Thursday, December 11, 2014

ကဗျာစိမ်းစိမ်း၊ ပန်းချီစိမ်းစိမ်း၊ အစိမ်းများများ အစိမ်း



ကဗျာစိမ်းစိမ်း၊ ပန်းချီစိမ်းစိမ်း၊ အစိမ်းများများ အစိမ်း
           
စာအုပ်အမည်                              အစိမ်းများများ အစိမ်း
ရေးသူ                                       ကိုထက်-ရေဦး
ထုတ်ဝေသည့်ကာလ                     မေလ၊ ၂၀၁၄
ထုတ်ဝေသည့်တိုက်                      ထန်းရိပ်ညို အနုပညာစာစဉ်(၅)



            ၂၀၁၄ မေလအတွင်း ထွက်ရှိခဲ့သည် ကဗျာစာအုပ်များအနက် ထူးခြားသော ကဗျာစာအုပ် တစ်အုပ်ဟု ပြောရမည်လား မသိ။ ပန်းချီနှင့် တွဲဖက်ရက်ဖောက်ထားသည့် ကဗျာစာအုပ်တစ်အုပ်။ စာအုပ်အပြင်အဆင်ကွဲပြားမှု၊ အစိမ်းခေါင်းစဉ်ဖြင့် ကဗျာ(၃၈)ပုဒ်ဖွဲ့စည်းမှု၊ အစိမ်းရောင်မျက်နှာဖုံး ကာဗာ၊ အစိမ်းရောင်ကဗျာ၊ အစိမ်းရောင်ပန်းချီ၊ အစိမ်းရောင်စကားလုံးများဖြင့် ဆရာ ကိုထက်(ရေဦး) ၏ အစိမ်းသက်သက်အစိမ်း ကဗျာစာအုပ်လေးသည် ကဗျာဖတ်သူများကို အစိမ်းရောင်၏ နက်ရှိုင်း ကျယ်ပြောမှုမြစ်ထဲသို့ တိုးဝင်စီးဆင်းဖြတ်သန်းစေချင်ပုံရသည်။ သို့သော် ကဗျာနှင့် ပန်းချီတွဲဖက်မှု သည် ကျွန်တော်တို့အတွက်တော့ အစိမ်းသက်သက်တော့မဟုတ်။ စာပေ၊ ဂီတ၊ ပန်းချီ၊ရုပ်ရှင် စသည့် အနုပညာများသည် တစ်မျိုးနှင့် တစ်မျိုး ကူးလူးယှက်နွယ်မှုများ ရှိနေသည်။ ကျွန်တော်တို့သည် သီချင်း တစ်ပုဒ်နားထောင်ရင်း ကဗျာတစ်ပုဒ်၊ ဇာတ်လမ်းတစ်ခုကို ဖန်တီးခဲ့ကြဖူးသည်။ ပန်းချီကား တစ်ချပ်ကို ကြည့်ပြီး ကဗျာတစ်ပုဒ်ကို ဖန်တီးခဲ့ကြသည်။ ယခင်ကလည်း ရှိခဲ့သည်။ ယခုလည်း ရှိနေသည်။ နောင်လည်း ထိုသို့ အနုပညာချင်း ကူးလူးယှက်နွယ်ဖန်တီးမှုများ ရှိနေပါလိမ့်မည်။ သိပ်မကြာသေးခင် လပိုင်းများဆီက ရန်ကုန်တွင် ဆရာအောင်ချိမ့်၏ ကဗျာနှင့် ဆရာချမ်းအေး၏ ပန်းချီ တွဲဖက်ခင်းကျင်း ပြသမှုများကို ကျွန်တော်တို့ ငေးမောကြည့်ရှုခွင့်ရခဲ့သည်။ ချိမ့် & ချမ်း ကဗျာစာအုပ်ကို ကျွန်တော်တို့ ဖတ်ရှုခံစားခွင့်ရခဲ့သည်။ ယခုလည်း ဆရာ မျိုးခင်(ထန်းရိပ်ညို)မှ ဆရာ ကိုထက်(ရေဦး) ၏ အစိမ်း ကဗျာများကို သူ၏ အစိမ်းပန်းချီကားများဖြင့် တွဲဖက်ကာ ထန်းရိပ်ညိုအနုပညာစာစဉ်(၅) အဖြစ် စုစည်း ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ ထန်းရိပ်ညိုအနုပညာစာစဉ်သည် ဆရာ မျိုးခင်၏ ထန်းရိပ်ညို အနုပညာ မြေ(ပြင်ဦးလွင်) ရှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စတင်ပေါက်ဖွားလာသည့် စာအုပ်ထုတ်ဝေရေး အစီိအစဉ်တစ်ခုဖြစ်သည်။ စာစဉ်(၁၊၂)တွင် ဆရာ မောင်နွေထက်၏ ကောင်းကင်ပြတင်း ကဗျာ စာအုပ် နှင့် ရန်သူမရှိမိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ စာတမ်း၊ စာစဉ်(၃)တွင် ဆရာ ကိုငြိမ်း (မန္တလေး) ၏  ဘုရားသခင်၏ ဒုတိယအမည် ကဗျာစာအုပ်၊ စာစဉ်(၄)တွင် ဆရာ မျိုးခင်(ထန်းရိပ်ညို)၏ နေ၀င်ချိန် အလင်းတန်းများ ဆောင်းပါးများ၊ ယခု စာစဉ်(၅) အဖြစ် ဆရာ ကိုထက်၏ အစိမ်းကဗျာများကို စုစည်း ထုတ်ဝေခြင်းဖြစ်သည်။
            တကယ်တမ်းကျတော့ ကိုထက်(ရေဦး) ဆိုသည်မှာ ကျွန်တော်တို့နှင့် စိမ်းသူမဟုတ်။ ၁၉၉၀ မော်ဒန်ခေတ်ဦးကဗျာဆရာများထဲမှ တစ်ဦး။ ဆရာ နေမျိုး၊ ဆရာ အောင်ဘညိုတို့နှင့် ခေတ်ပြိုင် ကဗျာ ဆရာ။ ကိုထက်(ရေဦး)၏ ခေတ်ပေါ်ကဗျာဖြတ်သန်းမှုသည် ခက်ခဲကြမ်းတမ်းလွန်းခဲ့သည်မှာ သေချာ သည်။ စာပေအမှောင်ခေတ်တစ်ခေတ်လုံး ကဗျာတစ်မျိုးတည်း ဖက်တွယ်ရင်း ပေးဆပ်ခဲ့သူလည်း ဖြစ်သည်။ ထို့အတူ ခေတ်ပေါ်ကဗျာကို ချစ်မြတ်နိုးသူ၊ ခေတ်ပေါ်ကဗျာကို ကာကွယ်သူ၊ ခေတ်ပေါ် ကဗျာနှင့် ပတ်သက်လျှင် သူဟာ အကဲဆတ်လွန်းသူ၊ ပေါက်ကွဲလွယ်သူ၊ နာကျင်တတ်သူ တစ်ဦး လည်း ဖြစ်သည်။ ကိုထက်(ရေဦး)၏ ကဗျာများသည် မဂ္ဂဇင်းစာမျက်နှာများပေါ်တွင် နည်းနည်းနဲ့ ကျဲကျဲ ဖြစ်သော်လည်း တစ်ပုဒ်ဆို ဆိုသလောက် အာရုံလှုပ်ခတ် နိုင်စွမ်းရှိခဲ့သည်မှာ သေချာသည်။ ထိုသို့ ကဗျာအရေးကျဲ၊ မဂ္ဂဇင်းစာမျက်နှာများပေါ်၌ အတွေ့နည်းခဲ့ရသော်လည်း ယခုသည်ဘက်နှစ်များ၊ တိတိကျကျပြောရလျှင် ၂၀၀၉- ၂၀၁၄ နှစ်ကာလ များတွင် ကိုထက်(ရေဦး) ကို ကျွန်တော်တို့ ခပ်စိပ်စိပ် ပြန်တွေ့ခဲ့ရသည်။ ထိုနှစ်များတွင်မှ သူ၏ ကဗျာများကို ကျွန်တော်တို့ ပိုမိုရင်းနှီးကျွမ်းဝင် ခဲ့ရသည် ဟုလည်း ၀န်ခံချင်ပါသည်။ ယခုနောက်ပိုင်း မျိုးဆက်သစ် မန္တလေးကဗျာဆရာလူငယ်များ အနေဖြင့် ကိုထက်(ရေဦး)၏ ယခင်ကဗျာလက်ရာများနှင့် ခပ်စိမ်းစိမ်း ဖြစ်နေမှာ သေချာသော်လည်း Social Network ( Facebook) စတင်အားကောင်းလာသည့် ၂၀၁၂ ၀န်းကျင်မှ စကာ Facebook ပေါ်တွင် ကဗျာများ နေ့စဉ်ရက်ဆက်ဆိုသလို ရေးသားလာသည့် Poet Ko Htet ကိုမူ ရင်းနှီးကျွမ်းဝင်မှု ရှိနေ သည်မှာ သေချာလှပါသည်။ ကျွန်တော်မှတ်မိသလောက် ၂၀၁၃ ခုနှစ်အတွင်းတွင် ကိုထက် (ရေဦး) သည် မျက်ရည်ခေါင်းစဉ်ဖြင့် ကဗျာအပုဒ်ရေ ၄၇ ပုဒ် ရေးခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် နှစ်ဆန်းမှ စကာ အစိမ်းခေါင်းစဉ်ဖြင့် ကဗျာ (၃ဂ)ပုဒ် ရေးခဲ့သည်။ ယခု လက်ရှိ တွင် လည်း မြို့ပြ ခေါင်းစဉ်ဖြင့် ကဗျာများ ဆက်လက်ရေးသားနေတာကို တွေ့နေရသည်။ ယခု အစိမ်း များများ အစိမ်း ကဗျာစာအုပ် သည် ၁၉၊ ၁၊ ၂၀၁၄ မှ ၉၊ ၃၊ ၂၀၁၄ အတွင်း ရေးဖွဲ့ခဲ့သော အစိမ်းကဗျာများကို စုပေါင်း၍ ထုတ်ဝေခဲ့ခြင်းလည်း ဖြစ်ပါသည်။
            ၂၀၀၉၊ ဇန်န၀ါရီလတွင် ထွက်ရှိခဲ့သည် ကြယ်များနဲ့အတူ ခေတ်ပေါ်ကဗျာစာအုပ်တွင် ဆရာ မောင်ဆေးရိုး၊ နေမျိုး၊ ထွန်းလွင်သွယ်(ဆူးဖြူရိပ်)၊ ဇော်ထိန်၊ နေညိုအောင်တို့နှင့်အတူ ကိုထက်(ရေဦး) ကို ကျွန်တော်တို့ အနည်းအကျဉ်းမြင်တွေ့ခွင့်ရခဲ့သည်။ ထို ကြယ်များနှင့်အတူ ကဗျာစာအုပ်ထဲမှ ကိုထက်(ရေဦး)၏ `အရာရာ အကျထဲ´`မုန့်ဖုတ်သမား´`အစိမ်းနာ´`ထိုင်နေဆဲမှာ ခဏငယ်များ´ စသည့် ကဗျာများဖြင့် ကျွန်တော်တို့ ခေတ်ပေါ်အာရုံကို လှုပ်ခတ်အောင် ဆွဲဆောင်နိုင်ခဲ့သည်။

လှမ်းဆွဲမိတဲ့ အရွေ့ထဲ
ပြီးခဲ့ပါပြီ စာတန်းနဲ့
ဆက်ရွှေ့ရမယ့် အခန်းနဲ့
နေခွင့်က အကြောရှည်သလောက်
အသက်ပွင့်က မှုန်လွန်းခဲ့။
ဒီဘ၀ ဒီအရသာနဲ့ ဒီဒဏ်ချက်မှာ
အစိမ်းရှင်ရှင် တုန်ခါလို့။
(အရာရာအကျထဲ- ကြယ်များနဲ့အတူ ခေတ်ပေါ်ကဗျာစာအုပ်မှ)

ဖိုထဲက
နောက်ဆုံးဆွဲထုတ်လိုက်တဲ့ ကိတ်မုန့်ဟာ
ပေါက်ဓားတစ်လက်
မုန့်ဖုတ်သမားရင်ကို တည့်တည့်စိုက်လို့။
နောက်တစ်ခါ နေအထွက်
မနက်ဖြန် မနက်ဆိုတာ
အလင်းသားပါမယ့် နေ့ရက်တစ်ရက်
ဖြစ်နိုင်ခဲ့ပါသလား တဲ့။
( မုန့်ဖုတ်သမား- ကြယ်များနဲ့အတူ ခေတ်ပေါ်ကဗျာစာအုပ်မှ)

တိတ်ဆိတ်ခြောက်သွေ့ခြင်း ဓားသွားက ထွက်လာလိုက် ၀င်သွားလိုက်
မပျော်မိပေမယ့် ဒီသီချင်းကိုတော့ ဖွင့်လိုက်မိတာပဲ
လောကအပေါ် အရေထူဖို့ ကြိုးစားရင်း
နောက်ထပ်အရေခွံကျပ်ကျပ်လာတာ တစ်ဒုက္ခ
မမြင်ရတဲ့ လေချွန်သံသဲ့သဲ့မှာ ဒီအနံ့ ဒီအရသာ
ဟော ပြောရင်းဆိုရင်း နေမင်းဟာ
အနောက်တည့်တည့်ကို ချိုးကွေ့ဝင်သွားခဲ့ပါပြီ။
(ထိုင်နေဆဲမှာ ခဏငယ်များ- ကြယ်များနဲ့အတူ ခေတ်ပေါ်ကဗျာစာအုပ်မှ)

ကိုထက်(ရေဦး)၏ ကဗျာများသည် နာကျင်မှုများဖြင့် ပြည့်နေသည်။ သူ၏ ဝေဒနာကို ကဗျာ အဖြစ် သူအန်ထုတ်သည်။ သူအတွက် ကဗျာသည် နာကျင်မှုများကို ဖြေဆည်ရာ၊ နှစ်သိမ့်ရာ၊ ဖောက် ထုတ်ရာ နည်းလမ်းတစ်ခုလည်း ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ ကိုထက်(ရေဦး)၏ ကဗျာအများစု သည် သူကျင်လည်ရာ၊ သူ့နေ့စဉ်ဖြတ်သန်းမှု၊ သူ့လူမှုဘ၀ရိုက်ခတ်ချက်များ၊ သူ့လောကဓံရှစ်ပါး၏ အထိ၊ အခိုက် များမှ လာသည်။ သူသည် ထိုနာကျင်ခံစားရသမျှကို ခေတ်ပေါ်ရေးဟန်ဖြင့် ဖွဲ့သည်။ ကဗျာဖတ်သူကို သူ့နာကျင်မှု၊ ခိုက်ထိချက်များကို မျှယူစေသည်။ ကိုထက်(ရေဦး)၏ ကဗျာဖတ်သူ သည် ကိုထက် (ရေဦး)၏ ဝေဒနာတစ်စွန်းတစ်စကို မျှဝေခံစား လိုက်ရသည်။ ကိုထက်(ရေဦး)သည် သူ့ အလုပ် စားပွဲလေးပေါ်ကနေ လောကကြီးတစ်ခုလုံးကို မေးထောက်ငေးကြည့်နေတတ်သည်။ တစ်ခါ တစ်လေ သူ အလိုလို ၀မ်းနည်းကောင်း ၀မ်းနည်းနေလိမ့်မည်။ တစ်ခါတစ်လေ သူ့တစ်ယောက်တည်း ထီးတည်း နာကျင်ကြေကွဲကောင်း ကြေကွဲနေလိမ့်မည်။ ထိုအရာများသည် ကဗျာဖြစ်လာသည်။ အပေါ် မီး အောက်မီးနဲ့ မုန့်ဖုတ်ရာက ထွက်ပေါ်လာတဲ့ ကိတ်မုန့်လေးတစ်လုံးလို သူ့ကဗျာများသည် နာကျင်ကြေကွဲမှုမီးများအောက်မှ လှလှပပ ထွက်ပေါ် လာတတ်သည်။ ကဗျာထဲမှ နာကျင်မှုသည် ကဗျာဖတ်သူ၏ နာကျင်မှုဖြစ်သွားသည်။ ဤနည်းဖြင့် ကိုထက်(ရေဦး) ကဗျာများသည် ကဗျာဖတ်သူကို စတင်ဆွဲဆောင်လေတော့သည်။ ကိုထက်(ရေဦး)အကြောင်း ပြောမယ်ဆိုလျှင် အစိမ်း သက်သက်နှင့် မလုံလောက်ဘူးဟု ထင်မိသည်။ နောက်တစ်နည်းပြောရလျှင် အစိမ်းသက်သက် အစိမ်းဖြစ်လာဖို့ စတင် မြစ်ဖျားခံခဲ့တဲ့ ကဗျာတွေအကြောင်း အနည်းငယ်ဖွင့်ချပြခဲ့ခြင်းလည်း ဖြစ်ပါသည်။
            အစိမ်းများများ အစိမ်း ကဗျာများသည် အထက်ပါကဗျာများမှ မြစ်ဖျားခံလာသည်ဖြစ်စေ၊ သွယ်ဝိုက်ပတ်သက်မှု တစ်စုံတစ်ရာ ရှိခဲ့သည်ဖြစ်စေ၊ မရှိခဲ့သည်ဖြစ်စေ၊ ကျွန်တော်မေးခွန်းအနည်းငယ် ထုတ်ကြည့်ချင်ပါသည်။ ယခု ကိုထက် (ရေဦး)၏ အစိမ်းများများအစိမ်းသည် ဘယ်လိုအစိမ်းလဲ။ စိမ်းလန်း ခြင်းလား။ စွတ်စိုခြင်းလား။ အေးမြခြင်းလား။ မဟုတ်ပါ။ ကိုထက်(ရေဦး) အစိမ်းသည် အဆွေးများနဲ့ အစိမ်း၊ ဝေးကွာခဲ့ခြင်းအစိမ်း၊ ဒဏ်ရာများနဲ့အစိမ်း၊ နာနာကျင်ကျင် အစိမ်း၊ ခါးသက်ခြင်းများနဲ့ အစိမ်း၊ ကြေကွဲခြင်းများနဲ့ အစိမ်းဖြစ်သည်။ သည်ထက်ပိုပြောရလျှင် စိမ်းကားရက်စက်ခြင်းကို ကိုယ်စား မပြု သော တမြေ့မြေ့အစိမ်း ဖြစ်သည်။

စကားတွေ အများကြီး ပြောခဲ့ပြီးပြီ
အရိပ်တွေ အများကြီး ထားခဲ့ပြီးပြီ

ပြီးပြီပေါ့
ပြီးခဲ့ပြီပေါ့လို့ လက်ပြနှုတ်ဆက်
ကွဲအက်သွားတဲ့ အတွင်းသားနဲ့

တစ်သက်တာဒဏ်ချက်မှာ
ဘာကိုမှ မမျှော်လင့်တော့ဘူးဆိုတာ
ထပ်ချဲ့ပြဖို့ လိုပါတော့မလား။
( ဝေးဝေးက အစိမ်း ကဗျာမှ)

ထိုအစိမ်းများသည် ကိုထက်(ရေဦး)၏ ဘ၀တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ကိုထက် (ရေဦး)သည် ထိုအစိမ်းများ၏ နေ့စဉ်ရက်ဆက်ဖိနှိပ်မှုဒဏ်ကို ခံခဲ့ရသည်။ ထိုအစိမ်းဒဏ်ရာများက ပေးသော နာကျင်မှုဝေဒနာများနှင့် ကိုထက်သည် နေ့စဉ်လူမှုဘ၀ကို ဖြတ်သန်းနေရသည်။ သို့သော် ကိုထက်သည် ထိုနာကျင်ခံစားရမှုများ ကြားကပင် လူတိုင်းကို ပြုံးပြနေသည်။ လူ့တာဝန်ဝတ္တရားများကို ထမ်းဆောင်နေခဲ့သည်။ အပူရုပ်ကို ဟန်လုပ်ဖုံးအုပ်နေရသည်။ ပျော်ရွှင်ခြင်းမျက်နှာဖုံးကို အိပ်ရာမ၀င် မချင်း တပ်ဆင်ထားရသည်။ သို့မဟုတ် ကဗျာတစ်ပုဒ်အဖြစ် ရေးမထုတ်ရသေးမချင်း သူဟန်လုပ် နေရသည်။ သူ့ အတွက် ကဗျာသည် မရှား။ နာကျင်မှုတွေ ရှိနေသမျှ သူကဗျာတွေ ရှိနေသည်။ ထို ကဗျာတွေ ရေးပြီး သူ့အနာသူ လျှာနဲ့ သပ်ဖြေသိမ့်ရသည်။ ကိုယ့်အနာအတွက် ကိုယ့်ဖြေဆေး ကိုယ် ထိုးယူရသည်။ အစိမ်းသည် သွေးစိမ်းရှင်ရှင်မှ လာသည်။ 

မြင်မြင်လေရာ အဓိပ္ပာယ်မဲ့ခဲ့ခြင်းများနဲ့
မြင်မြင်လေရာ ခြောက်သွေ့ခဲ့ခြင်းများနဲ့
မြင်မြင်လေရာ အကွယ်မဲ့ခဲ့ခြင်းများနဲ့

ဆူးချက်ဟာ ဟက်တက်ပွင့်ရတဲ့ ရင်ကို
ဖောက်ဝင်သွားခဲ့တာပါပဲ
ဆူးချက်ဟာ တုန်ခါရတဲ့ နှလုံးသားကို
ဖဲ့ဝင်သွားခဲ့တာပါပဲ
( ခါးသက်ခြင်းများနဲ့ အစိမ်း ကဗျာမှ)

            ကိုထက်(ရေဦး)သည် စကားပြော ပြတ်သည်။ ကဗျာရွတ်ရာတွင်လည်း မာန်နှင့် ဌာန်နှင့် ရွတ်သည်။ သူအမြဲတမ်း ရွတ်လေ့ရှိသည့် ကဗျာတစ်ပုဒ်မှာ ဆရာဖော်ဝေး၏ `နှလုံးအိမ်ထဲရေငတ်ခြင်း´ ဖြစ်သည်။ ထိုကဗျာရွတ်ပြီဆိုလျှင် သူသည် နတ်ဆိုးတစ်ကောင်ဝင်ပူးသလို တုန်ခါပြင်းထန်နေလေ့ ရှိသည်။ ညနေ၀ိုင်းများတွင် သူသည် အမြဲတမ်းသွေးပူတတ်သူ ဖြစ်သည်။ ကဗျာနှင့်ပတ်သက်လျှင် အထိခိုက်မခံ။ အစော်ကားမခံသူ။ သူ့ယုံကြည်ချက်အတွက် အမြဲတမ်း လက်မ ထောင်နေသူ။ သူသည် ပေါက်ကွဲလွယ်သူတစ်ဦး ဖြစ်သည်။ ထို့အတူ သူသည် ခွင့်လွှတ်တတ်သူ၊ ပြေငြိမ်းလွယ်သူ၊ ကဗျာနှင့် ပတ်သက်သမျှ အကူအညီပေးလိုသူ၊ အနစ်နာခံလိုသူ၊ ပျော်ရွှယ်ရယ်မောတတ်သူ တစ်ဦးလည်း ဖြစ်နေပြန် သေးသည်။ ထိုထက်ပို၍ ကျွန်တော်ကတော့ ကိုထက်(ရေဦး)သည် မာကျောချင်ယောင် ဆောင်နေသော နူးညံ့သူတစ်ဦး။ ထိုထက်ပို၍ မျိုသိပ်ခံစားတတ်လွန်းသူတစ်ဦးဟုလည်း ထင်မြင်မိ သေးသည်။

ရွက်ခြောက်အကြွေမှာတောင်
ယောင်ရမ်းမဖမ်းရဲတော့တဲ့ အဖြစ်ပါ
ရွက်ဟောင်းအခြွေမှာတောင်
ယောင်ရမ်းမဆွဲရဲတော့တဲ့ အဖြစ်ပါ

ထိချက်တိုင်း ပွန်းခဲ့ရပါတယ်
ထိချက်တိုင်း ပဲ့ခဲ့ရပါတယ်

တိတ်ဖို့ခဲယဉ်းလှတဲ့
စိမ့်ကျခြင်းပါ ဆိုတာကိုတော့
အလုံးစုံခင်းပြဖို့
မလိုတော့ဘူး မဟုတ်လား။
(တသိမ့်သိမ့် အစိမ်း ကဗျာမှ)

ဖြစ်ခဲ့သမျှ
တဆစ်ဆစ်ကိုက်ခဲခြင်းမှာပဲ
မြားချက်ဟာ တန်းတန်းစိုက်ဝင်ခဲ့ပါတယ်

တစ်ဖက်က ပန်းတစ်ပွင့်သာ
နာကျင်ခြင်းနဲ့ ကင်းခဲ့ပါစေ

အဆုပ်လိုက် အခိုင်လိုက်
ပြန်ပြောင်းသတိရစရာများ
ဒီမှာပဲ ချသိမ်းလိုက်ပါပြီ

မိုးကောင်းကင်ကို မော့မကြည့်လည်း
တိမ်ညိုတွေ မှိုင်းခဲ့မယ်ဆိုတာ
ထပ်ပြောပြဖို့ လိုပါဦးမလား။
(ပျောက်ဆုံးခြင်းအစိမ်း ကဗျာမှ)

            အစိမ်းများများအစိမ်းသည် ကိုထက်(ရေဦး)၏ တစ်ကိုယ်ရေလွမ်းဆွတ်မှုမေးခွန်းများ ဖြစ်သည်။ ကဗျာအပုဒ် တိုင်း၏ အဆုံးသတ်မေးခွန်းများသည် သူ၏ အဖြေမရှိသောမေးခွန်းများ(သို့မဟုတ်) တစ်ယောက်တည်း ပြောသော စကားများဖြစ်သည်။ ကျွန်တော်တို့သည် အစိမ်းကဗျာများနောက်ကို တစိမ့်စိမ့်လိုက်ပါရင်း ကိုယ်တိုင်စိမ်းကား ရက်စက် ခံလိုက်ရသူတစ်ယောက်လို နာကျင်လွမ်းဆွတ် ဆွေးမြေ့ရသည်။ ကျွန်တော်တို့သည် ကဗျာထဲတွင် ပါရှိသော မေးခွန်းများ၏ အဖြေကို သိချင်နေမိသည်။ အစိမ်း များများအစိမ်းသည် ပြီးခဲ့တဲ့ အစိမ်းလား။ နောက်ဆုံးအစိမ်းလား။ အဆုံးသတ် အစိမ်းလား။ မဆုံးတဲ့ အစိမ်းလားဟု ဆရာ ကိုထက်(ရေဦး)ကို မေးမြန်းခွင့်ရချင်မိသည်။ သို့သော် ဆရာ ကိုထက် (ရေဦး) ထိုမေးခွန်းကို ဖြေမည်လား။ မဖြေဘူးလား။ ကျွန်တော်မသိတတ်ပေ။ မည်သို့ပင်ဖြစ်စေ ` ကဗျာနဲ့ ကျင်ယူလာခဲ့ရတဲ့ လမ်းတလျှောက်မှာ ပျော်ရွှင်ခဲ့ရတာကိုပဲ ဖြစ်ဖြစ်၊ နာကျင်ခဲ့ရတာကိုပဲ ဖြစ်ဖြစ် ပြင်းထန်လွန်းလှတဲ့ လောကနေ့ရက်တွေကိုပဲ ဖြစ်ဖြစ် ကဗျာနဲ့ ခုခံတွန်းလှန်ခဲ့ပါတယ်´ ဆိုတဲ့ ကိုထက် (ရေဦး)တစ်ယောက် `အစိမ်းက ပေးတဲ့ ဒဏ်ရာအနာတရတွေ အောက်မှာ နာကျင်ကြေကွဲမှုတွေ ပြေပျောက်ပါစေတော့ ´လို့ပဲ ဆုတောင်းပေးလိုက်ချင်ပါသည်။

မင်းနဒီခ
၎၊ မေ၊ ၂၀၁၄

No comments:

Post a Comment