဖြေကလည်း ဆရာဇော်လူစိမ်းရဲ့ ကဗျာအမြင်၊ နိုင်ငံရေးခံယူချက်၊ ကဗျာသဘောတရား စတာတွေကို ထဲထဲဝင်ဝင် မဟုတ်တောင် နီးနီးစပ်စပ် အကဲဖြတ်သုံးသပ်လို့ ရနိုင်ပါလိမ့်မယ်။ ဆရာ ကဲဆုသာ မှတ်ချက်နဲ့ ခေတ်ရနံ့ အင်တာဗျူးဟာ ကျဆုံးလေပြီးသော နိုင်ငံတော်ရဲ့ အဓိပ္ပာယ်ကို ပိုမိုပြီးပြည့်စုံသွားစေတာပါပဲ။ ပြီးတော့ ကဗျာကို အစ အဆုံး နောက်တစ်ခေါက်ပြန်ဖတ်ချင်လာနိုင်အောင်အထိ နှိုးဆွပေးနိုင်တယ်လို့လည်း ထင်မိပါတယ်။

`မှန်နန်းကိုတော့ မှန်တမ်းပဲ မှန်နန်း ဟု ကဗျာဆရာက ရေးသည်။ အသံတွေ ချိတ်သည်။ တမင်လုပ်ခြင်းဖြစ်သည်။ ထိုအသံဖြင့် သူလိုချင်သော အနက်ကို အားဖြည့်ခြင်း ဖြစ်မည်။ မှန်တမ်းပဲ ဟူသည် အနက်နှစ်ခွထွက်သည်။ ပထမ အနက်မှာ မထူးခြားခြင်း၊ ဖြစ်မြဲအတိုင်းဆက်ဖြစ်နေခြင်း ဖြစ်သည်။ ထိုသဘောကို ယူက ပြန်လျှင် remains the same as usual ဟု ပြန်ရမည်ဖြစ်သည်။ ဒုတိယအနက်မှာ အဖက်မလုပ်ဟူသည့်အနက်ဖြစ်သည်။ ထိုအနက်ကို ယူကာ ပြန်မည် ဆိုလျှင် no need to pay special attention to Glass Place ဟု ပြန်ရမည် ဖြစ်သည်။ မှန်နန်းစာအုပ်ကို အဖက် မလုပ်ခြင်းလား။ တစ်ခုရှိသည်။ မှန်နန်းမှာ ပါသောအချက်များက သမိုင်းသဘောထက် ဒဏ္ဍာရီသဘော ကဲနေသည်ဟု ကျွန်တော် ခံစားရသည်။ အဖြစ်အပျက်တွေက ဒဏ္ဍာရီဆန်နေသည်။ ထိုပြင် `မေးခွန်းလောက်မှ ဇောက်မနက်ရင် လမ်းမှာ တွေ့လည်း မှန်တမ်းပဲပေါ့ မှန်နန်း´ ဆိုသော အရေးအသားကို ကြည့်သည့်အခါ ဒုတိယအနက်က ပိုသေချာသလို ရှိနေသည်´။
(ကဲဆုသာ- ဘာသာပြန်သူ၏ မှတ်ချက် (သို့) နငယ်ကို အမြီးတပ်ခြင်း မှ)

` စာပေနဲ့ နိုင်ငံရေး ကို ခွဲခြားရင် အဲဒီတုန်းက ဖိနှိပ်သူတွေပဲ လိုလားတဲ့ ကိစ္စသတ်သတ်ပဲ ဖြစ်လိမ့်မယ်။ အနုပညာ သမား တွေဘက်က ခွဲခြားလာရင်လည်း အဲဒီခေတ် နိုင်ငံရေးနဲ့ နိစ္စဓူဝ လူမှုဘ၀တွေမှာ ကင်းကွာနေတဲ့ လူနည်းစုသာ ဖြစ်ပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့ကဗျာနဲ့ နိုင်ငံရေးဟာ သီးခြား အဓိပ္ပာယ် မထွက်ပါဘူး။ ကိုယ့်ပင်မရေစီးပါပဲ။ တင်ပြပုံ တင်ပြနည်းသာ ကွာမယ်။ ဖယောင်းစက္ကူတွေမှာ ကျွန်တော်တို့ နိုင်ငံရေး မကင်းသလို ကျောင်းနံရံတွေပေါ်မှာလည်း ကျွန်တော်တို့ နိုင်ငံရေး  ကျွန်တော်တို့ကဗျာ မကင်းပါဘူး´
(ဇော်လူစိမ်းနှင့်စကားစမြည် - ခေတ်ရနံ့မဂ္ဂဇင်းနှင့် အမေးအဖြေမှ)

  ဆရာ ဇော်လူစိမ်းဟာ ၁၉၉၆ ဒီဇင်ဘာကျောင်းသားအရေးတော်ပုံကို ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ ကဗျာဆရာ တစ်ယောက်ပီပီ သူ့ကဗျာတွေဟာ နိုင်ငံရေးအရိပ်အငွေ့တွေ မှိုင်းထသလို ထိုးထွက်နေတာကို ကျွန်တော်တို့ ခံစားရပါတယ်။ ဒါပေမယ့် အလွယ်တကူနားလည်ခံစားလို့ရတဲ့ ကဗျာတွေလားဆိုတော့လည်း မဟုတ်ပါဘူး။ ခေတ်ပေါ်ပင်မရေစီး ကဗျာဟန်ကနေ ခွဲထွက်ပြီး ခေတ်ပြိုင်ဟန်ကဲတဲ့ နိုင်ငံရေးကဗျာတွေလို့ ယူဆရင် ရနိုင်သလို ကဗျာဆိုင်ရာနည်းနာတွေ အပေါ်မှာ ထဲထဲဝင်ဝင် ဖြတ်သန်းပြီး ယုံယုံကြည်ကြည်တည်ဆောက်ထားတဲ့ Surrealism ကဗျာဟန်တွေလို့ ထင်မိပါတယ်။ ကျွန်တော် နားလည်သလို ပြန်ပြောကြည့်ရရင် ဆရာ ဇော်လူစိမ်းကဗျာတွေမှာ အများဆုံးတွေ့ရတာကတော့ ယုတ္တိကို ဆန့်ကျင်ထားတဲ့၊ ဖြစ်နိုင်ချေမရှိတဲ့ စကားလုံးအတွဲအစပ်တွေနဲ့ ဆက်စပ်တည်ဆောက်ထားတဲ့ စာသားတွေ၊ တင်ပြမှု တွေပါပဲ။  ဆရာဇော်လူစိမ်းဟာ အဲဒီလို စကားလုံးအတွဲအစပ်တွေနဲ့ တကယ့်ယုတ္တိအဖြစ်အပျက်တွေကို စပ်ဆက်ယူတယ်။ မတူညီတဲ့ ဖြစ်နိုင်ချေမဲ့တဲ့အကြောင်းအရာတွေကို တဆက်တည်းဖြစ်အောင် ရေးဖွဲ့တယ်။ ဒါဟာ ဆူရီယယ်ရဲ့ အိပ်မက် ဆန်ဆန်နည်းတွေကို သုံးစွဲလိုက်ခြင်းတစ်မျိုး ၊ ဒါမှမဟုတ် ဆူရီယယ်နိမိတ်ပုံတွေကို အထူးပြုလိုက်ခြင်းတစ်မျိုးလို့လည်း မြင်မိပါတယ်။
 `တန်ဖိုးနည်းလူသေတွေ´ ကဗျာမှာဆိုရင် ကဗျာဆရာဟာ ဒီနေ့မျက်မှောက်ခေတ် တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုး နည်းတိုက်ခန်း၊ တန်ဖိုးနည်းစမတ်ဖုန်း စတဲ့ ငွေကြေးနဲ့ တန်ဖိုးဖြတ်သတ်မှတ်လို့ရတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေနေရာမှာ လူသေကို အစားထိုးပြီး တန်ဖိုးနည်း လူသေတွေလို့ ခေါင်းစဉ်တပ်ထားပါတယ်။ နောက်တစ်ပုဒ်မှာ ဆိုရင်လည်း ` စစ်ဟာ ကခုန် နေတယ်´ ဆိုပြီး စိတ္တဇနာမ်ကို အသက်သွင်းလိုက်တဲ့အပြင် စစ် ဆိုတဲ့ လူတကာ အော်ကလီဆန်တဲ့ အနိဋ္ဌာရုံ အဖြစ် အပျက်ကို ပျော်စရာအဖြစ်အပျက်အသွင် ကခုန်နေတယ် ဆိုပြီး ခေါင်းစဉ်တပ်လိုက်ပါတယ်။ အဲဒီလို လုပ်လိုက်တဲ့အတွက် လူသေတို့ စစ်တို့ရဲ့ မူလတန်ဖိုးတွေဟာ တွဲဖက်သုံးစွဲလိုက်တဲ့ တန်ဖိုးနည်း၊ ကခုန် စတဲ့ စကားလုံးတွေအပေါ်မူတည်ပြီး မူလတန်ဖိုးချိုးဖျက်ခံလိုက်ရပါတယ်။
 တန်ဖိုးနည်း လူသေတွေ ကဗျာမှာဆိုရင် ကဗျာရဲ့ ပထမဆုံးလိုင်းမှာတင် ပုံမှန်မဟုတ်တဲ့အကြောင်းအရာတွေနဲ့ ကဗျာဖတ်သူကို စတင်အံ့သြစေပါတယ်။

`နေရောင်ထဲ လူသေတွေ ချီတက်လာကြတယ်
မြို့ပြကြီးတစ်ခုလုံး ယင်တလောင်းလောင်းဖြစ်သွားအောင်
လမ်းမကြီးတွေပေါ် အော့အန်ချင်လောက်အောင်´

 ကဗျာဆရာရေးဖွဲ့တဲ့ မြင်ကွင်းမျိုးဟာ Walking Dead Series လို နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေမှာ မြင်ဖူးနေကျ ဖြစ်ပေမယ့် ကဗျာတစ်ပုဒ်အနေနဲ့ ယုတ္တိဖြစ်နိုင်ချေနဲ့ စတင်ကင်းလွတ်ရေးဖွဲ့လိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကဗျာဆရာ ဟာ ကဗျာတည်ဆောက်မှုကို တဖြည်းဖြည်း အရှိန်မြှင့်ပြီး ဆက်ရေးဖွဲ့ပါတယ်။

`ဗိုလ်ချုပ်လမ်းမပေါ် သွေးသံတရွှဲရွဲနဲ့ အရှင်လတ်လတ်တွေလိုမျိုး
ဗိုလ်အောင်ကျော်လမ်းဘက်ချိုးပြီး မျက်တွင်းဟောက်ပက်နဲ့ လူသေမဟုတ်တဲ့အတိုင်း´

 ဒီနေရာမှာ ကဗျာဆရာ ရေးဖွဲ့တဲ့ လမ်းတွေဟာ ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းနေရတဲ့ တကယ့်အရှိတရား လမ်းတွေ မဟုတ်တော့ပါဘူး။ ဗိုလ်ချုပ်လမ်းမဆိုတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်တွေ၊ ရဲဘော်တွေ အသက်သွေးချွေးတွေ ပေးဆပ်ရယူခဲ့ရတဲ့ လွတ်လပ်ရေးလမ်းမ။ ဗိုလ်အောင်ကျော်လမ်းဆိုတာလည်း ရေနံမြေသပိတ်၊ အလုပ်သမားသပိတ်နောက်ခံ ကျောင်းသားလှုပ်ရှားမှုမှာ ကျဆုံးသွားတဲ့ ဗိုလ်အောင်ကျော်နဲ့ ကျောင်းသားခေါင်းဆောင် တွေရဲ့ အသက်၊ သွေး၊ ချွေးတွေကို  ကိုယ်စားပြုတဲ့ လမ်းတွေ ဖြစ်လာတယ်။ ကဗျာဆရာပြောတဲ့ လူသေတွေဟာ သာမန် လူသေတွေ မဟုတ်တော့ဘူး။ သမိုင်းတန်ဖိုးရှိတဲ့ လူသေတွေ ဖြစ်လာတယ်။ နောက်ထပ် ကဗျာဆရာ ထပ်ဖွဲ့လာတဲ့ အဖွဲ့ တွေဟာ ပိုမိုကျယ်ပြန့်လာတယ်။ ပိုမို စိတ်ထိခိုက်စရာ ကောင်းလာတယ်။ ဒီကဗျာရဲ့အရှိန်အမြင့်ဆုံးနဲ့ အကြိုက်ဆုံး ဆူရီယယ်နိမိတ်ပုံကတော့ -

`ငြိမ်းချမ်းရေး ဈေးကြီးလွန်းတဲ့ ငြိမ်းချမ်းရေးနေ့များမှာ
လူသေတွေက လူသေတွေကို တရွတ်ဆွဲ
လူသေတွေကပဲ လူသေတွေရဲ့ နာကျင်မှုကိုသာ သယ်ဆောင်နိုင်ခဲ့ကြ
ဈေးကြီးလွန်းတဲ့ ငြိမ်းချမ်းရေး နေ့ကြီးရက်ကြီးတွေထဲမှာ
လူသေတွေ ၊ လမ်းစိုစိုနဲ့ ခွာမရတဲ့ တက်တူးတွေ
လမ်းပူပူထဲ အသွေးအသား အရိအရွဲတွေနဲ့ ချီတက်နေကြတယ်။´

 လူသေတွေရဲ့ ချီတက်ပွဲဟာ မပြီးဆုံးသေးပါဘူး။ တစ်ယောက်ကို တစ်ယောက် ဖေးမလို့၊ လက်တွဲလို့၊ ပြုစုလို့ ဆက်လျှောက်ကြရပါဦးမယ်။ ငြိမ်းချမ်းရေးအတွက်၊ ဒီမိုကရေစီရေးအတွက်၊ တရားမျှတမှုအတွက်၊ အမှန်တရားအတွက် စသည်ဖြင့် လမ်းမတွေပေါ်မှာလည်း လူသေတွေကို ကျွန်တော်တို့ တွေ့နေရဦးမှာပဲ။ လက်မောင်းမှာ ထိုးထားတဲ့ အနီရောင် တက်တူးလို လမ်းစိုစိုပေါ်မှာ ခွာမရတဲ့ တက်တူးလို လူသေတွေ။ တနည်းအားဖြင့် တန်ဖိုးထားခြင်း မခံရတဲ့ တန်ဖိုးနည်း လူသေတွေပါပဲ။ ဆရာ ဇော်လူစိမ်းဟာ ဒီကဗျာကို ပင်မရေစီးခေတ်ပေါ်ကဗျာဟန်ကနေ ခွဲထွက်ပြီး ဆူရီယယ် လစ်ဇင်ရဲ့ ထူးခြားပြီးယုတ္တိဖြစ်နိုင်ချေမဟုတ်တဲ့ နိမိတ်ပုံတွေနဲ့ ထိတ်လန့်ခြောက်ခြား သွေးပျက်ဖွယ် တင်ပြမှုတွေကို ဒီကဗျာမှာ အသုံးပြုသွားတယ်လို့ ထင်မိပါတယ်။ ဒီလိုအဖွဲ့နဲ့ ကဗျာတည်ဆောက်မှုပုံစံကို `မသေမရှင်´ ကဗျာမှာလည်း ထပ်တွေ့ရ ပါတယ်။
 နောက်တစ်ပုဒ်ဖြစ်တဲ့ `စစ်ဟာ ကခုန်နေတယ်´ကဗျာကတော့ ကမ္ဘာ့အနှံ့အပြားက စစ်ပွဲတွေကို သရော်လိုက်တဲ့ ကဗျာပါပဲ။ နေ့စဉ်ထုတ်သတင်းစာက စစ်ပွဲသတင်းတွေ၊ ကြားနေရတဲ့ စစ်ဘေးဒုက္ခတွေ၊ မြင်တွေ့နေရတဲ့ စစ်ပြေး ဒုက္ခသည်တွေ၊ ညှိနှိုင်းနေကြတဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းတွေကို ကြည့်ကြည့်ပြီး စစ်ဟာ ကခုန်နေပါတယ် တဲ့။ ကဗျာဆရာဟာ ခေတ်အဆက်ဆက် စစ်ဘေးဒုက္ခသည်တွေကိုယ်စား စစ်ကို ခုံရုံးတင်တယ်။ တရားစွဲတယ်။ စစ်နဲ့ဓာတ်တူ နာမ်တူ အသံတူမှန်သမျှ အလိုမရှိ ကြွေးကြော်တယ်။

`ခင်ဗျားအနားမှာ ၀ိဥာဉ်တစ်ကောင်လို စစ်ဟာ ကခုန်နေတယ်
ခင်ဗျား မျက်စိရှေ့မှာ စုန်းတစ်ကောင်လို စစ်ဟာ ကခုန်နေတယ်
အရိုးထဲ စိမ့်လာအောင်
ခင်ဗျားရဲ့ သွေးပြန်ကြောထဲကနေ စစ်ဟာ ကခုန်နေတယ်
ခုထိ စစ်ဟာ ကခုန်နေတယ်´

 ဆရာဇော်လူစိမ်းက စစ်ကို ဥပဒေအတိုင်း အဆုံးစီရင်လိုက်တယ်ဆိုပေမယ့် တကယ်တမ်းကျတော့ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးသွင်သွင်အော်နေတာလည်း ခင်ဗျားတို့ပဲ။ နယ်ချဲ့လို့ပဲဖြစ်ဖြစ်၊ ကာကွယ်ဖို့ပဲဖြစ်ဖြစ်၊ ထိုးစစ်ဖြစ်ဖြစ်၊ ခံစစ်ဖြစ်ဖြစ် စစ်ကို အပြန်ပြန်အထပ်ထပ်အသက်သွင်းနေတာလည်း ခင်ဗျားတို့ပါပဲ။ စစ်ကတော့ ကခုန်နေဆဲပဲ။ ခင်ဗျားသွေးပြန်ကြော ထဲကနေ ပျော်ရွှင်မြူးတူးစွာနဲ့ပေါ့။ ဆရာဇော်လူစိမ်းဟာ စစ်အကြောင်းကို ပြောနေရင်းနဲ့ ရုတ်တရက် ကဗျာဖတ်သူ ရဲ့လက်ဖျံကို ဆွဲလှန်ပစ်လိုက်တဲ့အရေးအသားပါပဲ။ စစ်က အပြင်မှာ မရှိပါဘူး။ ကျွန်တော်တို့ ခင်ဗျားတို့ ၀ိဥာဉ်ထဲမှာပဲ ကိန်းအောင်းနေပါတယ် တဲ့။
 နောက်ထပ်ကဗျာတွေဖြစ်တဲ့ `လှည်းတန်းခုံးကျော်တံတား တည်ဆောက်တုန်းက´ နဲ့ ` စစ်ပွဲတစ်ပွဲ လွတ်နေပြီ၊ ရန်ကုန်မှ ထုတ်ပြန်´ ကဗျာနှစ်ပုဒ်ကတော့ သတင်းစာကော်လံတည်ဆောက်ပုံဟန်နဲ့ တည်ဆောက်ထားတဲ့ ပုံသဏ္ဍာန် ဆန်းသစ်တဲ့ ကဗျာနှစ်ပုဒ်ပါပဲ။ ဒါပေမယ့် သတင်းစာအရေးအသားနဲ့ မဟုတ်ဘဲ ကဗျာအရေးအသားနဲ့သာ တည်ဆောက် ဖွဲ့စည်းထားတဲ့ ကဗျာနှစ်ပုဒ်ပါ။ မတူညီတာကတော့ `လှည်းတန်းခုံးကျော်တံတား တည်ဆောက်တုန်းက´ ကဗျာမှာ သတင်းအချက်အလက်နဲ့ ဖြစ်စဉ်ကို အဓိကထားပြီး ` စစ်ပွဲတစ်ပွဲ လွတ်နေပြီ၊ ရန်ကုန်မှ ထုတ်ပြန်´ ကဗျာမှာတော့ ကျွန်တော့်တစ်သီးပုဂ္ဂလထင်မြင်ချက်သက်သက်အရ Expressionism ဆန်ဆန်၊ Automatic Writingဆန်ဆန် ဖြန့်ကျက် ရေးသား ထားတယ်လို့ မြင်မိပါတယ်။

 `လှည်းတန်း ခုံးကျော်တံတားတည်ဆောက်တုန်းက´ကဗျာမှာ ကဗျာဆရာက သူ့အခန်းလေးထဲကနေ မြင်နေရတဲ့ မြင်ကွင်းတွေကို စဖွဲ့ပါတယ်။ စတင်တည်ဆောက်တုန်းက အခြေအနေ၊ လမ်းပိတ်ဆို့မှုတွေ၊ အောက်ခံဖောင်ဒေးရှင်းတည်ဖို့ တူးဆွလို့ ထွက်လာတဲ့ အရာတွေကို စဖွဲ့တယ်။ ဒီနေရာမှာ ကဗျာဆရာက နိုင်ငံရေးခံယူချက်ပြင်းရှသူပီပီ `လွတ်လပ်ရေး ကြိုးပမ်းမှုထဲကနေ အမွေအနှစ်တွေ ထွက်လာသလိုမျိုး မြေစိုင်ခဲအချို့နဲ့ အရိုးတချို့၊ အကြောတချို့ အသံတစ်ချို့ဟာ စက်ယန္တယားကြီးတွေ ကလော်တဲ့အထဲ ပါလာတယ်´လို့ ဖွဲ့လိုက်တယ်။ ဒါဟာ ယုတ္တိဖြစ်မှုတစ်ခုကနေ ယုတ္တိကင်းမဲ့မှု တစ်ခုဆီ ချက်ချင်းပြောင်းလဲဖွင့်ဆိုပြီး ကဗျာဖတ်သူကို စတင် အလုပ်လုပ်စေတော့တာပါပဲ။ နောက်ဆက်ပြီးတော့ လမ်းပိတ် ဆို့မှုတွေ၊ ယာဉ်ကြောရှင်းမှုကို သည်းခံစောင့်ဆိုင်းနေရတဲ့ ခရီးသည်တွေကို နာဇီရဲ့ ဂျူးတွေ၊ လူကုန်ကူးခံရသူတွေ၊ ဖက်ဆစ်ဓားစာခံတွေ၊ သံသယရှိခံရသူတွေ စတဲ့ လွန်လွန်ကျူးကျူးနိမိတ်ပုံတွေနဲ့ နှိုင်းယှဉ်ဖွဲ့စပ်ပြတဲ့အခါ နေ့စဉ် လူမှုဘ၀ ထဲက လမ်းသွားလမ်းလာတွေရဲ့ ဒုက္ခဆင်းရဲဟာ ငရဲတမျှဖြစ်သွားတယ်။ နောက်ထပ် အဲဒီလို အဖွဲ့တွေ ရှိပါသေးတယ်။  ` တံတားကြီးဟာ သမိုင်းထဲက အရိုးတွေနဲ့ လမ်းပေါ်က ထလာတယ်´၊ `ငြိမ်းချမ်းရေးအတွက် တို့ပရွက်ဆိတ်တွေ တံတားကြီးဘေးနားကနေ ပွတ်တိုက် သွားကြတယ်´ စသဖြင့်။ ပြီးတော့ အချိန်ကာလဖော်ပြမှုနဲ့ သတင်းအချက်အလက် ဆန်တဲ့ ချိတ်တွဲရေးသားမှုတွေ `မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်ဂျုံအီဆုံးတော့ တံတားစီမံကိန်းစရုံပဲ ရှိသေးတယ်၊ နွေထဲပိုရောက်လာပြီ၊ တံတားကြီးဝဖီးချိန်မှာ ဆီးရီုးယားမှာ လူနှစ်သောင်းလောက် သေဆုံးစာရင်း၊ ရှင်ဆိုအာဘေးနဲ့အတူ ဂျပန်တစ်ပတ်ရစ်ကားတွေအတွက်  နေရာပေးကြပါလို့ အချင်းချင်း မကြားတကြားအော်နေတဲ့ ကာလ၊ သံစီသံကွေး အလုပ်သမားတစ်ယောက် မစ္စတာ အိုဘားမားကို လက်ပြ၊ ပြည်တွင်းစစ်ကို အချောသတ်နေတုန်း တံတားကြီးရဲ့ အပြီးသတ် နေ့တွေ ရောက်လာ စသဖြင့် ကဗျာဆရာဟာ တံတားကြီး ရဲ့ အခြေအနေနဲ့ သူရရှိတွေ့မြင်နေတဲ့ သတင်းအချက်အလက် တွေကို ဖလှယ်ပြီး ကဗျာကို တည်ဆောက်ပါတယ်။ ဒါ့အပြင် ကဗျာဆရာရဲ့ အတတ်ပညာလို့ ပြောရမလား၊ အကွက်မြင်မှုလို့ ပြောရမလား။ ဒီနေ့ခေတ်နိုင်ငံရေးအခြေအနေကို တံတားကြီးရဲ့ အနေအထားနဲ့ဆက်စပ်ယူပြီး ထည့်သွင်း တည်ဆောက် လိုက်ပါတယ်။ `နိုင်ငံတော်သမ္မတကြီးရဲ့ ကားတန်းကြီး နောက်ပြန်မလှည့်ခင်လေးမှာ ခရီးသည်တစ်ချို့ တံတားကြီးပေါ်က နေ တက္ကသိုလ်ရိပ်သာလမ်းဘက်ကို လှမ်းကြည့်လိုက် ကြတယ်´။ `တံတားကြီးအောက်က ပိတ်မိနေတဲ့ ကားတွေပေါ်မှာ ရေဒီယိုနားထောင်ရင်း ခရီးသည်တွေ မူးဝေလာတယ် အန်ချင်လာတယ်´။ ခရီးသည်တွေ အဲဒီလို မူးဝေအော့အန်ချင်လာ အောင် ရေဒီယိုက ဘာတွေများလွင့်လို့ပါလိမ့်လို့ ကျွန်တော်တွေးရင်း ပြုံးမိပါတယ်။
` စစ်ပွဲတစ်ပွဲ လွတ်နေပြီ၊ ရန်ကုန်မှ ထုတ်ပြန်´ ကဗျာကတော့ အထက်က ကဗျာနဲ့ ပုံသဏ္ဍာန်တည်ဆောက်မှုအရ တူညီပေမယ့် ကဗျာရေးဟန် တည်ဆောက်မှု မှာတော့ အတော့်ကို ကွဲပြားတာကို တွေ့ရပါတယ်။

`ဆူရီယယ်သမားတွေဟာ ဆူရီယယ်သုတေသနတွေ ပြုလုပ်ခဲ့ကြပါတယ်။ အိပ်မွေ့ချခြင်း၊ ပစ္စည်းသုံးစွဲခြင်း၊ မအိပ်တအိပ်အချိန်မှာ စာရေးခြင်း၊ automatic unitipo ဆိုတဲ့ ယုတ္တိထိန်းချုပ်မှုကို ကျော်လွားပြီး စိတ်ထဲပေါ်လာသမျှ မစိမစစ် မတည်းမဖြတ် မဖြတ်မတောက်ဘဲ ပေါ်လာတာကို ပေါ်လာသလို လက်တန်းချရေးခြင်း စတဲ့ စမ်းသပ်နည်းတွေ ပြုလုပ်ခဲ့ကြပါတယ်။´ (ဇေယျာလင်း -Futurism, Surrealism, Expressionism ကဗျာလေ့လာချက် စာအုပ်မှ)

ကျွန်တော့်ရဲ့ တစ်သီးပုဂ္ဂလအမြင်အရဆိုရင်တော့ ဒီကဗျာကို ဆရာဇော်လူစိမ်းဟာ Automatic Writing ဆန်ဆန် ရေးဖွဲ့ခဲ့တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကဗျာတည်ဆောက်ပုံအရ သတင်းစာကော်လံပုံသဏ္ဍာန် တင်ပြ ထားပေမယ့် ကဗျာအရေးအသားအနေနဲ့ ကဗျာကို အစကနေ အဆုံးထိ ရမ်သမ်မိမိ စီးဆင်းမှု အလျင်မပြတ် ဖတ်သွားစေ နိုင်တာမျိုး၊ သိစိတ်နဲ့ မသိစိတ်ကြားမှာ ကူးလူးခုန်လွှားနေတဲ့ အရေးအသားမျိုးတွေ၊ သာမန်အရှိတရားထက် ကျော်လွန်တဲ့ အရှိတရား ဖြစ်နိုင်ချေယုတ္တိကို မျှော်လင့်ပြီး ရေးတာမျိုးတွေ၊ ပြင်ပကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ အကြောက်တရားကို အိပ်မက် ဆန်ဆန် နယ်ပယ်တစ်ခုဖန်တီးပြီး ကြောက်ရွံ့ထိတ်လန့်နေစေတဲ့ အရေးအသားတွေ စတာတွေဟာ Automatic Writing ရေးဟန်ဆီကို တွန်းပို့နေတယ်လို့ ခံစားရလို့ပါပဲ။
`နိုင်ငံမှာ အရေးကြုံလာပြီဆိုရင် ကဗျာဆရာတွေဟာ ဘယ်တော့မဆို ရှေ့ဆုံးက ရောက်လာပြီး ပါဝင်ကြ လေ့ရှိတယ်´ဆိုတဲ့ စကား ဒေါ်အောင်ဆန်းစုကြည်ပြောဖူးပါတယ်။ အဲဒီလိုပါပဲ။ ကဗျာဆရာဟာ ကိုယ့်နိုင်ငံမှ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကမ္ဘာစစ်၊ပြည်တွင်းစစ်၊ အာဏာရှင်အုပ်ချုပ်မှု၊ တရားမမျှတမှု၊ ဖိနှိပ်ချုပ်ခြယ်မှု၊ အစွန်းရောက် အကြမ်း ဖက်မှု၊ နယ်ချဲ့ကြီးစိုးမှု၊ သဘာဝပတ်ဝန်းကျင်၊ အဖြူရောင်ကလေးငယ်များရဲ့အနာဂတ် စတဲ့ လူသားတိုင်းနဲ့ ပတ်သက်တဲ့ အရေးတော်ပုံကြုံလာတိုင်း ကလောင်ကိုင်စွဲတိုက်ပွဲဝင်ကြတာ ခေတ်အဆက်ဆက်ပါပဲ။ အခု ကျဆုံးလေပြီးသောနိုင်ငံတော် ထဲမှာလည်း ဆရာ ဇော်လူစိမ်းဟာ `လှည်းတန်း၊ သက်ရှိကို လိုက်ပို့ခြင်း´၊ `ပြန်ပေးဆွဲ၊ ပြန်ပေးဝဲ´၊ ကလေးစစ်ပွဲအတွင်းက ကွဲကွာသွားတဲ့ ကလေး စစ်သားတွေ´ စတဲ့ ကဗျာတွေကို မမေ့မလျော့ရေးဖွဲ့ ထည့်သွင်းခဲ့ပါတယ်။

`အဲဒီမှာ
ပယောက အကိုက်ခံနေရဆဲ
ရောဂါသည်တွေရဲ့ ခြင်ဆီနဲ့ မျိုးဖောက်ထားတဲ့
မုန်တိုင်းရဲ့ လက်ဖျံရိုးတွေလည်း ရှိတယ်
အဲဒီမှာ
ကိုဗဟိန်းရဲ့ မြင်းခွာပေါက်သံတွေ အောက်က
သွေးဖောက်ခံရတဲ့ မီးတောက်တွေလည်း ရှိတယ်
အဲဒီမှာ
ဘ၀များစွာရဲ့ ရုပ်ကြွင်းတွေကို ရှာနေရင်း
ကိုယ့်ဘ၀ကိုယ် ထိုးထည့်ထားရတဲ့
အိပ်တန်းပျက်လွယ် အိပ်ပေါက်တွေလည်း ရှိတယ်´
(လှည်းတန်း ကဗျာမှ)

`ခင်ဗျား သယံဇာတနဲ့ မြစ်ဟာ
မြေပေါ်က စီးနေမလား
မြေအောက်က စီးနေမလား
မြစ်ဟာ ပြာကျသွားပြီးတဲ့နောက် ခင်ဗျား ဘာတွေ ဆက်ဖြစ်လာမလဲ
ခင်ဗျား ကြွယ်ဝမှုတွေနဲ့ မြစ်ကို သဂြိုဟ်လိုက်ရပြီလို့ စဉ်းစားကြည့်လိုက်တဲ့အခါ

မြစ်မရှိတော့ဘူး
ဖျားနေတဲ့ မြစ်ဟာ အခါခါ သေရတယ်´
(သက်ရှိကို လိုက်ပို့ခြင်း ကဗျာမှ)

တစ် . . . နေရာယူ
နှစ် . .  . ကျည်ဆန်ထည့်
သုံး . . . မောင်းတင်
သူတို့ကို ငါပစ်တယ် မသေဘူး
ငါကို သူတို့ပစ်တယ် မသေဘူး
ငါတို့စစ်ပွဲဟာ အမြဲတမ်း အငြင်းအခုံနဲ့ အဆဲအဆိုနဲ့
ငါတို့စစ်ပွဲဟာ အမြဲတမ်း သရေကျခဲ့တယ်
ငါတို့စစ်ပွဲဟာ အမြဲတမ်း ရေကူးပြန်ခဲ့ကြတယ်
ငါတို့စစ်ပွဲဟာ အမြဲတမ်းသီချင်းဆိုပြန်ခဲ့ကြတယ်။

တစ်ရက် မနက်စောစော ချမ်းချမ်းစီးစီး အမှိုက်မီးထလှုံကြတုန်း
ငါတို့ ကြည့်ပြီးစ ဘိုင်စကုတ်ထဲက သေနတ်ပစ်ခန်းတွေ အလုအယက်ပြန်ပြောကြတုန်း
မီးပုံအောက် မြေကြီးထဲက သံချေးတက်နေတဲ့ ကျည်ဆံတွေ ထပေါက်တာ
တကယ့်စစ်ပွဲကြီးအတိုင်း ငါတို့သွေးထွက်ခဲ့/သွေးပျက်ခဲ့ရ
ကျောင်းခန်းလေးထဲ ငါတို့ကောင်တွေ လူမစုံတော့ဘူး။
(ကလေးစစ်ပွဲအတွင်းက ကွဲကွာသွားတဲ့ ကလေးစစ်သားတွေ ကဗျာမှ)

 အဆုံးသတ်အနေနဲ့ပြောရရင် ဆရာ ဇော်လူစိမ်းဟာ ခေတ်ပေါ်ပင်မရေစီးကဗျာခေတ်မှာကတည်းက အားကောင်း မောင်းသန်စီးဆင်းခဲ့ပြီး ဒီကနေ့ခေတ်ပြိုင်ကဗျာဗေဒတည်ဆောက်မှုအပိုင်းမှာလည်း မိမိကိုယ်ကို ဆက်လက်တည် ဆောက် နေတဲ့ ကဗျာဆရာတစ်ယောက်ဖြစ်ပါတယ်။ ကျဆုံးလေပြီးသော နိုင်ငံတော် ထဲက တစ်ချို့ကဗျာတွေဟာ ကဗျာဖတ်သူ အတွက် တိုက်ရိုက်နားလည်မှုနဲ့သမိုင်းတန်ဖိုးကို ခံစားနိုင်မှာဖြစ်ပေမယ့် ဆရာဇော်လူစိမ်းရဲ့ အများဆုံး ကဗျာတည် ဆောက်မှုအရ ဆူရီယယ်ရဲ့ အိပ်မက်ဆန်ဆန်နည်း အသုံးပြုတာ၊ လွန်ကဲတဲ့ နိမိတ်ပုံသုံးစွဲမှု၊ ဇာတ်ပြောကဗျာ ဆန်ပေမယ့် တကယ်တမ်းက ဇာတ်လမ်းသဘောမျိုးတည်ဆောက်ထားတာမဟုတ်တဲ့ ဖွဲ့စည်းပုံတွေ၊ မျဉ်းဖြောင့်သဘောမဆန်တဲ့ တည် ဆောက်မှု စတာတွေကြောင့် အချို့သောကဗျာတွေဟာ ကဗျာဖတ်သူရဲ့ ကဗျာဆိုင်ရာသိမှုအကျယ်အ၀န်းနဲ့ နိုင်ငံရေး နောက်ခံသမိုင်း သိမှုအနေအထား အပေါ်မှာမူတည်ပြီး နားလည်ရခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ ကဗျာဟာ ကျွန်တော်တို့ နေထိုင်ရပ်တည်ရှင်နေတဲ့ ကမ္ဘာကြီးအတွက် တစ်ထောင့်တစ်နေရာက ပါဝင်နေရဦးမှာဖြစ်သလို ကဗျာ ဆိုတဲ့ စာပေ အနုပညာတစ်ရပ် ရှင်သန်ဖွံ့ဖြိုးတိုးတက်စေဖို့လည်း ကဗျာဆရာတိုင်းမှာ တာဝန်ရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော် အနေနဲ့ ကတော့ ဆရာဇော်လူစိမ်းဟာ ကဗျာနဲ့နိုင်ငံရေး၊ ကဗျာနဲ့ကဗျာဆိုင်ရာအပေါ်မှာ နှစ်ဘာသာစလုံးတာဝန်ကျေသူ တစ် ယောက်အဖြစ် မှတ်ယူရင်း ကျဆုံးလေပြီးသော နိုင်ငံတော်ရှေ့မှာ ဦးညွှတ်အလေးပြုလိုက်ပါတယ် ခင်ဗျာ။

မင်းနဒီခ
၁၈၊ ဇန်န၀ါရီ၊ ၂၀၁၅

No comments:

Post a Comment