Tuesday, January 6, 2015

၂ ၀ ၁ ၅ အဆန်



၂ ၀ ၁ ၅ အဆန်

လက်ဆေးကန်ထဲမှာ ပေကျံနေတဲ့ ထမင်းစားပန်းကန်တွေ အထပ်ထပ်ပုံနေတယ်
ဖွင့်ထားတဲ့ ရေပိုက်ခေါင်းမှာ တစ်စက်မှ မကျန်တော့တဲ့ ရေစက်တွေ
တစ်အိမ်လုံးလည်း တစ်ယောက်မှ မရှိတော့သလို တိတ်တိတ်ဆိတ်ဆိတ်
ခန်းစီးစတွေဟော လေတိုက်တိုင်း တဖျတ်ဖျတ်လွင့်လို့ ပြတင်းပေါက်တွေ ပိတ်ထားဖို့ သူတို့ မေ့ခဲ့ကြသလား
ကြွက်ထောင်ချောက်ထဲက အသားတုံးဟာ ညှီစို့ပုပ်သိုးလို့ ကြွက်တွေဟာ ထောင်ချောက်အနားကို မလာကြတော့ဘူး
ဂျက်ချမထားတဲ့ အခန်းတံခါးဟာ တဖြည်းဖြည်းပွင့်နေတာ ခြောက်ခြားစရာ
တီဗီဖန်သားပြင်ကတော့ တစ်နာရီခြားတစ်ခါ နောက်ဆုံးသတင်းတွေကို အဆက်မပြတ်ထုတ်လွှင့်နေတုန်းပဲ
လမ်းမပေါ်မှာလည်း လူမရှိတဲ့ ကားတွေနဲ့ ပြည့်ကျပ်လို့ မကြားရတဲ့ ဟွန်းတီးသံတွေနဲ့ ဆူညံနေသလို
မြို့ကြီးထဲကနေ ရုတ်ရုတ်သည်းသည်း ထွက်ပြေးသွားကြတဲ့ လူတွေ ဘယ်ရောက်သွားလဲ
တစ်ယောက်က ပြောတယ် လူတွေ လေထဲ တဖြည်းဖြည်းမြောက်တက် ပျောက်ကွယ်သွားကြတာ
နောက်တစ်ယောက်က ပြောတယ် တစ်မြို့လုံးရုတ်ချည်း အမှောက်ကျပြီး ပျောက်ကွယ်သွားကြတာ
နောက်တစ်ယောက်က ထပ်ပြောတယ် လူတွေကို ခင်ဗျားမမြင်နိုင်တော့တာ အမှန်ပဲ
လူတွေဟာ သေဆုံးခြင်းကနေ ကင်းလွတ်ခွင့်ရသွားပြီ ဒါဆို သေမင်းဟာ အလုပ်လက်မဲ့ဖြစ်သွားမလား
တရားဟောဆရာဟာ စင်ပေါ်မှာ အထီးကျန်ဆန်ကြေကွဲနေပုံကို မြင်ကြည့်ကြစမ်းပါ
နောက်ပြီး ကောင်းကင်ဘုံမှာ သူ့အတွက်တစ်နေရာစာကျန်ဦးမလားလို့ ဆဲရေးတောင်းဆိုနေလိုက်ပုံ
ရယ်စရာတော့ အကောင်းသား နာရီတွေဟာ ကြည့်သူမရှိလည်း တရွေ့ရွေ့သွားနေတယ်
မှန်ခြင်း မှားခြင်း စောခြင်း နောက်ကြခြင်းဟာ သူတို့နဲ့ မဆိုင်သလို တချက်ချက်မြည်လို့
အခု ဒီဇင်ဘာမိုးတွေ သည်းသည်းမည်းမည်းရွာပြီးနောက်
နောဧဟာ သူ့ရထားကို သံလမ်းတွေပေါ် တင်လိုက်တယ် ဥသြကို ဆွဲလိုက်တယ်
ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေတဲ့ ရထားပေါ်မှာ စိမ်းစိုနေတဲ့ တောအုပ်ကြီးကို တင်ဆောင်လို့
ချစ်ခြင်းတရား၊ ပရီးမီးယားလိဂ်နဲ့ ခေါင်းကိုက်ပျောက်ဆေးတွေကို တင်ဆောင်လို့
ဘုရားသခင်၊ မက်ဇူကာဘတ်၊ စကားလက်ဂျိုဟတ်ဆန်နဲ့ မာရ်နတ်ကလုန်းတွေကို တင်ဆောင်လို့
ဥသြကို ဆွဲလိုက်တယ်
ရထားဟာ သတ်မှတ်ချိန်မှ ဆယ့်ငါးနာရီနောက်ကျဆိုက်ရောက်မည်ဖြစ်ပါကြောင်း။


မင်းနဒီခ
၁၈၊ ၁၂၊ ၂၀၁၄

No comments:

Post a Comment