Saturday, January 17, 2015

ခင်ဗျားအကြောင်းနဲ့ တူတဲ့ ကဗျာ - သစ္စာနီ


ခင်ဗျားအကြောင်းနဲ့ တူတဲ့ ကဗျာ - သစ္စာနီ
           
စာအုပ်အမည်      - ပလတ်စတစ်ဆာဂျရီ
ရေးသူ               - မင်းနဒီခ
ထုတ်ဝေသည့်တိုက်          - အလင်္ကာ စာပေ
ထုတ်ဝေသည့်ကာလ         - နိုဝင်ဘာ၊ ၂၀၁၄

            မန္တလေးကဗျာလောကအတွက် ထင်ရှားလာသည့် နောက်ထပ်ပေါ်ထွန်းလာသည့် လူငယ်ကဗျာဆရာတစ်ယောက်ဖြစ်သည်။ ကဗျာအပေါ် လေးမြတ်စွဲလမ်းပုံရသည်။ `ကဗျာ´ ဆိုသော ကဗျာမဂ္ဂဇင်းတစ်အုပ်ကို ဦးဆောင် ထုတ်ဝေနေသူလည်း ဖြစ်သည်။ ဤစာအုပ်ထဲတွင် ၂၀၀၇ မှ ၂၀၁၄ အထိ ၇ နှစ်တာ ကာလအတွင်း သူရေးသားခဲ့သည့် ကဗျာများကို စုဝေးထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ ကဗျာစုစုပေါင်း ၅၉ ပုဒ်ပါကာ ကဗျာရှည်ဟု ခေါ်ဆိုနိုင်သော ကဗျာလည်း လေးငါးပုဒ်ပါလေသည်။ သူ့စာအုပ်ကို အမှာစာ ရေးခဲသော မောင်ပြည့်မင်းနှင့် စေတတို့က အမှာစာရေးပေးထားတာ တွေ့ရသည်။
            ဆယ်ချိုး ဆိုဒ်ကြီး စာမျက်နှာ ၁၀၀ ကို ရောင်းဈေး ၁၅၀၀ ဆိုတာ ဈေးချိုသည်ဟု ဆိုနိုင်သည်။ စာမျက်နှာ ၅၀ ခန့်မျှရှိသော ကဗျာစာအုပ်ပါးပါးကလေးတွေကလည်း ၁၅၀၀ အနည်းဆုံးရောင်းချနေသော ခေတ်ဖြစ်သည်။ သို့တိုင်အောင် အရင်းပြန်ရနိုင်ဖို့ မလွယ်။ မင်းနဒီခ ကဗျာစာအုပ်ကတော့ ကဗျာဖတ်သူ၊ ကဗျာချစ်သူတွေထံ များများရောက်ရန် ရည်ရွယ်ဟန် တူသည်။ ဒါကြောင့် သင့်တော်သော ဈေး သတ်မှတ်ပေးထားသည်။   
            ကဗျာစာအုပ်ထုတ်၍ ချမ်းသာသွားသူ မရှိး။ ကိုယ်တိုင်ထုတ်ဝေလျှင် ဖြစ်စေ၊ ကျော်မွှေးလို၊ နှစ်ကာလများလို ကဗျာချစ်သည့် ပုဂ္ဂိုလ်များက ဖြစ်စေ၊ ကဗျာစာအုပ်ထုတ်ဝေခြင်းမှာ ကဗျာကို ချစ်မြတ်နိုးသော အရင်းခံစိတ်ဖြင့်သာ ဖြစ်သည်။
            မင်းနဒီခ ကား ကဗျာရေးသက်တော်တော်ရနေသူ၊ မဂ္ဂဇင်းစာမျက်နှာများပေါ်တွင် ကဗျာများ အဆက်မပြတ်တွေ့နေရသူ ဖြစ်သည်။ သူ့ကို လူငယ်တစ်ဦးဟု ဆိုနိုင်သော်လည်း သူ့ကဗျာတွေက ရန်ကုန်က ဟံလင်း၊ ညံလင်း တို့၏ ကဗျာတွေနဲ့ အတော်ပင် ကွာခြားတာ တွေ့ရသည်။ တွေးတောပုံ ရှုထောင့်၊ တင်ပြပုံ မတူ။
            သူက လူငယ်ဆိုသော်လည်း လူလွတ်တစ်ဦးမဟုတ်။ သုံးနှစ်အရွယ်သမီးငယ်ကလေး ရှိသည့် အိမ်ထောင်ရှင် ယောက်ျားတစ်ဦး။ အိမ်ထောင်ရှင်တစ်ဦးဖြစ်သည့်အတွက် တာဝန်ယူရမှုတွေ ရှိမှာအမှန်။ ဒါတွေက သူ့ကို တခြားလူငယ်တွေထက် ပို၍လေးလံစေသည်။
            သူ့ကဗျာများတွင် တေးခက်၊ သကောင့်သား တို့၏ ကဗျာများ၌ တွေ့ရတတ်သော ရဲတင်းလွတ်လပ်မှုမျိုး မတွေ့ရသော်လည်း အရွယ်နဲ့ မမျှတဲ့ တည်ငြိမ်ရင့်ကျက်မှုကို တွေ့ရတာတော့ အမှန်ပင်ဖြစ်သည်။ ဒါက သူ့ဘ၀၏ ငြင်းဆန်မရနိုင်သည့် ပြဋ္ဌာန်းချက်တစ်စုံတစ်ရာသာ ဖြစ်သည်။
            သူက ကဗျာရေးရာတွင် လူထုရင်ခုန်သံကို အရင်းခံသည်။ အရပ်သုံးဘာသာစကားကို အားပြုသည်။ ခံစားရာ၌ လည်းကောင်း၊ တင်ပြရာ၌လည်းကောင်း စေ့စပ်သည်။ သူ့ကဗျာများသည် လုပ်ကြံဖန်တီးထားသော အတုတွေမဟုတ်။ စစ်မှန်ပြင်းထန်သည့် ပကတိအကြောင်းအရာတွေသာ ဖြစ်သည်။ သူက အရိုးစင်းဆုံးနှင့် အနက်ရှိုင်းဆုံးဖြစ်အောင် ပြောဆိုဖို့ အားထုတ်ထားတာ တွေ့ရသည်။ ( ဥပမာ- အိမ်က ထွက်လိုက်တာနဲ့ သတ်ကွင်း)
            သူက ပုဂ္ဂလခံစားမှုကို ဦးစားမပေး။ အဲဒီလို မိသားစုအကြောင်းကဗျာမျိုးက သုံးပုဒ်ထက်မပိုပါ။
            လူတွေရဲ့ စားဝတ်နေရေးပြဿနာ၊ လူမှုရေးပြဿနာ၊ ထောင့်စုံအောင် သူမြင်သည်။ ငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ်ကိုလည်း မမေ့မလျော့မှတ်တမ်းတင်သည်။( ဥပမာ- မျှော်လင့်ခြင်းပန်းပွင့်များ ကဗျာရှည်)။ သို့သော် စစ်နှင့်ပတ်သက်သည့် ကဗျာတွေထဲမှာ ` စစ်ကြီးပြီးတော့ အပေါဆုံးက ဘာဖြစ်မလဲ´ ကဗျာက အကောင်းဆုံးကဗျာဖြစ်သည်။ ကျွန်တော့်အတွက် ဤစာအုပ်ထဲမှ ကဗျာတွေထဲတွင် ဤကဗျာကို အကြိုက်ဆုံးဖြစ်သည်။ ကဗျာကို နိုင်နိုင်နင်းနင်း ရေးနိုင်သူဖြစ်ကြောင်း သက်သေပြလိုက်သည့် ကဗျာလည်း ဖြစ်သည်။ သူ့ရှေ့ပိုင်းကဗျာတွေထက် ၂၀၁၃-၂၀၁၄ ရေးသည့် နောက်ပိုင်းကဗျာတွေက ပိုကောင်းတာ သေချာသည်။ ဒါက ကဗျာသမ္ဘာနှင့်သက်ဆိုင်သည်ဟု ထင်သည်။
            နောက် အကြိုက်ဆုံးဟု ဆိုနိုင်သော တစ်ပုဒ်မှာ `ကျီးကန်းနှစ်ကောင်နှင့် တနင်္ဂနွေနေ့လည်ခင်း ကိုယ်အလုပ်ရှုပ်နေပုံ´ ကဗျာဖြစ်သည်။
            ပုံမှန်အားဖြင့် သူ့ကို ခေတ်ပေါ်နောက်မျိုးဆက်သစ် လူငယ်ကဗျာဆရာတစ်ဦးအဖြစ် သတ်မှတ်နိုင်မည်။ သို့သော် သူ့နောက်ပိုင်းကဗျာများတွင် မော်ဒန်ကဗျာများ၏ အစဉ်အလာအတိုင်းတင်ပြမှု (Order) ကို ချိုးဖျက်ထားတာ တွေ့ရသည်။ ခေတ်ပြိုင်ကဗျာ၏ အစီအစဉ်မကျ တင်ဆက်မှုကို ကြိမ်ဖန်များစွာ အသုံးပြုထားသည်။
            ခေတ်ပြိုင်ကဗျာပုံစံတစ်ခုဖြစ်သည့် ကဗျာစာကြောင်းများကို အလျားလိုက်စီသည့် ပုံစံကို အသုံးပြုထားသော ကဗျာအတော်များများ တွေ့ရသည်။ ဖြုန်းခနဲ Prose Poem ပုံစံဖြစ်နေသော်လည်း စကားပြေကဗျာမဟုတ်။ (ဥပမာ - `နင်က မေးခွန်းတွေ အမြဲတမ်းထုတ်နေတာပဲ ဂျူလီ´၊ ` အဲဒီမှာ အဲဒီလိုနဲ့ အဲဒီအတိုင်းနောက်ဆုံးကမ္ဘာ´) ။
            သူ့၏ ` ပြန်မပြော နားမထောင်ခေတ်ကြီးထဲ ငါတို့ ပျော်ပျော်ပါးပါးအလေအလွင့်တွေ´ ကဗျာမှာ ခေတ်လူငယ်တို့၏ ခေတ်ပြိုင်ခံစားမှုနှင့် စရိုက်လက္ခဏာကို ပီပြင်စွာ ဖော်ကျူးနိုင်သည့်  ကဗျာတစ်ပုဒ်ဖြစ်သည်။ ပြီးတော့ ခေတ်ပြိုင်နွားကျောင်းသား ၁ မှ ၅ ကဗျာများသည်လည်း ဒီနေ့ ခေတ်လူငယ်တို့၏ ရင်ဖွင့်သံစစ်စစ်ဟု ဆိုနိုင်လောက်သည့် အဖွဲ့အနွဲ့ စိတ်ကူးအတွေးများဖြစ်သည်။
            မင်းနဒီခ သည် ခေတ်လူငယ်ပီပီ စမ်းသပ်တီထွင်ချင်စိတ်ရှိသူဖြစ်ကြောင်း (၁) အရုပ်တွေနဲ့ ငါကစား (၂) မိမိပျောက်ဆုံးခြင်း ကဗျာများတွင် တွေ့မြင်နိုင်သည်။ ထိုကဗျာမှာ ဇော်ဇော်အောင်နှု့် ဇေယျာလင်းတို့၏ ဆောင်းပါးများမှ စာသားများကို ထုတ်နုတ်ကာ စီထားခြင်းဖြစ်သည်။
            ဤပလတ်စတစ်ဆာဂျရီ စာအုပ်မှာ ခေတ်လူငယ်တို့၏ အသံကို နားထောင်ချင်သူတွေအတွက်ပဲ ဖြစ်ဖြစ်၊ ခေတ်ပေါ်ကဗျာကို ဖတ်ရှုခံစားချင်သူတွေအတွက်ပဲ ဖြစ်ဖြစ် တစ်စုံတစ်ရာတေသာ ကျေနပ်အားရမှု ပေးလိမ့်မည်မှာ သေချာလှပေသည်။

                                                                                             သစ္စာနီ

No comments:

Post a Comment