Thursday, December 11, 2014

နေရောင်အောက်က ဗိဿနိုး


နေရောင်အောက်က ဗိဿနိုး

မြို့ဟောင်းထဲ ဝင်လိုက်တာနဲ့
နတ်စည်တီးသံကို ကြားလိုက်ရ
`ပန်ထွာဧကရီ တစ်ခါပြန်လာလေမလား´လို့
ရေခမ်းနေတဲ့ ရန်ပယ်ချောင်းကို ငေးရင်း တွေးမိတယ်။

အဝင်ဝ ကျယ်ပြီး အတွင်းမှာ ကျဉ်း
ကွေးဝိုက်သွားတဲ့ မြို့ရိုးလက်တံ
တစ်တောင်အုတ် အချပ်ချပ်နဲ့
အထပ်ထပ်ဆင့်ထားတဲ့ နန်းတော်ရာ
တူးဆွခံမြေသားအောက်မှာ
သမိုင်းဟာ ခန့်ခန့်ထည်ထည် ကြီးမြတ်လို့။

မြေခေတ်၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်
အဆို၊ အက၊ အတီး၊ အမှုတ် ယဉ်ကျေးမှု အဆင့်ဆင့်
နားတောင်း၊ နားစွဲ၊ ပုတီးစေ့လည်စွဲနဲ့ အနုစိတ်လက်ဝတ်ရတနာ
ရှေးဟောင်းပျူနိုင်ငံ ဗိဿနိုးဟာ
မြတ်နိုးဖွယ်ရာ ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်လို့။

ကြေကြေကွဲကွဲလွမ်းဆွတ်လို့
ကင်မရာကိုထုတ် ခလုတ်ကို နှိပ်လိုက်တယ်
ပြီးတော့ အလင်းအမှောင်ကို ပြန်ကြည့်
ချက်ချင်း နောက်ကို ခြေတစ်လှမ်းဆုတ်မိတယ်
ချက်ချင်း မြေပေါ်ဒူးထောက်ထိုင်မိတယ်
ဒူးတုတ်ခစား အကြည့်ဟာ မြေမှာစိုက်လို့
မျက်နှာတော်ကို ခေါင်းဖော်ပြီး မဖူးဝံ့ရဲ
နေရောင်ထဲ လွင့်မျောနေတဲ့ သူ့ဝတ်ရုံအရိပ်အခင်းမှာ
သူ့စကားအသံ သူ့ဟန်ပန်ကို မြင်ယောင်နားစွင့်
သူ့ခေတ် သူ့အခါ သူ့အရှိန်အဝါ တောက်ပမှုဟာ
ဒီနေ့ခေတ် ဒီနေ့အခါထိ လေးနက်သြဇာတည်ခဲ့ပုံ
လူယုံတော်စည်ဖျက်လို့ မြို့ပျက်
ဒွတ္တဘောင်မင်းလက် သက်ဆင်းခဲ့ရပုံ
သမိုင်းကို ပြန်တွေးလို့
ထိုင်နေရာကနေ တဖြည်းဖြည်း ပြန်ထမိတယ်။

နေရောင်ထဲ လည်ပြန်ငေးကြည့်တော့
လက်စင်းရာပါ စပါးခွံအုတ်ချပ်တွေကြားထဲ
အုတ်အသစ်သစ်တွေ အစားထိုးဖြည့်ပြုပြင်လို့
ပြိုလုဆဲဆဲ နံရံတွေဘေး
သစ်သားတိုင်တွေနဲ့ ထောက်မလို့
တခမ်းတနားပါးစပ်ရာဇဝင်ထဲက ဗိဿနိုး
အုတ်ကျိုး အုတ်ပျက်တွေကြားက ရှေးဟောင်းပျူနိုင်ငံ ဗိဿနိုး
ပြန်ရှင်သန်နိုးထလာဖို့ မျှော်ကိုးရင်း
စကားတိုးတိုး ပြောမိတယ်
`အမျိုးသမီးအုပ်ချုပ်တဲ့ တိုင်းပြည်နိုင်ငံ
တစ်ခါပြန်စည်ပင်ဝပြောပါစေသား´ လို့။

မင်းနဒီခ
(၂၆၊၁၁၊၂၀၁၄)

No comments:

Post a Comment