Tuesday, January 6, 2015

ပင်လယ်ဆီ မရောက်ဖြစ်တဲ့နေ့မှာ ငါစီးထားတဲ့ အနီရောင်ရှူးဖိနပ်တစ်ရံ



ပင်လယ်ဆီ မရောက်ဖြစ်တဲ့နေ့မှာ ငါစီးထားတဲ့ အနီရောင်ရှူးဖိနပ်တစ်ရံ

ငါ့မှာ အနီရောင်ရှူးဖိနပ်တစ်ရံရှိတယ်။ အဖြူရောင် ဖိနပ်ကြိုးတွေနဲ့
မြေမှုန့်တွေဟာ ဖိနပ်အောက်ခြေမှာ ကပ်ရပ်လို့ စွဲစွဲမြဲမြဲ
ငါ ရေဆေးမပစ်ရက်ဘူး။ သန့်ရှင်း မပစ်ရက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့
ချစ်စရာကောင်းတဲ့ သူမဟာ ငါနဲ့တွေ့တိုင်း အဖြူရောင်ဖိနပ်ကြိုးတွေကို လိမ်ကျစ်ဆော့ကစားတယ်
ကြိုးစရဲ့ ထိပ်ဖျားက ခဲပတ်ကလေးနဲ့ မြေကြီးပေါ် ခြစ်ပြီး ငါ့နာမည်ကို ရေးသေးတယ်
နောက်တော့ သူမက ငါ့ကို ထားခဲ့ပြီး ပင်လယ်ဆီ ထွက်သွားတယ်
ပင်လယ်ဆီ ဘယ်တော့မှ ငါမသွားတော့ဘူး။ သူတို့က အကျယ်ကြီး
သေးနုတ်တဲ့ ကြယ်ငါးတွေဟာ ပင်လယ်ဆီက ထွက်ပြေးဖို့ ကြိုးစားတယ်
မရဘူး။ မိုက်မဲသူတစ်ချို့ကြောင့် သူတို့ဟာ ပင်လယ်ထဲ ပြန်ရောက်ကြရရှာ
ရေမှုန်ရေမွှားတွေလေ သူတို့ ကိုယ့်ကိုယ်ကိုယ် ဖော်ပြဖို့ နေရောင်အလာကို စောင့်စားနေတုန်း
မပြောမဆိုနဲ့မုန်တိုင်းဝင်လာတယ်။ လှိုင်းကြီးတယ်။ ရေမြင့်တယ်
ကမ်းစပ်မှာ ငါမရှိဘူးဆိုတော့ ငါကံကောင်းသွားတာပဲပေါ့
နေကာမျက်မှန်တွေဟာ လေဒဏ်ကို တောင့်မခံနိုင်ဘူးလေ
ဆိုဖူးခဲ့တဲ့ သီချင်းတစ်ပုဒ်ကိုပဲ ထပ်ထပ်ခါခါ ငါ ဆိုညည်းမိတော့တယ်
လေချွန်သံဟာ ငါ့တေးသွားအလိုက် ထပ်ကြပ်မကွာ စည်းချက်လိုက်နေတယ်
ငါ့နံဘေးတစ်ယောက်မှ မရှိတဲ့နေ့မှာပဲ ထင်ယောင်ထင်မှား ပျောက်ဆုံးသွားတဲ့ လမ်းတွေ
ကောင်းကင်ဟာ သံရည်ပူမိုးတွေ ရွာချပစ်လိုက်ပေါ့ ငါ့ကိုယ်ပေါ် စိုစိုရွှဲ
ဘယ်လို ထီးတစ်ချောင်းမှ မပါဘဲ ငါပြန်လာခဲ့ပါတယ်
သစ်ပင်တန်းတွေဟာ လှိုဏ်ဂူတစ်ခုလို ငါ့အပေါ်အုပ်မိုးလို့ ငါ့ကို အံ့သြစေတယ်
လမ်းမတွေဟာ ငါ့အိမ်အပြန်လမ်းအတွက် သူတို့ကိုယ် သူတို့ ဖြောင့်တန်းတည့်မတ်လို့
ဒါတွေဟာ အနီရောင် ရှူးဖိနပ်လေးတစ်ရံကြောင့်လို့ ဘယ်သူက တွေးမိမှာလဲ
ငါ စွန့်စားလိုက်တယ်။ အခုစီးထားတဲ့ အနီရောင်ရှူးဖိနပ်လေးကို ချွတ်ပစ်လိုက်တယ်
ပြီးတော့ ပင်လယ်ဘက်ဆီ အားကုန်လွှဲပစ်ပေါက်လိုက်တယ်
ဒီဖိနပ်ကို သူမလက်ဆောင်ဝယ်ပေးထားတာ။ အဲဒီတုန်းကတည်းက ဒီရှူးဖိနပ်လေးဟာ အနီရောင်လေးပဲလား။
မေးခွန်းတွေဟာ ငါ့ကိုပေါ့ပါးစေတယ်။ လွတ်လပ်စေတယ်။ ငါဟာ ငှက်တစ်ကောင်လို့
အခု လေထဲမှာ လွှင့်မျောလို့။ ပင်လယ်ကို အပေါ်စီးကြည့် ရယ်မောဟားတိုက်လို့
ငါပျံတယ်။ ငါ ပြန်ခဲ့တယ်။ လေစီးကြောင်းထဲ တရွတ်ဆွဲလို့။ ငါ့အသက်ရှူသံ ငါမေ့ပစ်လို့။
အဖြူရောင်ဖိနပ်ကြိုးထိပ်ဖျားက ခဲပတ်ကလေးနဲ့
အဲဒီနေ့က ပင်လယ်ဆီ ငါမရောက်ခဲ့တဲ့အကြောင်း မြေကြီးပေါ် ငါ ထိုင်ရေးလို့
ဘေးမှာ။ အနီရောင်ရှူးဖိနပ်ကလေးရဲ့ ဘေးမှာ။

မင်းနဒီခ
၆၊ ဇန်နဝါရီ၊ ၂၀၁၅



No comments:

Post a Comment