Monday, January 12, 2015

မျှော်လင့်ခြင်းကမ္ဘာ . . . သို့မဟုတ် - သားမောင်တင် (ဖြန့်ထွက်တွေးခေါ်ခြင်း ကဗျာခံစားမှု)



မျှော်လင့်ခြင်းကမ္ဘာ . . .  သို့မဟုတ် - သားမောင်တင်
(ဖြန့်ထွက်တွေးခေါ်ခြင်း ကဗျာခံစားမှု)


ဗမာပြည်တွင်းစစ် ဇစ်မြစ်
            ဗမာပြည်သမိုင်းကို မျဉ်းတပြေးတည်းကြည့်ရင် ပဒေသရာဇ် သက်ဦးဆံပိုင်ဘုရင်ခေတ်၊ ဗြိတိသျှနယ်ချဲ့ ကိုလိုနီ ခေတ်၊ လွတ်လပ်ရေးခေတ်ရယ်လို့ ပိုင်းခြားကြည့်နိုင်ပါတယ်။
            လွတ်လပ်ရေးခေတ်ဟာ ကျန်ခေတ်နှစ်ခေတ်ရဲ့ ဆိုးမွေကောင်းမွေအားလုံးကို ဆက်ခံခဲ့ရပါတယ်။ လူ့အဖွဲ့အစည်း ရဲ့ အခြေခံဟာ စီးပွားရေးစနစ်ဖြစ်တယ်။ လွတ်လပ်ရေးခေတ်ဦးအစ ဗမာနိုင်ငံရဲ့ အခြေခံစီးပွားရေးစနစ်ဟာ နှစ်မျိုး ရော ထွေး တည်ရှိနေတယ်။ ပဒေသရာဇ်ခေတ် မြေရှင်စီးပွားရေးစနစ်နဲ့ ကိုလိုနီခေတ် အရင်းရှင်စီးပွားရေးစနစ်တို့ ဖြစ်ပါတယ်။ ကိုလိုနီအရင်းရှင်စီးပွားရေးစနစ်ဆိုတာ နယ်ချဲ့လက်ဝေခံစီးပွားရေးစနစ်ပဲ ဖြစ်တယ်။ လွတ်လပ်ရေးခေတ်တလျှောက်လုံး အဲဒီစီးပွားရေးစနစ်ဟာ အပေါ်ယံသွင်ပြင်ပြောင်းလဲမှုရှိပေမယ့် အခြေခံကတော့ မပြောင်းလဲဘူး။ ဒါကြောင့် ဗမာ့စီးပွားရေး စနစ်ဟာ စက်မှုရော၊ လယ်ယာကုန်ထုတ်လုပ်ငန်းမှာပါ ခေတ်နောက်ကျ မဖွံ့ဖြိုးဘဲ ခေတ်သစ်ကိုလိုနီ အရင်းရှင်စီးပွားရေး စနစ်အပေါ်  မှီခိုနေရတယ်။ တနည်းပြောရရင် ဖွံ့ဖြိုးပြီးနိုင်ငံများအပေါ် ဘဏ္ဍာရေး နဲ့ စီးပွားရေးအရလည်း မှီခိုနေရတယ်။
            လွတ်လပ်ရေးခေတ်ဟာ နိုင်ငံရေးအရ လွတ်လပ်သည်ဆိုသော်လည်း စီးပွားရေးအရ နိုင်ငံခြားကို မှီခိုနေရလို့ မလွတ်လပ်ဘူးဆိုတာ တွေ့ရတယ်။
            ဒီပြဿနာဟာ ဗမာပြည်လွတ်လပ်ရေးရယူပြီးချိန်မှာ ဗြိတိသျှနယ်ချဲ့အစိုးရနဲ့ ဗမာပြည်ဖဆပလအဖွဲ့ချုပ်တို့  လွတ်လပ်ရေးစာချုပ်သုံးခုဖြစ်တဲ့ နု အက်တလီ၊ လက်ျာဖရီးမင်း၊ မြ-ခရွန်ဘီ စာချုပ်ချုပ်ဆိုရာက စတင်ကွဲလွဲခဲ့ကြတယ်။ ဖဆပလအဖွဲ့ချုပ်က လွတ်လပ်ရေးစာချုပ်များ ချုပ်ဆိုရာမှာ ဗြိတိသျှအစိုးရနဲ့ အလျော့ပေးစေ့စပ်ချုပ်ဆိုခဲ့တယ်။ ဒါကို ဗမာ ပြည်ကွန်မြူနစ်ပါတီနဲ့ အချို့သော နိုင်ငံရေးအများစုက မကျေလည်ကြဘူး။ ကွဲလွဲကြတယ်။ အခြားလူမျိုးစုပါတီ အဖွဲ့အစည်း အချို့ကလည်း လူမျိုးစုပြဿနာကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး ဖဆပလအစိုးရနဲ့ ကွဲလွဲကြတယ်။
            တစ်ချိန်တည်းမှာ ဒုတိယကမ္ဘာစစ်ရဲ့ စစ်မြေပြင်နှစ်ကြိမ်ခံရတဲ့ ဗမာပြည်စီးပွားရေးအကျပ်ဆိုက်နေတယ်။ ငတ်မွတ်မှုပြဿနာနဲ့လည်း ကြုံရတယ်။ တောင်သူလယ်သမားများကလည်း မြေရှင်ကြီးများနဲ့ ဗြိတိသျှအစိုးရရဲ့ ဖိနှိပ်မှုကို မခံရပ်နိုင်တဲ့အတွက် လွတ်လပ်ရေးမရမီကတည်းက လက်နက်ကိုင်ပုန်ကန်မှုတွေ ပေါ်ခဲ့တယ်။ အထွေထွေစီးပွားရေး အကျပ်အတည်းကြောင့် အလုပ်သမား၊ လယ်သမားနဲ့ အမှုထမ်းပေါင်းစုံနဲ့ လူထူလူတန်းစားအသီးသီးတို့ကလည်း မိမိတို့ ဘ၀ ချောင်လည်ရေးအတွက် သပိတ်လက်နက်စွဲကိုင်ပြီး နယ်ချဲ့အရင်းရှင် ကုမ္ပဏီကြီးများနဲ့ မြေရှင်ကြီးများကို ဆန့်ကျင်တဲ့ နိုင်ငံရေးသပိတ်တိုက်ပွဲများ ဆင်နွှဲလာကြတယ်။ ကျောင်းသားများကလည်း ပါဝင်တိုက်ပွဲဝင်ကြတယ်။
            လွတ်လပ်ရေးရောင်ခြည်သမ်းချိန်က ဖြစ်ခဲ့တဲ့နိုင်ငံရေးပဋိပက္ခဟာ ဗြိတိသျှနယ်ချဲ့အုပ်ချုပ်ရေးဆုတ်ခွာသွားချိန်၊ အာဏာရဖဆပလအစိုးရဟာ နယ်ချဲ့စီးပွားရေး အခြေခံများကို ဆက်လက်ထိန်းသိမ်းနေတဲ့အတွက် အစိုးရနဲ့ ပြည်သူ လူထုကြား နိုင်ငံရေး၊ စီးပွားရေးပဋိပက္ခများ သည်းသန်ပြင်းထန်လာပြီး ဗမာပြည်တွင်းစစ် ပေါက်ကွဲလာရတယ်။ အခြေခံ ဒီမိုကရေစီအခွင့်အရေးများ စတင် ဆုံးရှုံးလာရတယ်။ စစ်အာဏာရှင်စနစ်ကြီးစိုးလာတယ်။ (ပြည်တွင်းစစ် ငြိမ်းချမ်းရေး စစ်တမ်းမှ)

မျှော်လင့်ခြင်း ပန်းပွင့်များ

(၁)
လူဟာ မီးကို စတင်တွေ့ရှိတာ ကံကောင်းတယ်
ဒီထက်ပိုလို့ အချစ်ကို စတင်တွေ့ရှိခဲ့တာလည်း ပိုကံကောင်းတယ်
ဒါပေမဲ့ စစ်ကို စတင်တွေ့ရှိလိုက်တော့ အားလုံး ကံဆိုးတော့တာပဲ

(၂)
တွေ့ရှိခဲ့တဲ့ မီးအတွက်စစ်
ခံစားခဲ့ရတဲ့ အချစ်အတွက်စစ်
နယ်မြေအတွက်စစ်  သယံဇာတအတွက် စစ်
အမျိုးအတွက် စစ် ဘာသာအတွက် စစ်
ကိုယ်ကျိုးအတွက် စစ် အတ္တအတွက် စစ်
အမုန်းတရားအတွက် စစ်
အဲဒီစစ်က တဆစ်ဆစ်နဲ့ တဖျစ်ဖျစ်လှိုက်စား
အသက်ကို ဖက်နဲ့ပဲ ထုပ်ထားရမလား
ကျွတ်ကျွတ်အိတ်နဲ့ပဲ စွပ်ထားရမလား
ဓါး ဓါးချင်း လှံ လှံချင်းကနေ ဒုံး ဒုံးချင်း နျူ နျူချင်းဖြစ်
လူတစ်ယောက် တစ်ယောက်ချင်းကနေ
မြို့ မြို့ချင်း နိုင်ငံ နိုင်ငံချင်းဖြစ်
ပထမ ဒုတိယ နဲ့  အခုလာမယ်တတိယကမ္ဘာစစ်
ဘယ်သူတွေ မြေဇာပင်ဖြစ်ခဲ့သလဲ
(၃)
တစ်ဦး တစ်ယောက် တစ်နိုင်ငံ ကောင်းစားဖို့
စတေးခံပေးလိုက်ရတဲ့ အသက်တွေ အိုးအိမ်တွေ စည်းစိမ်တွေ
တောတွေ ရွာတွေ မြို့ပြတွေ
မျိုးဆက်တွေ မျိုးရိုးတွေ အနာဂတ်တွေ
အဖေတွေ အမေတွေ အဘိုးတွေ အဘွားတွေ သားတွေ သမီးတွေ
မေမေရေ ဖေဖေဘယ်မှာလဲ သမီးရေ သားတွေ ဘယ်မှာလဲ
ဖြစ်ခဲ့တဲ့ စစ်ထဲ အိုးပစ် အိမ်ပစ် လင်ပစ် သားပစ်
နွံအထပ်ထပ်နစ်သလို ရွှံရှာမွန်းကြပ် အသက်ရှူဖို့ ခက်ခဲ
ပြောပါ ဘယ်သူတွေ မြေစာပင်ဖြစ်ခဲ့သလဲ

(၄)
ဒါ ငါတို့အသွေးအသားတွေ ဒါ ငါတို့ပိုင်တဲ့ မြေ ငါတို့ပြည်
ဒါ ငါတို့လေ ငါတို့ရေ ငါတို့သယံဇာတတွေ
ငါတို့ ခြံစည်းရိုးကို ထင်းခွေသူဟာ ငါတို့ရန်သူပဲ
ငါတို့ရေကို အဆိပ်ခတ်သူဟာ ငါတို့ ရန်သူပဲ
အဲဒီလို မျိုးချစ်စိတ် နိုင်ငံချစ်စိတ်နဲ့ တရားသောစစ်
လူသူလက်နက်အင်အားအပြည့် ကျူးကျော်အနိုင်ကျင့် မတရားသောစစ်
ဘယ်လို စစ်ဖြစ်ဖြစ် ဘယ်သူမြေစာပင်ဖြစ်ခဲ့သလဲ

(၅)
ယမ်းငွေ့ဝေေ၀မနက်ခင်းထဲ
အမှားပြင်ဆင်ချက်က ပြင်ရာဖျက်ရာတွေနဲ့
လူ့ဘုံခန်းဝါက ဒဏ်ရာ အနာတရတွေနဲ့
လက်မောင်းသွေးကို ဖောက်ကြည့်တော့ အနီရောင်
အလင်းကို အမှောင်နဲ့ ပြန်ကာထားတဲ့နေ့
ကျီးကန်းတစ်ကောင်ရဲ့ မျက်လုံးတွေနဲ့
အစားထိုးချော့သိပ်ခံထားရတဲ့ည
မုဆိုးမမျက်ရည်နဲ့ ချောင်းအဖြစ်စီးနေတဲ့ မြို့လေးထဲ
နေ့ဟာ ကျည်သံ ဗုံးသံတွေနဲ့ ယဉ်ပါးနေတဲ့ ခွေးတစ်ကောင်လို
ညဟာ စိးချင်းထိုးအိပ်မက်တွေနဲ့ပဲ အမြဲမိုးလင်းတယ်
ပြောပါ ပြောပါ ဘယ်သူ မြေစာပင်ဖြစ်ခဲ့သလဲ

(၆)
မီးကျွမ်းသစ်ပင် တစပြင်တဲကုတ်
လက်ထဲ ဆုပ်ကိုင်ထားတဲ့ လက်နက်က ခြစ်ခြစ်တောက်ပူလို့
ခြေထောက်တစ်ဖက်က တစ်နေရာ လက်တစ်ဖက်က တစ်နေရာ
ဖိနပ်တစ်ဖက်က တစ်နေရာ စစ်ခါးပတ်က တစ်နေရာ
ဦးခေါင်းဘယ်မှာလဲ ခန္ဓာကိုယ်ဘယ်မှာလဲ
အသံအဖြစ်ထွက်မလာတဲ့ မေးခွန်းနဲ့
သူရဲကောင်းတွေ ကျဆုံးပြီး သူရဲကောင်းတွေ မွေးဖွားလိုက်တဲ့ မြေမှာ
သွေးရဲရဲ သံရဲရဲ ပြန့်ကျဲကျနေတဲ့ ကျည်ခွံတွေ လိုက်ကောက်နေသူ
ပြောပါ ဘယ်သူတွေ မြေစာပင်ဖြစ်ခဲ့သလဲ


(၇)
သားသား အိမ်အပြင်ကို ထွက်ချင်တယ် မေမေ
လယ်ကွင်းထဲမှာ သားသားတို့ ဘောလုံးကန်ချင်တယ် မေမေ
မေမေ မေမေရေ ဖေဖေက ဘယ်ထွက်သွားတာလဲဟင်
မေမေ ပြောတဲ့ ဟိုးအဝေးကြီးဆိုတာ
ဘိုးဘိုးကြီးရှိတဲ့ နောက်ဘ၀ဆိုတာလား
ညီမလေးက ဗိုက်ဆာလို့ ငိုနေပြီ မေမေ
မေမေ မေမေ သားခေါ်တာ ကြားရဲ့လား
မနက်ဖန် သားကျောင်းတက်ရမှာလား မေမေ
ဒီလူတွေ အများကြီးက ဘာလို့ဒီမှာလာစုနေကြတာလဲ
မေမေ မေမေ သားတို့ အိမ် သားတို့ပြန်ကြရအောင် မေမေ
လေတွေ တိုက်ရင် သားအရမ်းကြောက်တာပဲ
မိုးတွေရွာတိုင်း သားတို့ မိုးမလုံတာ ဘာဖြစ်လို့လဲ မေမေ
မေမေ သား ခေါ်တာ ကြားရဲ့လား
ညီမလေးက ကိုယ်တွေ အရမ်းပူတာပဲ
မေမေကျတော့ တစ်ကိုယ်လုံး အေးစက်တောင့်တင်းလို့
မေမေ မေမေ သားခေါ်တာ ကြားရဲ့လား မေမေ။

(၈)
ခင်ဗျားတို့
မီးအတွက် ရေကို ရှာတတ်ခဲ့တယ်
ရောဂါတိုင်းအတွက် ဆေးတွေ ရှာဖွေ တွေ့ရှိခဲ့တယ်
စစ်အတွက် ငြိမ်းချမ်းရေးကို ဘာလို့ မတွေ့ရှိခဲ့တာလဲ
စစ်အတွက် ငြိမ်းချမ်းရေးကို ဘာလို့ မတွေ့ရှိခဲ့တာလဲ

(၉)
အခုတော့
ကလေးတွေက တင့်ကားအစစ် သေနတ်အစစ်တွေနဲ့ ကစားလို့
လေထဲလွတ်တဲ့ စက္ကူလေတံခွန်က ကျည်ဆံချွန်ချွန်လေးတွေ ဖြစ်လို့
တစ်နေလုံးယမ်းငွေ့ရှူပြီး အသက်ရှင်နေရတဲ့ဘဝ
ကုန်းပေါ်မှာ ဖျတ်ဖျတ်လူးနေတဲ့ ရေနည်းငါးတွေ
ဆာလောင်မွတ်သိပ်နေတဲ့ ရင်ခွင်မဲ့ မျက်ဝန်းတွေ
အပျက်အဆီး အပွန်းအပဲ့တွေကြားက ရုန်းထလာတဲ့ မျှော်လင့်ချက်
အနာဂတ်ဆိုတာ
မြေပုံပေါ် စိုက်ထူထားတဲ့ မှတ်တိုင်သက်သက်မှ မဟုတ်တာ
ပြောပါ
မေတ္တာတရားကို ဘယ်လိုကိုင်းချိုးပြီး ၀တ်မှုန်ကူးပေးရမလဲ
ရှင်ကွဲ ကွဲနေတဲ့ ရနံ့နဲ့ကမ္ဘာလောင်မီးထဲက အပြစ်မဲ့သားကောင်
အို မျှော်လင့်ခြင်း ပန်းပွင့်များ။

မင်းနဒီခ
         
 ကဗျာဆရာ မင်းနဒီခဟာ သူဖြတ်သန်းနေရတဲ့ခေတ်ကြီးရဲ့ အနိဋ္ဌာရုံတွေကို စကားပြေဆန်တဲ့ ကဗျာနဲ့ လူထုထံမှောက်အရောက်ပို့လိုက်ပါတယ်။  နာကျည်းကြေကွဲဖွယ်အဖြစ်ဆိုးတွေကို ပြည်တွင်းစစ်က သယ်ဆောင်လာပြီး အဆုံးမရှိ မီးတောက်ကို တောက်လောင်စေခဲ့တယ်။ ပြည်သူတွေရဲ့ ကြိမ်မီးအုံးဘ၀တွေဟာ မျိုးဆက်တိုင်း မျိုးဆက်တိုင်း လှိုင်းတံပိုးကြီးလို ရိုက်ခတ်နေပြန်ပါတယ်။
            ကဗျာဆရာကတော့ လှပတဲ့ နူးညံ့သိမ်မွေ့တဲ့ကမ္ဘာကို မျှော်လင့်ခြင်းပန်းတွေ တပွေ့တပိုက်နဲ့ ကြိုဆိုနေသူ ဖြစ်တယ်။ ငြိမ်းချမ်းခြင်း စမ်းရေတစ်ပေါက်သောက်ချင်တဲ့ ပြည်သူလူထုတွေအတွက် ကိုယ်စားပြုကဗျာတွေကို ဖွဲ့ဆိုခဲ့ပြန် တယ်။ အမှန်တရားကို မြတ်နိုးတန်ဖိုးထားတဲ့ ကဗျာဆရာတွေဟာ မလွဲမသွေ ငြိမ်းချမ်းရေးကိစ္စမှာ ပါဝင်ကြရမှာ ဖြစ်ပါ တယ်။ အဖေ၊ အမေ၊ သားနဲ့သမီး ခရီးသွားဖော်တွေ ရှင်ကွဲ ကွဲသူတွေ ကွဲနေ၊ သေကွဲ ကွဲသူတွေ အနန္တနဲ့ အကျည်းတန် လွန်းတဲ့ ဘ၀တွေကို မမြင်ရက် မကြည့်ရက်ဖြစ်နေရုံ၊ ၀မ်းနည်းနေရုံနဲ့တော့ ကျွန်တော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးဟာ ဘယ်သောအခါမှ ရောက်ရှိလာမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ အဖိနှိပ်ခံဆင်းရဲသား လူတန်းစား အားလုံး တညီတညွတ်တည်း လက်ချင်းတွဲပြီး ကျရာရောက်ရှိရာနေရာဒေသအသီးသီးမှာ စစ်နဲ့ ဖိနှိပ်သူတွေကို ဆန့်ကျင် တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ စစ်မုန်းသူတစ်ယောက်တိုးလာတိုင်း `စစ်ဖန်တီးသူ ၀ါဒီသမားဆယ်ယောက် လျော့ပါးသွား တာပါပဲ´။

သူသူငါငါ မျှော်လင့်နေတဲ့ ကမ္ဘာ

၁၉၁၄ ပထမ ကမ္ဘာစစ်
၁၉၃၉ ဒုတိယကမ္ဘာစစ်
၁၉၄၈ ပြည်တွင်းစစ်
နာဇီ၊ ဖက်ဆစ်၊ ကိုလိုနီနယ်ချဲ့ဘီလူးတို့ရဲ့
ကျူးကျော် သိမ်းပိုက်ခြင်းခံရတဲ့ နေ့စွဲများ
ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့ပေါ်က အနုမြူဗုံး
လူမျိုးတုန်းသတ်ဖြတ်မှု
အရှေ့ အလယ်ပိုင်းပဋိပက္ခ
ဘာသာရေးအစွန်းရောက် စစ်သွေးကြွများနဲ့
မပြီးဆုံးနိုင်သေးတဲ့ ကချင် ပြည်တွင်းစစ်။

ခေတ်အဆက်ဆက်
စစ် ၊ စစ်၊ စစ် ဆိုတဲ့ အသံတွေကြားမှာ
ကျွန်တော်တို့ဟာ
ငြိမ်းချမ်းရေးကို အသစ် အသစ် အသစ်တောင်းဆိုခဲ့ကြ
လောဘ၊ ဒေါသ၊ မောဟတွေကြားမှာ
အပြစ်ကင်းတဲ့ ကလေးတစ်ယောက်ရဲ့
တခစ်ခစ်ရယ်သံ တွေပဲ ကြားရဖို့
ကျွန်တော်တို့ ဘယ်လိုလုပ်ကြရမလဲ။

စစ်ကို ရပ်တန့်ဖို့
ငြိမ်းချမ်းရေးတည်ဆောက်ဖို့
ကမ္ဘာကြီးလှပဖို့
အဲဒီလို စေ့စပ်ညှိနှိုင်းမှုတွေမှာ
လက်ခုပ်သံတွေကြားခဲ့ရပေမယ့်
တကယ့်လက်တွေ့မှာ ကျည်သံဗုံးသံတွေ
စကားလုံးလှလှတွေကြားမှာ
မြင်ကွင်းက အနိဌာရုံတွေ။

ကိုယ့်သွေး ကိုယ့်သား
ကိုယ့်အိုး ကိုယ့်အိမ်
ကိုယ့်မြေ ကိုယ့်ရေ အတွက် တရားသော စစ်
ကျူးကျော်အနိုင်ကျင့် မတရားသောစစ်
ဘယ်လိုစစ် ဖြစ်ဖြစ်
စစ်ကြောင့် ရတဲ့အကျိုးက အဆိုးချည်းပဲ
ယမ်းခိုးတွေကြားမှာ
အသက်ရှူကျပ်နေရတဲ့
လူမမယ်ကလေးများရဲ့ အနာဂတ်
စစ်ဒဏ်ခံရတဲ့ တိုင်းပြည်တစ်ပြည် မိသားစုတစ်စုအတွက်
ပြန်လည်တည်ဆောက်ရမည့် နှစ်ကာလအပိုင်းအခြား။

အခု
စာသင်ကျောင်းမှာ စာသင်နေရမယ့် ကလေးက
ကျည်ဆန်ခွံလိုက်ကောက်နေတယ်
လယ်ကွင်းထဲ လယ်ထွန်သွားမယ့် ရိုးပြတ်လမ်းမှာ
မြေမြှုပ်မိုင်းတွေနဲ့
စစ်လေယာဉ်တစ်စီး ခေါင်းပေါ်ဖြတ်သွားတိုင်း
မြေတွင်းထဲ ၀င်ဝင်ပုန်းနေရတဲ့ ကြွက်စုတ်တစ်ကောင်လို
လူဟာ လူနဲ့ မတူတော့။

ကလေးရေ
ဖွင့်ထားတဲ့ စက်ကို ရပ်တန့်လို့ရသလိုမျိုး
ခလုတ် တစ်ချပ်နှိပ်ပြီး 
ကမ္ဘာကြီးထဲက စစ်ပွဲတွေကို ရပ်တန့်ပေးပါ။

         ငြိမ်းချမ်းရေး ချိုးဖြူငှက်ဟာ
         သေနတ်ပြောင်းဝမှာ အသာအယာနားခိုပါစေ
         အမြောက်ပြောင်းဝမှာ
         ကြည်ကြည်နူးနူး အသိုက်အမြုံဆောက်နိုင်ပါစေ
         ပျော်ရွှင်ကြည်နူးဖွယ် တေးကိုသီလို့
         ကျည်သံဗုံးသံတွေ ကင်းမဲ့ဆိတ်သုဉ်းနေတဲ့ ကမ္ဘာကြီး
         စာသင်ကျောင်းတွေမှာ စာအံသံတွေနဲ့ ဆူညံလို့
         ကစားကွင်းတွေမှာ
         ကလေးတွေက လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားလို့
         ဘုရားကျောင်းကန်မှာ
         ဆည်းလည်းသံနဲ့ သာယာလို့။
                    
         ကျွန်တော်တို့ဟာ
        အနက်ရောင်တိမ်တိုက်အစွန်းက
         ငွေရောင်အနားကွပ်လေးကို ငေးကြည်းရင်း
တစ်နေ့မှာ
ငွေရောင်တိမ်တိုက်ကြီးတစ်ခုဖြစ်လာနိုင်ပါ့မလား
မျှော်လင့်လို့။

ကျောတခင်းစာ မြေနေရာ ပေးပါ
ခြေချစရာ မြက်ခင်းစိမ်းစိမ်းပေးပါ
နောက်ကွယ်မှ ပျံဝဲလာမည့် ကျည်ဆံချွန်ချွန်တွေအစား
ပန်းရနံ့တွေနှင့် စိမ်းလန်းသည့် ကစားကွင်းတစ်ခုပေးပါ
ငိုညည်းသံတွေ ဆိတ်သုဉ်း
ပျော်ရွှင်မှုတွေအတိနဲ့ ပြုံးပျော်နိုင်မယ့်
ငြိမ်းချမ်းသော ကမ္ဘာတစ်ခုကိုပေးပါ
နွေးထွေးအေးမြသော အမိအဖရင်ခွင်မှာ
စိတ်ချလုံခြုံ စွာ အိပ်စက်ခွင့်ပေးပါ။

ကျွန်တော်တို့
မျှော်လင့်တောင့်တနေသော ကမ္ဘာ
ကျွန်တော်တို့
အိပ်မက်နေတဲ့ ကမ္ဘာ
စစ်မဲ့ကမ္ဘာ
ငြိမ်းချမ်းတဲ့ ကမ္ဘာ။

ငြိမ်းချမ်းရေးဆိုတာ
အသက်သွေးချွေးနဲ့ တိုက်ယူမှ ရမယ့်အရာ မဟုတ်ပါဘူး
နှလုံးသားချင်းပွတ်တိုက်မှုကနေမှ
ထွက်ပေါ်လာမယ့် အလင်းရောင်ပါ
တစ်ယောက်ချင်းစီငြိမ်းချမ်းဖို့ပဲလိုတယ်
တစ်ကမ္ဘာလုံးငြိမ်းချမ်းစေရမယ် ဆိုတဲ့စကား
နားထဲ အထပ်ထပ်ကြားယောင်ရင်း
ဆုတောင်းလိုက်ပါတယ်
ငြိမ်းချမ်းရေး သက်တော်ရာကျော်ရှည်ပါစေသတည်း
ငြိမ်းချမ်းရေး သက်တော်ရာကျော်ရှည်ပါစေသတည်း
ငြိမ်းချမ်းရေး သက်တော်ရာကျော်ရှည်ပါစေသတည်း။

မင်းနဒီခ

          ကဗျာဆရာ မင်းနဒီခက ငြိမ်းချမ်းရေးသက်တော်ရာကျော်ရှည်ပါစေကြောင်း တောင်းဆုပြုရင်း သူ့ကဗျာကို အဆုံး သတ် ထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ကမ္ဘာကြီးဟာ စစ်မီးစစ်လျှံတွေ တဟုန်းဟုန်း တောက်လောင်ကျွမ်းနေတာ မမြင် ရက်စရာ မြင်ကွင်းတွေပါပဲ။ ဆုတောင်းရုံနဲ့တော့ ပြည့်ဝနိုင်မယ် မထင်တော့ ငြိမ်းချမ်းရေးဆန္ဒတူသူတွေ၊ ငြိမ်းချမ်းရေး လိုလားသူတွေ၊ ပေါင်းစုလို့ လူထုအင်အားတစ်ရပ်ကို ထုတ်ဖော်ပြသဖို့ အချိန်ရောက်ပြီလို့ ဆိုရပါမယ်။ အရင်ကလည်း ငြိမ်းချမ်းရေးဆန္ဒပြပွဲတွေ အကြိမ်ကြိမ်အခါခါလုပ်ခဲ့ပေမယ့် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ဘူး။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေနဲ့အတူ စာပေဂီတ၊ ကဗျာနဲ့ အနုပညာချစ်မြတ်နိုးသူတွေအပြင် ပြည်သူတရပ်လုံးပါဝင်တဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘာအကျိုးမှ မမျှော်ကိုးဘဲ  အခွင့်အရေးမဲ့ လူထုကြီးက ငြိမ်းချမ်းရေး အလံတော်ကြီးကို အင်တိုက်အားတိုက် လွှင့်ထူကြပါစို့လား။

သားမောင်တင်
ကိုးကား
၁။ ပြည်တွင်း ငြိမ်းချမ်းရေး စစ်တမ်း
၂။ ပလတ်စတစ်ဆာဂျရီ - မင်းနဒီခ ကဗျာစာအုပ်



No comments:

Post a Comment