Thursday, December 11, 2014

တင်ဆက်သူ လူလန်း

တင်ဆက်သူ လူလန်း

စာအုပ်အမည်                        တင်ဆက်သူများအကြောင်း
ရေးသူ                                လူလန်း
ထုတ်ဝေသည့်ကာလ                အောက်တိုဘာ၊ ၂၀၁၄
ထုတ်ဝေသည့်တိုက်                 ကျော်မွှေး စာပေ


            ၂၀၁၄ အောက်တိုဘာမှာ လူလန်းရဲ့ ကဗျာစာအုပ်တစ်အုပ်ထွက်လာပါတယ်။ ကဗျာစာအုပ်နာမည်က `တင်ဆက်သူများ အကြောင်း´။ ကဗျာပုဒ်ရေ(၄၄)ပုဒ် ထည့်သွင်းထားပါတယ်။ လူလန်းရဲ့ ဒီကဗျာစာအုပ် `တင်ဆက်သူ များအကြောင်း´ ကို ဖတ်မယ်လုပ်တော့ သူ့ရဲ့ အရင်ထုတ်ဝေထားတဲ့ ကဗျာစာအုပ်တွေကို ပြန်ဖတ်ချင်စိတ်ဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူလန်းဆိုတာ ကဗျာနဲ့ပတ်သက်ပြီး အမြဲစမ်းသပ်နေတဲ့ သူတစ်ယောက် ဖြစ်နေလို့ပါပဲ။ တင်ဆက်သူများရဲ့ ရှေ့မှာ ` စက်ခေါင်းအသစ် တင်ထား တဲ့ မြို့ပတ်ရထားပေါ်မှာ လူလန်းကို တော်ပါတော့တွေနဲ့အတူ တွေ့လိုက်ပါသလား´ နဲ့ `ပြောင်းတယ်လဲတယ် ဆိုတာ အမျိုးမျိုး´ ဆိုတဲ့ ကဗျာစာအုပ်နှစ်အုပ်ထွက်ထားပါတယ်။ လူလန်းရဲ့ ကဗျာဆိုင်ရာအရေးအသားစမ်းသပ်မှုတွေဟာ ဘယ်လိုပြောင်းလဲသွားပြီလဲ။ ပုံသဏ္ဍာန်အပြောင်းအလဲလား။ အရေးအသား အပြောင်းအလဲလား။ ဘာသာစကားအလုပ်လုပ်ပုံနဲ့ ဘာသာစကားသုံးစွဲမှုတည်ဆောက်ပုံလား။ တိတိကျကျ ပြောရရင် လူလန်းရဲ့ ကဗျာအရေးအသားအပြောင်းအလဲဟာ ရွေ့နေတယ်ဆိုတာကတော့ သေချာပါတယ်။ လူလန်းရဲ့ ပထမဆုံး ကဗျာဆိုင်ရာ အရေးအသားများဖြစ်တဲ့ ` စက်ခေါင်းအသစ် တင်ထား တဲ့ မြို့ပတ်ရထားပေါ်မှာ လူလန်းကို တော်ပါတော့ တွေနဲ့အတူ တွေ့လိုက်ပါသလား´ စာအုပ်ထွက်တော့ သူနဲ့ ကျွန်တော် အွန်လိုင်းပေါ်ကနေပဲ အင်တာဗျူးလေးတစ်ခု လုပ်ခဲ့ပါတယ်။ အဲဒီ အင်တာဗျူးကနေ သူ့ရဲ့ ကဗျာနဲ့ပတ်သက်တဲ့ အမြင်အတွေးနဲ့ သဘောထားတစ်ချို့ကိုလည်း သိခွင့် ရခဲ့ပါတယ်။ ဒီနေရာမှာ သူ့ကဗျာ အရေးအသားနဲ့ သူ့ရဲ့ ကဗျာအပေါ်သဘောထား၊ ကဗျာအပေါ်အားထုတ်ပုံ/အလုပ်လုပ်ပုံ၊ ကဗျာနဲ့ စီးမျောပုံတို့ကို အနည်းငယ် ပြန်ဖော်ပြချင်ပါတယ်။
`ခေတ်ပြိုင်ကဗျာဟာ မျှဝေခံစားရတဲ့ ဘ၀ဝေဒနာတွေအစား အခြား အဖြစ်အပျက်တွေကိုသာ ခေတ်ပြိုင်က ရေးဖွဲ့ တယ်။ မျဉ်းဖြောင့်သဘော မဆန်တော့ ထွေပြားမယ်။ အဖြစ်အပျက်တွေကို လက်ရှိသုံးစွဲ နေရတဲ့ ဘာသာစကားနဲ့ ဖော်ပြဖို့မလုံလောက်တဲ့အခါ စမ်းသပ်ဆက်စပ် စကားလုံးတွေနဲ့ မတင်းမတိမ် ရေးဖွဲ့လာရတယ်။ ဗဟိုချက်တွေ များလာ တယ်။ (မဲ့တာမဟုတ်ဘူးနော်။) ရွက်ကျပင်ပေါက်လိုဖြစ်ဖြစ်၊ Rhizomatic သဘောတရားနဲ့ဖြစ်ဖြစ် အကြောင်းအရာ၊ အာရုံ ထိခတ်မှု၊ အရေးအသား၊ စကားလုံးတွေဟာ ကဗျာဖြစ်မှုဆီ တွန်းရင်းတိုးရင်း ထိုးရင်းယိမ်းရင်းရုန်းကန် ရုံးဖွဲ့နေမယ်။´
အထက်ပါ စကားတွေက ၂၀၁၃၊ မတ်လတုန်းက ပြောခဲ့တဲ့ စကားတွေပါ။ ဒီစကားလုံးတွေဟာ ၂၀၁၄ မှာ သူ့ကဗျာဖြစ်မှု/ ကဗျာတည်ဆောက်မှုမှာ အကျုံးဝင်နေသေးလား။ မှန်ကန်နေဆဲလားဆိုတာလည်း ကျွန်တော်သိချင်နေတဲ့ မေးခွန်းတစ်ခုပါပဲ။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လူလန်းဟာ သူ့အဘိဓမ္မာ နဲ့သူ၊ သူ့ကဗျာဆိုင်ရာသိမှုနဲ့သူ ကဗျာကို အလေးအနက်ဆင်ခြင်သုံးသပ်ပြီး ကဗျာဖြစ်ထွန်းတိုးတက်မှု လမ်းကြောင်းပေါ်မှာ အစဉ်တစိုက် ရပ်တည်ရေးဖွဲ့နေသူတစ်ဦးပဲ ဖြစ်ပါတယ်။
`ကျွန်တော့် နားလည်မှု သီအိုရီနဲ့ပဲ ကျွန်တော့်ကဗျာတွေကို ကျွန်တော် ရေးတာပါ။ ဒါကြောင့် ကျွန်တော် ကဗျာတွေဟာ ကျွန်တော့်နည်း ကျွန်တော့်ဟန် အများဆုံးပါအောင်ရေးဖွဲ့ထားတာ သေချာပါတယ်။ ရေးသူနဲ့ ဖတ်သူ အကြား ကျွန်တော် အနီးစပ်ဆုံး ထိရောက်အောင် ကြိုးစားနေပါတယ်။ ဒါထက်တိကျတဲ့ အဖြေပေးပါဦးဆိုရင်တော့ ခုထိ ကျွန်တော် နားလည် လက်ခံထားတဲ့ ခေတ်ပြိုင်နဲ့ ခေတ်ပေါ် သဘောတရား မိဘနှစ်ပါးကနေ ကျွန်တော့် ကဗျာတွေကို မီးဖွား သန့်စင်ထားတာပါလို့ ကြီးကြီးကျယ်ကျယ်ပဲ ပြောလိုက်ရတော့မှာပဲဗျာ´။
လူလန်းဟာ ၁၉၈၇ ခုနှစ်လောက်ကတည်းက ကဗျာများကို စတင်ရေးဖွဲ့ခဲ့ပြီး ၁၉၉၅ ရောက်မှ မြားနတ်မောင် မဂ္ဂဇင်းမှာ စတင်ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ ကဗျာဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ခေတ်ပေါ်ကဗျာ ခေတ်ဦးကို ကောင်းကောင်းသိမှီလိုက်တဲ့သူတစ်ဦးဖြစ်ပြီး ခေတ်ပေါ်ကဗျာအမြောက်အမြားကိုလည်း ရေးဖွဲ့ခဲ့သူတစ်ဦးလည်း ဖြစ်ပါ တယ်။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအရ သူ့ကဗျာတွေဟာ ပုံနှိပ်စာမျက်နှာနဲ့ ထိတွေ့ဆက်သွယ်မှု နည်းခဲ့ပေမယ့် သူနဲ့ ကဗျာ အဆက်အသွယ်မပြတ်တောက်ခဲ့တာ၊ ကဗျာအပေါ်ထားတဲ့ သူရဲ့ စမ်းသပ်တီထွင်လိုစိတ်နဲ့ အသစ်ဖန်တီး ရေးသား ချင်စိတ်တွေ ပြတ်တောက်မသွားခဲ့တာတော့ ၀မ်းသာစရာ ကောင်းလွန်းခဲ့ပါတယ်။
လူလန်းရဲ့ ကဗျာအများစုက ကဗျာဖတ်သူနဲ့ အသားကျနေတဲ့ Lyric ကဗျာများလို ပန်းတိုင်ကို အလွယ်တကူ သွားလို့ရတာမျိုးမဟုတ်ပါဘူး။ စကားလုံးတစ်လုံးစီရဲ့ အဆင့်ဆင့် ဂယက်အနက် ခွဲဖြာထွက်ရှိမှု၊ မူလ စကားလုံးရဲ့ သီးခြား အဓိပ္ပာယ်၊ သိမှုနယ်ပယ်ချဲ့ထွင်ဖို့နဲ့ ကိုယ်တိုင်ပါဝင် အားထုတ်ဖို့ ချပြထားသော စကားလုံးအခင်းအကျင်းတွေ၊ ကဗျာနဲ့ ကဗျာဖတ်သူဟာ ခံစားသူနဲ့ ဖျော်ဖြေခံ ပုံစံမျိုးမဟုတ်ဘဲ ကဗျာထဲမှာ ကဗျာဖတ်သူကို တသားတည်း ရှိနေစေ လိုမှုတွေ၊ ကဗျာစာလုံးတစ်လုံးနဲ့ တစ်လုံးပေါ် ဒါမှမဟုတ် စာကြောင်းတစ်ကြောင်းနဲ့ တစ်ကြောင်းအပေါ် သိသိသာသာ Overlaping ပြုလုပ်ထားရှိမှုတွေ၊  ကဗျာဖတ်သူ ရယူခံစားနေတဲ့ အနေအထားတစ်ခုကို မထင်မှတ်တဲ့ လမ်းကြောင်း ပြောင်းလဲစေမှုတွေ စတာတွေနဲ့ လူလန်းဟာ သူ့ရဲ့ ပါးနပ်မှု၊ စကားလုံး ကြွယ်ဝကျစ်လစ်မှုတွေနဲ့အတူ ကဗျာဖတ်သူကို ကဗျာ့အပြင်ဘက် ဆွဲခေါ်သွားတတ်တဲ့ ကဗျာရေးသူတစ်ယောက်လည်း ဖြစ်ပါတယ်။
တင်ဆက်သူများအကြောင်း မှာ ပထမဆုံးအဖွင့်ကဗျာတစ်ပုဒ်က စပြီး ကဗျာဖတ်သူကို သူက အလုပ်လုပ်ခိုင်းပါ တော့တယ်။ ကဗျာခေါင်းစဉ်က `Recycle လုပ်မရတဲ့ အမှိုက်လို ငါတို့ကို ဘယ်သူစွန့်သွား´

အငွေ့တထောင်းထောင်းထ ငါတို့ရဲ့ နှစ်ကာလ
ကတုတ်ကျင်းတွေသာ
ပတ်ကြားလို ခုန်းရုန်း ထင်းထင်းကြီးပေါ်ထ။ ငါတို့ဆီ လာပါ။
ငါတို့ကို စီးပါ။ ငါတို့ကို စိမ်မှ ငါတို့က သီးရ။
ကမ္ဘာကို ငါတို့ နှီးမလို့။
(ရွာမလိုလို လာမလိုလိုနဲ့ လေယူရာ ပါသွားတဲ့ မိုးတိမ်လို
အဲဒီလို ဖွဲ့ပါ နွဲ့ပါ)
ဟုတ်တယ်။ ငါတို့ကို မင်းငိုမှ။ ငါတို့က အိမ်ထောင်သားမွေးရ။
မျိုးဆက်ဖြန့်ရ။
ငါတို့ဟာ ချစ်သူမျက်ရည်စက်ထိမှ
မှော်ဆရာ ညှို့ကွင်းက လွတ်ရတဲ့ ပုံပြင်လာ မင်းသမီးလေးလိုမျိုး။
ငါတို့ကို နမ်းပါ။ ရေတံခွန်တစ်စင်းလို စကားလုံးတွေ စီးဆင်း။
ရာဇ၀င်တစ်ခင်းလို မျှော်လင့်ခြင်းလို တစ်အုပ်တမ။
ဒါမှ ချစ်သူတွေ နလံထမယ်း
(ဒီလို မရဘူး။ ဒီလောက်နဲ့ ကဗျာက မကြွဘူး။
ဖြစ်နိုင်ရင် ကျည်လို ဗုံးလို တိုက်ရိုက်သာဆော်)

          ဒီကဗျာမှာ ကဗျာရေးသူနဲ့ အရေးခံနှစ်ယောက်ကြားထဲက ပုံမှန်ကဗျာတည်ဆောက်မှု အဆောက်အဦထဲ ၀င်ပြီး စကားလာလာပြောနေတဲ့ Third Person တစ်ယောက်ကို ကဗျာဆရာက ထည့်ရေးထားတယ်။ အဲဒီ Third Person ဟာ ကဗျာဖတ်သူလား၊ ကဗျာဆရာကိုယ်တိုင်ပဲလား။ ဘယ်သူပဲ ဖြစ်ပါစေ။ အဲဒီတတိယလူကြောင့်ပဲ ကဗျာဟာ သာမန်ကဗျာ တစ်ပုဒ် အနေအထားကနေ ထူးခြားပြောင်းလဲသွားပါတယ်။ တနည်းပြောရရင် ကဗျာရေးသူဟာ ကဗျာထဲကို တစ်ယောက် မကတဲ့ ဖြန့်ကျက်ပြောဆိုမှု/  နားထောင်စေလိုမှုတွေကို ထည့်သွင်းပြီး ကဗျာရဲ့ ပင်မအနေအထားကို သွေဖယ် သွားစေ လိုတာပဲ ဖြစ်ပါတယ်။ ကဗျာရဲ့ ရစ်သမ်ဟာ တိုက်ရိုက်စီးဆင်းလာနေတဲ့ ရေအလျဉ်လိုမျိုးကနေ Third Person ရဲ့ ၀င်ရောက် အချိုးဖျက်မှုတွေကြောင့် ကဗျာဖတ်သူရဲ့ ပန်းတိုင်ကို ထုံ့ပိုင်းသွားစေမှာ အမှန်ပါပဲ။ ဒါဟာ ကဗျာရေးသူလိုချင်တဲ့ အနေအထားပဲလား။ ဒီလိုကဗျာတည်ဆောက်မှုမျိုးကို ` ဒိုင်တွေက ပြစ်ဒဏ်ဘောပေးတဲ့အခါ စုဗူးဟာ ဆက်သွယ်မှု ပြင်ပ´၊ `သတင်းက ဟောင်းရတဲ့ အထဲ သီချင်းက ဂန္ထ၀င်´ စတဲ့ ကဗျာများမှာလည်း ထပ်တွေ့ရပါလိမ့်ဦးမယ်။
            အစဦးပိုင်းမှာ ပြောခဲ့သလိုပါပဲ။ လူလန်းဟာ ကဗျာအသစ်ဖန်တီးတည်ဆောက်မှုမှာ အရသာတွေ့သူ၊ မိမိ ကိုယ် ကိုယ် ကျေနပ်ပျော်ရွှင်နေသူတစ်ယောက်ဆိုတာ သေချာပါတယ်။ အခု တင်ဆက်သူများအကြောင်းထဲမှာ ကဗျာပုံသဏ္ဍာန် တည်ဆောက်မှုနဲ့ ကဗျာအရေးအဖွဲ့ပုံ မတူညီတဲ့ ကဗျာတွေကို (အကြောင်းအရာပိုင်းမပါဘဲ) အသေအချာပိုင်းခြားကြည့်ရင် ခြောက်မျိုးလောက် ထည့်သွင်းထားတာကို တွေ့ရပါတယ်။ `ကဗျာနဲ့ အိမ်နီးချင်းများ၊ အေဒီ နှစ်ထောင့်တစ်ဆယ့် ဘယ်လောက်၊ အထွေထွေအာရောဂျံဟာ အိပ်ရာထဲမှာ အေးစက်လို့ အရေးပေါ်အမြန်၊ ကြီးကြီးကျယ်ကျယ်ကဗျာ´ စတဲ့ကဗျာတွေဟာ ကဗျာတွေကို နံပါတ်စဉ်ရေးထိုးပြီး ရေးသားသွားတာကို တွေ့ရမှာပါ။ ကြည့်ပါ။

မှတ်ပုံတင်ထားသူများ
၁။ ဟယ်လင်မင်းသမီး မီးသွေးရောင်းဝယ်ရေး
၂။ ဂန္ဒီဂျီး အပ်ချုပ်ဆိုင်
၃။ ဆူနာမီ ငွေစုငွေချေးအသင်း
……..
……..
အဲဒီလို အရိပ်ကောင်းမှတော့ အလောင်းလှပြီပေါ့ ကဗျာ။
(ကဗျာနဲ့ အိပ်နီးချင်းကောင်းများ)

၁။ အငွေ့ထောင်းထောင်းထ ပြည်သူများကား မီးဖိုကို ခပ်လိုက်၊ ကိုယ့်ကိုယ်ကို ခပ်လိုက်ဖြင့် ယပ်တွေသာ တစ်ချောင်းပြီး တစ်ချောင်း ကုန်ကြအံ။
၂။ His+story ဆိုဆို၊ Hi+story ပြောပြော၊ စစ်ဘေးဒုက္ခများကို တင်ဆက်ဖျော်ဖြေရန်ပုံငွေ ရှာဖွေနေသူများသူ ဂရမ်မီဆုအား ဆွတ်ခူးသိမ်းပိုက်အံ့။
၃။ အရိပ်ခို အခက်ချိုးသူများကြောင့် ကျန်ခဲ့သော ဒီတစ်ကိုင်းမှာ အငြင်းအခုန်များဖြင့်သာ ညှိရင်း ငြိရင်း အချိန်ကုန် လူပုံပျောက်အံ့။
……………………
(အေဒီနှစ်ထောင့် တစ်ဆယ့် ဘယ်လောက်)
           
            `ဇောက်လားကမ်းလားကိုပဲ ဆင်ရိုင်းတို့ ထင်တိုင်းကြဲ တစ်တောလုံး အရုပ်လုပ်ပုံ၊ ငြိမ်းချမ်းရေး ဒင်နာ၊ အလိုရှိသည်။ ကျေးဇူးဆပ်ပါမည်။ ဥပဒေအရ အရေးယူခြင်းခံရမည် စသည်ဖြင့်၊ ပုဒ်မလား ပုဒ်ထီးလား Space Bar ကအစ သုံးမရတော့ ပုဂ္ဂိုဟ်ထီးမ၊ ကျွန်တော် ပြန်လှန်ခံရေး၊ ငါ ငြိမ်းချမ်းရေးမှာ ခင်ဗျား ပါ၊ မပါ၊ ငြိမ်း ညိမ်း ချမ်း ခြမ်း ရေးတေးတေး ရေး၊ အစနဲ့ အဆုံး တစ်ဆက်တည်းဖြစ်နေတာကို သံသရာလို့ ဆိုရင် ဒီကဗျာဟာ ဇာတ်မျော၊ ခင်ဗျား သဝေထိုး ပစောက်ရရစ်မှာ ၀စ္စပေါက်ကို ထည့်ပေးပါ၊ သွားလေသူက ဘယ်သူ ကျန်ရစ်သူက ဘယ်ဝါ၊ သွားလေရာရာ ရပ်ဝန်း၊ ရှစ်လမ်းသွား-မှတဆင့်-၊ ငါတို့ကဗျာပြောပြော ငါတို့ရွာဆိုဆို ဒါ ငါတို့ မြန်မာ ´ စတဲ့ကဗျာတွေကိုတော့ ဘာသာစကားရဲ့ အလုပ်လုပ်ပုံနဲ့ ကဗျာရဲ့ ရစ်သမ်ကို အလေးအနက်ထားပြီး ရေးဖွဲ့ထားတဲ့ ပုံစံပါပဲ။ ဒီကဗျာတွေကဟာ ကဗျာဖတ်သူကို ကဗျာအစကနေ ကဗျာပြီးဆုံးသည်အထိ အကြားအလပ်မရှိ မမောတမ်းဖတ်မိသွားစေနိုင် ကဗျာဖတ်ပြီးမှသာ ကဗျာက ပေးတဲ့ အတွေးနဲ့ ကဗျာထဲမှာ သုံးစွဲထားတဲ့ ဘာသာစကားရဲ့ အလုပ်လုပ်ပုံတွေကို ပြန်လည်မေးခွန်းထုတ် စဉ်းစား တွေးတောစေရတတ်တဲ့ ကဗျာတွေပါပဲ။ အဲဒီလိုကဗျာတွေကိုတော့ `တင်ဆက်သူများအကြောင်း´မှာ အများဆုံးတွေ့ရှိရပြီး လူလန်းရဲ့ စိတ်ကြိုက်အဖြစ်ဆုံးနဲ့ အများဆုံးရေးဖွဲ့လေ့ရှိတဲ့ ပုံစံတစ်ခုလို့တောင် ပြောလို့ရပါတယ်။

အသံဟာ ခြေရာသောင်ပြင်မှာ
တိမ်လို အရောင်ဖွဲ့ဖွဲ့ ပန်းစုံ မင့်နာမည်ကို မခေါ်ရဲခဲ့ ကမ်းကုန်ပလား
ငါလည်း ဆား ငံ ရေတံခွန် ခြေလွန်လက်ကျွံမှာ
မေတ္တာကို တစ်ဝက်တိတိ ဖြည့်လိုက်ပေါ့
လျှောက်လို လျှောက် ပြန်လို ပျံ
ကောင်ကင်ရဲ့ မြေသား နက်ရှိုင်း ရနံ့ပြင်ပြင်သူ့ကို
ငါ့တို့ မမြင်မထင်
(ဇောက်လားကမ်းလား ကိုပဲ ဆင်ရိုင်းတို့ ထင်တိုင်းကြဲ တစ်တောလုံး အရုပ်လုပ်ပုံ)

မဆန့်ရင်ကာ စကားလုံးတွေကိုပဲ အလိုကျကျ မနိုင်မနင်း ကျိတ်မှိတ်ကြော်လှော် ခြေကားယား လက်ကားယား နာကျင်ဟာ ရင်ထဲ ပီတိတွေ ထုပ်ပိုးလို့  အနာဂတ်မှာ သူမသာ ကိုယ်ထိပ်တန်း အရည်တရွှဲရွဲ မြတ်နိုးတွယ်တာ စုံမက် နောက်တစ်ကြိမ် အလီလီ လိုအပ်ရင် လီဆယ် ခြောက်တွန်း ငါ့အထွတ်အထိပ်မှာ မင်းတို့ မြေဇာ ဘူဖေးခေတ်က တော်လှန်ရေးရေး အာသီသ ကိုယ်စီ ကိုယ်စီး အာဏာ အားမနာ လျှာမကျိုး ထောင့်မကျိုး ဒေါ်လာ အဒေါ်လာလည်း အလုပ်ဖြစ်ပြန် အသာငမ်းငမ်း . . .
( ငြိမ်းချမ်းရေး ဒင်နာ)

ကမ္ဘာလုံးဆိုင်ရာ အသစ်သမဂ္ဂ အသစ်စုံစမ်းရှာဖွေရေး အသစ်ဆိုင်ရာ အီးယူကောင်စီ အရှေ့အလယ်ပိုင်း အသစ်အကြမ်းဖက်နှိမ်နင်းရေး ကော်မရှင် ဌာနချုပ် ၃+ အသစ်ဖိုရမ် အသစ် အမေရိကန်နိုက်ဇေးရှင်း အသစ်နိဂုံးချုပ်ပြီ အသစ်အပြား အလုံးဆိုင်ရာ အသစ်နွေဦး အသစ် ကတ္တီပါ အသစ်သံမဏိ နွေဦးဒေါ် စစ်တမ်းမြောက် အသစ်မှ အသစ်ထိပ်ဖူးတပ် ဒုံးကျည် စမ်းသပ်ပစ်လွှတ် တာဝေးပစ် အသစ် ဒုံးခွင်း ဒုံးဆိုင်ရာ နောက်ဆုံးပေါ် အသစ် ………………..
(အလိုရှိသည်။ ကျေးဇူးဆပ်ပါမည်။ ဥပေဒေအရ အရေးယူခြင်း ခံရမည် စသဖြင့်)

ချိုကျိုးဟာ နားရွက်ပဲ့နဲ့အတူ အသင်းအပင်း
အစင်းစင်းအကြောင်းကြောင်း
အဲလို အကြောင်းတွေကို ဆိတ်လို နွားလို
နိုင်နိုင်နင်းနင်း ကျောင်းလေလေ
အတိတ်ကိုမှ ပြန်ဆက်တက်မိခဲ့ ရွာကျောင်းကို ဓားသွေးကျောက်လို
အကြောက်တရားကို ဘယ်သူတွေပါဝင်
ကိုယ်တိုင်ထဲထဲဝင်ဝင် ဥာဏ်ဝင်္ကပါ အနီအနက် ရောင်စုံ
…………………
…………………
အကျအန အရှက်မရှိ ဆက်တင် ဝေေ၀ ထွေးထွေးကြီးထဲ
အကျိုးဟာ ကြိုးစားရင် ဘုရားဖြစ်နိုင်ပုံ
ငါ တော် ငါ ကောင်း ဖြူ ပြာ ၀ါ နီ တိ
တကယ့်ကို တိတိကျကျ (ကျွန်)တော် (ပြန်)လှန် (ခံ)ရေး။
(ကျွန်တော် ပြန်လှန်ခံရေး)

            `ဇာတ်ထဲမှာ ရုပ်သေးများရှိတယ်၊ ငါ ထဲမှာ ကိုယ်ရေးအကျဉ်းရှိတယ်၊ ခြံထဲမှာ ပန်းစိုက်သူများ ရှိတယ်၊ ရွာထဲမှာ မိဘပြည်သူရှိတယ်၊ လမ်းထဲမှာ အဖြစ်သနစ်ရှိတယ်၊ တရားထဲမှာ ဒုလ္လဘ ရှိတယ်၊ ရက်လွန်ကံကြမ္မာများ၊ နွံထဲမှာ ထဲထဲဝင်ဝင် ရှိတယ်၊ အိမ်ထဲမှာ ဒွိဟ ရှိတယ်၊ မေးခွန်းထဲမှာ နှိုက်နှိုက်ချွတ်ချွတ် ရှိတယ်၊ သာဂိများ၊ အားလုံးထဲမှာ တင်ဆက်သူများ ရှိတယ်၊ ကဗျာထဲမှာ သဲလွန်စများ ရှိတယ်၊ ခေတ်ပြိုင်ထဲမှာ ဂန္ထ၀င်ရှိတယ်´ စတဲ့ ကဗျာတွေကတော့ လူလန်းရဲ့ ကဗျာအရွေ့လို့ ပြောလို့ ရသလို လူလန်း ရေးနေကျကဗျာပုံသဏ္ဍာန်တည်ဆောက်မှုကနေ ထူးထူးခြားခြားနဲ့ စိတ်လိုလက်ရ ရေးဖွဲ့လာတဲ့ ကဗျာတိုအစုအဖွဲ့တွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ကဗျာတိုအစုအဖွဲ့တွေကို သူ့ရဲ့ ဒုတိယမြောက် ကဗျာစာအုပ်ဖြစ်တဲ့ ` ပြောင်းတယ် လဲတယ် ဆိုတာ အမျိုးမျိုး´ ကဗျာစာအုပ်ထဲမှာလည်း (၄) ပုဒ် ထည့်သွင်း ဖော်ပြခဲ့ပါသေးတယ်။ လူလန်းဟာ ကဗျာဖတ်သူအတွက် ခက်ခဲတဲ့ ကဗျာတည်ဆောက်မှုပုံသဏ္ဍာန်ထဲနေ ကဗျာဖတ်သူ အတွက် နားလည်မှု/ သိမှု တည်ဆောက်ရတာ ရိုးရှင်းလွယ်ကူတဲ့ ကဗျာတိုတွေဆီ ဘာဖြစ်လို့ ဦးလှည့်နေတာလဲ။ ခက်ခဲတဲ့ ကဗျာတွေဟာ ကဗျာဖတ်သူနဲ့ အလှမ်းဝေးသွားတယ်လို့ ခံစားမိလို့လား။ ဒါမှမဟုတ် ကဗျာဆရာက ကဗျာဖတ်သူဆီ ခြေတစ်လှမ်းပြန်နောက်ဆုတ်ပေးလိုက်တာလား။ ကဗျာဖတ်သူတွေအတွက် ခေတ်ပြိုင်ကဗျာ ( Contemporary Poetry ) အမျိုးအစားတွေဟာ ခေတ်ပေါ်ကဗျာထက် ပိုမိုခက်ခဲေ၀၀ါးလာပြီး အဓိပ္ပာယ်တည်ဆောက်ရ မလွယ်ကူစေတာ အမှန်ပါပဲ။ အဲဒီလို ခက်ခဲတဲ့ ကဗျာတွေကြောင့်ပဲ အိမ်ရှေ့ဧည့်ခန်းဆောင်ထဲက ကဗျာတွေဟာ မဂ္ဂဇင်းဖတ်သူတွေအတွက် ကျော်လှန် ချန်လှပ်ထားခံရတဲ့ အနေအထားတွေဆီထိ ရောက်ရှိနေခဲ့တာလည်း အမှန်ပါပဲ။ ဒီထက်ပိုပြောရရင် ကဗျာစာအုပ်တွေ ဈေးကွက်မရလာနိုင်တဲ့ ပြဿနာမှာလည်း ကဗျာဖတ်သူတွေရဲ့ နားလည်မှု/မလည်မှုဟာလည်း အဓိကအကြောင်းခြင်းရာ တစ်ရပ်အဖြစ် တည်ရှိနေတာလည်း အမှန်ပါပဲ။ ဒီလိုပြောလို့ လူလန်းရဲ့ ကဗျာတိုတွေဟာ ကဗျာရဲ့တန်ဖိုး၊ စံနှုန်းတွေ လျော့ချသွားတယ်လို့တော့ ကျွန်တော် မဆိုလိုပါဘူး။ ခက်ခဲတဲ့ ကဗျာတည်ဆောက်မှုအနေအထားကနေ ရိုးရှင်းလွယ်ကူပြီး နားလည်ရလွယ်ကူလာတဲ့ ကဗျာဆီ ရွေ့လာတာကိုပဲ ပြောချင်မိတာပါ။ ထပ်ပြောရရင် လူလန်းရဲ့ ကဗျာတို အစုအဖွဲ့ တွေဟာ တစ်ပိုဒ်ချင်း တစ်ပါဒချင်းစီမှာကို သီးခြားအဓိပ္ပာယ်ဖော်ဆောင်မှုတွေ ရှိနေပြီး တစ်ပုဒ်လုံးစုစည်းလိုက်တဲ့ အခါမှာလည်း ပြေပြစ်ညီညွှတ်မှုအလှတရားတွေ ရှိနေတာကို တွေ့ရပါတယ်။ ထူးထူးခြားခြားအနေနဲ့ ပြောကြည့်ရရင် လူလန်းရဲ့ ကဗျာတို ရေးဖွဲ့မှုဟာ ဆရာ အောင်ချိမ့်၊ သုခမိန်လှိုင်၊ နေမျိုးတို့ရဲ့ ကဗျာတို ရေးဖွဲ့မှုနဲ့ မတူညီတာကိုလည်း တွေ့ရပါတယ်။ လူလန်းရဲ့ ကဗျာတိုတွေမှာကို လူလန်းဟာ ဘာသာစကားရဲ့ သီးခြားအဓိပ္ပာယ်ကို ပေါ်လွင်အောင် ဖွဲ့စပ်အသုံးချသွားပြီး ဘာသာစကားအဆောက်အဦတည်ဆောက်မှုအပေါ် အခြေခံကာ သူ့ကဗျာတိုတွေကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ ပုံမှန်ရေးသားကျ ကဗျာတွေလောက် ကဗျာဖတ်သူအတွက် ခက်ခဲမှုမရှိနိုင်လောက်ဘူး ဆိုပေမယ့် လူလန်းရဲ့ ကဗျာတိုတွေကတော့ ကဗျာဖတ်သူကို သူရေးဖွဲ့ထားတဲ့ စကားလုံးတွေက ပြန်လှန်မေးခွန်းထုတ် ဦးနှောက်စား စေဦးမှာပဲ ဖြစ်ပါတယ်။

ရုပ်သေးများ(၃)
ဒီအကောင် ခေါင်းကို ဖြုတ်လို့
ဟိုအရုပ်မှာ ပေါင်း။
ဟိုအရုပ် ဘယ်လက်အကောင်းကို
ဒီအရုပ်ဆီ ပြောင်း။
သုံးရုပ်ကို ဟိုသည်ပေါင်း
နှစ်ရုပ်ကောင်း ဖြစ်စေ
ညီသော်လှ၏ ဆိုသလိုလား
ဝါးဝါး ဝေ ဝေ။
( ဇာတ်ထဲမှာ ရုပ်သေးများ ရှိတယ်)

ကိုယ်ရေးအကျဉ်း(၁၅)
            ပင်လယ်ဟာ ငါ။ ကျွန်းလည်း ငါပဲ။
            သင်္ဘောလည်း ငါ။ ကပ္ပတိန်လည်း ငါ ပေါ့။
            လူကြမ်း ငါ ဟာ ။ မင်းသား ငါ ကွ။
            ငါဟာ Refugee။ ငါဟာ UNHCR။
            ငါသည် သမ္မတ။ ငါမှ အတိုက်အခံ။
            ဟိတ်
            ငါ့ ရှေ့မှာ ပိတ်ရပ်နေတာ   
            ဘယ်က ငါ။
(ငါထဲမှာ ကိုယ်ရေးအကျဉ်း ရှိတယ်)

သဲလွန်စများ(၁)
            မွန်းတည့်ချိန်အထိ
            အလင်းကို ထွန်းညှိနေသူ
            လမ်းပြလို သမိုင်းဟာ
            မီးတုတ်ကြီး တကားကားနဲ့
            တစ်ခေတ်ပြီး တစ်စစ် ရှေ့ဆောင်သွား
            အပူရှိန် ဟုန်းဟုန်းတောက်မှသာ
            အဖြစ်ကို တဖျစ်ဖျစ်ပြာကျ သိခဲ့ရ
            ဒီအမှုမှာ
            ကျန်ရစ်သူ ကဗျာက တရားလို ဖြစ်တယ်။
(ကဗျာထဲမှာ သဲလွန်စ ရှိတယ်)

ခေတ်ပြိုင်ဂန္ထ၀င်(၁)
            အရှေ့ကို လျှောက်ပါလို့
            အနောက်ကိုတဲ့ မျှော် မော့ မော်။
            ပင်ဝါးရုံ လေယူတိမ်းတယ်
            ယိမ်းနွဲ့ မြူးပျော်။
            လွှတ်ပါဘူးတော်
            စိန်ခေါ်သူ ဗိုလ်မထား။
            သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
            ကျည်သင့်ပြီလား။
(ခေတ်ပြိုင်ထဲမှာ ဂန္ထ၀င်ရှိတယ်)

            လူလန်းရဲ့ တင်ဆက်သူများအကြောင်းထဲမှာ နောက်ထပ်ပုံစံမတူကွဲပြားခြားနားစွာ တည်ဆောက်ထားတဲ့ ကဗျာ တွေ ရှိပါသေးတယ်။ `ငြိမ်းချမ်းရေး မောင်နှမများမီးပုံပွဲ´ မှာ သံပြိုင်ပိုဒ်တွေ ထပ်ကျော့သုံးစွဲထားတာမျိုး၊ `အယက်အကန် ခံလို ဒီနံရံအံကိုခဲ သော့ခတ်လျက်သား တော်လှန်ကဗျာ´ နဲ့ `အမှည့်တ၀င်းဝင်း Ideology တဖြုတ်ဖြုတ် Recall အလုပ်လုပ်ပုံ ကဗျာ´ စတာတွေမှာ ကဗျာစကားလုံးအသုံးပြုပုံ၊ ကဗျာလိုင်းတစ်လိုင်းနဲ့ တစ်လိုင်း ကူးဆက် ချိတ်တွဲသွားပုံ၊ ဂန္ထ၀င်ကဗျာအရေးအသားများကြားထဲ ဒီနေ့ခေတ်ပြိုင်စကားလုံးညှပ်ယူချိတ်တွဲ Collage ပြုလုပ် သွားပုံ စတာတွေဟာ လတ်ဆတ်လန်းဆန်းနေပြီး ကဗျာဖတ်သူကို ပျော်ရွှင်ကြည်နူးမှုတစ်စုံတစ်ရာကို ရရှိစေမှာ ဖြစ်ပါတယ်။ အဆုံးသတ်အနေနဲ့ ပြောရရင် လူလန်းရဲ့ တင်ဆက်သူများအကြောင်းဟာ လူလန်းရဲ့ တင်ဆက်မှုတွေလို့ပဲ ကျွန်တော် မြင်ပါတယ်။ ခေတ်ပေါ် ကဗျာမှာ သူ့ရဲ့ အလှဓါတ်ရှိသလိုပဲ ခေတ်ပြိုင်ကဗျာဟာလည်း သူ့ရဲ့ ခေတ်ပြိုင်ဖြစ်မှု သီးခြားအလှဓါတ်တွေ ရှိနေပါတယ်။ ခေတ်ပေါ်ကဗျာနဲ့ ခေတ်ပြိုင်ကဗျာရဲ့ သိသာခြားနားတဲ့ အလှဓါတ်ကတော့ ဘာသာစကားအပေါ် လက်ခံအသုံးချ သုံးစွဲခြင်း ပါပဲ။ လူလန်းဟာ ဒီအချက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတယ်။ သူ့ရဲ့ လေ့လာဆန်းစစ်မှု၊ အားထုတ်မှုနဲ့ ကဗျာအပေါ် ချစ်မက်စိတ်၊ တီထွင်ဖန်တီးစမ်းသပ်ရေးသားလိုစိတ်တွေကပဲ ကဗျာဖတ်သူကို ကဗျာတွေ ခင်းကျင်းတင်ဆက် ပေးစေခဲ့ တာပဲ ဖြစ်ပါတယ်။ ဆရာ လူလန်း ကျန်းမာပါစေ။ ကဗျာအသစ်ဖြစ်ထွန်းတိုးတက်မှုမှာလည်း ဆထက်ထမ်းပိုး ကြိုးပမ်းပါဝင် နိုင်ပါစေလို့ ဆုတောင်းပြုလိုက်ပါတယ် ခင်ဗျား။

မင်းနဒီခ
၁၂၊ နိုဝင်ဘာ၊ ၂၀၁၄

No comments:

Post a Comment