Tuesday, January 6, 2015

နွေဦးခေတ်ပြောင်းတော်လှန်ရေး

နွေဦးခေတ်ပြောင်းတော်လှန်ရေး

တော်လှန်ရေးကြီးဟာ အခုမှ စမယ်လို့ ကြံနေတုန်း နွေဦးဟာ ရောက်လာတာ စောတယ်
လမ်းလျှောက်သမားတွေဟာ ဘယ်လမ်းကို ရွေ့နေတယ် သူ မသိဘူး
အော်သံတွေ ချီတက်လာခဲ့ပြီ လက်ကိုင်ဆိုင်းဘုတ်တွေဟာ လေထဲ လွင့်လို့
နွေဦးဟာ တသုန်သုန် တဖြူးဖြူးနဲ့ သူ့မှော်ဝတ်ရုံကို ထုတ်ပြီး ခါချလိုက်တယ်
သစ်ရွက်ကြွေတွေ သွေးအလိမ်းလိမ်းလမ်းမပေါ် ရှပ်တိုက်ပြေးလွှားလို့
တစ္ဆေတစ်ကောင်လို ကြောက်စရာတောင် ကောင်းသေးရဲ့ နွေဦး
အခု နွေဦးဟာ ကဗျာတစ်ပုဒ်ကို ချက်ချင်းကောက် ရွတ်လိုက်တယ်
`မိုးကုပ်ကုပ်ဝယ်၊
အို . . .ရုတ်တရက်၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ၊ ဟ ဟ လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
. . . . ၊ . . . .
. . . . . . . . . . . . . ´
ပြီးတော့ ၂၀၁၅ အတွက် သစ်ရွက်တစ်ရွက်
မြစ်ဆုံအတွက် သစ်ရွက်တစ်ရွက်
လက်ပံတောင်းတောင်အတွက် သစ်ရွက်တစ်ရွက်
ပြည်တွင်းစစ်အတွက် ဆင်းရဲသားမွဲတေမှုအတွက် အမြန်လမ်းမအတွက်
စသဖြင့် သစ်ရွက်တွေ သစ်ရွက်တွေ သစ်ရွက်တွေ သစ်ရွက်တွေ
အဲဒီလို နွေဦးဟာ ဝမ်းနည်းခြင်းတွေ ဖော်ပြလို့ သစ်ရွက်တွေ ခြွေချနေတုန်း
မထူးဇာတ်ဟာ တစ်လမ်းဝင် တစ်လမ်းထွက် ဆောင်းရဲ့ ခြေရာလက်ရာကို ဖျက်တယ်
အတုံးအရုံး လဲကျသေဆုံးသွားတဲ့ နှင်းတွေ အရည်ပျော်လို့ အလောင်းတောင်ရှာမရတော့သလို
ပြီးတော့ ပြီးခဲ့တဲ့ နွေဦးများစွာလို တရားခံလည်း ရှာမရတော့
သစ်ကိုင်းခြောက်တွေဟာ တဖျစ်ဖျစ် ညည်းတွားရှာတယ်
ငါ့သက်တမ်းမစေ့ခင်လေး ငြိမ်းအေးပါရစေလားကွာ တဲ့
ချက်ချင်းပဲ နွေဦးက ပြန်ပြောတယ်
ငြိမ်းချမ်းရေးဟာ အပြင်မှာမရှိဘူး အတွင်းမှာပဲ ရှိတယ်
နွေဦးဟာ သူ့သက်ပြင်းကို ဖြေးဖြေးမှုတ်ထုတ်လိုက်တယ်
ကမ္ဘာကြီးက နွေဦးရာသီတွေကို အလိုရှိနေတာ သူသိတယ်
တကယ့်ကို နွေဦးရာသီအတွက် တခမ်းတနားနဲ့ အခမ်းအနားတွေကိုပြင်ဆင်လို့
ဆောင်းရဲ့ သူရဲကောင်းဝိဥာဉ်တွေဟာ သူရှိရာ ချီတက်အလေးပြုကြလိမ့်ဦးမယ်ဆိုတာလည်း သူသိတယ်
နွေဦးဟာ သူ့နှုတ်ခမ်းတွေ ကွေးညွတ်သွားတဲ့အထိ အာဏာရှင်ဆန်ဆန် ပြုံးလိုက်တယ်
နေ့စဉ်ထုတ်သတင်းစာတွေဟာ သူ့အကြောင်း ထူးထူးကဲကဲရေးကြတော့မယ်
လူတွေဟာ သူတို့ရဲ့ ဦးနှောက်တွေကို ခေါင်းထဲက ထုတ်ပြီး ပူဇော်ကြလိမ့်မယ်
သူတို့ အင်္ကျီတွေအောက်က အမာရွတ်တွေကို လှန်ပြရင်း

နောက်ထပ် အမာရွတ်တွေကို တောင်းဆိုကြလိမ့်မယ်
နွေဦးဟာ သက်ဦးဆံပိုင်ပဲ ပဒေသရာဇ်ပဲ အာဏာရှင်ပဲ 

နွေဦးဟာ ဘ၀ရှင်မင်းတရားကြီးပဲ အစွန်းရောက်အကြမ်းဖက်သမားပဲ
ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့လို့ နွေဦးက ဘယ်တော့မှ မပြောဘူး ပြောင်းလဲသွားပြီ
နွေဦးဟာ မြနန္ဒာလိုလို မန်းတောင်ရိပ်ခိုလိုလို တေးသွားကို လေချွန်ပြီး ကျီဆယ်တယ်
နွေဦးဟာ အောက်တိုဘာတော်လှန်ရေးကြီးကို မတ်လထဲ ပြန်ရွေ့ဖို့ ကြိုးစားတယ်
နွေဦးဟာ အသေခံဗုံးခွဲသမားလိုလို ဘာသာရေးအစွန်းရောက်အကြမ်းဖက်သမားလိုလို
တော်လှန်ရေးကြီးဟာ သူမလာခင်ကတည်းက Social Network မှာ စတင်နေတာ သူသိတယ်
နွေဦးဟာ လတ်ပတ်အနီကို ပတ်တယ် ဆံပင်ကို နောက်ပြန်လှန်ဖြီးတယ်
ခက်ပြီ နွေဦးကို ပန်းကုံးစွပ်ကြဦးမတဲ့ နွေဦးကို ကားနဲ့တင်ပြီး မြို့လှည့်ပြကြဦးမတဲ့
ပြည်သူတွေဟာ နွေဦးလာမယ့် လမ်းမှာ ချွေးတလုံးလုံးနဲ့ ဒုက္ခခံလို့
စက္ကူအလံလေတွေ တလူလူဝှေ့ရမ်းနှုတ်ဆက်လို့ အို မစ္စတာ နွေဦး
သင့်ကြောင့် မီးမလောင်ပါစေနှင့်။ သင့်ကြောင့် လူ့သက်တမ်းများ မယုတ်လျော့ပါစေနှင့်။
သင့်ကြောင့် သစ္စာပန်းများ မနွမ်းပါစေနှင့်။ သင့်ကြောင့် သူရဲကောင်းများ မပေါ်ထွန်းပါစေနှင့်။


မင်းနဒီခ
၁၄၊ ဇန်နဝါရီ၊ ၂၀၁၅

No comments:

Post a Comment